← Chapters

အခန်း (၁၂၂၇-၁၂၂၈)

Vol. 106 Ch. 1227-1228

အခန်း (၁၂၂၇-၁၂၂၈)

Vol. 106 Ch. 1227-1228

အခန်း ၁၂၂၇

ရှောင်းယီတစမယောက် ရော်ဂျာကို အထက်အောက် စုန်ဆန်အကဲခတ်ကြည့်လိုက်၏။

“မင်းက ငါ့ကို ဘာကောင်းတာပြမလို့လဲ။”

ထိုအခါ ရော်ဂျာသည် သူ့ဘီယာပုလင်းကို ဘေးတွင်ချထားလိုက်ပြီး ကျောပိုးအိတ်ကိုဖွင့်ကာ လက်ပ်တော့ပ်းတစ်လုံး ထုတ်လိုက်သည်။

“အာ.. မင်း ဇာတ်လမ်းတိုတွေ ရှာတွေ့လာတာတော့ မဟုတ်ပါဘူးနော်။ အဲ့ဒါတွေက မင်းလိုအရွယ် ကလေးတစ်ယောက် ကြည့်သင့်တဲ့ဟာတွေ မဟုတ်ဘူး။”

ရှောင်းယီက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“ကြည့်ရတာ ငါ ဦးလေးအန်းကို အင်တာနက်ကွန်ရက်ကို သေသေချာချာ ကြီးကြပ်ခိုင်းဖို့ လိုနေပြီ ထင်တယ်။”

ကွန်ပျူတာဖွင့်နေသည့် ရော်ဂျာမှာ ကြောင်အသွား၏။

“ဇာတ်လမ်းတို ဟုတ်လား။ ဘာဇာတ်လမ်းတိုလဲ။”

ရော်ဂျာ၏ ဝေခွဲမရဖြစ်နေသော အမူအရာကို မြင်သောအခါ ရှောင်းယီသည် သူအတွေးလွန်သွားမှန်း သိလိုက်၏။

“ရင်းနှီးမြှုပ်နှံမှုနည်းတဲ့ ကားတွေကို ပြောတာပါ။ ရိုက်ကူးရေးအဖွဲ့က ဆင်းရဲတယ်။ သရုပ်ဆောင်လည်း အများကြီးမပါဘူး။ ပြီးတော့ ဝတ်စုံတွေကလည်း အရမ်းနည်းနည်းလေးပဲ ဝတ်ထားကြတာမျိုးလေ။ ဒါက အရေးမကြီးပါဘူး။ နောက်ကျရင် မင်းနားလည်သွားလိမ့်မယ်။ အရင်ဆုံး မင်းပြောတဲ့ ပစ္စည်းကောင်းကိုပဲ ကြည့်ရအောင်။”

သူက စကားလမ်းကြောင်း လွှဲလိုက်သည်။

“ဟုတ်ကဲ့။”

ရော်ဂျာ ခေါင်းညိတ်လိုက်ပြီး ဆော့ဖ်ဝဲလ်တစ်ခုကို ဖွင့်လိုက်သည်။

“ကျွန်းပိုင်ရှင်.. ဒီဟာလေးပဲ။”

“ဒါက ဘာလဲ။”

ရှောင်းယီက စခရင်တစ်ခုလုံးနီးပါး စာလုံးအက္ခရာအမှားများ ပြည့်နေသည်ကို ကြည့်ပြီး နားမလည်နိုင်စွာ မေးလိုက်သည်။

ရှောင်းယီ ဇဝေဇဝါဖြစ်နေသည်ကို မြင်သောအခါ ရော်ဂျာသည် ဆော့ဖ်ဝဲလ်၏ ဘေးတစ်ဖက်တွင် ချက်ချင်း ကလစ်အနည်းငယ် နှိပ်လိုက်ရာ အင်တာဖေ့စ် တစ်ခုလုံးသည် ရုတ်တရက် ရှားနိုင်ငံ စာသားများအဖြစ် ပြောင်းလဲသွားတော့သည်။

ရှောင်းယီသည် အနည်းငယ် ရင်းနှီးနေသော မျက်နှာပြင်ကို အံ့သြတုန်လှုပ်စွာ ကြည့်လိုက်မိ၏။

