← Chapters

အခန်း ၁၆၅

Vol. 17 Ch. 165

အခန်း ၁၆၅

Vol. 17 Ch. 165

အခန်း (၁၆၅) အခြေအနေ ပိုဆိုးသွားခြင်း

ပိုင်ဖင်က တကယ်ကို အပြစ်ကင်းရှာသော်လည်း နန်းတော်ထဲတွင် မည်သူက အပြစ်ကင်းပါသနည်း။

အားလုံးက အခြေအနေအရ တွန်းအားပေးခံရပြီး အတင်းအကျပ် လျှောက်လှမ်းနေရသူများချည်းသာ မဟုတ်လား။

သို့သော် ပိုင်ဖင်၏ ငိုယိုတောင်းပန်မှုများက အရှင်မင်းကြီး၏ သနားညှာတာမှုကို လုံးဝ မရရှိခဲ့ဘဲ သုန်ယွီကျုံးက လူခေါ်ကာ သူမကို ချက်ချင်း ဆွဲထုတ်သွားစေလိုက်၏။

ပိုင်ဖင်က လမ်းတစ်လျှောက်လုံး အော်ဟစ် ငိုယိုနေခဲ့ပြီး မင်ချန်ကျိုက်ကို မြင်သောအခါ သူမက ပြေးသွားပြီး သတ်ချင်စိတ် ပေါက်သွားတော့သည်။

"နင်... နင် အရှင်မင်းကြီးရှေ့မှာ ဒီအရှင်မကို ကုန်းချောလိုက်တာမလား... မင်ချန်ကျိုက်... နင် ကောင်းကောင်း နေရမှာ မဟုတ်ဘူး"

ထိုကဲ့သို့ ကျိန်ဆဲသံကြောင့် မင်ချန်ကျိုက်က ကြောက်လန့်တကြား မျက်နှာပျက်သွားရပြီး ယဲ့ကွေ့ရန်၏ အကြံပေးချက်အတိုင်း ဤကိစ္စကို အပြင်တွင် လုံးဝ မပြောခဲ့သည့်အပြင် အရှင်မင်းကြီး၏ မျက်နှာကိုပင် မမြင်ရသေးရာ သူမက မည်သို့ ကုန်းချောရမည်နည်း။

သို့သော် ယခုအချိန်တွင် ထိုစကားများမှာ လည်ချောင်းထဲ တစ်ဆို့နေပြီး ထုတ်ပြော၍ မရတော့ဘဲ ပိုင်ဖင် အပြစ်ပေးခံရသည့် ကိစ္စက သူမအပေါ်သို့ လုံးလုံးလျားလျား ကျရောက်သွားတော့၏။

တုချန်ကျိုက်နှင့် ဟယ့်နျန်ဇစ်တို့က သူမကို ကြည့်ရင်း မကျေနပ်သော်လည်း ဆက်ပြီး ပြဿနာမရှာရဲတော့ပေ။ အထူးသဖြင့် တုချန်ကျိုက်မှာ ပိုင်ဖင်ပင်လျှင် အပြစ်ပေးခံရမှတော့ သူမ ဆိုလျှင် ပိုဆိုးမည်ဟု တွေးမိပြီး လွန်ခဲ့သော ရက်ပိုင်းက သူမ၏ လှောင်ပြောင်မှုများကို ပြန်တွေးမိပြီး မတ်တပ်ပင် ကောင်းကောင်း မရပ်နိုင်တော့ချေ။

အကယ်၍ အရှင်မင်းကြီးသာ အခန်းထဲတွင် မရှိနေပါက တုချန်ကျိုက်က ဤနေရာမှ ထွက်ပြေးသွားလောက်မည် ဖြစ်သည်။

လင်ဝမ်ယိက ပိုင်ဖင်အပေါ် ကျရောက်လာသော အကြောင်းပြချက် မရှိသည့် ပြစ်ဒဏ်ကို ကြားသောအခါ သူမ၏ စိတ်ထဲတွင် တောင်ကိုထုပြီး ကျားကို ခြောက်လှန့်လိုက်သည်ဟုသာ တွေးမိလိုက်ပြီး အရှင်မင်းကြီးက အပေါ်ယံတွင် ပိုင်ဖင်ကို အပြစ်ပေးလိုက်သော်လည်း တကယ်တမ်းတွင် ယီဖေး၏ မျက်နှာကို ရိုက်ချလိုက်ခြင်းပင်။

