← Chapters

နတ်ဆိုးများအတွက်သေခြင်းတရား

Vol. 34 Ch. 483

နတ်ဆိုးများအတွက်သေခြင်းတရား

Vol. 34 Ch. 483

အခန်း (၄၈၃) နတ်ဆိုးများအတွက်သေခြင်းတရား

နတ်ဆိုးများသည် ချောက်နက်ကြီးထဲတွင် အချိန်အတန်ကြာအောင် ဒေါသတကြီးဖြင့် ခုန်ပေါက်လျှက် ရှိကြသည်။

အချို့က ရှေ့သို့တက်သွားပြီး နတ်ဆိုးလက်ကြီးနှစ်ဖက်ကို ချည်နှောင်ထားသော ဖန်ကျွင်း၏ သွေးနီရောင်ကြိုးကို ဖြတ်တောက်ရန် ကြိုးစားသည်။ သို့သော် သူတို့မှာ ပင့်ကူအိမ်တွင်ဖမ်းမိသောသားကောင်များပမာ လှုပ်ရှားနိုင်ခြင်းမရှိတော့ဘဲ ဗလာနယ်တွင်းနက်ကြိး၏ ဝါးမျိုခြင်းကို ခံကြရသည်။

အချို့က ယွမ်ကျန်းဖုန်းနှင့် ဖန်ကျွင်းတို့ကို တိုက်ခိုက်ရန် ကြိုးစားကြသည်။ သို့သော် သူတို့လည်း အခြားသူများလိုပင် တွင်းနက်ထဲ စုပ်ယူခံကြရသည်။

နတ်ဆိုးများ၏အော်ဟစ်သံများက ပြည့်လျှံဆူညံလျှက် ရှိသည်။

ရွှေရောင်နေဝန်းကြီးကတော့ မလှုပ်မယှက် ရှိနေဆဲပင်။

သို့သော် အမှောင်ထုထဲမှ ပေါက်ဖွားလာသော ကြောက်မက်ဖွယ်ရာရောင်ဝါက အားကောင်းသည်ထက် အားကောင်းလာသည်။

လွှမ်းခြုံထားသော အမှောင်ထုအတွင်းမှ သွေးနီရောင်အလင်းတန်းများ ရုတ်တရက်ထွက်ပေါ်လာပြီး ချောက်နက်ကြီးတစ်ခုလုံး သွေးနီရောင်လွှမ်းသွား၏။

ယခင်က မိစ္ဆာနယ်မြေမဟာအစီအရင်တွင် ငရဲကိုးထပ် ဆင်းသက်လာသော ထိတ်လန့်ဖွယ်ရာ မြင်ကွင်းမျိုး ဖြစ်သည်။

သို့သော် ထိုစဉ်က မဟာငရဲကိုးထပ်တံခါး အမှန်တကယ်ပွင့်လာခြင်းမဟုတ်ပေ။ ယခုကတော့ အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် မဟာငရဲကိုးထပ်တံခါး အမှန်တကယ် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ထိုကြောက်မက်ဖွယ်ရာ “တံခါး” အတွင်းမှ ကြီးမားသောပုံရိပ်ကြီးနှစ်ခု ဘေးချင်းယှဉ်လျှက် တွားသွားထွက်ပေါ်လာသည်။

သူတို့ထံမှထွက်ပေါ်လာသော ပြင်းထန်‌သည့်စွမ်းအားရောင်ဝါများက ချောက်နက်တစ်ခွင် ဖြတ်သန်းသွားလေရာ လူတိုင်း အသက်ရှူကြပ်ကာ ထုံကြဉ်ခြင်းကို ခံစားကြရသည်။

ထူးဆန်းသော ဟားတိုက်ရယ်မောသံကြီးများနှင့်အတူ အဆုံးမရှိသောစွမ်းအားများ ပျံ့နှံ့သွားပြီး တွင်းနက်ထဲဆွဲယူခံရသော နတ်ဆိုးလက်ကြီးနှစ်ဖက်က ပိုမိုကြီးမားလာသလို စွမ်းအားလည်း ကြီးမားလာသည်။