“မင်း ဘာသာပြန်စနစ် တစ်ခု လုပ်လိုက်တာလား။”

“ကျွန်းပိုင်ရှင်က တကယ့်ကို ဗဟုသုတ ကြွယ်ဝတာပဲ။ ဟုတ်ပါတယ်...ဒါပါပဲ။”

ရော်ဂျာက လက်မထောင်ပြရင်း ပြောလိုက်သည်။

ဤဘာသာပြန်စနစ်သည် ရှောင်းယီအတွက် လုံးဝ အသုံးမဝင်သော်လည်း အခြားသူများအတွက်မူ အလွန် အသုံးဝင်ပေသည်။

လောလောဆယ်တွင် ယီရန်ပင်း မဟာမိတ်အဖွဲ့၌ မတူညီသော မျိုးနွယ်စုများနှင့် ဒေသခံများစွာ ရှိနေကြသည်။

ဒေသခံများတွင် မတူညီသော နိုင်ငံပေါင်း တစ်ဆယ်ကျော် ရှိနေပြီး ထိုနိုင်ငံများ၏ ပြောဆို ဆက်သွယ်သည့် ဘာသာစကားနှင့် စာရေးသားပုံစံများမှာလည်း အားလုံး ကွဲပြားခြားနားကြပေသည်။

ယခုအချိန်တွင် ထိုပြဿနာကို ဖြေရှင်းနိုင်သည့် တစ်ခုတည်းသောနည်းလမ်းမှာ ဆုဝမ်တို့ဘက်မှ လေ့ကျင့်ပေးထားသည့် ဘာသာပြန်များသာ ဖြစ်သည်။ မဟုတ်ပါက အဖွဲ့တစ်ဖွဲ့က အခြားအဖွဲ့၏ ဘာသာစကားကို သင်ယူရမည် ဖြစ်သည်။

ဘာသာစကား၏ လုပ်ဆောင်ချက်မှာ ဆက်သွယ်ပြောဆိုရန်ဖြစ်ပြီး အကယ်၍ ထိုကဲ့သို့သော ဘာသာပြန်စနစ် ရှိလာပါက ဆက်သွယ်ရေးမှာ အများကြီး ပိုမိုအဆင်ပြေသွားမည် ဖြစ်သည်။

အထူးသဖြင့် လျှို့ဝှက်ဆက်သွယ်မှုအချို့အတွက် ဘာသာပြန်တစ်ဦးကို ခေါ်ဆောင်သွားခြင်းက အမြဲတမ်း အန္တရာယ် ရှိနိုင်ပေသည်။

“ဒါပေမဲ့ ဒီဘာသာပြန်စနစ်က လောလောဆယ်တော့ စာသားအတွက်ပဲ ရသေးတယ်။ ပြီးတော့ ကောင်းကင်မိုးကြိုးမင်းဆက်ရဲ့စာပေနဲ့ မဟာမိတ်အဖွဲ့ရဲ့ စာသားကြား ဘာသာပြန်ဖို့ပဲ ကန့်သတ်ထားပါသေးတယ်။”

ရော်ဂျာက အနည်းငယ် စိတ်မသက်မသာဖြင့် ပြောလိုက်သည်။

“ကျွန်တော့်ရဲ့ ရည်မှန်းချက်က အချိန်နဲ့တပြေးညီ အသံဘာသာပြန်စနစ်ကို ဖန်တီးဖို့ပဲ။”

ရှောင်းယီ ခေါင်းညိတ်လိုက်သည်။

“အထင်ကြီးစရာပဲ။ ဒါနဲ့ ဒီဆော့ဖ်ဝဲလ်ကို မင်းကိုယ်တိုင်ပဲ လုပ်ခဲ့တာလား။”

“ဟုတ်တယ်။ ကျွန်တော် မဟာမိတ်အဖွဲ့ထဲက ဆရာတွေနောက်လိုက်ပြီး ဆော့ဖ်ဝဲလ်ပရိုဂရမ်မင်းကို လေ့လာနေတာ ရက်ပိုင်းပဲ ရှိသေးတယ်။”

ရော်ဂျာက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။

“မင်းက တကယ် အံ့သြဖို့ကောင်းတာပဲ။”

