← Chapters

အစစ်အမှန်သိုင်းအဇ္စျတ္တ ၊ သစ်ရွက်ဆယ်ရွက်မှ ပန်းပွင့်ဆယ်ပွင့်သို့

Vol. 34 Ch. 484

အစစ်အမှန်သိုင်းအဇ္စျတ္တ ၊ သစ်ရွက်ဆယ်ရွက်မှ ပန်းပွင့်ဆယ်ပွင့်သို့

Vol. 34 Ch. 484

အခန်း (၄၈၄) အစစ်အမှန်သိုင်းအဇ္စျတ္တ ၊ သစ်ရွက်ဆယ်ရွက်မှ ပန်းပွင့်ဆယ်ပွင့်သို့

ရန်ကျောက်ကဲသည် လေးကြိုးကိုအပြည့်ဆွဲလိုက်ပြီး ထွက်ပြေးတော့မည့် ‘အရှေ့တက်နေဝန်းအရှင်’ ကို စူးစိုက်ကြည့်နေသည်။

သူ့လက်ချောင်းများက လေးကြိုးကို လွှတ်လိုက်သည်နှင့် ‘နတ်ဆိုးခွင်းမြား’ က လေကို ထိုးခွင်းသွားပြီး အရှေ့တက်နေဝန်းအရှင်၏ ရင်ဝတည့်တည့်ဆီသို့ ထိုးဖောက်ဝင်ရောက်သွားသည်။

အရှေ့တက်နေဝန်းအရှင်က ရှောင်တိမ်းချင်သော်လည်း စောစောက ကြီးမားသောရွှေရောင်စည်းတံဆိပ်ကြီးကြောင့် ဒဏ်ရာအပြင်းအထန်ရရှိထားသည်ဖြစ်ရာ မလှုပ်ရှားနိုင်တော့ပေ။ နတ်ဆိုးခွင်းမြားသည် သူ၏ အက်ကွဲနေသောခန္ဓာကိုယ်ကို ထုတ်ချင်းပေါက်စိုက်ဝင်သွား၏။

သူ့ရင်ဘတ်ထက်မှအပေါက်သည် အဆက်မပြတ် ကျယ့်ပြန့်လာပြီး ‘အရှေ့တက်နေဝန်းအရှင်’ ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဝါးမျိုသွားသည်။

“နတ်ဆိုးပူးခံရတဲ့အကောင်ကများ...”

ရန်ကျောက်ကဲ အေးစက်စွာ နှာတစ်ချက်မှုတ်ရင်းဆိုသည်။

အရှေ့တက်နေဝန်းအရှင်က ရုန်းကန်ခြင်းကို ရပ်တန့်လိုက်ပြီး ဘာကိုမှအရေးမစိုက်ဟန် ရှိသော်လည်း နောင်တရကြေကွဲသလို ခံစားနေရသည်။

သို့သော် သူ့အမူအရာက အံ့အားသင့်နေဟန်ပင်။

“... နတ်ဆိုးခွင်းမြား... ဒီကမ္ဘာမှာ နတ်ဆိုးခွင်းမြားကို ဘယ်လိုပြုလုပ်ရမလဲဆိုတာ သိတဲ့သူ ရှိနေတာလား”

‘အရှေ့တက်နေဝန်းအရှင်၏ ၏ ခန္ဓာကိုယ်သည်သာ အဆက်မပြတ် အက်ကွဲပြိုကျသွားသည် မဟုတ်ပေ။ အချိန်နှင့်နေရာကို ဖြတ်ကျော်ပြီး ဝေးကွာသောနေရာတစ်ခုတွင်လည်း ထိုသို့ အက်ကွဲပြိုကျနေသော အခြားအရာတစ်ခု ရှိဟန်တူသည်။

ရွှေရောင်အင်းသင်္ကေတဖြင့် ဖိနှိပ်ခံထားရသော မဟာငရဲကိုးထပ်တံခါးသည် သိမ့်ခနဲ တုန်လှုပ်သွားလေသည်။

