အခန်း (၁၂၂၁-၁၂၂၂)
Vol. 106 Ch. 1221-1222
အခန်း ၁၂၂၁
ရှောင်းယီနှင့် ဧရာမဘီလူးမျိုးစုတို့ ပူးပေါင်းပြီး လေထုသန့်စင်မျှခြေထိန်းစက်ဖြင့် မသေမျိုးမြှူခိုးများ၏ ကိုးဆယ်ရာခိုင်နှုန်းကို ရှင်းလင်းနိုင်ခဲ့သည်။
ထိုမသေမျိုးမျိုးနွယ်စုဝင်များသည် အဆင့်မြှင့်တင်ခံထားရသော်လည်း ဒီရေလှိုင်းကဲ့သို့ တက်ကြွလှုပ်ရှားနေသော ယီရန်ပင်းမဟာမိတ် တပ်ဖွဲ့များ၏ စိတ်ဓာတ်ကို လုံးဝမတားဆီးနိုင်ခဲ့ကြပေ။
တိုက်ပွဲမှာ လေးနာရီကြာ မြင့်ခဲ့သည်။ ရှောင်းယီသည် ဒိုင်းကိုင်က အရိုးစုတစ်ကောင်၏ ဦးခေါင်းခွံကို ပိုင်းဖြတ်လိုက်ပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ မသေမျိုးမျိုးနွယ်စုဝင် တစ်ကောင်မှ မကျန်တော့သည်ကို တွေ့ရှိလိုက်ရသည်။
ဧရာမဘီလူးကြီးများကလည်း တစ်ယောက်ပြီးတစ်ယောက် ရပ်နားလိုက်ကြသည်။
“ကျွန်းပိုင်ရှင် ဒီတစ်ခေါက်တော့ မင်း ငါ့လောက် မသတ်နိုင်တာ အသေအချာပဲ။”
ကျားကျန့်င ကျယ်လောင်စွာ ရယ်မောရင်း ပြောလိုက်သည်။ ရှောင်းယီ မျက်လုံးလှန်လိုက်မိ၏။
“ဒါပေါ့။ ခင်ဗျားက အဲ့ဒီသတ္တုတုတ်ကြီးကို ကိုင်ထားတာလေ။ တစ်ချက်လွှဲလိုက်တာနဲ့ ကျုပ် အချိန်တော်တော်ကြာကြာ သတ်ရမယ့် အရေအတွက်ကို သတ်ပစ်လိုက်သလိုပဲ။”
“ဟားဟားဟား...အခုရဪ ဘယ်လိုခံစားရလဲ။” ကျ
“ချွေးထွက်သွားတော့ တော်တော်လေးနေလို့ကောင်းသွားတယ်။”
ရှောင်းယီက ပြန်ပြောလိုက်သည်။
“ဒီနေရာကို တခြားလူတွေဆီပဲ လွှဲထားခဲ့လိုက်တော့။ ကျုပ်တို့ ပြန်ကြစို့။”
“အင်း...မင်း အရင်ပြန်နှင့်လိုက်ပါ။ ငါ ခုနက ကျန်းရွှဲ့ ပြောတာကို ကြားလိုက်တယ်။ မသေမျိုးမျိုးနွယ်စုတွေက အဲ့ဒီ ဟင်းလင်းပြင်အက်ကွဲကြောင်းကနေ လာနေဦးမယ်တဲ့။ ဒီမှာ ဧရာမဘီလူးနည်းနည်းလောက်ကို တာဝန်ချထားလိုက်ဦးမယ်။ အခြေအနေတစ်ခုခုရှိရင် အလှည့်ကျ စောင့်ကြည့်လို့ရအောင်။”
ကျားကျန့်က ပြန်ဖြေလိုက်သည်။
“အင်း...ကျုပ်တို့ ခင်ဗျားတို့ကို တကယ် လိုအပ်တယ်။”
ရှောင်းယီက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ခင်ဗျားတို့ ဧရာမဘီလူးမျိုးနွယ်တွေ ဒီမှာရှိနေရင် ဟင်းလင်းပြင်အက်ကွဲကြောင်းကို စောင့်ကြပ်ရတာ ပိုပြီး လွယ်ကူသွားတာပေါ့။”
“ဒါဆိုရင် ငါ ဒီမှာ စပြီးစီစဉ်လိုက်တော့မယ်။ ကျွန်းပိုင်ရှင် မဟာမိတ်ကျွန်းမှာ ပြန်တွေ့ကြတာပေါ့။”
ရှောင်းယီ ခေါင်းညိတ်ပြလိုက်ပြီး မြို့ပြန်ကျောက်ကို အသုံးပြုကာ ဗီလာသို့ ပြန်လာခဲ့လိုက်သည်။
သူသည် ရေချိုးခန်းထဲသို့ တန်းတန်းမတ်မတ် ဝင်သွားပြီး ရေပန်းမှကျလာသော ရေများဖြင့် ကိုယ်ခန္ဓာတစ်ခုလုံးကို ဆေးကြောချပစ်လိုက်၏။
ခုနက တိုက်ပွဲတွင် ဖိအား သိပ်မရှိခဲ့သော်လည်း ရှောင်းယီအနေဖြင့် ဓားဖြင့် တစ်ကောင်ချင်းစီ လိုက်လံသတ်ဖြတ်ခဲ့ရသည်။ အဆင့်မြှင့်တင်ထားသော ထိုမသေမျိုးမျိုးနွယ်များသည် ရုပ်ပိုင်းဆိုင်ရာအရ ခံနိုင်ရည် အလွန်မြင့်မားကြသောကြောင့် တော်တော်လေး ပင်ပန်းလှပေသည်။
လေးနာရီကြာ မရပ်မနား တိုက်ခိုက်ခဲ့ရပြီးနောက် ရှောင်းယီသည် အမှန်တကယ်ပင် ချွေးတလုံးလုံး ထွက်နေခဲ့ပြီဖြစ်သည်။ ယခု ရေပန်းအောက်မှာ ရပ်နေရင်း သူ၏ တစ်ကိုယ်လုံး လုံးဝ လန်းဆန်းအပန်းပြေသွားခဲ့သည်။
