အခန်း ၁၆၇
Vol. 17 Ch. 167
အခန်း (၁၆၇) အရည်အချင်းကို ဖုံးကွယ်ထားခြင်း
ဆေးဝါးကြီးကြပ်ရေးဌာနမှ ဤအမိန့်ကို ရရှိသောအခါ တာဝန်ခံအမတ်သည် နားမလည်နိုင်ဖြစ်သွားခဲ့၏။ ဂိုဒေါင်တာဝန်ခံအရာရှိဆိုသည်မှာ နန်းတွင်းရာထူးတစ်ခုဖြစ်သော်လည်း ပုံမှန်အားဖြင့် ဆေးဝါးများကို စစ်ဆေးမှတ်တမ်းတင်ရုံသာ လုပ်ဆောင်ရခြင်းဖြစ်ပေသည်။ ၎င်းက အရေးပါသော ရာထူးတစ်ခုမဟုတ်သဖြင့် ပေးလိုက်လျှင်လည်း ကိစ္စမရှိပေ။ သို့သော် သူက အရှင်မင်းကြီးအနေဖြင့် အဘယ်ကြောင့် ဤသို့ အမိန့်ချမှတ်ရသနည်းဟု စူးစမ်းချင်စိတ် ဖြစ်မိလေသည်။
"သုန်ကုန်းကုန်း လက်ရှိ တော်ဝင်ဆေးကုသဆောင်ကို ဆေးဝါးထောက်ပံ့နေတဲ့ ကုန်သည် ခြောက်အိမ် ရှိပါတယ်... အဲဒီအထဲမှာ အများဆုံး ထောက်ပံ့နေတာက သုန်မိသားစုပါ... သူတို့က ကုန်းကုန်းရဲ့ ဆွေမျိုးတွေများလား"
သုန်ဟူသော မျိုးရိုးနာမည် တူညီနေသဖြင့် တာဝန်ခံအမတ်က ဤသို့မေးမြန်းခြင်းမှာ မဆန်းလှပေ။ သို့သော် သုန်ယွီကျုံးက ယပ်တောင်ဖြင့် သူ၏ ခေါင်းကို ခေါက်လိုက်လေသည်။ ထို့နောက် သူက ပြောလိုက်၏။
"ပေါက်ကရတွေ လျှောက်မပြောစမ်းပါနဲ့... မင်း ဒီတာဝန်ခံရာထူးမှာ နှစ်အကြာကြီး နေလာခဲ့တာတောင် ရာထူး မတိုးသေးတာ သေချာ ခေါင်းမသုံးလို့ပေါ့... အဲဒီသုန်မိသားစုက အမတ်ချုပ်အိမ်တော်ရဲ့ ဆွေမျိုးတွေကွ... ငါတို့လို လူတွေနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်ပါ့မလဲ"
ထိုစကားကို ကြားသောအခါ တာဝန်ခံအမတ်က အလွန်အံ့ဩသွားခဲ့လေသည်။ အမှန်အတိုင်းပြောရလျှင် သုန်မိသားစုမှ လူများနှင့် သူက အဆက်အဆံရှိဖူးပေသည်။ အမတ်ချုပ်အိမ်တော်နှင့် ဆွေမျိုးတော်စပ်သည် အကြောင်းကို သူတို့က အဘယ်ကြောင့် တစ်ခါမျှ ထုတ်မပြောခဲ့ကြသနည်း။ သူက တကယ့် ဘုရားကြီးကို ပင့်ထားပြီး နံ့သာတိုင် မထွန်းတတ်သူ ဖြစ်နေခဲ့ပေပြီ။ ထို့ကြောင့် သူက ခေါင်းကုတ်ကာ ချက်ချင်း ပြောလိုက်သည်။
"ဒီအစေခံက မျက်စိမလျင်ဘဲ ခေါင်းမသုံးမိလို့ပါ... သုန်ကုန်းကုန်း စိတ်ချပါ... ဒီကိစ္စကို သေသေချာချာလေး စီစဉ်ပေးလိုက်ပါ့မယ်"
သုန်ယွီကျုံးက တာဝန်ခံအမတ်ကို ပြုံး၍ကြည့်လိုက်ပြီးနောက် သူက ဆေးဝါးကြီးကြပ်ရေးဌာနမှ ထွက်ခွာသွားလေသည်။ သူထွက်သွားပြီးနောက် တာဝန်ခံအမတ်၏ အနားတွင် ခစားနေသော တပည့်ဖြစ်သူက ပြေးထွက်လာပြီး ပြောလိုက်၏။