တံခါး၏ အခြားဘက်ခြမ်းမှ ပြင်းထန်သောနာကျင်မှု ၊ အမျက်ဒေါသ ၊ နာကျည်းမှုနှင့် စိတ်ပျက်မှုများက ဗလာနယ်ကို ဖြတ်ကျော်လျှက် အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ပင် ရောက်ရှိလာဟန်တူ၏။

အရှေ့တက်နေဝန်းအရှင်ကို မြားနှင့်ခွင်းပြီးသည့်နောက် ရန်ကျောက်ကဲက သူ့ကို လုံးဝ အရေးမစိုက်တော့ဘဲ ‘ကောင်းကင်တုန်လှုပ်လေးညှို့’ ကို သိမ်းဆည်းလိုက်ပြီး ဗလာနယ်တွင်းနက်ကြီးဆီ လှည့်ကြည့်လိုက်သည်။

သူ့အနောက်ဘက်မှ ‘အရှေ့တက်နေဝန်းအရှင်’ ၏ နာကျင်စွာ အော်ဟစ်သံက တဖြည်းဖြည်း တိတ်ဆိတ်သွားသည်။

ငရဲကိုးထပ်မှ အန္တရယ်ချီအပိုင်းအစများက တွင်းနက်ထဲသို့ စိမ့်ဝင်နေသော်လည်း နတ်ဆိုးများကိုတော့ တစ်ယောက်တလေပင် မတွေ့ရတော့ပေ။

ရွှေရောင်စည်းတံဆိပ်မျက်နှာပြင်ထက်မှ ရွှေရောင်အလင်းတန်းများ ပျောက်ကွယ်သွားပြီး အားကောင်းသော တန်ခိုးစွမ်းအားတစ်ခုက လေထုထဲတွင် တိတ်တဆိတ် ပျံ့လွင့်နေသည့်တိုင် သာမန် အနီရောင်စည်းတံဆိပ်တစ်ခုပမာ ငြိမ်သက်နေသည်။

ရန်ကျောက်ကဲသည် ထိုစည်းတံဆိပ်ကိုပင် အရေးမစိုက်တော့ဘဲ တွင်းနက်ကြီးရှိရာသို့ ပြေးလွှားထွက်ခွာသွားသည်။

တွင်းနက်ကြီးထဲမှ ကြီးမားသော စုပ်ယူစွမ်းအားတစ်ခုထွက်လာပြီး ရန်ကျောက်ကဲကို အထဲသို့ စုပ်ယူသွားချင်ဟန်ပင်။

ရန်ကျောက်ကဲက စန့်ချုန်ကြေးမုံမှန်ကို ထုတ်ယူလိုက်ပြီး သူ၏ ကြယ်တာရာချီစွမ်းအားအနှစ်သာရဖြင့် ပေါင်းစပ်လိုက်ရာ ကြေးမုံမှန်မှ အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ကြေးမုံမှန်မှ အလင်းတန်းက တွင်းနက်ကြီးထက် ကျရောက်သွားသည်နှင့် အရာအားလုံးက ခဏမျှ တိတ်ဆိတ်သွားသည်။  ရန်ကျောက်ကဲက စိတ်ကိုတည်ငြိမ်အောင်ကြိုးစားရင်း တွင်းနက်ကြီးထဲသို့ အလျှင်အမြန် ကြည့်လိုက်၏။

ယွမ်ကျန်းဖုန်းနှင့် ဖန်ကျွင်းတို့သည် သဏ္ဌန်မရှိသော ဝဲဂယက်ထဲတွင် ပိတ်မိလျှက် အောက်ဘက်သို့ တဖြည်းဖြည်း နစ်မြုပ်နေလေသည်။