အထူးသဖြင့် ချူတာရင်နှင့် အဖော်ဖြစ်အောင် ချန်နင်နန်းဆောင်သို့ ပို့လိုက်ခြင်းမှာ အရှင်မင်းကြီးက ယီဖေးကို ရည်ရွယ်ပြီး ပြောလိုက်ခြင်း ဖြစ်ပြီး ယီဖေး နောက်ထပ် လွန်လွန်ကျူးကျူး လုပ်လာပါက နောက်ထပ် နန်းဆောင်ပြောင်းရမည့်သူမှာ ယီဖေး ဖြစ်သွားနိုင်ကြောင်း သတိပေးလိုက်ခြင်းလည်း ဖြစ်ပေသည်။

တံခါးကို ခန်းဆီး ကာထားသဖြင့် အထဲတွင် ဘာဖြစ်နေသည်ကို လင်ဝမ်ယိက သေချာ မမြင်ရသော်လည်း ယီဖေး၏ စိတ်ထဲတွင်မူ လင်ဝမ်ယိ၏ တွေးတောမှုနှင့် ထပ်တူကျနေ‌လေသည်။ ယီဖေးက အပေါ်ယံတွင် တည်ငြိမ်နေသော်လည်း စိတ်ထဲတွင် ကြောက်ရွံ့နေကာ သူမ၏ ခေါင်းပေါ်ရှိ ဆံထိုးများပင် တုန်ခါနေပြီး ခေါင်းငုံ့ထားကာ အရှင်မင်းကြီး၏ မျက်လုံးများကိုပင် တည့်တည့် မကြည့်ရဲတော့ချေ။

ယီဖေးသည် သူမ နန်းတွင်း ဝင်လာသည့် နှစ်များအတွင်း ယခုရှိ အရှင်မင်းကြီးကို ပို၍ပင် နားမလည်နိုင် ဖြစ်လာခဲ့ရသည်။ ပထမဆုံး တွေ့ဆုံချိန်တွင် အရှင်မင်းကြီးက စိတ်သဘောထား ပွင့်လင်းသော လူငယ် ဧကရာဇ် တစ်ပါး ဖြစ်ခဲ့သော်လည်း ယခုမူ အရှင်မင်းကြီးက ခန့်မှန်းရ ခက်ခဲပြီး စိန်ခေါ်၍ မရသော အေးစက်စက် အရှင်သခင် တစ်ပါး ဖြစ်နေလေပြီ။

ယီဖေး၏ နောက်ကွယ်တွင် လျိုမိသားစု ရှိနေလျှင်ကော ဘယ်လိုဖြစ်သနည်း။

နယ်စားမင်းရွှီ မိသားစု မည်သို့ ပြိုကွဲသွားသည်ကို ယီဖေးက မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရပြီး ဖြစ်သည်။ အမတ်ချုပ်ကြီး လေးဦးတွင် ထိပ်ဆုံးမှ ဖြစ်သော ရွှီမိသားစုပင်လည်း တုန်းကျိုးတွင်သာ ကုပ်တွယ်နေရရာ လျိုမိသားစုလည်း ဒုတိယ ရွှီမိသားစု မဖြစ်လာနိုင်ဟု မည်သူ ပြောနိုင်မည်နည်း။

သူမ၏ မောင်ဝမ်းကွဲဘက်မှ လှုပ်ရှားမှု မရှိသေးသည်ကို တွေးမိပြီး ယီဖေးက အနည်းငယ် ကြောက်လန့်သွားတော့၏။

ခဏအကြာတွင် အရှင်မင်းကြီး၏ အေးစက်စက် အသံ ပြန်လည် ထွက်ပေါ်လာပြီး လူအများကို တည်ငြိမ်စွာ ပြောလိုက်လေသည်။

