အခန်း ၁၆၉
Vol. 17 Ch. 169
အခန်း (၁၆၉) ကျုံးယွမ်ပွဲတော်တွင် မွေးဖွားလာခြင်း
ကျုံးယွမ်ပွဲတော် နေ့တွင် နွေရာသီအပန်းဖြေနန်းတော် အတွင်း၌ ကိုယ်ပိုင် စက္ကူမီးရှို့ ပူဇော်ခြင်းကို ခွင့်မပြုထားပေ။ သို့သော် ကျွေ့ယာ၏ မိဘနှစ်ပါးစလုံးက စောစီးစွာ ကွယ်လွန်သွားခဲ့ကြသဖြင့် လန်ဖေးမယ်မယ်က သူမကို သေချာ ဂရုစိုက်ပေးမှုကို ထောက်ထားကာ အကြောင်းပြချက် တစ်ခုဖြင့် နန်းတော်အပြင်သို့ ထွက်ကာ ပူဇော်ခွင့် ပြုခဲ့ခြင်း ဖြစ်၏။ သို့သော် သူမက ယနေ့မှ ရုတ်တရက် ဗိုက်နာလာမည်ဟု မည်သူက သိနိုင်မည်နည်း။ ဤတစ်ကြိမ်တွင် လူတိုင်းက မျက်လုံးပြူးကာ ဘာလုပ်ရမှန်း မသိဖြစ်သွားကြလေသည်။
"မယ်မယ် အားနည်းနည်းလောက် စိုက်ပါဦး... ကလေးခေါင်းကို မြင်နေရပြီ... အခုမှ အားမညှစ်ရင် ကလေး အသက်ရှူကျပ်သွားလိမ့်မယ်"
လက်သည်က ဆယ်စုနှစ်ပေါင်းများစွာ အတွေ့အကြုံရှိသူပီပီ လန်ဖေး လုံးဝ မမွေးချင်ကြောင်း ချက်ချင်း သိလိုက်လေသည်။ သို့သော် ယခုကဲ့သို့ အခြေအနေမျိုးတွင် မမွေးဘဲ ဘယ်လို လုပ်ရမည်နည်း။ အကယ်၍ သွေးလွန်သွားပါက သူမ၏ အသက်ကို ဤနေရာတွင် ချက်ချင်း စွန့်လွှတ်ရမည် မဟုတ်လား။ သို့သော် လန်ဖေးသည် ပါးစပ်မှ ယနေ့တွင် မမွေးနိုင်ကြောင်း တတွတ်တွတ် ရေရွတ်နေဆဲ ဖြစ်၏။
လက်သည်မှာလည်း ဘာလုပ်ရမှန်း မသိတော့သဖြင့် ကျွေ့ယွင်နှင့် ကျွေ့ယွဲ့တို့ကိုသာ အော်ဟစ်နေတော့သည်။ နန်းတွင်းသူ နှစ်ယောက်စလုံးက ကလေးမွေးဖူးသူများ မဟုတ်သဖြင့် သူမတို့က မည်သို့ ဆုံးဖြတ်ရဲမည်နည်း။ စိုးရိမ်တကြီး အလုပ်ရှုပ်နေစဉ်မှာပင် အပြင်ဘက်မှ သတင်းတစ်ခု ထွက်ပေါ်လာခဲ့လေသည်။
"အရှင်မင်းကြီး ကြွလာပါပြီ"
"ယီဖေးမယ်မယ် ကြွလာပါပြီ"
"တော်ဝင်သမားတော်ချန် ရောက်ပါပြီ"
ဤအသံက သူမတို့ နှစ်ယောက်အတွက် အလင်းရောင်တစ်ခုကို တွေ့လိုက်ရသကဲ့သို့ ဖြစ်သွားသည်။ သူမတို့က ချက်ချင်းပင် အပြင်သို့ ပြေးထွက်ကာ အခြေအနေကို ရှင်းပြလိုက်ကြလေသည်။
"ပေါက်ကရတွေ... ကလေးက ထွက်လာနေပြီကို လန်ဖေးက ပြန်အောင့်ထားလို့ ရမလား"
ယီဖေးက ကျယ်လောင်စွာ ဆူပူလိုက်သည်။ သူမက ဤစကားကို အရှင်မင်းကြီး ကြားစေရန် တမင်သက်သက် ပြောလိုက်ခြင်း ဖြစ်၏။ ထို့နောက် သူမက တော်ဝင်သမားတော်ချန်ကို ချက်ချင်း အထဲဝင်ကာ အခြေအနေ ကြည့်ခိုင်းလိုက်လေသည်။