တစ်နာရီအပြည့် ရေချိုးပြီးနောက်မှ သူ ရေချိုးခန်းထဲက ထွက်လာခဲ့လိုက်သည်။
သူ ထွက်လာသည်နှင့်တစ်ပြိုင်နက် အန်းရန်က သူ့ကို အလွန်ထူးဆန်းသော အမူအရာဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။
“ရေချိုးတာ တစ်နာရီကျော်တောင် ကြာတယ်။ အထဲမှာ ဘာလုပ်နေတာလဲ။”
ရှောင်းယီ အနည်းငယ် ကြောင်အမ်းသွား၏။
“ဘာမှ မလုပ်ပါဘူး။ ငါ ခဏလောက် ပိုပြီး ရေချိုးချင်ရုံတင်ပါ။”
“ခဏလောက် ပိုပြီး ရေချိုးချင်ရုံတင် ဟုတ်လား။”
အန်းရန်၏ အကြည့်မှားမှာ ပို၍ပင် ထူးဆန်းလာခဲ့သည်။
ရှောင်းယီသည် သူမ ဘာကို ဆိုလိုသည်ကို ချက်ချင်း သဘောပေါက်သွားပြီး မျက်လုံးလှန်လိုက်၏။
“မင်း စိတ်ထဲမှာ ဘာမဟုတ်တာတွေ တွေးနေတာလဲ။”
“ဘာ မဟုတ်တာလဲနော်။”
အန်းရန်က ရှောင်းယီကို ရယ်ချင်ပတ်ကျိ အမူအရာဖြင့် ကြည့်လိုက်သည်။
“ငါ့ရဲ့ အဘိဓာန်က အရမ်းပုံမှန်ပဲ။ မင်းရဲ့ အဘိဓာန်က ပုံမှန် ဟုတ်မဟုတ်တော့ ငါမသိဘူး။”
ရှောင်းယီက လက်နှစ်ဖက်ကို ဖြန့်ရင်း ကူကယ်ရာမဲ့သွားဟန်ဖြင့် ပြောလိုက်သည်။
အန်းရန်က ရယ်မောလိုက်၏။
“အခု နေလို့ ပိုကောင်းသွားပြီလား။”
“အများကြီး ပိုကောင်းသွားပြီ။”
ရှောင်းယီ ခေါင်းညိတ်လိုက်သည်။
“ငါ တစ်ခါတလေကျရင် အတွေးတစ်ခုထဲမှာပဲ ပိတ်မိနေတတ်တယ်ဆိုတာကို သတိထားမိသွားခဲ့တယ်။”
“အခုမှ သတိထားမိတာလား။”
အန်းရန်က သူ့ကို တစ်ချက်ကြည့်လိုက်၏။
“နင်နဲ့ စပြီး အတူရှိကတည်းက အဲ့ဒါကို ငါ သိတယ်။ ငါ နင့်ကို အရင်က ပြောဖူးပေမယ့် နင်က ဘဲသေတစ်ကောင်လို ခေါင်းမာပြီး ဘယ်တော့မှ အလျော့မပေးခဲ့ဘူးလေ။”
“ဟုတ်ပါပြီ... အခု ငါ ဝန်ခံနေပြီမဟုတ်ဘူးလား။”
“အခု ရေမိုးချိုးပြီးပြီဆိုတော့ အောက်ထပ်ကို ဆင်းလာခဲ့တော့။ ထမင်းစားမယ်။”
ရှောင်းယီသည် အန်းရန်နှင့်အတူ အောက်ထပ်သို့ ဆင်းလာခဲ့လိုက်၏။ မွန်းလွဲ နှစ်နာရီကျော်နေပြီဖြစ်၍ ၎င်းမှာ နေ့လယ်စာအတွက် နောက်ကျနေပြီဖြစ်သည်။
“နောက်ထပ် ဘာအစီအစဉ်တွေ ရှိသေးလဲ။”
အန်းရန်က ထမင်းစားရင်း မေးလိုက်သည်။
“လောလောဆယ်တော့ မသေမျိုးမျိုးနွယ်စု ကိစ္စကို လုံးဝ အဆုံးသတ်ဖို့က အဓိကပဲ။ ပင်လယ်ထဲက မသေမျိုး မျိုးနွယ်တွေကို ရှင်းလင်းရတာက နည်းနည်းတော့ ဒုက္ခများနိုင်တယ်။ ဒါပေမယ့် ဒါက အချိန်တစ်ခုပဲ ပေးရမှာပါ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“နောက်ထပ် ကိစ္စတစ်ခုက အဲ့ဒီ ဟင်းလင်းပြင်အက်ကွဲကြောင်း ပြဿနာပဲ။”
“အဲ့ဒါကတော့ ကိုင်တွယ်ရ တော်တော်ခက်ခဲလိမ့်မယ်။”
အန်းရန်က မျက်မှောင်ကြုတ်လိုက်သည်။
“ငါ မကြာသေးခင်က ဓာတ်ခွဲခန်းရဲ့ ဟင်းလင်းပြင် သုတေသနအခြေအနေကို သတိထားကြည့်နေခဲ့တယ်။ ဒါပေမဲ့ သိသာထင်ရှားတဲ့ တိုးတက်မှု ဘာမှ မရှိသေးဘူး။”
“ဟုတ်တယ်။ ဟင်းလင်းပြင်အက်ကွဲကြောင်းလို အရာမျိုးက ငါတို့ရဲ့ အရင်ကမ္ဘာမှာ ဘယ်တုန်းကမှ မပေါ်လာခဲ့ဖူးဘူးလေ။ အဲ့ဒါကြောင့် စတင်လေ့လာရမယ့် အခြေခံအချက်ဆိုတာ လုံးဝမရှိဘူး။”
ရှောင်းယီက သဘောတူလက်ခံလိုက်သည်။