ထိုလက်ကြီးနှစ်ဖက်ကို ချုပ်နှောင်ထားသော သွေးနီရောင်ကြိုးများ ပြတ်တောက်ထွက်တော့မည့်အလား လှုပ်ခတ်လာပြီး ယွမ်ကျန်းဖုန်းက သူ့လက်များဖြင့် ထို နတ်ဆိုးလက်ကြီးနှစ်ဖက်ကို ထိန်းမထားနိုင်တော့ဟု ခံစားရသည်။

သို့သော် အဘိုးအို၏အမူအရာက အပြောင်းအလဲမရှိ တည်ငြိမ်နေဆဲဖြစ်ပြီး သက်ပြင်းတစ်ချက်ချလျှက် တပည့်ဖြစ်သူကို လှည့်ကြည့်လိုက်သည်။

ဖန်ကျွင်းမျက်နှာက ငြိမ်သက်နေပြီး အိပ်‌ပျော်သွားသည့်အလား သူ့မျက်လုံးများက ဖြည်းညင်းစွာ မှေးမှိတ်သွားသည်။

ဗလာနယ်တွင်းနက်ကြီးသည်လည်း သူတို့နှစ်ယောက်လုံးကို ပိုမိုနက်ရှိုင်းစွာ တဖြည်းဖြည်း ဝါးမျိုသွားလေသည်။

အနက်ရောင်အလင်းတန်းများနှင့်အတူ ငရဲကိုးထပ်မှ နတ်ဆိုးပူးခံရသူများနှင့် အမှောင်ဘက်ခြမ်းကျရောက်သွားသော ကျင့်ကြံသူများသည်လည်း တွင်းနက်ကြီး၏ ဝဲဂယက်ထဲတွင် လွင့်မျောပျောက်ကွယ်သွားကြသည်။

ကြီးမားသော နတ်ဆိုးလက်ကြီးနှစ်ဖက်က တွင်းနက်ထဲမှ ရုန်းထွက်ရန် ကြိုးစားနေကြသည်။

ထိုအချိန်...

ငြိမ်သက်နေသော ရွှေရောင်နေဝန်းကြီးမှ အလင်းတန်းများ ရုတ်တရက် ထွက်ပေါ်လာသည်။

ချောက်နက်ကြီးတစ်ခုလုံး အလင်းတန်းများ ပြည့်နက်သွားပြီး မိစ္ဆာချီများ လုံးလုံးလျားလျား လွင့်စင်သွားသည်။

ရွှေရောင်အလင်းတန်းများက ပတ်ဝန်းကျင်အရာအားလုံးသို့ ဖုံးလွှမ်းသွားပြီး ရွှေရောင်နေဝန်းကြီး၏ အရွယ်အစားက အဆက်မပြတ် ကျယ်ပြန့်လာသည်။

ချောက်နက်ကြီးအပြင်ဘက် ကောင်းကင်ယံထက်မှ ကြည့်မည်ဆိုလျှင် ရွှေ‌ရောင်အလင်းတန်းများစွာ ထွန်းလင်းနေသည်ကို တွေ့မြင်ရမည်ဖြစ်ပြီး အနက်ရောင်အခိုးအငွေ့များသည်လည်း ငြိမ်သက်သွားပြီ ဖြစ်သည်။

ထိုခဏတွင် မြေကမ္ဘာနယ်မြေတစ်လုံး ရွှေရောင်တောက်ပနေပြီး အလင်းရောင်က ကောင်းကင်ထိတိုင် ရောင်ပြန်ဟပ်နေသည်။

ရွှေရောင်အလင်းတန်းများ၏ အလယ်ဗဟိုတွင် ကြီးမားသော ရွှေရောင်စည်းတံဆိပ်တစ်ခုရှိနေပြီး ထိုစည်းတံဆိပ်အနားတွင် လူတစ်ယောက်၏ ပုံသဏ္ဌန်ပေါ်လာသည်။