"ဆရာ... ဒီသုန်မိသားစုက တကယ်ကို ရေငုံနှုတ်ပိတ် နေနိုင်တာပဲ... အမတ်ချုပ်အိမ်တော်ရဲ့ ဆွေမျိုးတွေ ဖြစ်နေတာကို ဘယ်လိုလုပ် တစ်ခွန်းမှ မကြားရပါလိမ့်"
"အရင်တုန်းက မျက်နှာသာမရခဲ့လို့ ဂုဏ်မဖော်ရဲတာ နေမှာပေါ့... အခုတော့ အရှင်မင်းကြီးဆီမှာတောင် မျက်နှာရနေပြီဆိုတော့ ငါတို့လည်း သတိထားပြီး ဆက်ဆံမှ ရတော့မယ်"
သူက ပြောပြီးသည်နှင့် လက်အောက်ငယ်သားများကို အမိန့်ပေးလိုက်လေသည်။
"နောက်ဆို သုန်မိသားစုက လူတွေ လာရင် ကောင်းကောင်းမွန်မွန် ဧည့်ခံကြ... သူတို့ ဒေါသထွက်အောင် လုပ်မိရင် အထက်ကလူပါ မကျေမနပ် ဖြစ်သွားလိမ့်မယ်... ကြားလား"
"ဟုတ်ကဲ့... ဒီအစေခံ နားလည်ပါပြီ"
နောက်တစ်နေ့တွင် သတင်းက သုန်မိသားစုအိမ်တော်သို့ ရောက်ရှိလာခဲ့ပေသည်။ သုန်မိသားစု တစ်ခုလုံး ကုန်သည်စာရင်းမှ ပယ်ဖျက်ခံရပြီး အရာရှိစာရင်းသို့ ပြောင်းလဲသွားကြောင်း ကြားသိရသောအခါ ပထမသခင်မကြီး ဝမ်ရှီက အပျော်ရွှင်ဆုံး ဖြစ်နေခဲ့၏။ သူမက သားဖြစ်သူ သုန်ခဲ့လီ၏ လက်ကို ဆွဲကိုင်ကာ ဝမ်းသာလွန်း၍ မျက်ရည်ကျရင်း ပြောလိုက်လေသည်။
"မျှော်လင့်နေတာလေး ဖြစ်လာပြီ... ဖြစ်လာပြီ... ငါ့သားလေးအတွက် နောက်ဆုံးတော့ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်လာပြီ"
နေ့ရက်ပေါင်းများစွာကြာအောင် ဤကိစ္စအတွက် သူမနှင့် ပထမသခင်ကြီးလင်တို့သည် ဆံပင်ဖြူသည်အထိ ပူပန်ခဲ့ရပေသည်။ သားဖြစ်သူက အရည်အချင်းရှိပြီး ရည်မှန်းချက်ကြီးမားသော်လည်း ကုန်သည်မျိုးရိုးမှ မွေးဖွားလာသဖြင့် အစိုးရစာမေးပွဲကို ဝင်ခွင့်မရခဲ့ချေ။ အိမ်တွင် ရွှေငွေရတနာများ ပြည့်နှက်နေသော်လည်း အခြားသူများ၏ မျက်လုံးထဲတွင်မူ အဆင့်အတန်းနိမ့်ကျနေဆဲ ဖြစ်၏။ အထူးသဖြင့် အရာရှိအိမ်တော်မှ သခင်မလေးများက သူမတို့ သုန်မိသားစုသို့ လုံးဝ လာရောက် လက်ထပ်မည်မဟုတ်ပေ။ ယခုမူ ဝမ်ရှီအတွက် ဒုက္ခကုန်ဆုံးပြီး သုခရောက်လာခဲ့ပြီဖြစ်ရာ သူမက ဝမ်းသာလွန်း၍ မီးရှူးမီးပန်းများပင် ဖောက်ကာ အောင်ပွဲခံချင်နေတော့သည်။
ဒုတိယသခင်ကြီးသုန်တွင် သားမရှိသဖြင့် မရီးဖြစ်သူ၏ ဝမ်းသာမှုကို နားမလည်နိုင်သော်လည်း သူက မရီးဖြစ်သူက သမီးဖြစ်သူ သုန်ချိုးယွဲ့အား ပြုံးရွှင်စွာ ကြည့်နေသည်ကို မြင်သောအခါ စူးစမ်းချင်စိတ်ဖြင့် မေးလိုက်လေသည်။