ရှောင်းယီ ရော်ဂျာကို မနေနိုင်ဘဲ လက်မထောင်ပြလိုက်မိသည်။

ရော်ဂျာ ယီရန်ပင်းမဟာမိတ်အဖွဲ့သို့ ရောက်ရှိလာသည်မှာ ရက်ပိုင်း... အလွန်ဆုံးရှိမှ လဝက်ခန့်သာ ရှိသေးသည်။ အတန်းအချို့ကို တက်ရောက်ပြီးရုံမျှဖြင့် စမ်းသပ်တီထွင်ကာ စာသားဘာသာပြန်စနစ်ကို ဖန်တီးနိုင်ခဲ့၏။ ဤရော်ဂျာသည် ပရိုဂရမ်မင်းပိုင်းတွင် တကယ်ကို ပါရမီထူးလွန်းလှသည်။

“ကျွန်းပိုင်ရှင်က ကျွန်တော့်ကို အမွှန်းတင်လွန်းနေပါပြီ။ ကျွန်တော်က ဒါကို သဘောကျလို့ပါ။”

ရော်ဂျာက ပြန်ပြောလိုက်သည်။

“ဒါ့အပြင် ခင်ဗျားတို့ရဲ့ နည်းပညာသစ်ပင်က တကယ်ကို အံ့အားသင့်စရာ ကောင်းတယ်။ ကျွန်တော့်ရဲ့ အချိန်နဲ့ စွမ်းအင်က ကန့်သတ်ချက်ရှိနေတာ နှမြောစရာပဲ။ မဟုတ်ရင် အမျိုးအစားတိုင်းကို တကယ် လေ့လာချင်မိတယ်။”

ရှောင်းယီက သူ့ပုခုံးကို ပုတ်ပေးလိုက်၏။

“စိတ်မပူပါနဲ့။ မင်းမှာ အချိန်တွေ အများကြီး ရှိပါသေးတယ်။ လောစရာမလိုပါဘူး။”

“ကျွန်တော့်မှာ အချိန်တွေ အများကြီး ရှိတာ ဟုတ်ပေမဲ့ ခင်ဗျားတို့ရဲ့ အချိန်က ကန့်သတ်ချက် ရှိတယ်လေ။”

ရော်ဂျာက စိတ်ပျက်လက်ပျက် ပြောလိုက်သည်။

“ကျွန်တော် ခမည်းတော်ဆီက ကြား..အာ မဟုတ်ဘူး။ အခု ‘အဖေ’ လို့ပဲ ခေါ်ရတော့မယ်။ အဖေ့ဆီက ကြားတာကတော့ ခင်ဗျားတို့ အပြင်လူတွေက နောက်ဆုံးမှာ ဒီကမ္ဘာကနေ ထွက်ခွာသွားကြလိမ့်မယ်ဆိုတာပဲ။”

ရှောင်းယီ ခေါင်းညိတ်လိုက်သည်။

“ဘယ်လောက်ပဲ ကောင်းတဲ့အရာဖြစ်ဖြစ် အဆုံးသတ်တော့ ရှိတာပဲလေ။ တစ်နေ့နေ့မှာ ငါတို့ ထွက်ခွာသွားရမှာပဲ။”

“ဒါကြောင့်မို့လို့ ကျွန်တော်တို့အတွက် အချိန်က မလုံလောက်ဘူးလို့ ပြောတာပေါ့။”

ရော်ဂျာက သက်ပြင်းချရင်း ပြောလိုက်သည်။ ရှောင်းယီက ပြုံးလိုက်၏။

“စိတ်မပူပါနဲ့။ ငါတို့ မထွက်ခွာခင်မှာ ငါတို့ရဲ့ ဗဟုသုတအားလုံးကို စာအုပ်တွေအဖြစ် ပြုစုပြီး ချန်ထားခဲ့ခိုင်းပါ့မယ်။ ကျန်တဲ့အပိုင်းကတော့ မင်းတို့ တဖြည်းဖြည်းချင်း တိုးတက်အောင် လုပ်ဆောင်သွားမယ့်အပေါ်မှာပဲ မူတည်တယ်။”

“ဒါဆိုရင်တော့ တကယ်ကို အဆင်ပြေတာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ ပြဿနာတွေနဲ့ ကြုံလာရတဲ့အခါ တိုင်ပင်ဆွေးနွေးဖို့ ဘယ်သူမှ ရှိတော့မှာ မဟုတ်ဘူးလေ။”

