အခန်း ၁၆၆
Vol. 17 Ch. 166
အခန်း (၁၆၆) သုန်မိသားစုကို စာရင်းမှ ပယ်ဖျက်ခြင်း
အရှင်မင်းကြီးက ရုတ်တရက် ခြေလှမ်း ရပ်လိုက်ရာ လင်ဝမ်ယိက စိတ်ထဲတွင် ကိစ္စများကို တွေးတောနေသဖြင့် အရှေ့ကို သတိမထားမိဘဲ အရှင်မင်းကြီးကို ဝင်တိုက်မိသွားပြီး နှာခေါင်းမှာ အလွန် နာကျင်သွားပုံရသည်။ အရှင်မင်းကြီးမှာ သူမ၏ ပုံစံကို ကြည့်ကာ ဒေါသထွက်သလို သနားလည်း သနားသွားမိသည်။
"လမ်းလျှောက်တာ ကြည့်မလျှောက်ဘူးလား... ကိုယ့်ကိုယ်ကိုယ် သုံးနှစ်အရွယ် ကလေးလို့ ထင်နေတာလား"
စကားထဲတွင် အပြစ်တင်မှုများ ပါဝင်နေသော်လည်း စေတနာကြောင့် ဖြစ်မှန်း လင်ဝမ်ယိက ခံစားမိသဖြင့် သူမက နှာခေါင်းကို ပွတ်ရင်း ပြန်ပြောလိုက်လေသည်။
"ကျွန်တော်မျိုးမ စိတ်လွင့်သွားလို့ပါ... အရှင်မင်းကြီး စိတ်မပူပါနဲ့"
"စိတ်လွင့်သွားတယ် ဟုတ်လား... ဘာတွေ တွေးနေလို့လဲ"
သူမ ဘာတွေးနေမှန်း မည်သို့ ဖွင့်ချနိုင်မည်နည်း။ သူမက အသက်ရှင်ရတာ ငြီးငွေ့နေသည်မှ မဟုတ်ရာ စကားလွှဲကာ ပြောလိုက်ရတော့၏။
"အရှင်မင်းကြီး ဒေါသမထွက်အောင် ဘယ်လို လုပ်ရမလဲ ဆိုတာ တွေးနေတာပါ... တကယ်တော့ ဒုတိယမင်းသား နေမကောင်းဘူး ဆိုတာက ကျွန်တော်မျိုးမ လျှောက်ပြောလိုက်တာပါ"
"ရပါပြီ... အစကတည်းက အဲဒါ လိမ်နေမှန်း ကိုယ်တော် သိပါတယ်... မင်းကို အပြစ်မတင်ပါဘူး"
ထိုစကားကို ပြောပြီးနောက် အရှင်မင်းကြီးက သုန်ယွီကျုံးဘက်သို့ လှည့်ကာ အပြစ်တင်လိုက်တော့သည်။
"မင်းက တကယ့်ကို ကိုယ့်သဘောနဲ့ကိုယ် လုပ်တတ်တာပဲ... ကယ်မယ့်သူတောင် သွားခေါ်တတ်သေးတယ်"
သုန်ယွီကျုံးက ရယ်ကျဲကျဲဖြင့် အရှင်မင်းကြီးကို တစ်ချက် ကြည့်လိုက်ပြီး သူက အမြန် ခေါင်းငုံ့ကာ လျှောက်တင်လိုက်သည်။
"ဒီအစေခံ သေသင့်ပါတယ်... အရှင်မင်းကြီး အပြစ်ပေးပါ"
အရှင်မင်းကြီးက နှာခေါင်းရှုံ့လိုက်သော်လည်း သူက ဘာမျှ ဆက်မပြောတော့ဘဲ ရှေ့သို့ ဆက်လျှောက်သွားရာ လင်ဝမ်ယိလည်း အနောက်မှ ကပ်လိုက်သွားတော့၏။