“ဒီကမ္ဘာမှာရှိတဲ့ အသက်ရှင်ကျန်ရစ်သူတွေရဲ့ ယေဘုယျ တိုးတက်မှုအဆင့်အတန်းက ငါတို့ရဲ့ ကမ္ဘာဟောင်းက မိဒ်-၂၀ ရာစု (၂၀ ရာစုအလယ်ပိုင်း) လောက်နဲ့ပဲ အကြမ်းဖျင်း တူညီသေးတယ်။ လူသားတွေက ဟင်းလင်းပြင်လေ့လာရေးလိုမျိုး ဆန်းကြယ်တဲ့ ဘာသာရပ်တွေထဲကို ခြေလှမ်းတောင် မလှမ်းရသေးဘူး။”
အန်းရန်က ခေါင်းညိတ်လိုက်၏။ ရှောင်းယီက ဆက်ပြောသည်။
“ဒါတွေအပြင် နောက်ထပ်လုပ်ရမှာက ဒီဧရာမကမ္ဘာကြီးကို လှည့်လည်စူးစမ်းပြီး သဲလွန်စတွေ ပိုရှာဖို့ပဲ။ အထူးသဖြင့် အရင်အသုတ် အသက်ရှင်ကျန်ရစ်သူတွေ ချန်ထားခဲ့တဲ့ သဲလွန်စတွေပဲ။”
“အင်း...ရည်မှန်းချက်တစ်ခု ရှိနေသရွေ့ ငါတို့ ဖြည်းဖြည်းချင်း သွားလို့ရပါတယ်။ တချို့အရာတွေက လောလို့မရဘူး။”
အန်းရန်က ဖြည့်စွက်ပြောလိုက်သည်။
“ငါ နားလည်ပါတယ်။”
နောက်ကျနေသော နေ့လယ်စာကို စားသောက်ပြီးနောက် ရှောင်းယီသည် ဟင်းလင်းပြင်အက်ကွဲကြောင်းရှိရာနေရာသို့ ကူးပြောင်းက နောက်တစ်ခေါက်ပြန်ရောက်လာခဲ့သည်။
ရှောင်းယီ ရောက်လာသည်ကို မြင်သောအခါ ကျန်းရွှဲ့က ချက်ချင်း လျှောက်လာပြီး ပြောလိုက်ည်။
“ကျွန်းပိုင်ရှင် ကျွန်းပေါ်က မသေမျိုးမျိုးနွယ်တွေကို အခြေခံအားဖြင့် ရှင်းလင်းပြီးပါပြီ။ နယ်မြေတိုင်းမှာ အသေးစိတ် ထောက်လှမ်းရေးလုပ်ဖို့ လက်နက်တပ်ဆင်ထားတဲ့ ရဟတ်ယာဉ်တွေကို စီစဉ်ထားပါတယ်။”
“အင်း...ကျွန်းပေါ်မှာ မသေမျိုးမျိုးနွယ်စုတွေ မရှိတော့တာ သေချာပြီဆိုရင် တပ်ဖွဲ့တွေကို ဒီဟင်းလင်းပြင်အက်ကွဲကြောင်း ဘေးပတ်ပတ်လည်မှာပဲ စုစည်းထားလိုက်ပါ။ ပိုနေတဲ့စစ်သည်တွေကိုတော့ ပြန်ခိုင်းလိုက်တော့။ မဟာမိတ်အဖွဲ့ထဲမှာလည်း လုပ်စရာ အလုပ်တွေ ရှိသေးတယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ဟုတ်ကဲ့။”
ဟင်းလင်းပြင်အက်ကွဲကြောင်း အနီးသို့ ရောက်လာသောအခါ ထိုသုတေသနပြု စက်ရုပ်ငါးရုပ်သည် မရပ်မနား ဆက်လက် အလုပ်လုပ်နေဆဲဖြစ်သော်လည်း ရလဒ်တစ်ခုခု ထွက်ပေါ်လာရန်မှာ အချိန်တိုအတွင်း ဖြစ်နိုင်ခြေ သိပ်မရှိချေ။
မသေမျိုးမျိုးနွယ်စုဝင်များသည် အချိန်မရွေး ဟင်းလင်းပြင်အက်ကွဲကြောင်းထဲမှ တိုးဝှေ့ထွက်လာဆဲ ဖြစ်သော်လည်း အက်ကွဲကြောင်းကို စောင့်ကြပ်နေသော ဧရာမဘီလူးကြီးများ၏ ရိုက်နှက်ခြင်းကို ခံရကာ အသက်ပျောက်သွားကြရရှာသည်။
ရှောင်းယီ ကျွန်းပေါ်က လေထုကို ဝေ့ကြည့်လိုက်ရာ မသေမျိုးမြှူခိုးအချို့ ကျန်ရှိနေသေးသည်ဟု ထင်ရသည်။
“ဒီကျွန်းပေါ်က လေထုကို လုံးဝသန့်စင်သွားအောင် လေထုသန့်စင်မျှခြေထိန်းစက်တွေကို အသုံးပြုလိုက်ပါ။ သန့်စင်တာ ပြီးသွားရင်တော့ အဲ့ဒီစက်တွေကို ဟင်းလင်းပြင်အက်ကွဲကြောင်းနားမှာ ထားပြီး အက်ကွဲကြောင်းထဲကနေ လျှံထွက်လာတဲ့ မသေမျိုးမြှူခိုးတွေကို ဆက်ပြီး သန့်စင်ခိုင်းလိုက်။”
ရှောင်းယီက အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့။”
အနီးနားရှိ စစ်သည်တစ်ဦးက ပြန်ဖြေလိုက်ပြီး အမိန့်ကို အောက်ခြေသို့ လက်ဆင့်ကမ်းလိုက်သည်။
ရှောင်းယီသည် ကျွန်းအထိမ်းမ်းအမှတ်ကျောက်တိုင်ဆီသို့ သွားကာ ရေငုပ်သင်္ဘောပေါ်ရှိ ကျန်းယွင်ထျန်းဆီသို့ တိုက်ရိုက် မက်ဆေ့ခ်ျပို့လိုက်သည်။