ရန်ကျောက်ကဲ ပုံရိပ်သည်လည်း ထွက်ပေါ်လာပြီး သူက ရွှေရောင်စည်းတံဆိပ်ကြီး၏ အခြားတစ်ဖက်ဆီသို့ လှမ်းကြည့်နေ၏။

ရွှေရောင်စည်းတံဆိပ်ကို ဗဟိုပြုထားသော သီးခြားကမ္ဘာငယ်သည် တဖြည်းဖြည်းမှုံဝါးသွားပြီး အပြင်ဘက်ရှိ အစွန်းရောက်ရှစ်ပါးကမ္ဘာနှင့် ချိတ်ဆက်မိသွားသည်။ တစ်ချိန်တည်းမှာပင် အဆုံးမဲ့ရွှေရောင်အလင်းတန်းများက လူတစ်ယောက်သဏ္ဌန် ပေါင်းစပ်ဖြစ်တည်လာသည်။

ထိုသူက နေရာမှာပင် ငြိမ်သက်စွာမတ်တတ်ရပ်နေသော လူငယ်တစ်ဘောက်ဖြစ်ပြီး လက်ကိုမြှောက်လျှက် လက်သီးတစ်ချက် ထိုးစိုက်ချလိုက်သည်။ ထိုလက်သီးချက်တွင် ကမ္ဘာပေါ်ရှိ အလင်းရောင်အားလုံး စုစည်းနေပြီး ကောင်းကင်ထက်မှနေမင်းကြီးပမာ နေရာတိုင်းတွင် ထွန်းလင်းတောက်ပနေသည်ကို ရန်ကျောက်ကဲခံစားရသည်။

ထိုခဏတွင်...

အခြားသောအရာများအားလုံးက အတုအယောင်ဖြစ်ပြီး ၎င်းအလင်းရောင်တစ်ခုတည်းကသာလျှင် အမှန်တရား ဖြစ်သည်။

ဤနေအလင်းရောင်သည်သာ တစ်ခုတည်းသောအုပ်စိုးမှုဖြစ်သောကြောင့် အခြားသောအရာများအားလုံးက အဓိပ္ပါယ်မရှိတော့ပေ။

ကြီးကျယ်ခမ်းနားပြီး လွှမ်းမိုးနိုင်စွမ်းမြင့်မားသော ထိုလက်သီးချက်ထဲမှ အယူအဆသည် အထင်ကရ နေကြယ်ကိုးခုထဲတွင်ပါဝင်သော ရွှေရောင်စည်းတံဆိပ်နှင့် ရင်းမြစ်တစ်ခုတည်းမှ ဆင်းသက်လာသည်။

ထိုအရာက အစစ်အမှန် “နေမင်းကျမ်းဂန်” ၏ တိကျသော နည်းစနစ်တစ်ခု ဖြစ်၏။

ထိုလူငယ်၏ပုံရိပ်က ဤစည်းတံဆိပ်တွင် ချန်ထားခဲ့သော မူလစည်းတံဆိပ်ပိုင်ရှင်၏ လက်သီးသိုင်းဝိညာဉ်သာဖြစ်ပြီး တကယ့် လူအစစ်တစ်ယောက် မဟုတ်ပေ။

ရန်ကျောက်ကဲ မျက်ဝန်းများရှေ့တွင် အရာအားလုံးက တောက်ပလျှက် ရှိသည်။

သို့သော် ချောက်နက်ကြီးမြင်ကွင်းသူ့အရှေ့တွင် ပြန်ပေါ်လာပြီဖြစ်သဖြင့် အလွန်အမင်း စူးရှသည့် ရွှေရောင်အလင်းတန်းများကိုတော့ တွေ့မြင်ရခြင်း မရှိတော့ပေ။