"မင်းသမီးက နေမကောင်းဖြစ်နေတော့ မယ်တော်ကြီး နန်းတော်ကို ပြန်ရောက်တာနဲ့ စီနင်နန်းဆောင်ကို ချက်ချင်း ပို့ပြီး ဆုံးမသွန်သင်ခိုင်းလိုက်မယ်... ယီဖေးကတော့ ပျော့လွန်းရင်လည်း ပြိုလဲတတ်ပြီး မာလွန်းရင်လည်း ကျိုးပဲ့တတ်တယ် ဆိုတဲ့ သဘောတရားကို နားလည်သင့်တယ်... အားနေရင်လည်း ကျင်းဟန်ဆောင်ကို သွားပြီး ဗုဒ္ဓစာတွေ ရွတ်ဖတ်ပြီး စိတ်ကို ငြိမ်အောင် ထားတာ ပိုကောင်းမယ်"

အရှင်မင်းကြီးက ပြင်းပြင်းထန်ထန် အပြစ်မပေးသော်လည်း ထိုစကားက သူတို့နှစ်ဦး၏ နောက်ဆုံးသံ‌ယောစဉ်ကို ဖြတ်တောက်လိုက်ခြင်းပင် ဖြစ်သည်။ မင်းသမီးကို မိခင်အရင်းဖြစ်သော လင်ကွေ့ဖေး၏ လက်အောက်တွင် ဆက်ထား၍ မရတော့ကြောင်းမှာ သေချာသွားသလို နောက်တစ်ချက်က ယီဖေး၏ အကျင့်စရိုက်ကို ဆင်ခြင်ရန် လိုအပ်ကြောင်း ပြောလိုက်ခြင်း ဖြစ်ရာ သူတို့နှစ်ဦးစလုံး မည်မျှ ထပ်မပြောရဲတော့ဘဲ ခေါင်းငုံ့ကာ လက်ခံလိုက်ရတော့သည်။

ခြံဝင်းထဲရှိ လူများမှာမူ ယခုအခါ လင်ဝမ်ယိမှလွဲ၍ အားလုံးက ကြောက်လန့်တကြား ဖြစ်နေကြပြီး နောက်ထပ် ပြဿနာတက်မည့်သူမှာ မိမိတို့ ဖြစ်လာမည်ကို စိုးရိမ်နေကြ၏။

"သုန်ယွီကျုံး"

"ဒီအစေခံ ရှိပါတယ်"

"မင်ရော့ကို ယောင်ထိုင်စံအိမ်ကို ပြန်ပို့လိုက်... အဲဒီက အစောင့်တွေကို သွားပြောလိုက်... နောက်တစ်ခါ ထပ်ဖြစ်ရင် သူတို့ ခေါင်းတွေကို ကိုယ်တော် ဖြတ်ပစ်မယ်လို့"

"အမိန့်တော်အတိုင်းပါ"

မူလကတည်းက ကြောက်လန့်နေသော မင်းသမီးမင်ရော့က ယခုအခါ ပါးစပ်ကို တင်းတင်း ပိတ်ထားလိုက်ရသည်။ သူမသည် ဆိုးသွမ်းခေါင်းမာသော်လည်း နောက်ပိုင်းတွင် မည်သည်ကို အားကိုးရမည်ကို သိထားကာ အကယ်၍ ခမည်းတော်၏ အချစ်ကိုသာ ဆုံးရှုံးသွားပါက မင်းသမီး တစ်ပါး အနေဖြင့် အရေးပါတော့မည် မဟုတ်ကြောင်း နားလည်ထားခြင်းပင်။ ယခုအခါ ပိုင်ဖင်၏ အခြေအနေကို ကြည့်ရုံနှင့်ပင် သူမအတွက် လုံလောက်စွာ ကြောက်လန့်စရာ ကောင်းနေပြီမို့ သူမက ငိုယိုခြင်းကို လျှော့ချလိုက်လေသည်။

ထိုနေရာရှိ ကိစ္စများကို ဖြေရှင်းပြီးနောက် အရှင်မင်းကြီးက မုန်ဟွာဆောင်မှ ထွက်လာခဲ့သည်။ ခြံဝင်းထဲတွင် တုန်ရီနေသော လူများကို မြင်သောအခါ သူ၏ ဒေါသများ အနည်းငယ် လျော့ကျသွားကာ စင်္ကြံတွင် ဒူးထောက်နေသော လင်ဝမ်ယိကို မျက်စောင်းထိုး ကြည့်လိုက်မိပြီး စောစောက သူပြောခဲ့သော ရိုင်းစိုင်းသည့် စကားများကို ပြန်တွေးမိကာ အခြားသူများအပေါ် ဒေါသပုံချမိသွားကြောင်း ခံစားလိုက်ရသဖြင့် အရှင်မင်းကြီးက လေသံကို လျှော့ကာ ပြောလိုက်တော့သည်။