“အစ်ကိုကျန်း ပင်လယ်ထဲက မသေမျိုးသတ္တဝါတွေကို ရှင်းလင်းတဲ့အခြေအနေ ဘယ်လိုလဲ။”
“အများကြီးပဲ။ ဒါပေမဲ့ ရေငုပ်သင်္ဘောတွေကိုသုံးပြီး ဖြည်းဖြည်းချင်း ရှင်းထုတ်လို့ရပါတယ်။ အချိန်တော့ ပေးရမယ်။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။
“အင်း... မလောပါဘူး။ ဒါက ပုံမှန်ရှင်းလင်းရုံသက်သက်ပဲဆိုရင် တခြားလူတွေကို လွှဲပေးလိုက်ပြီး အနားယူဖို့ ပြန်လာခဲ့တော့။”
ရှောင်းယီက ပြောလိုက်သည်။
“အင်း...ငါ သူတို့ကို ရေငုပ်သင်္ဘော မောင်းနှင်တာ ပိုကျွမ်းကျင်အောင် အရင်ဦးဆောင်ပေးလိုက်ဦးမယ်။ သူတို့ ရေလည်သွားပြီဆိုရင် ငါ ပြန်လာခဲ့မယ်။”
ကျန်းယွင်ထျန်းက ပြန်ပြောလိုက်သည်။ ထို့နောက် ရှောင်းယီသည် မြို့ပြန်ကျောက်ကို ထပ်မံအသုံးပြုကာ အပန်းဖြေစခန်းသို့ ပြန်လာခဲ့လိုက်၏။ သူသည် ထိုနေရာတွင် ခဏလောက် ထိုင်ရန် ရည်ရွယ်ချက်ဖြင့် ဘား ထဲသို့ လျှောက်ဝင်သွားလိုက်သည်။
အဆုံးတွင် အပန်းဖြေစခန်းသည် အပန်းဖြေအနားယူစရာ အင်္ဂါရပ်တစ်ခု အမှန်တကယ် ရှိနေသည် မဟုတ်ပါလော။
“ကျွန်းပိုင်ရှင် ခင်ဗျား ရောက်လာပြီပဲ။ ပထမ လေးထပ်လုံးကတော့ လူအပြည့်ပဲ။”
ဒူခန်းက သူ့ကို ကြိုဆိုရန် အပြေးအလွှား ရောက်ရှိလာခဲ့သည်။
“ဒါဆို ငါ အပေါ်ဆုံးထပ်ကိုပဲ သွားလိုက်တော့မယ်။”
“ဟုတ်ကဲ့။”
ဒူခန်းက ရှောင်းယီအား အပေါ်ဆုံးထပ်သို့ ခေါ်ဆောင်သွားလိုက်သည်။
“အခု လာလည်တဲ့လူတွေ အရမ်းများနေတာလား။”
ရှောင်းယီက သာမန်ကာလျှံကာ မေးလိုက်သည်။
“ဟုတ်တယ်။ ကျုပ်တို့ မဟာမိတ်အဖွဲ့ထဲမှာ လူဦးရေက ရုတ်တရက် ထိုးတက်သွားတယ်လေ။ အဲ့တော့ လူတိုင်းက ဒီက လူနေမှုပုံစံကို ဖြည်းဖြည်းချင်း လိုက်လျောညီထွေဖြစ်လာတာနဲ့အမျှ အသစ်အဆန်းတွေကို သဘာဝကျကျ လာရောက်မြည်းစမ်းကြည့်ချင်ကြတာပေါ့။”
ဒူခန်းက ပြန်ဖြေလိုက်သည်။
“သူတို့ လာရောက်မြည်းစမ်းကြည့်နေသရွေ့တော့ ဒီအပန်းဖြေစခန်းကို စွဲလမ်းသွားကြမှာပဲ။”
ရှောင်းယီ အနည်းငယ် ခေါင်းငြိမ့်လိုက်သည်။
မျိုးနွယ်ခြားတွေကို ထည့်မတွက်လျှင်ပင် လန်ဖုန်းနယ်မြေနှင့် ကောင်းကင်မိုးကြိုးနယ်မြေတို့ ရွှေ့ပြောင်းဝင်ရောက်လာပြီးနောက် လူဦးရေမှာ သန်းငါးရာကို တိုက်ရိုက် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
အခန်း ၁၂၂၂
စတုရန်းကီလိုမီတာ ၄၈ သန်း ကျယ်ဝန်းသည့် မြေပြင်ပေါ်တွင် လူဦးရေ သန်းငါးရာ ရှိနေသော်လည်း လူသူနည်းပါးပြီး ကျဲပါးနေဆဲဟု ထင်ရသည်။
သို့သော်လည်း လူဦးရေ သန်းငါးရာအတွက် အပန်းဖြေစခန်းတစ်ခုတည်းသာ ရှိခြင်းမှာ လုံးဝမလုံလောက်သဖြင့် ပို၍ပို၍ လူကြပ်လာခြင်းမှာ ပုံမှန်ပင်။
ယီရန်ပင်း မဟာမိတ်အဖွဲ့အတွင်းရှိ နိုင်ငံသားများမှာ စားဝတ်နေရေးအတွက် ပြဿနာမရှိကြသော်လည်း ယခုအခါတွင်မူ ဤအပန်းဖြေခြင်းနှင့် ဖျော်ဖြေရေးဆိုင်ရာ အဆောက်အဦးများ လုံလောက်အောင် လိုက်ပါနိုင်ခြင်း ရှိ၊ မရှိကို သေချာပေါက် ထည့်သွင်းစဉ်းစားရန် လိုအပ်လာပြီဖြစ်သည်။
ရှောင်းယီသည် ဒူခန်းလာပို့ထားသည့် ဘီယာကို သောက်ရင်း အတွေးနက်နေမိသည်။
“ဒေါက်၊ ဒေါက်၊ ဒေါက်...”