"အမေ... ဒီကုန်သည်စာရင်းကနေ ပယ်ဖျက်လိုက်တဲ့ ကိစ္စက ခဲ့လီအတွက် ကောင်းပေမဲ့ ဘာလို့ ချိုးယွဲ့ကို ပြုံးပြီး ကြည့်နေတာလဲ"
"မင်း ဘာနားလည်လို့လဲ... သခင်ကြီးက အရာရှိစာရင်း ဝင်သွားတော့ ချိုးယွဲ့လည်း အရာရှိအိမ်တော်က သခင်မလေး ဖြစ်သွားပြီ မဟုတ်လား... နောက်ဆို အိမ်ထောင်ဘက် ရွေးတဲ့အခါ ရွေးချယ်စရာတွေ ပိုများလာပြီလေ... ဒီလောက် ကောင်းတဲ့ကိစ္စကို မင်းလို အဖေကမှ မတွေးတော့ အဘွားဖြစ်တဲ့ ငါက သေချာ ဂရုစိုက်ရမှာပေါ့"
သုန်ချိုးယွဲ့က သူမ၏ အိမ်ထောင်ရေးအကြောင်း ပြောနေသည်ကို ကြားသောအခါ အနည်းငယ် ရှက်သွေးဖြာသွားခဲ့၏။ သို့သော် သူမက အမြဲတမ်း ပွင့်လင်းလွတ်လပ်သူ ဖြစ်သဖြင့် အများကြီးတော့ ရှက်ရွံ့မနေခဲ့ပေ။ ယွင်ရှီက သမီးဖြစ်သူကို တစ်ချက် ကြည့်လိုက်ပြီး သူမ၏ ရင်ထဲတွင် အားနာမှုများ ပြည့်နှက်သွားလေသည်။
သူမက မူလကတည်းက မိဘမဲ့ တစ်ဦးဖြစ်ပြီး ဆရာဖြစ်သူ၏ သနားကြင်နာမှုဖြင့် တောင်ပေါ်တွင် ကြီးပြင်းလာခဲ့သူ ဖြစ်ပေသည်။ ထို့ကြောင့် သူမက အရပ်ဘက်မှ အိမ်ထောင်ရေးနှင့် မျိုးရိုးစာရင်း ကိစ္စများကို လုံးဝ နားမလည်သလို အနည်းငယ်မျှလည်း ဂရုမစိုက်ခဲ့ချေ။ သူမက ဒုတိယသခင်ကြီးသုန်နှင့်အတူ ဆေးခန်းတွင် လူနာများကို ကယ်တင်ကုသရန်သာ အာရုံစိုက်နေခဲ့၏။ သူမက အခက်အခဲပေါင်းများစွာဖြင့် သမီးလေးကို မွေးဖွားပြီးနောက် သုန်သခင်မကြီးထံသို့ အပ်နှံကာ ပြုစုပျိုးထောင်စေခဲ့သည်။
သူမက မိခင်တစ်ယောက်အနေဖြင့် တာဝန်မဲ့ခဲ့သည်ဟု ဆိုနိုင်သော်လည်း သုန်မိသားစု တစ်ခုလုံးက သုန်ချိုးယွဲ့ကို အလွန် ကောင်းမွန်စွာ ဆုံးမသွန်သင်ပေးခဲ့ပေသည်။ နေ့စဉ်နေ့တိုင်း သမီးလေးနှင့် တွေ့သောအခါတိုင်း သမီးလေးက သူမ၏ အနားသို့ ကပ်ကာ အမေဟု ချိုသာစွာ ခေါ်ဆိုတတ်လေ၏။ ထို့ကြောင့် ယွင်ရှီက ယောက္ခမများ စီစဉ်ပေးသော အရာအားလုံးက သမီးဖြစ်သူအတွက် သေချာပေါက် သင့်တော်လိမ့်မည်ဟု တွေးမိခဲ့သည်။ ထို့နောက် သူမက လေးနက်စွာ ပြောလိုက်လေသည်။
"ချိုးယွဲ့ရဲ့ အိမ်ထောင်ရေးအတွက် ယောက္ခမကြီးပဲ ပင်ပန်းခံပြီး စီစဉ်ပေးပါရှင်"
"စိတ်ချပါ... သူက ငါ့ရဲ့ အသည်းအသက် မြေးမလေးပဲ... ဘယ်သူ့ကိုပဲ နစ်နာစေ သူလေးကိုတော့ အနစ်နာခံခိုင်းမှာ မဟုတ်ဘူး"