"လင်ချန်ကျိုက်"

"ကျွန်တော်မျိုးမ ရှိပါတယ်"

"ခုနက ဒုတိယမင်းသား နေမကောင်းဘူးဆို... သွားရအောင် ကိုယ်တော် သွားကြည့်မယ်"

လင်ဝမ်ယိက အနေခက်သွားသော်လည်း အရှင်မင်းကြီးက သူမနှင့်တကွ အခြားသူများကို အပြစ်မပေးတော့သည်ကို သိသဖြင့် မည်သို့ပင် ဖြစ်စေ သူမက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်ရ၏။

"ဟုတ်ကဲ့ပါ"

အရှင်မင်းကြီးက လင်ဝမ်ယိကို ခေါ်သွားသည်ကို မြင်သောအခါ လူတိုင်း၏ မျက်လုံးထဲတွင် မနာလိုမှုများ မရှိတော့ဘဲ လင်ဝမ်ယိ၏ သေးသွယ်သော ကျောပြင်ကို ကြည့်ရင်း သူမကိုယ်သူမ ဂရုစိုက်နိုင်ပါစေဟုသာ ဆုတောင်းပေးနေကြပြီး ဒေါသထွက်နေသော အရှင်မင်းကြီးက သူမကိုပါ အပြစ်ပေးမည်လားဟု စိုးရိမ်နေကြကာ လင်ဝမ်ယိ မနည်း ရထားသော ရာထူးလေးမှာလည်း ချက်ချင်း ပြုတ်သွားနိုင်သည်ဟု တွေးမိကြလေသည်။

ယီဖေး မုန်ဟွာဆောင်မှ ထွက်လာသောအခါ သူမ၏ မျက်နှာထား အလွန် ဆိုးရွားနေပြီး ဟယ့်နျန်ဇစ်မှာလည်း ဤအချိန်တွင် ပြဿနာ မရှာရဲတော့ဘဲ တတ်နိုင်သမျှ ပုန်းကွယ်နေလိုက်သည်။ ယီဖေး ထွက်သွားပြီးနောက်မှ တုချန်ကျိုက်နှင့် မင်ချန်ကျိုက်တို့လည်း ရယ်ကျဲကျဲဖြင့် မိမိတို့၏ ခြံဝင်းများသို့ အသီးသီး ပြန်သွားကြတော့၏။

ဤကိစ္စကြောင့် တစ်နေကုန် ဆူညံသွားခဲ့ရသည်။ မည်သူမျှ ကောင်းကျိုး မခံစားရဘဲ မင်းသမီးမင်ရော့ကို ပြန်ပို့လာသောအခါ လင်ကွေ့ဖေးမှာ အံ့ဩလွန်း၍ မေးရိုးပင် ပြုတ်ကျမတတ် ဖြစ်သွားရပြီး မူလကတည်းက ယိမ်းယိုင်နေသော သူမ၏ အခြေအနေမှာ ယခုအခါ ပို၍ ဆိုးရွားသွားခဲ့သည်။ မင်းသမီးကို မယ်တော်ကြီးထံ ပို့ကာ ဆုံးမသွန်သင်ခိုင်းမည် ဆိုသည်မှာ မိခင်ဖြစ်သူ သူမအနေဖြင့် လုံးဝ ညံ့ဖျင်းကြောင်း အရှင်မင်းကြီးက ပြောလိုက်ခြင်း မဟုတ်လား။

လင်ကွေ့ဖေး၏ လက်အောက်တွင် ကြီးပြင်းလာသော ကလေး တစ်ယောက်တည်း ရှိရာမှ ယခု ထိုကလေးပါ ဆုံးရှုံးရတော့မည် ဖြစ်သဖြင့် သူမက မည်သို့ ကျေနပ်နိုင်မည်နည်း။