သီးသန့်အခန်းတံခါးကို လာခေါက်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“ဝင်ခဲ့ပါ။”
အန်းယွဲ့တစ်ယောက် တံခါးကို တွန်းဖွင့်ကာ ဝင်လာခဲ့သည်။
“ဒူခန်းဆီက မင်း ဘားကို ရောက်နေတယ်လို့ ကြားတာနဲ့ ငါ့ အလုပ်များတဲ့ကြားက အချိန်လုပြီး မင်းကို လာတွေ့တာ။”
“တစ်ခုခု ဖြစ်လို့လား။”
ရှောင်းယီက မေးလိုက်သည်။
“ငါတို့ ယီရန်ပင်း မဟာမိတ်အဖွဲ့က အခုဆို တော်တော်လေး ကြီးမားနေပြီ။ ဒါပေမဲ့ အပန်းဖြေစခန်းလိုမျိုး အခြေခံ အဆောက်အဦးတချို့က နောက်ကျကျန်နေခဲ့တယ်။”
အန်းယွဲ့က ပြောလိုက်သည်။ ရှောင်းယီ အနည်းငယ် ကြောင်အသွား၏။ ထို့နောက် ပြုံးကာ ပြောလိုက်သည်။
“ကျုပ်လည်း အဲ့အကြောင်း စဉ်းစားနေတာ။ အခု လူဦးရေ တိုးလာတော့ အပန်းဖြေစခန်းက တော်တော်လေး လူကြပ်နေသလိုပဲ။ အနီးနားက ဒေသခံတွေ အပန်းဖြေဖို့နဲ့ အနားယူဖို့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်အောင် နေရာအသီးသီးမှာ အပန်းဖြေစခန်းတွေ ဆောက်သင့်သလား။”
ရှောင်းယီ ထိုသို့ပြောသည်ကို ကြားသောအခါ အန်းယွဲ့က ပြုံးလိုက်သည်။
“ငါတို့ စိတ်ကူးချင်း ထပ်တူကျနေလိမ့်မယ်လို့ မထင်ထားမိဘူး။ စက်ပစ္စည်းတချို့ကို ဒီဇိုင်းဆွဲပြီး ထုတ်လုပ်ဖို့ အင်ဂျင်နီယာဌာနရဲ့ အကူအညီကို လိုလိမ့်မယ်။ ငါတို့ အပန်းဖြေစခန်းထဲက အဆောက်အဦးတွေ အကုန်လုံးကို ဟိုဘက်ကို ကူးယူလိုက်နိုင်ရင် အကောင်းဆုံးပဲ။”
ရှောင်းယီ ခေါင်းညိတ်လိုက်ပြီး အနည်းငယ် စဉ်းစားကာ ပြောလိုက်သည်။
“ဆောက်လုပ်ရေးဌာနက သုတေသနနဲ့ ဒီဇိုင်းပိုင်းကို လုပ်နိုင်ပေမဲ့ လောလောဆယ်တော့ ဓာတ်ခွဲခန်းထဲက စက်ရုပ်တွေကိုပဲ သုံးဖို့ အကြံပြုချင်တယ်။ သူတို့ကို ပုံစံခွက်တစ်ခု အရင်လုပ်ခိုင်းလိုက်ပါ။ ဒါဆို ကျုပ်တို့အတွက် ဆောက်လုပ်ရတာ ပိုပြီး အဆင်ပြေသွားလိမ့်မယ်။”
“ဟုတ်သားပဲ။ စိတ်ကူးကောင်းပဲ။”
အန်းယွဲ့က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ပစ္စည်းများကို တည်ဆောက်သည့်နေရာမှာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ထက် မြန်တာ ဘာမှမရှိပေ။ သို့သော် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သည် ထုပ်လုပ်မှုပုံစံသို့မဟုတ် ပုံစံခွက် လိုအပ်သည်။ ဤအရာနှစ်ခုမှာ အခြားသော အသက်ရှင်ကျန်ရစ်သူများအတွက် ရရှိရန် အလွန်ခက်ခဲနိုင်ပြီး ရိက္ခာသေတ္တာထဲက ရလာမလားဆိုသည့်အပေါ်တွင် အားကိုးရုံသာ ရှိသည်။
သို့သော် ရှောင်းယီအတွက်မူ သိပ်ပြီး ခက်ခဲမှုမရှိလှပေ။ ရုပ်ဝတ္ထုပစ္စည်းတစ်ခု ရှိနေသရွေ့ ၎င်းကို သုတေသနစက်ရုပ်များထံ လွှဲပြောင်းပေးကာ လေ့လာစေပါက စက်ရုပ်များသည် ပုံစံခွက်တစ်ခုကို သဘာဝကျကျ သုတေသနပြု ထုတ်လုပ်နိုင်မည်ဖြစ်သည်။