ရော်ဂျာတစ်ယောက် ထိုအကြောင်းကို စဉ်းစားမိပြီး အနည်းငယ် ဝမ်းနည်း စိတ်မကောင်း ဖြစ်သွားမိ၏။

“ဒါဆိုလည်း အခုကတည်းက မေးထားပေါ့။”

ရှောင်းယီက ပြောလိုက်၏။

“အခုဆို လူအတော်များများက ငါတို့ အပြင်လူတွေရဲ့ အသိပညာနည်းစနစ်တွေကို လေ့လာထားပြီးကြပြီ။ အကယ်၍ အခက်အခဲတစ်ခုခုရှိရင် အချိန်မီ တင်ပြဆွေးနွေးလို့ ရတာပေါ့။”

ရော်ဂျာက ခေါင်းညိတ်လိုက်သည်။

“ဒီဘာသာပြန်စနစ်ကို ပိုပြီးပြည့်စုံကောင်းမွန်လာအောင် ကြိုးစားစမ်းသပ်ပေးပါဦး။ နောင်ကျရင် ဒါက အများကြီး အသုံးဝင်လာလိမ့်မယ်။”

ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။ ထိုအခိုက်အတန့်တွင် ဆုဝမ် လျှောက်လာပြီး မေးလိုက်သည်။

“ဘာသာပြန်စနစ် ဟုတ်လား။ ဘာဘာသာပြန်စနစ်လဲ။”

ရှောင်းယီက ရှေ့ရှိ ကွန်ပျူတာကို လက်ညှိုးထိုးပြလိုက်သည်။

“ငါတို့မဟာမိတ်အဖွဲ့ထဲက ပါရမီရှင်လေးကို ကြည့်လိုက်ပါဦး။ ရက်ပိုင်းလေးအတွင်းမှာတင် အသစ်စက်စက် လေ့လာထားတဲ့ အသိပညာတွေကို သုံးပြီး ဘာသာပြန်ဆော့ဖ်ဝဲလ်တစ်ခုကို ပရိုဂရမ်ရေးဆွဲနိုင်ခဲ့တယ်လေ။”

“ကျွန်းပိုင်ရှင်က အမွှန်းတင်လွန်းနေပါပြီ။”

ရော်ဂျာ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီးနောက် သူ၏ ဆော့ဖ်ဝဲလ်ကို မည်သို့အသုံးပြုရမည်နည်းဟူသည်ကို စတင်ရှင်းပြတော့သည်။

ဆုဝမ်က လက်မထောင်ပြလိုက်၏။

“မင်းသာ နောက်ထပ် ရက်ပိုင်းလောက် ထပ်ပြီး သုတေသနလုပ်ရင် ငါ့လူတွေ အလုပ်ပြုတ်ကုန်တော့မှာပဲ။”

“ဗျာ...။”

ရော်ဂျာတစ်ယောက် ကြောင်အသွား၏။

“ဒါက အဲ့လောက်အထိ သက်ရောက်မှုရှိမယ်လို့ ကျွန်တော် မသိခဲ့လို့ပါ။”

သူက ကပျာကယာ ပြောလိုက်၏။ ရှောင်းယီက ပြုံးလိုက်သည်။

“နည်းပညာဆိုတာ အမြဲတမ်း ရှေ့ကို တိုးတက်နေတာပဲ။ အကယ်၍ မင်းက ဒီထက်ပိုပြီး ဉာဏ်ရည်မြင့်တဲ့ ဆော့ဖ်ဝဲလ်မျိုး ရေးနိုင်ရင် ဒါက မဟာမိတ်အဖွဲ့ရဲ့ ဘာသာပြန်လုပ်ငန်းကို ပိုပြီး မြှင့်တင်ပေးနိုင်မှာမို့လို့ စိတ်ထဲမှာ ဘာမှ ဝန်ထုပ်ဝန်ပိုး မထားပါနဲ့။”