သုန်သခင်မကြီးက သားနှင့် ချွေးမ၊ သမီးနှင့် သမက်၊ မြေးယောကျ်ားလေးနှင့် မြေးမိန်းကလေးများအပေါ် အမြဲတမ်း တန်းတူညီမျှ ဆက်ဆံတတ်သူ ဖြစ်၏။ သူမတွင် ယောကျ်ားလေးကို ပိုအလေးထားသည့် စိတ်ကူးမျိုး တစ်ခါမျှ မရှိခဲ့ဘဲ တစ်ခါတစ်ရံတွင် မိန်းကလေးများကို ပို၍ပင် သနားကြင်နာတတ်သော်လည်း အမြဲတမ်း အလိုလိုက်ထားခြင်းမျိုး မရှိခဲ့ပေ။ ထို့ကြောင့် သုန်မိသားစုတွင် ကြီးပြင်းလာသော သမီးသုံးယောက်စလုံးဟာ အလွန်ကောင်းမွန်သည့် စိတ်သဘောထားများကို ပိုင်ဆိုင်ထားကြလေသည်။ ဤကိစ္စအတွက် မိသားစု တစ်ခုလုံး ဝမ်းသာနေကြသော်လည်း သုန်သခင်ကြီး တစ်ယောက်တည်းသာ တစ်ခွန်းမျှ ဝင်မပြောဘဲ နေခဲ့၏။
သူ၏ အမြင်တွင်မူ ဤသို့ ရုတ်တရက် ရောက်လာသော ကောင်းကျိုးမှာ တကယ့် ကောင်းကျိုး အစစ်အမှန် ဟုတ်ပါ့မလားဟု တွေးနေမိပေသည်။ အရာရာကို အနည်းငယ် ပို၍ သတိထားခြင်းက ပိုကောင်းပေလိမ့်မည်။ သူက စဉ်းစားပြီးနောက် သမီးနှင့် သမက်ဖြစ်သူတို့ကို စာကြည့်ခန်းသို့ ခေါ်ကာ အခြေအနေကို သီးသန့် မေးမြန်းလိုက်လေသည်။
"အရှင်မင်းကြီး မင်းတို့ကို နန်းတွင်းခေါ်သွားတဲ့ ကိစ္စကို ငါ့ကို သေသေချာချာ တစ်ခုချင်းစီ ပြန်ပြောပြစမ်းပါဦး"
"ဟုတ်ကဲ့ပါ"
သခင်မသုန်နှင့် ပထမသခင်ကြီးလင်တို့က အခြေအနေကို အသေးစိတ် ရှင်းပြလိုက်ကြ၏။ ရှင်းပြပြီးသွားသောအခါ သုန်သခင်ကြီးက အနည်းငယ် သဘောပေါက်သွားခဲ့လေသည်။
"ကြည့်ရတာ ဒီကောင်းကျိုးက ကောင်းကင်ဘုံကနေ အလိုလို ကျလာတာ မဟုတ်ဘူးပဲ... ချန်ချန် တောင်းဆိုပေးခဲ့တာ ဖြစ်လိမ့်မယ်... အရှင်မင်းကြီးက ချန်ချန်အပေါ် တကယ် စိတ်ရင်းနဲ့ ဆက်ဆံနေပုံရတယ်"
သုန်သခင်ကြီး ဤသို့ ပြောသည်ကို ကြားသောအခါ သခင်မသုန်နှင့် ပထမသခင်ကြီးလင်တို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပေသည်။ သူတို့က ချန်ချန်တစ်ယောက် အရှင်မင်းကြီးထံမှ ဤမျှ မျက်နှာသာပေးမှု ရရှိနေခြင်းအပေါ် အမှန်တကယ်ပင် အံ့ဩနေမိကြ၏။
"အဖေက ဘာလို့ ဒီလို ပြောရတာလဲ... ဘာတွေများ သိထားလို့လဲ"