ယခင်က သုတေသနပြုလုပ်ထားသည့် ပုံစံခွက်များတွင် အသုံးပြုမှု ကန့်သတ်ချက်များ ရှိနေသေးသော်လည်း ကမ္ဘာကြီး၏ တိုးတက်မှု အရှိန်ရလာသည်နှင့်အမျှ ဤကန့်သတ်ချက်များမှာ တဖြည်းဖြည်းချင်း လျော့ပါးသွားပြီ ဖြစ်သည်။
“ဒါပေမဲ့ ကျုပ်တို့ ဓာတ်ခွဲခန်းက ပိုအရေးကြီးတဲ့ အခြားသုတေသနတွေကို ဦးစားပေးရဦးမယ်။ ဒီအပန်းဖြေစခန်း ပုံစံခွက် သုတေသနအတွက်တော့ စက်ရုပ် ငါးရုပ်ကိုပဲ တာဝန်ပေးလိုက်ပါ။”
ရှောင်းယီက ပြောလိုက်သည်။
“ကောင်းပြီ။”
အန်းယွဲ့က ပြန်ဖြေပြီး ချက်ချင်း အပြင်ပြန်ထွက်သွားတော့သည်။
သူသည် ထိုစက်ရုပ်များကို ရိုးရှင်းသော ပုံစံခွက်အချို့ကို အရင်ဆုံး သုတေသနပြုခိုင်းရန် စိတ်ဆုံးဖြတ်ထားပြီးဖြစ်သည်။ အခြားနေရာများရှိ အပန်းဖြေစခန်းများကိုမူ စက်ပစ္စည်းများနှင့် ကိရိယာများ တဖြည်းဖြည်းချင်း ဖြည့်ဆည်းသွား၍ ရသည်ဖြစ်ရာ အဆင့်တစ်ခုတည်းနှင့် အားလုံးပြီးပြည့်စုံအောင် လုပ်ဆောင်ရန် မလိုအပ်ပေ။
အန်းယွဲ့ ထွက်သွားပြီးနောက် ရှောင်းယီသည် ဖုန်းထုတ်ကာ ယီထျန်းဂရုချတ်ကို ဖွင့်ကြည့်လိုက်သည်။
“အား.. ဒီနေ့တော့ နှစ်သစ်ကူးတုန်းကလိုပဲ အလုပ်ရှုပ်လိုက်တာဆိုတာ။ တစ်စက္ကန့်လေးတောင် မနားရဘူး။”
“အပေါ်ကလူ ငါ မင်းကို အကြံပေးပါရစေ။ အရာအားလုံးကို ကိုယ်တိုင်လိုက်မလုပ်ပါနဲ့။ မဟုတ်ရင် အလုပ်လုပ်ရင်း သေသွားလိမ့်မယ်။”
“ငါလည်း အကုန်လုံးကိုယ်တိုင် လိုက်မလုပ်ချင်ပါဘူး။ ဒါပေမဲ့ အဓိကပြဿနာက လူအင်အားမလောက်တာပဲ။ ပြီးတော့ ငါတို့ကျွန်းဧရိယာကလည်း ကြီးလွန်းနေတယ်။”
“ကျွန်းဧရိယာ ကြီးလွန်းတယ် ဟုတ်လား။ ယီရန်ပင်းသူဌေးကြီး ထောင်ထားတဲ့ ဂရုချတ်ထဲမှာ မင်းကျွန်းက ကြီးလွန်းတယ်လို့ ပြောနေတာ နည်းနည်းတော့ ကြွားလွန်းသိလို ဖြစ်မနေဘူးလား။”
“သူဌေးကြီးနဲ့တော့ နှိုင်းယှဉ်လို့မရဘူးပေါ့။ ဒါပေမဲ့ ငါတို့ကျွန်းရဲ့ လူဦးရေနဲ့ ယှဉ်ရင်တော့ တကယ်ကို နည်းနည်း ကြီးလွန်းနေတယ်။”
“ဟုတ်တယ်။ ကျွန်းတစ်ကျွန်း ကြီးသလား မကြီးဘူးလားဆိုတာ ဧရိယာအပေါ်မှာ မူတည်တာမဟုတ်ဘူး။ ကျွန်းပေါ်မှာရှိတဲ့ လူဦးရေအပေါ်မှာပဲ မူတည်တယ်။ လူဦးရေနဲ့ မျှတနေသရွေ့ ဘယ်လောက်ပဲကြီးကြီး မကြီးပါဘူး။ အကယ်၍ မမျှတဘူးဆိုရင်တော့ စတုရန်းမီတာ တစ်သောင်းပဲ ရှိရင်တောင် မင်း အလုပ်လုပ်ရင်း သေသွားနိုင်တယ်။”
“ဒါကတော့ ဟုတ်ပါတယ်ယ ဒါပေမဲ့ ငါ တကယ်သိချင်တာက သူဌေးကြီးရဲ့ ကျွန်းက ဒီလောက်တောင် ကြီးတာကို ရေနေသတ္တဝါတွေရဲ့ တိုက်ခိုက်မှုကို သူ ဘယ်လို ကိုင်တွယ်လဲဆိုတာပဲ။”
“ဘယ်လို ကိုင်တွယ်ရမှာလဲ။ သူဌေးကြီးဆီမှာ ချင်းလုံရှိတယ်လေ။ ဘယ်လို ရေနေသတ္တဝါမျိုးရဲ့ တိုက်ခိုက်မှုကိုများ ချင်းလုံက မကိုင်တွယ်နိုင်လို့လဲယ”