ခြံဝင်းထဲတွင် အရှင်မင်းကြီးက ခေါင်းမော့ကာ ကောင်းကင်၏ အခြေအနေကို တစ်ချက် ကြည့်လိုက်ပြီး သူက မည်သည့် စကားမျှ မပြောခဲ့ချေ။ ကျုံးယွမ်ပွဲတော် နေ့တွင် ကလေးမွေးဖွားခြင်းမှာ ယခင်က မရှိခဲ့ဖူးသည် မဟုတ်ပေ။ သို့သော် ကလေး၏ နိဂုံးချုပ်များက အများအားဖြင့် မကောင်းခဲ့ကြချေ။ သူက လန်ဖေးအပေါ် အနည်းငယ် သဘောမကျသော်လည်း သူမ ဗိုက်ထဲရှိ ကလေးက သူ၏ ရင်သွေးပင်။ သူက ဂရုမစိုက်ဘဲ နေ၍ မဖြစ်နိုင်ပေ။
အကယ်၍ အခွင့်အရေး ရှိပါက အရှင်မင်းကြီးသည် အနည်းငယ် နောက်ဆုတ်နိုင်ရန် မျှော်လင့်မိလေသည်။ ဆယ့်ခြောက်ရက်နေ့ မနက်ခင်းတွင် မွေးဖွားလျှင်တောင် ကောင်းပေသေးသည်။ ကံဆိုးစွာဖြင့် ကောင်းကင်ဘုံက လူ၏ ဆန္ဒကို မဖြည့်ဆည်းပေးခဲ့ချေ။ တော်ဝင်သမားတော်ချန် အထဲသို့ ဝင်သွားသည်မှာ မကြာသေးမီမှာပင် လက်သည်က ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။
"ဒုက္ခပါပဲ... မယ်မယ် သတိလစ်သွားပြီ... ကလေးက ဒီမှာ တစ်နေတော့ ထွက်မလာရင် အသက်ရှူကျပ်ပြီး သေသွားလိမ့်မယ်"
လန်ဖေးက ပထမဆုံးအကြိမ် ကလေးမွေးဖွားခြင်း ဖြစ်ပြီး ဤကဲ့သို့သော နေ့ရက်နှင့် တိုက်ဆိုင်နေသဖြင့် သူမ၏ စိတ်ထဲတွင် မကျေမနပ် ဖြစ်နေခဲ့၏။ ထို့ကြောင့် သူမက လက်သည်၏ စကားကိုလည်း သေချာ နားမထောင်ခဲ့ပေ။ သူမကို အစားအစာ အနည်းငယ် စားခိုင်းသော်လည်း မစားခဲ့ချေ။ သူမကို အော်ဟစ်ခြင်း လျှော့ကာ အားမွေးထားရန် ပြောသော်လည်း နားမထောင်ခဲ့ချေ။ ယခုအခါ သူမကိုယ်တိုင် ပင်ပန်းပြီး သတိလစ်သွားခဲ့ပြီ ဖြစ်သော်လည်း ကလေးကို မည်သို့ လုပ်မည်နည်း။
တော်ဝင်သမားတော်ချန်က ချက်ချင်း ဆုံးဖြတ်ချက်ချကာ သူက လက်သည်ကို ပြောလိုက်လေသည်။
"မင်းတို့ မယ်မယ့်ကို စောင်နဲ့ သေချာ ဖုံးထားလိုက်... ငါ အထဲဝင်ပြီး အပ်စိုက်ပေးမယ်"
"ဟုတ်ကဲ့"
လက်သည်များက သေချာစွာ ဖုံးလိုက်ကြပြီးနောက် တော်ဝင်သမားတော်ချန် အထဲဝင်လာသောအခါ သူက ပြင်းထန်သော သွေးနံ့ကိုသာ ရရှိလိုက်ပြီး ကုတင်ပေါ်တွင် အားအင်ကုန်ခမ်းကာ သတိလစ်နေသော လန်ဖေးမယ်မယ်ကိုသာ မြင်တွေ့လိုက်ရလေသည်။ သူက အခြားအရာများကို ဂရုမစိုက်နိုင်တော့ဘဲ သူမ၏ ခန္ဓာကိုယ်ပေါ်သို့ ရွှေအပ်ကို ချက်ချင်း စိုက်သွင်းလိုက်၏။