သုန်ယွီကျုံးက အရှင်မင်းကြီးနှင့် လင်ဝမ်ယိ၏ ကျောပြင်ကို ကြည့်ရင်း သူ လုပ်ရပ်က မှန်သည်ဟု တွေးလိုက်မိသည်။ အကယ်၍ အရှင်မင်းကြီးသာ ဤလုပ်ရပ်ကို အပြစ်တင်ပါက ယခုလို စကားတစ်ခွန်းတည်းနှင့် ပြီးသွားမည် မဟုတ်ပေ။ သူက အရှင်မင်းကြီးကို ဤမျှ ကြာအောင် အလုပ်အကျွေး ပြုလာခဲ့ရာတွင် လင်ဝမ်ယိသည် အရှင်မင်းကြီး၏ ရင်ထဲတွင် မှတ်သားခံရသော တစ်ဦးတည်းသော သူ ဖြစ်ကြောင်း သိလေသည်။ ယခင်က မိဖုရားခေါင်ကြီးရွှီပင် အရှင်မင်းကြီး၏ လေးစားမှုကိုသာ ရခဲ့ပြီး ချစ်ခင်မှုကို မရခဲ့ချေ။
သူတို့နှစ်ဦးက အတူတူ လျှောက်လာကြသော်လည်း ဘာစကားမျှ မပြောဖြစ်ကြချေ။ စောစောက ဒေါသထွက်မှုများ ပြီးသွားပြီးနောက် အရှင်မင်းကြီး၏ ရင်ထဲတွင် ကြိတ်ခံစားနေရသော ဒေါသများလည်း အတော်လေး လျော့ကျသွားကာ သူက လင်ဝမ်ယိကို လှမ်းမေးလိုက်လေသည်။
"ရင်ထဲက ခံစားချက်ကို နားလည်ပြီလား”
လင်ဝမ်ယိက တိတ်ဆိတ်သွားမိသည်။ သူမက အရှင်မင်းကြီး၏ မေးခွန်းကို မည်သို့ ဖြေရမည်ကို မသိဘဲ နားလည်ပါပြီဟု ပြောလျှင် လိမ်ရာကျမည် ဖြစ်ပြီး နားမလည်သေးဘူးဟု ပြောလျှင်လည်း အရှင်မင်းကြီး ဒေါသထွက်သွားမည်ကို စိုးရိမ်သဖြင့် ခဏလောက် တွေဝေနေပြီးနောက် သူမက အရှုံးပေးကာ ပွင့်ပွင့်လင်းလင်းပင် ဖြေလိုက်တော့၏။
"ကျွန်တော်မျိုးမ ဘယ်လို ဖြေရမလဲ မသိပါဘူး"
"ဘယ်လို ပြောလိုက်တာလဲ"
"အရှင်မင်းကြီးရဲ့ ဂရုစိုက်မှုက ကျွန်တော်မျိုးမကို ဝမ်းသာစေပေမဲ့ တစ်ချိန်တည်းမှာပဲ စိတ်မချမ်းမသာ ဖြစ်စေပါတယ်... လူတွေက မရခင်တုန်းကတော့ ဘဝရဲ့ အလင်းရောင်လေးလို သဘောထားတတ်ကြပေမဲ့ ရသွားရင်တော့ သာမန်ပဲလို့ ထင်သွားကြတာပဲ... ကျွန်တော်မျိုးမက အဲဒီလို မဖြစ်ချင်ပါဘူး... ဒါကြောင့် အရှင်မင်းကြီးရဲ့ မေတ္တာကို ဘယ်လို တုံ့ပြန်ရမလဲ မသိတာပါ"
ထိုစကားကို ကြားသောအခါမှ အရှင်မင်းကြီးက သူမ၏ စိုးရိမ်ပူပန်မှုများကို နားလည်သွားသည်။ သူမက ကြောက်နေသည်မှာ ဝါးခြင်းတောင်းဖြင့် ရေခပ်သလို အချည်းနှီး ဖြစ်သွားမည်ကို ဖြစ်သည်။ အရှင်မင်းကြီး ဒေါသထွက်သလား ဆိုလျှင် ဒေါသထွက်မိသည်။ ဤဘဝတွင် သူ တစ်ဦးတည်းသော စိတ်နှလုံး အပြည့်အဝ ထားပြီး ဆက်ဆံခဲ့သည့် အမျိုးသမီးက ဤကဲ့သို့ တုံ့ပြန်လာသဖြင့် နားလည်ပေးနိုင်သလား ဆိုလျှင်လည်း သူက နားလည်ပေးနိုင်ပါသည်။ သူမ၏ ရှင်သန်ရသည့် ပတ်ဝန်းကျင်အရ မူလစိတ်ထားကို ထိန်းသိမ်းနိုင်ခြင်းကပင် တော်နေပြီ ဖြစ်ပြီး လောဘစိတ် တက်လာပါက စိုးရိမ်မှုများ ပြည့်နှက်နေမည်မှာ သဘာဝပင်။