“အဲ့ဒါတော့ ငါလည်း သိတာပေါ့။ ဒါပေမဲ့ သူဌေးမှာ ချင်းလုံရှိတယ်ဆိုရင်တောင် သူဌေးရဲ့ ကျွန်းပေါ်မှာ အသက်ရှင်ကျန်ရစ်သူ ဘယ်လောက်တောင် များလိုက်သလဲ။ ပြီးတော့ သူတို့ နေ့တိုင်း ရေနေသတ္တဝါတွေရဲ့ တိုက်ခိုက်မှုကို ဘယ်နှစ်ကြိမ် ကြုံတွေ့နေရလဲဆိုတာ မင်းသိထားရမယ်။ ပြီးတော့ ဒီတိုက်ခိုက်မှုတွေက ဖြစ်ချင်တဲ့နေရာမှာ ဖြစ်နေတာ။ ကျွန်းဧရိယာကလည်း အရမ်းကြီးတယ်။ ချင်းလုံ ဘယ်လောက်ပဲ မြန်မြန် အချိန်မီ လိုက်နိုင်မှာ မဟုတ်ဘူးလို့ ငါ ထင်တယ်။”
“အဲ့ဒါလည်း ဟုတ်တာပဲ။ နဂါးပြာက နေရာရွှေ့ပြောင်းနိုင်တဲ့ စွမ်းရည် မရှိရင်တော့ အဆင်ပြေမှာ မဟုတ်ဘူး။”
ရှောင်းယီသည် လူတိုင်းက သူ့အကြောင်း ဆွေးနွေးနေကြသည်ကို မြင်သောအခါ ဂရုချတ်ထဲတွင် ဝင်ပြောလိုက်သည်။
“ချင်းလုံက အိမ်မှာမရှိဘူး။ သူက ရေသူမျိုးနွယ်ဆီ ရောက်နေတယ်။ လောလောဆယ် ကျုပ်တို့မဟာမိတ်အဖွဲ့ရဲ့ ရေနေသတ္တဝါ တိုက်ခိုက်မှုပြဿနာကို အော်ကာဝေလငါးတွေဆီ လွှဲပေးထားတယ်။ သူတို့က အုပ်စုလိုက်ရှိတာဆိုတော့ အခုလောလောဆယ်တော့ တော်တော်လေး ကောင်းကောင်း ကိုင်တွယ်နိုင်နေကြတယ်။ အနည်းဆုံးတော့ ကျုပ်တို့ကိုယ်တိုင် လုပ်စရာမလိုတော့ဘူး။”
“အားးးး.. သူဌေးကြီး ပေါ်လာပြီဟေ့။”
“အော်ကာဝေလငါးအုပ်စု ဟုတ်လား။ သူဌေးကြီးကတော့ သူဌေးကြီးပါပဲ။ သွားရှုပ်လို့မရဘူး။”
“ငါတို့က ရေနေသတ္တဝါ တိုက်ခိုက်မှုတွေကို ကိုယ်တိုင်ကိုယ်ကျ ရှင်းလင်းဖို့ ရုန်းကန်နေရတုန်းပဲရှိသေးတယ်။ သူဌေးကတော့ ခြေပစ်လက်ပစ် အေးအေးဆေးဆေး နေနိုင်ပြီ။”
“မင်းတို့ကလည်း ဘာလို့ ဒီပြဿနာကို ဆွေးနွေးပြီး သူဌေးကို ဆွဲထုတ်လိုက်ရတာလဲ?။ဒါက အခြား အသက်ရှင်ကျန်ရစ်သူတွေကို ပိုပြီး အသုံးမကျသလို ခံစားရစေတာ မဟုတ်ဘူးလားယ”
“ဟူးးးး.. လူတိုင်းပဲ အကြောင်းအရာ ပြောင်းပေးကြပါဦးလား။ ငါတော့ မောလွန်းလို့ သေတော့မယ်။ သူဌေးဆီကနေ မမြင်ရတဲ့ စိတ်ပိုင်းဆိုင်ရာ အပြင်းအထန် တိုက်ခိုက်မှုတွေ ထပ်ပြီး မခံချင်တော့ဘူး။”
“လူတိုင်းပဲ... ဒီနေ့ ရိက္ခာသေတ္တာထဲက ဘာတွေရလဲဆိုတာ ပြောကြည့်ကြရင် မကောင်းဘူးလား။ လက်မည်းကြီး ဆုချလိုက်တဲ့ အုတ်မြစ်ကျောက် အကြောင်းတော့ ထည့်မပြောနဲ့တော့နော်။”
“ကောင်းတာ ဘာမှရပုံမရဘူး။ ငါကတော့ အော်တိုရိုင်ဖယ် ထုတ်လုပ်မှုပုံစံ နှစ်ခု ရခဲ့တယ်။”
“အော်တိုရိုင်ဖယ်ဆိုရင်တော့ မဆိုးပါဘူး။ ငါနဲ့မတူဘူး။ ငါကတော့ လေယာဉ်ပျံ ထုတ်လုပ်မှုပုံစံ ရထားတယ်။ ဒါပေမဲ့ သတ္တု အများကြီးလိုလို့ မဆောက်နိုင်သေးဘူး။”
“ငါကတော့ ဂိမ်းပုံစံခွက်တစ်ခု ရခဲ့တယ်။ ယုံချင်ယုံ မယုံချင်နေ။ အဲ့ဒါက ဘယ်မိုဘိုင်းဖုန်းထဲမှာမဆို ဒီဂိမ်းကို ထည့်သွင်း ပေးနိုင်တယ်။”