လေထုတစ်ခုလုံး ပရမ်းပတာဖြစ်နေပြီး သူ့အရှေ့တွင် တွင်းနက်ကြီးတစ်ခုကို တွေ့မြင်ရသည်။

ငရဲကိုးထပ်မှ နတ်ဆိုးအစစ်နှစ်ကောင်၏ခန္ဓာကိုဘ်များက မဟာငရဲကိုးထပ်တံခါးမှ တစ်ဝက်ခန့် အပြင်သို့ထွက်နေကြပြီး တွင်းနက်ထဲ ဆွဲယူခံနေရသော သူတို့၏နတ်ဆိုးလက်ကြီးများကို ပြန်ဆွဲထုတ်ရန် ကြိုးစားနေကြသည်။

အစွန်းရောက်ရှစ်ပါးကမ္ဘာမှ သိုင်းသမားများအားလုံး သေဆုံးသွားကြရပြီး အမှောင်ဘက်ခြမ်းကျရောက်သူများနှင့် နတ်ဆိုးပူးခံရသူများမှာလည်း သေလုနီးပါး ဖြစ်နေကြပြီဖြစ်သည်။

အသက်ရှင်သန်ကျန်ရစ်သူဆို၍ ‘အရှေ့တက်နေဝန်းအရှင်’ နှင့် ‘ညနေခင်းအရှင်’ တို့သာ ရှိတော့၏။

နတ်ဆိုးများက ရန်ကျောက်ကဲနှင့် ရွှေရောင်စည်းတံဆိပ်ကြီးကို စူးစိုက်ကြည့်ရင်း မသိစိတ်မှ ခြိမ်းခြောက်မှုကို ခံစားလိုက်ကြရသည်။

ဝါဒတောင်မှ အကြီးအကဲများကို မတွေ့ရတော့သည့်အခါ ရန်ကျောက်ကဲ စိတ်ထဲနင့်သွားသည်။

သူက အသက်ပြင်းပြင်းတစ်ချက်ရှူရင်း စိတ်ကိုတည်ငြိမ်အောင်ကြိုးစားပြီးနောက် အရှေ့ဆီသို့ လက်သီးတစ်ချက် ပစ်လွှတ်လိုက်သည်။

ရန်ကျောက်ကဲ လက်သီးထက်တွင် နေရောင်ခြည်များတောက်ပလာပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးကြောဆုံချက်များမှ ရွှေရောင်အလင်းတန်းများ ဖြာထွက်နေသည်။

နေရောင်ခြည်များက ရွှေရောင်အင်းသင်္ကေတများအဖြစ် တစ်ခုပြီးတစ်ခု ဖြစ်တည်ပြောင်းလဲသွားပြီး ထိုအရာများမှ စွမ်းအားမြင့်မားသောရောင်ဝါများ ထုတ်လွှတ်လျှက် ရှိသည်။ ရွှေရောင်အင်းသင်္ကေတများတဖြည်းဖြည်း ပေါင်းစည်းသွားကာ ပြီးပြည့်စုံသော ထုထည်တစ်ခု ဖြစ်တည်လာပြီး ရန်ကျောက်ကဲ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

ယခု ရန်ကျောက်ကဲ ပုံစံက တောက်ပသည့်အလင်းတန်းတစ်ခုပမာ ဖြစ်၏။

ရွှေရောင်စည်းတံဆိပ်တွင် မူလပိုင်ရှင်ချန်ထားခဲ့သော လက်သီးသိုင်းဝိညာဉ်က ပြင်းထန်စွာ ပေါက်ကွဲထွက်သွားသည်။

အနှိုင်းမဲ့စွမ်းအားကြီးမားသော လက်သီးချက်က ပတ်တန်းကျင်တစ်ခုလုံးသို့ ဖြတ်သန်းသွားပြီး အမှောင်ဘက်ခြမ်းကျရောက်သွားပြီဖြစ်သော “ညနေခင်းအရှင်” က နာကျင်စွာအော်ဟစ်ရန်ပင် အချိန်မရဘဲ လက်သီးဝိညာဉ်အလင်းတန်းများထဲတွင် ခန္ဓာကိုယ်က အရည်ပျော်ကျသွားသည်။