ဆုဝမ်ကလည်း ပါးစပ်ကို လက်ဖြင့်အုပ်ကာ တခစ်ခစ် ရယ်မောရင်း ပြောလိုက်သည်။

“တကယ်တော့ ငါတို့က အလုပ်ပြုတ်ချင်နေတာလေ။ စစ်တပ်ကြီးနဲ့အတူ တစ်နေကုန် ဟိုပြေးဒီပြေး လုပ်နေရတာအပြင် တစ်ခါတရံ ဝယ်သူတွေရဲ့ လျှို့ဝှက်ချက်တွေကိုပါ ထိန်းသိမ်းပေးနေရတာက အရမ်းပင်ပန်းလွန်းတယ်။”

ရော်ဂျာက အလေးအနက် ခေါင်းညိတ်လိုက်သည်။

“ဒါဆိုရင်တော့ ကျွန်တော် ပိုပြီး ကြိုးစားရတော့မှာပေါ့။”

ရှောင်းယီက မိမိ၏ သားဖြစ်သူကို အကြိမ်ကြိမ် ချီးမွမ်းနေသည်ကို မြင်လိုက်ရသည့်အခါ လော့လင်တန်တစ်ယောက် အလွန်အမင်း စိတ်ချမ်းသာ ပျော်ရွှင်နေမိသည်။

‘ငါ့ရဲ့ ဆုံးဖြတ်ချက်က မှန်ကန်ခဲ့တာပဲ။ ငါ့သားက ဒီနေရာကို လာပြီး ပညာသင်တာနဲ့ သုတေသနလုပ်ဖို့ တကယ်ကို ကိုက်ညီတယ်။’

လော့လင်တန်တစ်ယောက် စိတ်ထဲမှ ရေရွတ်လိုက်မိသည်။

“နယ်မြေအရှင် လော့... ခင်ဗျားမှာ တကယ့်ကို ထူးချွန်တဲ့ သားနဲ့သမီး ရှိတာပဲ။”

အန်းယွဲ့က ဝိုင်ခွက်ကို ကိုင်ကာ လျှောက်လာရင်း ပြောလိုက်သည်။

“ဗဟိုတိုင်းမှူးအန်းက အမွှန်းတင်လွန်းနေပါပြီ။”

လော့လင်တန်က ရိုရိုသေသေ ပြန်ဖြေလိုက်သည်။ အန်းယွဲ့က လက်ကာပြလိုက်၏။

“ကျုပ်က အမှန်အတိုင်း ပြောတာပါ။ ခင်ဗျားရဲ့ သမီးကလည်း အခုဆိုရင် ပြည်နယ်တစ်ခုကို ကိုယ်ပိုင်လွတ်လပ်စွာ စီမံခန့်ခွဲနေပြီ မဟုတ်လား။”

“ဟုတ်ပါတယ်။ ဒါကလည်း သူ အတွေ့အကြုံ ရသွားအောင်လို့ပါ။ နောင်ကျရင် ကောင်းကင်မိုးကြိုးနယ်မြေကို သူပဲ ဆက်ပြီး စီမံခန့်ခွဲသွားရမှာလေ။”

လော့လင်တန်က ခေါင်းညိတ်ရင်း ပြန်ဖြေလိုက်သည်။

ယီရန်ပင်း မဟာမိတ်အဖွဲ့သည် ရာထူးဆက်ခံသည့် စနစ်ကို ပယ်ချခြင်း မရှိပေ။ မိမိ၏ သားသမီး မြေးမြစ်များသာ အရည်အချင်း လုံလုံလောက်လောက် ရှိပါက ရာထူးနေရာများကို ဆက်ခံပိုင်ခွင့် ရှိပေသည်။

ရော်ဂျာက လက်ပ်တော့ပ်ကို ပြန်လည်သိမ်းဆည်းလိုက်ပြီး အသားကင်များကို ဆက်စားကာ ဘီယာကို ဆက်လက်သောက်သုံးနေတော့သည်။

ထိုညက အသားကင်ပါတီသည် သန်းခေါင်ကျော်အထိ ကြာမြင့်ခဲ့ပြီးမှ လူတိုင်း မိမိတို့၏ အိပ်ခန်းများသို့ ပြန်ကာ အနားယူခဲ့ကြသည်။

ရှောင်းယီအနေဖြင့် ယခင်က ဤမျှလောက် သက်သောင့်သက်သာရှိမှုမျိုး တစ်ခါမျှ မခံစားခဲ့ရဖူးချေ။