သို့သော် မည်မျှပင် မကျေနပ်စေကာမူ အခြေအနေများမှာ အတည်ဖြစ်သွားပြီ ဖြစ်ရာ လင်ကွေ့ဖေးက မင်းသမီးမင်ရော့နှင့် ဖက်ငိုရုံမှလွဲ၍ မတတ်နိုင်တော့ချေ။

ယခုအခါ မင်းသမီးမင်ရော့မှာလည်း နောင်တရနေပြီး ဤကိစ္စဟာ ဖခင်ဖြစ်သူကို ဒေါသထွက်စေမည်မှန်း ကြိုသိပါက သူမ သေချာပေါက် အပြင်ထွက်မည် မဟုတ်ပေ။ ဒေါသတစ်ချက်ကြောင့် ကိုယ့်အနာဂတ်ကို ကိုယ် ဖျက်ဆီးလိုက်မိသဖြင့် သူမက ဒုတိယသခင်မဝမ်၏ မြေးမကောင်းလေး ပီပီ အလုပ်လုပ်ပုံချင်း ထပ်တူညီနေလေသည်။

ဟွေ့ဖန်းယာခြံဝင်းသို့ ပြန်လာသော လမ်းတွင် အရှင်မင်းကြီးနှင့် လင်ဝမ်ယိတို့မှာ အတော်လေး တည်ငြိမ်နေပြီး သူတို့က လျှောက်နေကျ လမ်းကို လျှောက်နေရသော်လည်း စိတ်ခံစားချက်မှာမူ မတူညီတော့ချေ။

ချီချောင်ပွဲတော်ည လရောင်အောက်တွင် အရှင်မင်းကြီး ပြောခဲ့သော စကားများက နားထဲတွင် ယခုအချိန်ထိ ကြားယောင်နေဆဲ ဖြစ်သော်လည်း ယခုအခါ လင်ဝမ်ယိက သူ၏ ကျောပြင်ကို ကြည့်ရင်း ပို၍ပင် နားမလည်နိုင် ဖြစ်လာခဲ့ရသည်။ လင်ကွေ့ဖေး၊ ယီဖေးနှင့် မင်းသမီးမင်ရော့တို့တွင် နောက်ခံ ရှိသဖြင့် အမှားလုပ်မိလျှင်တောင် အသေးအမွှား ပြစ်ဒဏ်သာ ခံရသော်လည်း ပိုင်ဖင်တွင်မူ နောက်ခံ မရှိသဖြင့် လွယ်လွယ်ကူကူပင် ထွက်ပေါက် အားလုံးကို ပိတ်ဆို့ခံလိုက်ရလေသည်။

အရှင်မင်းကြီးက သူမ၏ လက်ကို ယူကာ အခြားသူ၏ မျက်နှာကို ရိုက်ချလိုက်ပြီး မင်ချန်ကျိုက်ကိုပါ ဒိုင်းအဖြစ် အသုံးပြုလိုက်သေးသည်။ ဤနည်းလမ်း၊ ဤအကြံအစည်များမှာ မျက်စိတစ်မှိတ်အတွင်း ဖြစ်ပေါ်လာသော်လည်း သူက အလွန် တည်ငြိမ်ပြီး စေ့စပ်သေချာစွာ တုံ့ပြန်နိုင်ခဲ့သဖြင့် လင်ဝမ်ယိက လေးစားမဆုံး ဖြစ်သွားရ၏။

သို့သော် လေးစားမှုနှင့်အတူ ကြောက်ရွံ့မှုများလည်း ဖြစ်ပေါ်လာရသည်။ သူမတို့နှင့် နှိုင်းယှဉ်လျှင် လင်ဝမ်ယိ ကိုယ်တိုင်လည်း နောက်ခံ မရှိသူ တစ်ယောက် ဖြစ်ရာ ယခု အရှင်မင်းကြီးနှင့် စကားပြောဆိုခွင့် ရနေခြင်းမှာပင် သူမအပေါ် ထားရှိသော အရှင်မင်းကြီး၏ စစ်မှန်သော စိတ်ထားကြောင့်သာ ဖြစ်ပြီး အကယ်၍ မျက်နှာသာပေးမှုသာ မရှိတော့ပါက ဒုတိယ ပိုင်ဖင်မှာ သူမ ဖြစ်လာနိုင်မည်။

---

All Chapters