ထိုအချက်ကို နားလည်သွားသောအခါ အရှင်မင်းကြီးက သူမနှင့် ဆက်လက် ငြင်းခုံနေရန် စိတ်မပါတော့ချေ။ သူတို့ အတူတူ နေလာသည်မှာ သုံးလသာ ရှိသေးရာ အချိန်များစွာ ကျန်သေးသဖြင့် သူက ဖြည်းဖြည်းချင်း ကြိုးစားသွားမည်ဟု တွေးကာ ဆက်မမေးတော့ဘဲ လင်ဝမ်ယိကို အခြား ကိစ္စများအကြောင်း ပြောပြလိုက်လေသည်။
"တော်ဝင်သမားတော်သို့ က သတင်းပို့လာတယ်... မင်း မောင်လေး သတိရလာပြီတဲ့... ဒါပေမဲ့ အနားယူဖို့ လိုသေးတယ် ဆိုတော့... ကိုယ်တော် တွေးကြည့်တာ နောက်နှစ် နွေဦးပေါက်မှ တော်ဝင်ကျောင်းတော်ကို သွားပြီး စာရင်းသွင်းတာ ကောင်းမယ်... မင်း ဘယ်လို ထင်လဲ"
တော်ဝင်ကျောင်းတော် ဟုတ်လား။ လင်ဝမ်ယိက အိပ်မက်ထဲတွင်ပင် အရှင်မင်းကြီးက ဤကိစ္စကို ပြောလာမည်ဟု မထင်ထားခဲ့ပေ။ သူမက အခွင့်အရေး ရလျှင် အရှင်မင်းကြီးကို ဤကိစ္စ သေချာ ပြောပြမည်ဟု တွေးထားခဲ့သော်လည်း သူမ မပြောခင်မှာပင် အရှင်မင်းကြီးက အရင် စပြောလာလိမ့်မည်ဟု မထင်ထားခဲ့ချေ။
"အရှင်မင်းကြီး... ဘယ်လိုလုပ်ပြီး ဒီကိစ္စကို ပြောလာရတာလဲ"
"ဒီကိစ္စက မင်းရဲ့ စိတ်ထဲက အဖုအထစ် တစ်ခု မဟုတ်ဘူးလား"
လင်ဝမ်ယိက တိတ်ဆိတ်သွားလေသည်။ သူမက အရှင်မင်းကြီးကို သူမ၏ မောင်လေးမှာ ဉာဏ်ကောင်းသော်လည်း အမတ်ချုပ်အိမ်တော်တွင်သာ ထားပြီး ဆရာများဖြင့် သင်ကြားနေရသဖြင့် နှမြောစရာ ကောင်းကြောင်း ပြောပြဖူးသည်။ ဒုတိယအိမ်ထောင်မှ လင်ကွမ်ကျစ်မှာမူ ဦးနှောက်ထဲတွင် ဘာမှ မရှိသော်လည်း တော်ဝင်ကျောင်းတော်သို့ ဝင်ခွင့်ရပြီး ဆရာကောင်းများထံမှ သင်ကြားခွင့် ရနေခြင်းမှာ အလွန် တရားမမျှတကြောင်း တွေးမိလေသည်။
"ကျွန်တော်မျိုးမ မောင်လေး ကိုယ်စား အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ ကျွန်တော်မျိုးမ စိတ်ထဲမှာ နောက်ထပ် ကိစ္စတစ်ခု ရှိပါသေးတယ်... အရှင်မင်းကြီး ခွင့်ပြုပေးဖို့ မျှော်လင့်ပါတယ်"
"ဘာကိစ္စလဲ"