မြင်ကွင်းကိုကြည့်ရင်း ရန်ကျောက်ကဲ နာကျင်စွာ ခံစားလိုက်ရသည်။

သူတို့နှစ်ယောက်က မကောင်းဆိုးရွားများကဲ့သို့ တွင်းနက်ထဲ ဆွဲယူခံရခြင်းမဟုတ်ဘဲ ကိုယ့်သဘောနှင့်ကိုယ် စတေးခံကာ တွင်းနက်ထဲ ကျရောက်ခဲ့ကြရဟန်ပင်။ ကြည့်ရသည်မှာ သူတို့နစ်မြုပ်နေသည်မှာ အချိန်အတန်ပင် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

စန့်ချုန်ကြေးမုံမှန်အလင်းက တွင်းနက်ကြီးကို ရပ်တန့်သွားစေသော်လည်း ယွမ်ကျန်းဖုန်းနှင့် ဖန်ကျွင်းကတော့ ဆက်လက်နစ်မြုပ်နေဆဲဖြစ်ပြီး အဆုံးမရှိ‌သောအာကာသထဲ  ပျောက်ကွယ်သွားလုနီးပါး ဖြစ်နေပေပြီ။

ရန်ကျောက်ကဲက တိတ်ဆိတ်ငြိမ်သက်နေသည့် စည်းတံဆိပ်ကြီးကို လှည့်ကြည့်လိုက်သည်။ ထိုစည်းတံဆိပ်က အလွန်တရာ အစွမ်းထက်လှသည့်အတွက် ထိန်းချုပ်ကိုင်ဆောင်ရန် ခက်ခဲသည်။

ဤ စည်းတံဆိပ်၏ မူလပိုင်ရှင် ချန်ထားခဲ့သော လက်သီးသိုင်းဝိညာဉ်က လူသားအသွင်ပြန်လည်ရယူပြီး မဟာငရဲကိုးထပ်တံခါးကို တဖန်ပြန်လည် ချိတ်ပိတ်နိုင်ခဲ့သည်။ ယခု ငရဲတံခါး ချိတ်ပိတ်သွားပြီဖြစ်သဖြင့် စည်းတံဆိပ်သည်လည်း အရင်ကထက် ပိုမိုပြီးပြည့်စုံသော တိတ်ဆိတ်မှုနှင့် ငြိမ်သက်သွားခဲ့သည်။

ပရမ်းပတာဖြစ်နေသော လေထုထဲတွင် ယွမ်ကျန်းဖုန်းဝတ်ဆင်ထားသော  ကြယ်တာရာသန့်စင်ချီဝတ်ရုံမှ ကြည်လင်သည့်ချီစွမ်းအားစီးကြောင်းများက ပတ်ဝန်းကျင်ဝဲဂယက်ဖြင့် ရိုက်ခတ်မိကာ လွင့်ပြယ်လျှက် ရှိသည်။

အဘိုးအိုက ရန်ကျောက်ကဲကိုကြည့်ရင်း ပြုံးလိုက်၏။

“အပြင်မှာ မိစ္ဆာချီတွေ ကင်းစင်သွားပြီလို့ ငါခံစားရတယ် ၊ ချန်လီ စစ်ကူတွေခေါ်ပြီး ပြန်လာတာတော့ မဟုတ်နိုင်ဘူး ၊ မင်း လုပ်လိုက်တာမဟုတ်လား ကျောက်ကဲ”

ရန်ကျောက်ကဲက...

“ပြန်လာတယ်ဟုတ်လား... ချန်လီက ဘာဖြစ်လို့လဲ ဆရာဘိုးဘိုး”

ယွမ်ကျန်းဖုန်းက...