လန်ဖေးက အသက်တစ်ချက် ပြင်းပြင်းရှူလိုက်ပြီး သတိပြန်လည်လာခဲ့လေသည်။ လက်သည်ကလည်း လန်ဖေး၏ ဆန္ဒကို ဂရုမစိုက်နိုင်တော့ဘဲ လန်ဖေး၏ ဗိုက်ကို လက်ဖြင့် ချက်ချင်း ဖိတွန်းချလိုက်၏။ ဤသို့ တွန်းချလိုက်မှုကြောင့် လန်ဖေးကလည်း အတင်းအကျပ် အားစိုက်ညှစ်လိုက်ရတော့သည်။
"အား"
ရှည်လျားသော အော်ဟစ်သံနှင့်အတူ ကလေးက မွေးဖွားလာခဲ့လေသည်။ လက်သည်က မူမမှန်မှုကို ချက်ချင်း သတိထားမိလိုက်၏။ ကလေး၏ မျက်နှာက ညိုမည်းနေပြီး ကြည့်လိုက်ရုံနှင့် အသက်ရှူကျပ်နေသည့် အခြေအနေ ဖြစ်မှန်း သိသာလှပေသည်။ ယခု မွေးဖွားလာချိန်တွင် ငိုသံပင် မထွက်သဖြင့် ဤကိစ္စကို မည်သို့ ဖြေရှင်းရမည်နည်း။
သူမက ကလေး၏ တင်ပါးကို ချက်ချင်း အချက်အနည်းငယ် ရိုက်လိုက်သော်လည်း လှုပ်ရှားမှု မရှိသည်ကို မြင်လိုက်ရသည်။ ခြေဖဝါးကို အားအနည်းငယ်သုံးကာ ရိုက်လိုက်မှသာ ကလေး၏ ညည်းတွားသံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရလေသည်။ လက်သည်မှာ ရင်ထဲမှ အလုံးကြီး ကျသွားသကဲ့သို့ ဖြစ်သွား၏။ ဤကလေးက နောင်တစ်ချိန်တွင် မည်သို့ပင်ဖြစ်စေ လောလောဆယ်တွင်မူ အသက်လေး ကယ်တင်နိုင်ခဲ့ပြီ ဖြစ်သည်။ သူမက ဘေးနားရှိ အခြားလက်သည် တစ်ဦးနှင့်အတူ အမြန် သန့်စင်ပေးလိုက်ကြသည်။ ထို့နောက်မှ သူမက လန်ဖေးကို ပြောလိုက်လေသည်။
"ဂုဏ်ယူပါတယ် မယ်မယ်... မင်းသမီးလေးပါရှင်"
ဘာ။ မင်းသမီးလေးလား။ သူမ နေ့စဉ်နှင့်အမျှ မျှော်လင့်နေခဲ့သော ကလေးက မင်းသား မဟုတ်ဘဲ မင်းသမီးလေး ဖြစ်နေသည်လား။ လန်ဖေးက မူလကတည်းက အားအင်မရှိတော့သော်လည်း သူမက အတင်းရုန်းကန်ကာ ပြန်ထလာပြီး လက်သည်ကို အံကြိတ်ကာ ပြောလိုက်လေသည်။
"နောက်တစ်ခေါက် ပြန်ပြောစမ်း... ဘာလေးလဲ"
အနောက်ဆောင်ရှိ ကိုယ်လုပ်တော်အများစုက သားယောကျ်ားလေးကိုသာ လိုချင်ကြကြောင်းကို လက်သည်က သိထားသော်လည်း မင်းသမီးလေးက မင်းသမီးလေးသာ ဖြစ်ရာ သူမက နောက်ထပ် သုံးခေါက် ပြန်ပြောလျှင်တောင် ဤအခြေအနေကို ပြောင်းလဲနိုင်မည် မဟုတ်ချေ။ ထို့ကြောင့် သူမက မျက်နှာပူပူဖြင့် ပြောလိုက်ရတော့သည်။
"မယ်မယ်... တကယ်ပဲ မင်းသမီးလေးပါရှင်"