နောက်တစ်နေ့ နံနက် ငါးနာရီတွင် ရှောင်းယီသည် အချိန်မှန် နိုးလာခဲ့ပြီး ပုံမှန်အတိုင်း ဝရန်တာသို့ ထွက်ကာ ကျင့်ကြံ လိုက်သည်။ ဝမ်ချိုင်နှင့် အခြားအိမ်မွေးတိရစ္ဆာန်များမှာ ထိုနေရာတွင် စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။

နှစ်နာရီအချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားပြီး ရှောင်းယီ၏ မိုဘိုင်းဖုန်းနှင့် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်နှစ်ခုစလုံးမှ အရေးပေါ် အချက်ပေးသံများ ပြိုင်တူ မြည်ဟည်းလာတော့သည်။

ရှောင်းယီသည် ဖုန်းထဲရှိ ဂရုချတ်ကို ဖွင့်ကြည့်လိုက်ရာ တစ်စုံတစ်ယောက်က သူတို့၏ မဟာမိတ်ကျွန်းကို လာရောက်တိုက်ခိုက်နေသော ရှေးဦးဧရာမ သားရဲကြီးကို ကိုင်တွယ်ရန် သူဌေးကြီးဘက်မှ အကူအညီ လိုအပ်နေကြောင်း တွေ့လိုက်ရတော့သည်။

ရှောင်းယီသည် ထိုကိစ္စကို ကျန်းယွင်ထျန်းထံ ချက်ချင်း လွှဲပြောင်းပေးလိုက်ပြီး ရေငုပ်သင်္ဘောတစ်စီး စေလွှတ်ကာ ကူညီပံ့ပိုးပေးရန် စီစဉ်ခိုင်းလိုက်သည်။

ဘာပဲဖြစ်ဖြစ် ဒါက စစ်တပ်က တာဝန်တစ်ခုအနေဖြင့် ထွက်ခွာရခြင်း ဖြစ်သဖြင့် ကျန်းယွင်ထျန်းကို ကိုင်တွယ်ခိုင်းခြင်းက ပို၍ သင့်တော်ပေသည်။

သူသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကိုလည်း တစ်ချက်ကြည့်လိုက်ရာ ထိုနေရာတွင်လည်း အကူအညီတောင်းခံမှုများ ရှိနေသဖြင့် ၎င်းတို့ကိုပါ ကျန်းယွင်ထျန်းထံသို့သာ ပို့ပေးလိုက်တော့သည်။

“စနစ်... လက်မှတ်ထိုးဝင်မယ်။”

အခန်း ၁၂၂၈

“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသည့် ဆုလာဘ် - ခရီးသည်တင် လေယာဉ်ပုံစံကွက် (SSS အဆင့်) ၁။”

ထိုဆုလာဘ်ကို မြင်သောအခါ ရှောင်းယီတစ်ယောက် မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် ခေါင်းယမ်းလိုက်မိသည်။ ၎င်းမှာ လုပ်ဆောင်ချက်ချင်း ထပ်နေသော အခြားပုံစံကွက်တစ်ခု ဖြစ်နေပြန်သည်။

ယခင်က ရရှိထားသည့် အကြီးစား သယ်ယူပို့ဆောင်ရေး လေယာဉ်ကြီးသည် ခရီးသည်တင် လေယာဉ်အဖြစ်ပါ ပူးတွဲအသုံးပြု၍ ရနေပြီးသား ဖြစ်သည်။

သို့သော်လည်း သယ်ယူပို့ဆောင်ရေး လေယာဉ်ကြီးများကို စစ်ရေးနှင့် ကယ်ဆယ်ရေး ရည်ရွယ်ချက်များအတွက်သာ သတ်မှတ်ထားသော်လည်း ပုံမှန်ခရီးသည် သယ်ယူပို့ဆောင်ရေးအတွက်မူ သီးသန့်ခရီးသည်တင်လေယာဉ်ကသာ ပိုမိုကျွမ်းကျင် စနစ်ကျပေလိမ့်မည်။

ရှောင်းယီသည် ခရီးသည်တင် လေယာဉ်ပုံစံကွက်ကို ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် အသုံးပြုလိုက်ပြီးနောက် အန်းယွဲ့ထံ မက်ဆေ့ခ်ျပို့လိုက်သည်။