“သူ ပြေးပြီလေ”

သူက ဆက်ပြောသည်။

"သူထွက်မပြေးဘူးဆိုရင် ငါတို့ဆရာတပည့် အတူတူသေဖို့ ဒီလိုနည်းလမ်းမျိုး ရွေးချယ်စရာမလိုဘူး ၊ မင်း အောင်မြင်တဲ့အထိ ထိန်းထားနိုင်မှာ ၊ ဒါပေမဲ့ သူက သေရမှာကြောက်တယ်လေ ၊ ငရဲကိုးထပ် ငါတို့ကမ္ဘာဆီကျူးကျော်လာရင် ဘယ်လိုဒုက္ခတွေဖြစ်မယ်ဆိုတာ မတွေးနိုင်လောက်အောင် သေရမှာကို ကြောက်နေတာလေ”

ယွမ်ကျန်းဖုန်းက သူ့ကိုယ်သူ လှောင်ပြောင်ရယ်မောလိုက်ရင်း...

“ကြည့်ရတာ ထိပ်ပြောင်ချန်လီက ဒီအဘိုးကြီးထက်ပိုပြီး ဉာဏ်ကောင်းတယ်ထင်တယ်”

ရန်ကျောက်ကဲက ရင်ထဲမကောင်းဖြစ်သွားသည်။

“ဒီ ချန်လီ ကတော့...”

ယွမ်ကျန်းဖုန်းက...

“ဒီ အဘိုးကြီးက တုံးတာဖြစ်ကောင်းဖြစ်နိုင်တယ် ၊ ဒါပေမဲ့ နောင်တ မရပါဘူး”

“အာကာသထဲရောက်သွားရင် သေရမယ်ဆိုတာ ဒီအဘိုးကြီး သိပါတယ် ၊ ဒါပေမဲ့ အနာဂတ်မှာ အစွန်းရောက်ရှစ်ပါးကမ္ဘာကို ပြန်လာချင်လည်း ပြန်လာနိုင်မှာဖြစ်သလို တခြားကမ္ဘာတစ်ခုခုမှာလည်း မင်းတို့နဲ့ ပြန်ဆုံနိုင်တဲ့ အခွင့်အရေး ရှိပါတယ်”

သူက ဘေးသို့ လှည့်ကြည့်လိုက်သည်။

မျက်လုံးများကို မှိတ်ထားသော ဖန်ကျွင်းသည် အိပ်ပျော်နေသည့်အလား သတိကင်းမဲ့နေပြီ ဖြစ်သည်။

“ဒါပေမဲ့ မင်းရဲ့ ဒုတိယဆရာဦးလေးကတော့ တောင့်ခံနိုင်မှာ မဟုတ်တော့ဘူး ၊ သူက သွေးစွမ်းအား အနှစ်သာရတွေဆုံးရှုံးထားတော့ အာကာသထဲမရောက်ခင်မှာ သေဆုံးသွားနိုင်တယ်”

ယွမ်ကျန်းဖုန်းသည် ဖန်ကျွင်းကိုကြည့်ရင်း လွန်ခဲ့‌သောနှစ်များက သူ့တပည့်ဖြစ်လာသော အသက်ငယ်ရွယ်သည့် ဖန်ကျွင်း၏ ပုံရိပ်များကို ပြန်လည်မြင်ယောင်လာသည်။

ယွမ်ကျန်းဖုန်း ခန္ဓာကိုယ်မှ ကြယ်တာရာသန့်စင်ချီဝတ်ရုံ ပျံသန်းထွက်ခွာသွားပြီး ဖန်ကျွင်းထံသို့ ဖုံးအုပ်သွားကာ ကြည်လင်သော ချီစွမ်းအားစီးကြောင်းများ ထွက်ပေါ်လာသည်။

ဒါကိုမြင်တော့ ရန်ကျောက်ကဲ အံ့အားသင့်သွားပြီး...

“ဆရာဘိုးဘိုး”

ယွမ်ကျန်းဖုန်းက ရယ်မောရင်း...