ပြောပြီးသည်နှင့် သူမက သန့်စင်ထားပြီးသော ကလေးကို ပိုးစောင်အတွင်း ထုပ်ပိုးကာ လန်ဖေး၏ ရှေ့သို့ ကမ်းပေးလိုက်လေသည်။ လန်ဖေးက လက်မခံနိုင်စွာဖြင့် ပိုးစောင်ကို လှန်ကြည့်လိုက်ပြီး ချက်ချင်းပင် ခွေကျသွားတော့၏။ မူလကတည်းက သူမက အသက်တစ်ချောင်းကို အားတင်းကာ ယခုအချိန်ထိ တောင့်ခံထားခြင်း ဖြစ်သော်လည်း ယခုအခါ အသက်ရှင်ချင်စိတ်ပင် မရှိတော့ချေ။
ကျွေ့ယွဲ့က သူမ၏ ပျော့ခွေသွားသော ခန္ဓာကိုယ်ကို ဖမ်းထိန်းလိုက်ပြီး တော်ဝင်သမားတော်ကို ချက်ချင်း အော်ခေါ်လိုက်လေသည်။
"တော်ဝင်သမားတော်ချန် မယ်မယ့်ကို ကယ်ပါဦး... မယ်မယ့်ကို ကယ်ပါဦးရှင်"
တော်ဝင်သမားတော်ချန်မှာလည်း စိုးရိမ်လွန်း၍ ချွေးများပင် ပြန်လာခဲ့၏။ သူက ချက်ချင်း အပ်စတင်စိုက်လိုက်သည်။ ဤအခြေအနေကို မြင်သောအခါ လက်သည်များက ကလေးကိုပွေ့ချီကာ အမြန် အပြင်သို့ ထွက်သွားကြလေသည်။
အပြင်ဘက် ခြံဝင်းထဲတွင် ရပ်နေသော အရှင်မင်းကြီးနှင့် ယီဖေးတို့က အသံကို ကြားသည်နှင့် ချက်ချင်း လျှောက်သွားကြ၏။
"ဂုဏ်ယူပါတယ် အရှင်မင်းကြီး... လန်ဖေးမယ်မယ် မင်းသမီးလေး မွေးဖွားပါတယ်ရှင်"
မင်းသမီးလေး ဟုတ်လား။ ဘေးနားရှိ ယီဖေး၏ ပခုံးများမှာ ချက်ချင်းပင် သက်သာရာရသွားသကဲ့သို့ လျော့ကျသွားလေသည်။
"မင်းသမီးလေးဆိုလည်း ကောင်းတာပဲ... မင်းသမီးလေးတွေက ချစ်စရာကောင်းပြီး မိဘအပေါ် သိတတ်ကြတယ်... လန်ဖေး သေချာ ဆုံးမသွန်သင်ပေးလိုက်ရင် လိမ္မာရေးခြားရှိပြီး သိတတ်တဲ့ ကလေး ဖြစ်လာမှာ သေချာတယ်"
သို့သော် ဤနေ့က ကျုံးယွမ်ပွဲတော် ဖြစ်နေသလို ဆယ့်ငါးရက်နေ့လည်း ဖြစ်နေပြီး မင်းသမီးလေးလည်း ဖြစ်နေသေး၏။
ကြည့်ရသည်မှာ မင်းသမီးလေး၏ ကံကြမ္မာက…ဤစကားများကို ယီဖေးက ပြောရန် မသင့်တော်သဖြင့် စိတ်ထဲတွင်သာ သိမ်းဆည်းထားလိုက်သည်။
အရှင်မင်းကြီးက လက်သည်၏ ရင်ခွင်ထဲရှိ ဒုတိယမင်းသမီးကို တစ်ချက် ကြည့်လိုက်ပြီး သူက မျက်မှောင်ကြုတ်သွားလေသည်။
"သူက ဘာလို့ မငိုမရယ်ဘဲ ငြိမ်နေတာလဲ"
လက်သည်က ခဏမျှ စိတ်လှုပ်ရှားသွားပြီး စကားထစ်အကာ ရေရေရာရာ ပြန်မဖြေနိုင်ခဲ့ပေ။ ဤသည်က အရှင်မင်းကြီးကို မည်သို့မျှ မလိမ်ညာနိုင်ချေ။ သူ၏ မျက်နှာထားက တည်တင်းသွားပြီး ချက်ချင်း ပြောလိုက်လေသည်။
"မင်းသမီးလေးရဲ့ ကျန်းမာရေး အခြေအနေက ဘယ်လိုရှိလဲ... ပြောစမ်း"