“ဦးလေးအန်း.. အရပ်ဘက်သုံး လေဆိပ်တစ်ခု စပြီးပုံစံထုတ်လို့ ရပြီ။ ကျုပ် ဒီနေ့ ခရီးသည်တင် လေယာဉ်ပုံစံကွက်တစ်ခု ရထားတယ်။ ဘယ်လိုစီစဉ်ချင်လဲဆိုတာ တစ်ချက်ကြည့်လိုက်ပါဦး။”

“ကောင်းပါပြီ။”

မက်ဆေ့ခ်ျပို့ပြီးနောက် ရှောင်းယီသည် မနက်စာစားရန် အောက်ထပ်သို့ ဆင်းလာခဲ့လိုက်၏။

ကျန်းယွင်ထျန်းသည် ထမင်းစားပွဲတွင် ထိုင်ရင်း သူ၏ဖုန်းမှတစ်ဆင့် အမိန့်များ ပေးပို့နေခဲ့သည်။

“ရေငုပ်သင်္ဘော နံပါတ် ၂၃ နဲ့ ၂၄...ဖုန်းဝူယာ မဟာမိတ်အဖွဲ့ဆီ သွားပြီး အဲ့ဒီက ရှေးဦးဧရာမ သားရဲကြီးကို ကိုင်တွယ်လိုက်။ လူတိုင်း မနေ့က ကျွန်းပိုင်ရှင်ရဲ့ သတိပေးချက်ကို သတိရကြပါစေ။ ပေါ့ဆလို့ မဖြစ်ဘူး။ ဘေးကင်းအောင် လုပ်ဆောင်ကြပါ။”

“ဟုတ်ကဲ့ပါ။”

ကျန်းယွင်ထျန်းသည် ဖုန်းကို ချလိုက်ပြီး ရှောင်းယီကို မြင်လျှင်မြင်ချင်း ချက်ချင်း ပြောလိုက်၏။

“နေ့တစ်နေ့က ခုမှစရုံပဲရှိသေးတယ်။ ငါတို့ဆီကို ကူညီတောင်းတဲ့ မဟာမိတ်အဖွဲ့က ၁၀ ဖွဲ့တောင် ရှိနေပြီ။ အခု SSS အဆင့် အသက်ရှင်ကျန်ရစ်သူတွေ ပိုပိုများလာနေတဲ့ ပုံပဲ။”

ရှောင်းယီက ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်။ ဒါပေမဲ့ များလေ ကောင်းလေပါပဲ။ ငါတို့ အသိပညာတွေ ပိုရှိလာလေလေ...ငါတို့ မသိသေးတာတွေ ဘယ်လောက်တောင် များနေလဲဆိုတာကို ပိုပြီး သတိထားမိလာလေလေပဲလို့ ငါ အမြဲ ခံစားရတယ်။”

“အမှန်ပဲ....။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။

“ဒါနဲ့ ကျွန်းပိုင်ရှင်.. ဒီနေ့ လက်နက်အသစ်တွေ ဘာတွေ ရသေးလဲ။”

“မရဘူး။”

ရှောင်းယီက ခေါင်းယမ်းရင်း ပြန်ဖြေလိုက်သည်။

“လောလောဆယ် ဘာတိုက်ပွဲမှ မရှိတော့ဘူးဆိုတော့ လက်နက်အသစ်တွေ သိပ်မလိုသေးပါဘူး ဟုတ်တယ်မလား။”

“တိုက်ပွဲတွေ မရှိတာ ဟုတ်ပေမဲ့ ငါတို့ရဲ့ လက်နက်အင်အား ထိပ်တန်းအဆင့်ကို ဆက်ပြီစထိန်းထားနိုင်ဖို့ လက်နက်အသစ်တွေကို အမြဲမပြတ် တီထွင်နေရမယ်လေ။”