“ငါကိုယ်တိုင် မလွတ်မြောက်နိုင်ပေမယ့် ဒီအဘိုးကြီးက ငါ့တပည့်ကိုတော့ လွတ်မြောက်စေချင်တယ်”

ယွမ်ကျန်းဖုန်းက ရယ်မောနေရင်းပင် သူ၏ ဘယ်ဘက်လက်က ရုတ်တရက် ပေါက်ကွဲသွားပြီး သွေးမြူများ ထွက်ပေါ်လာသည်။

သွေးမှုံများက အထက်သို့ပျံတက်သွားပြီး သွေးအလင်းတန်းစီးကြောင်းများအဖြစ် ပြောင်းလဲသွားကာ ကြီးမားသောလက်ကြီးတစ်ဖက်ဖြစ်ပေါ်လာပြီး ဖန်ကျွင်းနှင့် ကြယ်တာရာသန့်စင်ချီဝတ်ရုံကို အထက်သို့ တွန်းပို့လိုက်သည်။

ဖန်ကျွင်း၏ခန္ဓာကိုယ် အထက်သို့ မြင့်တက်သွားသည်နှင့် ယွမ်ကျန်းဖုန်း၏ ခန္ဓာကိုယ်ကတော့ အရှိန်အဟုန်ဖြင့် အောက်သို့ နစ်မြုပ်သွားသည်။ မြင်ကွင်းကိုကြည့်ရင်း ရန်ကျောက်ကဲ အလွန်တရာ ရင်နာလျှက်ရှိသည့်တိုင် ယွမ်ကျန်းဖုန်း၏ ကြိုးစားအားထုတ်မှု အလကားမဖြစ်စေရန် အပြင်ဘက်သို့ လွင့်ထွက်လာသည့် ဖန်ကျွင်းကို ကမန်းကတန်းပင် ဆီးကြိုဖမ်းယူလိုက်ရသည်။

ယွမ်ကျန်းဖုန်းကို လှည့်ကြည့်လိုက်တော့ အဘိုးအိုသည် ဗလာနယ်တွင်းနက်ထဲရှိ ဝဲဂယက်အတွင်း အတော်လေး ဝေးကွာမှုံဝါးသွားပြီဖြစ်သည်။

အဘိုးအိုက ကျန်ရှိနေသည့် ညာဘက်လက်ဖြင့် ရန်ကျောက်ကဲကို လက်ဝှေ့ယမ်းနှုတ်ဆက်ရင်း ရယ်မောလိုက်၏။

“ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ကြပါ... ကလေးတို့”

ရုတ်တရက်...

ရန်ကျောက်ကဲ ရင်ဘတ်အတွင်းမှ တစ်စုံတစ်ခု ပေါက်ကွဲထွက်လာတော့မည့်အလား ခံစားရပြီး ရှည်လျားသော ကြုံးဝါးသံတစ်သံ ပြုလုပ်လိုက်သည်။

သူ့ဦးခေါင်းထက်မှ အလင်းတန်းတစ်ခု တောက်ပစွာ ထွက်ပေါ်လာသည်။

အလင်းတန်းထဲတွင် ဝိညာဉ်သစ်ရွက် (၉)ရွက် ထွက်ပေါ်လာပြီး ထိုသစ်ရွက်များမျက်နှာပြင်တွင် ထူးဆန်းသော အင်းသင်္ကေတများ ပါဝင်နေသည်။ သစ်ရွက်တစ်ခုနှင့်တစ်ခုတွင် ရေးထိုးထားသော အင်းသင်္ကေတများက မတူညီဘဲ အလွန်အမင်းလေးနက်သော အဓိပ္ပါယ်များနှင့် ပြည့်နက်နေ၏။

ဝိညာဉ်သစ်ရွက်ကိုးရွက်၏အပြင်ဘက်တွင် ဆယ်ခုမြောက်သစ်ရွက်က လေထဲတွင် ထွက်ပေါ်လာသည်။

“ယား...”