“ဒီလိုမျိုးလည်း ရတာပဲလား။ ငါ့ကိုပါ ထည့်ပေးပါဦး။ ဆော့ကြည့်ချင်လို့။”
“အုတ်မြစ်ကျောက် ၁၀ တုံး။”
“ဘာကွ.. မင်းက ဓားပြတိုက်နေတာလား။ ဘာဂိမ်းမို့လို့ ဒီလောက်တောင် ဈေးကြီးရတာလဲ။”
“မကြီးပါဘူး ဟုတ်တယ်မလား။ မသေမျိုးမျိုးနွယ်နဲ့ တိုက်ပွဲမှာ ပါဝင်ခဲ့သရွေ့ အသက်ရှင်ကျန်ရစ်သူတိုင်း အနည်းဆုံး အုတ်မြစ်ကျောက် တစ်သောင်းတော့ ရထားကြတာပဲလေ။ ကောင်းကောင်း စွမ်းဆောင်နိုင်တဲ့သူဆိုရင် ပိုတောင် ရသေးတယ်။ သေချာဖန်တီးထားတဲ့ ဂိမ်းတစ်ခုကို အုတ်မြစ်ကျောက် ၁၀ တုံးထဲနဲ့ ဆော့ရတာ ဈေးကြီးလို့လား။”
“အဲဒါလည်း ဟုတ်သားပဲ။ လာ လာ လာ... လဲလှယ်ကြရအောင်။”
ဂရုချတ်အတွင်း ရလာသည့် ပစ္စည်းအများအပြားမှာ ယခင်ကမ္ဘာ၏ တိုးတက်မှုအဆင့်သို့ ချဉ်းကပ်လာနေပြီဖြစ်ကြောင်း မြင်သောအခါ ရှောင်းယီ မျက်မှောင်အနည်းငယ် ကြုတ်မိသွားပြီး တစ်ခုခု မှားယွင်းနေသည်ဟု ခံစားလိုက်ရသည်။
သူသည် ရိက္ခာသေတ္တာများမှ ရလာသော ပစ္စည်းများကို တစ်ဖန်ပြန်ကြည့်လိုက်ပြီးနောက် ပြဿနာတစ်ခုကို ရုတ်တရက် သတိပြုမိသွားခဲ့ပြီး ဂရုချတ်ထဲတွင် မေးလိုက်သည်။
“ဒုံးပျံတွေ၊ ဂြိုဟ်တုတွေ ဒါမှမဟုတ် အဲ့ဒီလိုမျိုး ပစ္စည်းတွေ ရထားတဲ့သူ ရှိလား။”
ရှောင်းယီ ပို့လိုက်သော မက်ဆေ့ခ်ျကို မြင်သောအခါ လူတိုင်း အနည်းငယ် ကြောင်အသွားကြ၏။ ယီထျန်းဂရုချတ်တစ်ခုလုံး ခဏမျှ တိတ်ဆိတ်သွားပြီးနောက် စိတ်အားထက်သန်စွာဖြင့် ဆွေးနွေးမှုကို ပြန်လည်စတင်ကြလာတော့သည်။
“အာ.. ဂြိုဟ်တုတွေက ငါတို့နဲ့ အရမ်းဝေးလွန်းသေးတယ်လေ။ ဟုတ်တယ်မလား။ အဲ့ဒါတွေ ရဖို့ကတော့ မဖြစ်နိုင်ပါဘူး။”
“ဟုတ်တယ်။ ငါတို့ လေယာဉ်ပျံတွေအထိ ရနေပြီဆိုတာကတင်ပဲ တော်တော်လေး အထင်ကြီးဖို့ ကောင်းနေပြီ။”
“ဒုံးပျံတွေနဲ့ ဂြိုဟ်တုတွေလိုမျိုး ပစ္စည်းတွေ ရဖို့ကတော့ နောက်ထပ် ခဏလောက် စောင့်ရဦးမယ် ထင်တယ်။ နောက်ဆုံးတော့ ဒီအရာတွေက ဒီကမ္ဘာမြေပြင်ကနေ ပျံသန်းထွက်ခွာဖို့အတွက် လုပ်ထားတာလေ။”
“မဖြစ်နိုင်တာ။ အခုလက်ရှိ တိုးတက်မှုနှုန်းအရဆိုရင် အနည်းဆုံးတော့ ဂြိုဟ်တုရဲ့ ရှေ့ပြေးပုံစံမျိုး ပေါ်လာသင့်နေပြီ။ ဒါပေမဲ့ ဘယ်သူမှ အဲ့ဒီလို ဆက်စပ်ပစ္စည်းတွေ တကယ်မရဘူးဆိုရင်တော့ ဒါက နည်းနည်း ထူးဆန်းနေတာ အမှန်ပဲ။”
“အခု ငါတို့ ရနေတဲ့ ပစ္စည်းတွေက ယခင်ကမ္ဘာရဲ့ နှစ်ဆယ်ရာစု အလယ်ပိုင်းကာလနဲ့ အကြမ်းဖျင်း တူညီနေတယ်။ အဲ့ဒီအချိန်တုန်းကဆိုရင် လူလုပ်ဂြိုဟ်တုတွေ တကယ်ပဲ ရှိသင့်နေပြီ။”
“ယခင်ကမ္ဘာရဲ့ ပထမဆုံး လူလုပ်ဂြိုဟ်တုကို ၁၉၅၇ ခုနှစ်မှာ လွှတ်တင်ခဲ့တာ။ ဒါကြောင့် တကယ်ပဲ ရှိနေသင့်တယ်။ ဖြစ်နိုင်တာက ဒီတိုးတက်မှုအခြေအနေက သိပ်ပြီး တိကျချင်မှ တိကျမှာပါ။ မနက်ဖြန်ကျမှပဲ ထပ်ကြည့်ကြတာပေါ့။”