"ကျွန်တော်မျိုးမရဲ့ ဘိုးဘိုးတို့ အိမ်မှာ အသက် ဆယ့်ခြောက်နှစ် အရွယ် မောင်ဝမ်းကွဲ တစ်ယောက် ရှိပါတယ်... သူက စာဖတ်ဝါသနာပါသူပါ... ကျွန်တော်မျိုးမရဲ့ မောင်ဝမ်းကွဲကို တော်ဝင်ကျောင်းတော် ဝင်ခွင့်ပြုဖို့ မတောင်းဆိုပါဘူး... ဒါပေမဲ့ သူတို့ကို ကုန်သည်စာရင်းကနေ ပယ်ဖျက်ပေးပြီး အစိုးရစာမေးပွဲ ဝင်ခွင့်ပြုဖို့ပဲ အရှင်မင်းကြီးကို တောင်းဆိုချင်ပါတယ်"
ပြောပြီးသည်နှင့် သူမက ရိုရိုသေသေ အရိုအသေပေးလိုက်သည်။ သူမက အနည်းငယ်မျှပင် အားမနာဘဲ ပြောချလိုက်သည်။ အခြားသူသာ ဆိုလျှင်တော့ အခွင့်အရေး ရသည်ကို အခွင့်ကောင်း ယူနေသည်ဟု အရှင်မင်းကြီး ထင်မိမည် ဖြစ်သော်လည်း လင်ဝမ်ယိ၏ နှုတ်မှ ထွက်လာသောအခါ အရှင်မင်းကြီးက သူမကို ကျေးဇူးသိတတ်သူ တစ်ယောက်ဟုသာ မြင်ကာ သံယောဇဉ်ကြီးသူ တစ်ယောက်အဖြစ် တွေးလိုက်မိသည်။ လူ့စိတ်ဆိုသည်မှာ ဘက်လိုက်တတ်ကြောင်း မြင်သာလှကာ အချစ်များ ပါဝင်နေသဖြင့် မည်သူမဆို အထူး မျက်နှာသာပေးမှုကို ရရှိနိုင်လေသည်။
"ကုန်သည်စာရင်းကနေ ပယ်ဖျက်ဖို့က မခက်ပါဘူး... ကိုယ်တော် စကားတစ်ခွန်း ပြောလိုက်ရုံပါပဲ... ဒါပေမဲ့ မင်းရဲ့ ဘိုးဘိုး မိသားစုက ရှားပါးတဲ့ လူတော်တွေ ဆိုတော့ တစ်ယောက်တည်းကိုပဲ ပယ်ဖျက်ပေးဖို့ မလိုပါဘူး"
ဒီစကားက ဘာအဓိပ္ပါယ်လဲ။ လင်ဝမ်ယိ နားမလည်သေးခင်မှာပင် အရှင်မင်းကြီးက အမိန့်သစ် တစ်ခု ချမှတ်လိုက်တော့သည်။
"သုန်ယွီကျုံး"
"ဒီအစေခံ ရှိပါတယ်"
"မင်း တော်ဝင်ဆေးကုသဆောင်ကို တစ်ခေါက် သွားပြီး ဆေးဝါးကြီးကြပ်ရေးဌာနက လူတွေကို ပြောလိုက်... တော်ဝင်ဆေးကုသဆောင်ကို ဆေးဝါးတွေ ထောက်ပံ့ပေးနေတဲ့ ကုန်သည်တွေ အားလုံးကို ရာထူးတိုးပေးပြီး ဂိုဒေါင်တာဝန်ခံအရာရှိ ခန့်လိုက်လို့... သုန်မိသားစုကတော့ သခင်ကြီး သက်ရှိထင်ရှား ရှိနေသေးတော့ ဒီရာထူးကို သူ့ကိုပဲ ပေးလိုက်"
ထိုသို့ဖြင့် သုန်သခင်ကြီးမှစ၍ သုန်မိသားစု တစ်ခုလုံးသည် ကုန်သည်စာရင်းမှ အရာရှိစာရင်းသို့ တစ်ဟုန်ထိုး ရောက်ရှိသွားသည်။ ဂိုဒေါင်တာဝန်ခံအရာရှိမှာ အဆင့်နိမ့် တရားသူကြီးလောက်ပင် မကြီးကျယ်သော်လည်း ကုန်သည် နောက်ခံ ရှိသော သုန်မိသားစုအတွက်မူ အလွန် ကြီးမားသော ကိစ္စကြီး ဖြစ်ကာ အရာရှိစာရင်း ဝင်သွားသဖြင့် သုန်မိသားစု၏ မျိုးဆက်များသည် အစိုးရစာမေးပွဲကို ဝင်ရောက် ဖြေဆိုခွင့် ရရှိသွားပြီး အရည်အချင်း ရှိသူ ပေါ်ထွက်လာပါက နောင်တစ်ချိန်တွင် တိုင်းပြည်အတွက် အမှုထမ်းနိုင်မည် ဖြစ်ပေသည်။