ရန်ကျောက်ကဲ အော်ဟစ်လိုက်ချိန် သစ်ရွက်ဆယ်ရွက်က တညီတညွတ်တည်း တုန်လှုပ်သွားကြသည်။

သန့်စင်သော ရေခဲပြာရောင်အလင်းတန်းများနှင့် ရွှေရောင်အလင်းတန်းများစွာက ထိုသစ်ရွက်များအတွင်းမှ ထွက်ပေါ်လာပြီး ရန်ကျောက်ကဲ၏ ခန္ဓာကိုယ်တစ်ခုလုံး အလင်းတန်းများ ဖြာလင်းလျှက် ရှိသည်။ ဝိညာဉ်သစ်ရွက်များက ယိမ်းခါနေပြီး တောက်ပသည့်အလင်းတန်းများက သူတို့မျက်နှာပြင်ထက်တွင် သိပ်သည်းသွားကာ အလင်းစက်ဝန်းများ ဖြစ်တည်လာသည်။

အလင်းစက်ဝန်းတစ်ခုစီက ဝိညာဉ်သစ်ရွက်များထက်တွင် ဝဲပျံနေပြီး ပတ်ဝန်းကျင်ကိုအလင်းပေးလျှက် ပန်းပွင့်များအဖြစ် အသွင်သဏ္ဌန် ပြောင်းလဲသွားသည်။

အမတနတ်ပန်း (၉)ပွင့်က တစ်ညီတစ်ညာတည်း ပွင့်လန်းလာပေပြီ။

ရန်ကျောက်ကဲခန္ဓာကိုယ်ကို လွှမ်းခြုံထားသောအလင်းတန်းများကပိုမိုအားကောင်းလာပြီး ကြီးမား‌သောအလင်းတန်းကြီးတစ်ခုအဖြစ် ကောင်းကင်ထက်သို့ ထိုးဖောက်ဝင်ရောက်သွားသည်။

ထိုအလင်းတန်းကြီးထဲတွင် သမိုင်းမတိုင်မီက ဖြစ်ပေါ်ခဲ့သောအပြောင်းအလဲများကို ပြန်လည်ဖော်ပြထားသည့် ပုံရိပ်ယောင်များက အစစ်အမှန်ပမာ ထင်ဟပ်လာသည်။ ကြယ်စင်များလှည့်ပတ်သွားသည့်အလား အသင်္ချေသောမြင်ကွင်းများက လည်ပတ်ပြောင်းလဲသွားသည်။

စောစောက အနက်ရောင်မြူခိုးများဖြင့် ပြည့်နက်နေသော မြေကမ္ဘာနယ်မြေ ချောက်နက်ကြီးသည် ယခုတော့ မရပ်တန့်သော မဟာတာအိုဖြင့် မိုးမြေတစ်ခွင် ပဲ့တင်ထပ်လျှက် ရှိသည်။

ဤသည်က မိုးမြေနိယာမများနှင့် ထပ်တူကျသော ပဲ့တင်ထပ်သက်ရောက်မှုဖြစ်ပြီး သိုင်းကျင့်ကြံသူများအတွက် လောကနှင့် ဝိညာဉ်စွမ်းအား အမြင့်ဆုံးအဆင့် ဆက်နွယ်ခြင်းလည်း ဖြစ်သည်။ အမတဝိညာဉ်အဆင့် အလယ်ဆင့်မှ အမတဝိညာဉ်နောက်ဆုံးအဆင့်သို့ တက်ရောက်သည့်အချိန်တွင် ဖြစ်ပေါ်လေ့ရှိသည်။

ဤအဆင့်က သိုင်းကျင့်ကြံသူများအတွက် အလွန်အရေးကြီးသော အဆင့်ဖြစ်ပြီး အနာဂတ်တွင် မည်မျှမြင့်မားသော တောင်ထွတ်ဆီသို့ တက်လှမ်းနိုင်မည်ကို ဆုံးဖြတ်ချက်ချပေးခြင်းပင် ဖြစ်သည်။ သိုင်းဆရာသခင်တိုင်း တစ်သက်မှာတစ်ကြိမ်ကြုံတွေ့ရမည့် အဆုံးအဖြတ်တစ်ခု ဖြစ်၏။