ငရဲကိုးထပ်မှ နတ်ဆိုးအစစ်နှစ်ကောင်က ပြိုင်တူကြုံးဝါးသံများပြုလိုက်ကြသည်။ မဟာငရဲကိုးထပ်တံခါးမှ တစ်ဝက်ထွက်လာနေသော သူတို့ခန္ဓာကိုယ်များမှာ အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ အချိန်နှင့်နေရာပြောင်းလဲမှုများကြောင့် ခန္ဓာကိုယ်မျက်နှာပြင်မှ မီးခိုးငွေ့များ ထူထပ်စွာ ထွက်ပေါ်လာကြသည်။

စည်းတံဆိပ် မူလပိုင်ရှင်၏ လက်သီးသိုင်းဝိညာဉ် လှုံ့ဆော်မှုကြောင့် စည်းတံဆိပ်ထဲတွင် ဝိညာဉ်စွမ်းအားအသစ်တစ်ခု မွေးဖွားလာပြီး ရွှေရောင်စည်းတံဆိပ် တုန်လှုပ်သွားသည်။ စည်းတံဆိပ်အတွင်းမှ ကြီးမားသောတန်ခိုးစွမ်းအားက စတင်ပျံ့နှံ့လာသည်။

ရွှေရောင်စည်းတံဆိပ် ဆင်းသက်လာသည်နှင့်အမျှ ချောက်နက်ထဲမှ လေထုတစ်ခုလုံး အဆက်မပြတ် အက်ကွဲသွားသည်။

အတိုင်းအဆမရှိသော ရွှေရောင်အလင်းတန်းများက ပွင့်ဟနေသည့် မဟာငရဲကိုးထပ်တံခါးထံသို့ တဟုန်ထိုးဝင်ရောက်သွားပြီး တံခါးကို လည်ထွက်သွားစေသည်။

အနက်ရောင်အခိုးအငွေ့များကြားမှ သွေးနီရောင်အလင်းတန်းများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး လေထုထဲရှိ ရွှေရောင်အင်းသင်္ကေတမှ အဆုံးမရှိသော ရွှေရောင်အလင်းတန်းများဖြာထွက်လျှက် ပတ်ဝန်းကျင်တစ်ခွင်လုံးသို့ လွှမ်းခြုံသွားသည်။

ရွှေရောင်အင်းသင်္ကေတဆင်းသက်လာသည်နှင့် မဟာငရဲကိုးထပ်တံခါး နောက်တစ်ကြိမ် ချိတ်ပိတ်ခံလိုက်ရသည်။

နတ်ဆိုးအစစ်နှစ်ကောင်ထံမှ ဒေါသတကြီး ကြုံးဝါးသံများ ထွက်ပေါ်လာသည်။ အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ တစ်ဝက်ထွက်နေပြီး ငရဲကိုးထပ်တွင် တစ်ဝက်ကျန်ခဲ့သောသူတို့ခန္ဓာကိုယ်များမှာ ပုံပျက်နေသော ဗလာနယ်စွမ်းအားကြောင့် အက်ကွဲသွားသည်။

စောစောက တန်ခိုးစွမ်းအားများဖြင့် ပြည့်နက်နေသော သူတို့ခန္ဓာကိုယ်များက ချက်ချင်းပင် နှစ်ပိုင်းကွဲထွက်သွား၏။

စွမ်းအားကြီးမားသည့်တိုင် ယခင်က ငြိမ်သက်ပြီး အနည်းငယ်မှောင်မှိုင်းနေသော ရွှေရောင်နေဝန်းကြီးသည် ယခုတော့ ပြင်းထန်ကြီးမားသော စွမ်းအားများဖြင့် ပေါက်ကွဲထွက်သွားသည်။

ရက်စက်ကြမ်းတမ်းသော ရွှေရောင်စည်းတံဆိပ်ဆင်းသက်လာသည်နှင့် ငရဲကိုးထပ်မှ နတ်ဆိုးအစစ်နှစ်ကောင်၏ ရုပ်ခန္ဓာများ အပိုင်းပိုင်းအက်ကွဲသွားသည်။