ထိုစကားကို ကြားသောအခါမှ လင်ဝမ်ယိက သေချာ နားလည်သွားပြီ ဖြစ်သည်။ သူမ တောင်းဆိုသည်က နှမ်းစေ့မျှသာ ဖြစ်သော်လည်း အရှင်မင်းကြီးက ဖရဲသီး ပေးလိုက်ခြင်း ဖြစ်ရာ ဤမျှ ကြီးမားသော ကျေးဇူးတရားကို သူမက အလွန် ကျေးဇူးတင်မိသဖြင့် အရှင်မင်းကြီးကို သေချာစွာ ဦးညွှတ်ပြီး လျှောက်တင်လိုက်တော့၏။
"ကျွန်တော်မျိုးမ ဘိုးဘိုး မိသားစု ကိုယ်စား အရှင်မင်းကြီးရဲ့ ကျေးဇူးတော်ကို အထူး ကျေးဇူးတင်ပါတယ်... သုန်မိသားစု တစ်ခုလုံး အစွမ်းကုန် ကြိုးစားပြီး ဒီကိစ္စကို အကောင်းဆုံး လုပ်ဆောင်သွားမှာပါ"
ထို တော်ဝင်ဆေးကုသဆောင်မှ ဂိုဒေါင်တာဝန်ခံအရာရှိမှာ မည်သည့် ရာထူးမှန်း သူမက သေချာ မသိသော်လည်း ဘိုးဘိုး၏ အမြဲတမ်း စိတ်ပူနေရသော ကိစ္စကို ဖြေရှင်းပေးနိုင်သဖြင့် ကောင်းမွန်လှသည်။ ထိုအကြောင်းကို တွေးမိပြီး သူမက ယခင်ကထက် ပို၍ ဂရုတစိုက် ရှိလာတော့သည်။
အရှင်မင်းကြီးက စိတ်ထဲတွင် ရယ်ချင်သွားမိသည်။ သူမက ဤမျှ ချော့ရလွယ်မှန်း သိပါက ဤအမိန့်ကို စောစောကတည်းက ချမှတ်လိုက်မည် ဖြစ်သည်။ သူတို့နှစ်ဦး အလကားနေရင်း ဤမျှ ရက်များစွာ ကြာအောင် အချိန်ဖြုန်းနေမိသည်မှာ တကယ်ကို အားနေသလား မှတ်ရ၏။
ဟွေ့ဖန်းယာခြံဝင်းထဲတွင် ညစာကို ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်သည်။ ခြံဝင်းထဲရှိ လူတိုင်းက အရှင်မင်းကြီးနှင့် သခင်မလေး အတူတူ လာသည်ကို မြင်သောအခါ စိတ်ပူသွားကြသော်လည်း ခဏအကြာတွင် သူတို့နှစ်ဦးလုံး စိတ်အခြေအနေ ကောင်းနေမှန်း မြင်လိုက်ရသောအခါ အရာအားလုံး မူလအတိုင်း ပြန်ဖြစ်သွားလေသည်။
ချွမ်ချီက သူမ၏ စွမ်းရည် အားလုံးကို ထုတ်သုံးကာ ဤညစာကို အကောင်းဆုံး ဖြစ်အောင် ပြင်ဆင်ထားပြီး လင်ဝမ်ယိကလည်း ယခင်ကထက် ပို၍ ဂရုတစိုက် အလုပ်အကျွေး ပြုလေသည်။
အရှင်မင်းကြီးက ပျော်ရွှင်နေသဖြင့် ဟွေ့ဖန်းယာခြံဝင်း တစ်ခုလုံးလည်း ဝမ်းသာနေကြသည်။ သူမတို့၏ ခေါင်းပေါ်တွင် အုပ်မိုးနေသော တိမ်မည်းကြီးမှာ နောက်ဆုံးတော့ လွင့်စင်သွားခဲ့ပြီ ဖြစ်သည်။ အချိန်တိုအတွင်း လူတိုင်းက မိမိတို့၏ အလုပ်များကို စည်းကမ်းတကျ ပြန်လုပ်ကြတော့၏။