ဝိညာဉ်သစ်ရွက်ကိုးရွက်မှ ပွင့်လန်းလာသော အမတနတ်ပန်းကိုးပွင့်သည် အလင်းတန်းကြီးထဲတွင် မိုးမြေတစ်ခွင်ရှိ ခမ်းနားသောရှုခင်းများနှင့် ပုံရိပ်ယောင်များကို အချိန်ကြာမြင့်စွာ ထင်ဟပ်စေလျှက် မိုးမြေတစ်ခွင်နှင့် ထူးခြားစွာ ပဲ့တင်ထပ်နေသည်။

တစ်ချိန်တည်းမှာပင် တစ်ရွက်တည်းကျန်ရှိနေသော ရန်ကျောက်ကဲဦးခေါင်းထက်မှ ဆယ်ခုမြောက် ဝိညာဉ်သစ်ရွက်သည် အလင်းရောင်များကြားတွင် ပွင့်လန်းလာသည်။

ပန်းပွင့်မှထွက်ပေါ်လာသောအလင်းသည် တောက်ပလွန်းခြင်းမရှိသော်လည်း အလွန်တရာလေးနက်ပြီး အဓိပ္ပါယ်ဖော်၍ မရနိုင်ပေ။

ရန်ကျောက်ကဲ၏ ဦးခေါင်းထက်တွင် ဆယ်ခုမြောက် အမတနတ်ပန်းပွင့်လန်းလာသည်နှင့် အလင်းတန်းကြီးအတွင်းမှ ပုံရိပ်ယောင်များပျောက်ကွယ်သွားပြီး ကမ္ဘာဦးကာလမတိုင်ခင် ပရမ်းပတာဖြစ်မှုများသာ ကျန်ရစ်ခဲ့သည်။

အရာအားလုံးသည် စကြာဝဠာအဖြစ်တည်မီ အချိန်သို့ ချက်ချင်းပင် ပြန်လည်ရောက်ရှိသွားသလိုပင်။

ရေခဲနဂါး၏ ‌သွေးစွမ်းအားအနှစ်သာရများနှင့် ရွှေရေင်နေဝန်းကြီး၏ အလင်းရောင်အပြောင်းအလဲများကို စူးစမ်းလေ့လာခြင်းမှတစ်ဆင့် ရွှေရောင်စည်းတံဆိပ်အတွင်းမှ ဉာဏ်အလင်းပွင့်ခြင်းများစွာကိုလည်း ရရှိခဲ့သော ရန်ကျောက်ကဲသည် အမတဝိညာဉ် နောက်ဆုံးအဆင့်သို့ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ပြီ ဖြစ်သည်။

အစစ်အမှန်သိုင်းအဇ္စျတ္တ ၊ သစ်ရွက်ဆယ်ရွက်မှ ပန်းပွင့်ဆယ်ပွင့်...။

ပြီးပြည့်စုံပြီး အပြင်အနာအဆာကင်းစင်သည်။

ဒါကိုမြင်တော့ ယွမ်ကျန်းဖုန်း ခဏမျှမှင်တက်သွားပြီး ဝမ်းသာအားရဖြင့် အော်ဟစ်ရယ်မောလိုက်သည်။

တွင်းနက်ကြီးအလယ်တွင် အဘိုးအိုသည် ရယ်မောရင်းဖြင့်ပင် အမည်မသိနေရာတစ်ခုသို့ ဦးတည်မျောပါသွားလေသည်။

သူ့ကိုစောင့်ကြိုနေမည့်အရာက သေခြင်းတရားလား ၊ အသက်ရှင်သန်ခြင်းလား မသိရှိရသည့်တိုင် စိတ်ထဲတွင် ပူပန်မှုမရှိ ကျေနပ်ပျော်ရွှင်စွာဖြင့် စိတ်ချလက်ချ မျောလွင့်ထွက်ခွာသွားလေတော့သည်။

All Chapters