ထိုခဏတွင် အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံး တုန်ခါသွားသည်ကို ရန်ကျောက်ကဲ ရှင်းရှင်းလင်းလင်း ခံစားလိုက်ရ၏။

ရွှေရောင်စည်းတံဆိပ်၏ မူလစွမ်းအားက အလွန်တရာ မြင့်မားလွန်းသည်။

စောစောက တိတ်ဆိတ်ငြိမ်သက်နေသော်လည်း ယခုတော့ ကြီးကျယ်ခမ်းနားသောစွမ်းအားကို နောက်ဆုံးတွင် ထုတ်ဖော်ပြသခဲ့ပြီး အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ အကန့်အသတ်ကိုပင် ကျော်လွန်သွားခဲ့သည်။

ချောက်နက်ထဲမှ နတ်ဆိုးများနှင့် အနက်ရောင်အခိုးအငွေ့များအားလုံး ထိုခဏတွင် အဆက်မပြတ် လွင့်စင်သွားသည်။

“အရှေ့တက်နေဝန်းအရှင်” က ဝမ်းနည်းစွာဖြင့် ညည်းတွားအော်ဟစ်လိုက်သည်။ ရွှေရောင်အလင်းတန်းများနှင့် ထိမိသည်နှင့် သူ ဒဏ်ရာအပြင်းအထန် ရရှိသွားပေပြီ။

ညနေခင်းအရှင်ကဲ့သို့ ချက်ချင်းအရည်ပျော်သွားခြင်း မရှိသော်လည်း သူ့ခန္ဓာကိုယ်က ကွဲထွက်နေပြီး အနက်ရောင်ချီများအဖြစ် အငွေ့ပျံနေပြီ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ခုလုံး အက်ကွဲလျှက် ပြင်းထန်သောဒဏ်ရာများရရှိနေပြီး လဲကျလုနီးပါး ဖြစ်နေပေပြီ။

မဟာငရဲကိုးထပ်တံခါး ချိတ်ပိတ်ခံလိုက်ရပြီဖြစ်ရာ သူ့အနေဖြင့် ထိုနေရာသို့လည်း မသွားနိုင်တော့ဘဲ ချောက်နက်ထဲမှ ထွက်ပြေးရန်သာ အလျှင်အမြန် ကြိုးစားရသည်။

ရွှေရောင်စည်းတံဆိပ် ပေါက်ကွဲထွက်သွားသည့်အခါ မူလပိုင်ရှင် ချန်ထားခဲ့သော လက်သီးသိုင်းဝိညာဉ် တန်ခိုးစွမ်းအားသည်လည်း တဖြည်းဖြည်း ပြယ်လွင့်သွားသည်။ ထိုအခါ စည်းတံဆိပ်က တဖန်ပြန်လည် တိတ်ဆိတ်သွားပြီး အလင်းရောင် မှိန်ဖျော့သွား၏။

“အရှေ့တက်နေဝန်းအရှင်” ပျော်ရွှင်သွားသော်လည်း ရုတ်တရက် သူ့ခန္ဓာကိုယ်တစ်ခုလုံး အေးစိမ့်သွားသည်။

ရန်ကျောက်ကဲ ခန္ဓာကိုယ်ထက်မှ ရွှေရောင်အလင်းတန်းများ မှိန်ဖျော့သွားသော်လည်း သူ့လက်ထဲတွင် ခရမ်းရောင်လေးတစ်စင်း ပေါ်လာသည်။

ရွှေရောင်ဖျော့ဖျော့တောက်ပနေသည့် အနက်ရောင်မြားတစ်စင်းက လေးညှို့ထက်တွင် ရှိနေသည်။

ရန်ကျောက်ကဲက တည်ငြိမ်သောအသံဖြင့်...

“မင်း ဘယ်ကို ပြေးမလို့လဲ”

All Chapters