"သာမန် ကိုယ်လုပ်တော်တွေရဲ့ မိသားစုတွေ နန်းတွင်းကို ဝင်ချင်ရင် ဒီလောက်တော့ လွယ်မှာ မဟုတ်ဘူး... ပြီးတော့ မိသားစုဝင်တွေ နန်းတွင်းဝင်ရတာနဲ့ ဒီတစ်ခေါက် ကုန်သည်စာရင်းကနေ ပယ်ဖျက်ပေးတဲ့ ကိစ္စက ချန်ချန်နဲ့ ငါတို့ မိသားစုပဲ အကျိုးအမြတ် ရတာ မဟုတ်ဘူး... အရှင်မင်းကြီး ဒီလို လုပ်တာက တခြားလူတွေ ချန်ချန်အပေါ် မနာလိုဖြစ်မှာကို မလိုလားလို့ပဲ"
သုန်သခင်ကြီးက အခြားသူများထက် ပို၍ ဉာဏ်ပြေးသည်ဟု ဆိုရပေမည်။ သူက ပြဿနာ၏ အဓိက အချက်ကို ချက်ချင်း ထောက်ပြနိုင်ခဲ့လေသည်။ လူတစ်ယောက်ကို သဘောကျခြင်းဆိုသည်မှာ မည်သည့်အရာကိုမျှ ဂရုမစိုက်ခြင်း ဖြစ်၏။ သို့သော် လူတစ်ယောက်ကို အမှန်တကယ် ရင်ထဲတွင် ထားရှိပါက ကောင်းကျိုး ဆိုးကျိုး အားလုံးကိုပါ ထည့်သွင်း စဉ်းစားရပေလိမ့်မည်။ အကယ်၍ လင်ဝမ်ယိ၏ မိသားစုကိုသာ သီးသန့် ခေါ်တွေ့မည် သို့မဟုတ် သုန်မိသားစုကိုသာ သီးသန့် ကုန်သည်စာရင်းမှ ပယ်ဖျက်ပေးမည်ဆိုပါက ပြင်ပလူများ၏ အမြင်တွင် လင်ဝမ်ယိက အရှင်မင်းကြီး၏ မျက်နှာသာရ ကိုယ်လုပ်တော်အဖြစ် သေချာပေါက် မြင်ကြပေလိမ့်မည်။ သို့သော် နောက်ကွယ်တွင် သူမကို မည်မျှလောက် မနာလိုမှုများနှင့် ထောင်ချောက်ဆင်မှုများကို ခံရမည်ကိုမူ မသိနိုင်ချေ။ ယခုမူ ဤချစ်ခင်ယုယမှုကို မျက်မြင်မရသော ပုံစံဖြင့် ဖုံးကွယ်ထားလိုက်သဖြင့် လင်ဝမ်ယိအနေဖြင့် ပြဿနာများစွာကို ရှောင်ရှားနိုင်မည် ဖြစ်၏။
သုန်သခင်ကြီးက စဉ်းစားလိုက်ပြီး သူက တွေးလေလေ ဤကိစ္စက ထိုအတိုင်း ဖြစ်သည်ဟု ယုံကြည်လေလေ ဖြစ်လာခဲ့သည်။ ထို့ကြောင့် သူက သမီးနှင့် သမက်ဖြစ်သူတို့ကို မှာကြားလိုက်လေ၏။
"အပြင်လူတွေ အိမ်က ကိစ္စတွေကို မေးလာရင် အရာအားလုံးကို အမတ်ချုပ်ကြီး ခေါင်းပေါ်ကိုပဲ ပုံချလိုက်... သုန်မိသားစု ကုန်သည်စာရင်းကနေ ပယ်ဖျက်ခံရတာကအစ သူ့ကျေးဇူးလို့ပဲ ပြောရမယ်... ဒါမှ ချန်ချန်က နန်းတော်ထဲမှာ တခြားသူတွေရဲ့ မနာလိုတာ မခံရဘဲ အေးအေးချမ်းချမ်း နေနိုင်မှာ... နားလည်လား"
"ဟုတ်ကဲ့ အဖေ စိတ်ချပါ... သမီး ဘယ်လို လုပ်ရမလဲ သိပါပြီ"
အကယ်၍ ဖခင်ဖြစ်သူက သတိမပေးပါက သူမက ဤအချက်ထိ တွေးမိမည်မဟုတ်ပေ။ သမီးဖြစ်သူ မျက်နှာသာရခြင်းက ကောင်းကျိုးဖြစ်သော်လည်း သူမ၏ လက်ရှိ စွမ်းဆောင်ရည်က ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် မလုံလောက်သေးသဖြင့် ဖုံးကွယ်ထားခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။