လက်သည်က ကြောက်လန့်တကြား မြေကြီးပေါ် ဒူးထောက်ကျသွားပြီး တုန်တုန်ယင်ယင်ဖြင့် အမှန်အတိုင်း ပြောပြလိုက်တော့၏။
"လန်ဖေးမယ်မယ်က ကလေးကို ဒီနေ့ မမွေးချင်လို့ အမြဲတမ်း အောင့်ထားခဲ့ပါတယ်... ဒါပေမဲ့ မယ်မယ်က မွေးရမြန်တဲ့သူ ဖြစ်နေတော့ အရေးကြီးတဲ့ အချိန်မှာ အားမရှိတော့ဘဲ သတိလစ်သွားခဲ့ပါတယ်... သတိပြန်ရလာပြီး ပြန်မွေးတဲ့အချိန်မှာ မင်းသမီးလေးက အသက်ရှူကျပ်သွားလို့ပါ... ဒါကြောင့်... ဒါကြောင့် မင်းသမီးလေးက အခုလို ဖြစ်နေတာပါ"
သူမက လက်သည်သာ ဖြစ်ပြီး တော်ဝင်သမားတော် မဟုတ်ပေ။ ကလေး၏ ခန္ဓာကိုယ်က မွေးရာပါ အားနည်းချက်ကြောင့်လား သို့မဟုတ် နောက်ပိုင်းမှ ဖြစ်ပေါ်လာခြင်းလား ဆိုသည်ကို သူမက မည်သို့ ဆုံးဖြတ်နိုင်မည်နည်း။ ထို့ကြောင့် သူမက မိမိ သိသလောက်သာ ပြောပြနိုင်လေသည်။
ထိုစကားကို ကြားသောအခါ အရှင်မင်းကြီး၏ မျက်နှာထားက ပို၍ ဆိုးရွားသွားခဲ့၏။ မူလက ကောင်းမွန်နေသော ကလေးကို အတင်းအကျပ် နှောင့်နှေးစေခဲ့သဖြင့် ဤကဲ့သို့ ဖြစ်သွားရလေသည်။ လန်ဖေးက ဒုတိယမင်းသား ကိစ္စကိုပင် မဖြေရှင်းရသေးဘဲ ယခု မိမိ၏ ကလေးအပေါ်တွင်လည်း ဤကဲ့သို့ ပြုမူနေပြန်သည်။ သူမက မိခင်တစ်ယောက် ဖြစ်ရန် မည်သို့ ထိုက်တန်မည်နည်း။
ထို့ကြောင့် သူက ချက်ချင်း အမိန့်ပေးလိုက်လေသည်။
"နို့ထိန်းနဲ့ မင်းသမီးလေးကို ဇယ့်ဖင်ကျွန်းကို ခေါ်သွားကြ... လန်ဖေးကိုတော့"
"မယ်မယ်က အခု သွေးလွန်နေတုန်းမို့လို့... ဒုက္ခရောက်နိုင်ပါတယ်"
မိန်းမသားများ သွေးလွန်ပါက အသက်ရှင်ရန် လမ်းစ သိပ်မရှိတော့ချေ။ အရှင်မင်းကြီးက ဒေါသထွက်နေသော်လည်း သူမ၏ အသက်ကို သတ်ပစ်လောက်သည်အထိတော့ မဟုတ်ပေ။
"တော်ဝင်သမားတော်ချန်ကို ပြောလိုက်... လန်ဖေးကို အစွမ်းကုန် ကယ်တင်ဖို့"
ဤစကားကို ပြောပြီးနောက် သူက ခြေလှမ်းကျဲကြီးများဖြင့် ခြံဝင်းထဲမှ ထွက်ခွာသွားလေသည်။ ဤနေရာအတွက် အနည်းငယ်မျှပင် သံယောဇဉ် ရှိမနေတော့ချေ။ ယီဖေးကမူ အရှင်မင်းကြီး မည်သို့ တွေးနေမည်ကို ဂရုမစိုက်ဘဲ ပိုးစောင်အတွင်းရှိ ကလေး၏ ပြာနှမ်းနေသော မျက်နှာကို ကြည့်ရင်း တစ်ခဏမျှ အရာတစ်ခုကို သတိရသွားဟန်ဖြင့် မျက်နှာအမူအရာတွင် အနည်းငယ် ဝမ်းနည်းမှုများ ရှိနေလေသည်။