ကျန်းယွင်ထျန်းက ပြောလိုက်သည်။

ဤသည်မှာ အမှန်ပင်ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် လူတိုင်းက ထောက်ပံ့ရေးသေတ္တာတွေထဲကနေ လက်နက်ပုံစံကွက်တွေကို အမြဲတမ်း ရှာတွေ့နေကြသည်ချည်းပင်။ အကယ်၍ ယီရန်ပင်း မဟာမိတ်အဖွဲ့သာ ရှေ့ကို ဆက်မလှမ်းနိုင်ပါက တစ်နေ့နေ့တွင် အခြားသူများ၏ လိုက်မီခြင်း သို့မဟုတ် ကျော်တက်ခြင်းကို ခံရပေလိမ့်မည်။

ရှောင်းယီသည်လည်း ကူကယ်ရာမဲ့နေ၏။

“ဒါက ကံတရားပေါ် မူတည်နေတာလေ။ ငါ လိုချင်တိုင်း ရနေတာမှ မဟုတ်တာ။”

“ဒါလည်း ဟုတ်တာပဲ။”

ကျန်းယွင်ထျန်းက ပြန်ဖြေပြီး မနက်စာကို ဖြည်းဖြည်းချင်းသာ ဆက်စားနေလိုက်သည်။

“ဒါနဲ့.. မင်း တာအိုကျမ်းစာကို လေ့လာနေတာ အခြေအနေ ဘယ်လိုရှိလဲ။”

ရှောင်းယီက မေးလိုက်သည်။

“နေ့တိုင်း ဖတ်နေတာပဲ။ ခေါင်းတွေတောင် မူးနောက်နေပြီ။”

ကျန်းယွင်ထျန်းက မျှော်လင့်ချက်ကင်းမဲ့နေရဟန်ဖြင့် ပြောလိုက်သည်။

“ငါ မသေမျိုးမျိုးတွေနဲ့ သွားတိုက်ရတာကိုမှ ပိုကြိုက်သေးတယ်။ ဒါက တကယ့်ကို နှိပ်စက်လွန်းတာပဲ။”

ရှောင်းယီက ပြုံးလိုက်သည်။

“ပင်ပန်းတယ်ဆိုတာ မင်း တိုးတက်နေလို့ပေါ့။ ပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်သန်းလိုက်စမ်းပါ။”

ထိုစဉ် ဘေးနားရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ အချက်အလက်များကို စောင့်ကြည့်နေသော ဆုဝမ်က ရုတ်တရက် လှမ်းပြောလာခဲ့သည်။

“ကျွန်းပိုင်ရှင်၊ အစ်ကိုကျန်း.. တစ်ယောက်ယောက်က နိုင်ငံခြား မဟာမိတ်အဖွဲ့တစ်ခုကို တိုက်ခိုက်တာကို လိုက်ဖ်လွှင့်နေတယ်။”

“လိုက်ဖ်လွှင့်နေတယ် ဟုတ်လား။”

ရှောင်းယီနှင့် ကျန်းယွင်ထျန်းတို့ ကြောင်အသွားကြသည်။

“ဟုတ်တယ်...။ လွန်ခဲ့တဲ့ နှစ်ရက်က တစ်ယောက်က လိုက်ဖ်လွှင့်တဲ့ အက်ပလီကေးရှင်း တစ်ခုကို တီထွင်လိုက်တယ်လေ။ အခု အက်ပ်ဈေးကွက်မှာ ဒေါင်းလုဒ်ဆွဲလို့ ရနေပြီ။”

ဆုဝမ်က ရှင်းပြလိုက်သည်။ ရှောင်းယီက ရယ်မောလိုက်၏။

“ဒီလိုဆော့ဖ်ဝဲလ်မျိုးတွေတောင် တီထွင်နိုင်တယ်ဆိုတော့ အားလုံးက တော်တော်လေး အားနေကြတဲ့ပုံပဲ။”

ကျန်းယွင်ထျန်းကမူ ထိုလိုက်ဖ်အက်ပ်ကို ဒေါင်းလုဒ်ဆွဲ၊ အကောင့်ဖွင့်ပြီး ဖွင့်ကြည့်လိုက်ပြီးဖြစ်သည်။

၎င်းသည် အသစ်စက်စက် အက်ပ်တစ်ခု ဖြစ်ပုံရသဖြင့် လိုက်ဖ်လွှင့်သူ အလွန်နည်းပါးလှသည်။ ကျန်းယွင်ထျန်းသည် နိုင်ငံခြားမဟာမိတ်အဖွဲ့ကို တိုက်ခိုက်နေသည့် လိုက်ဖ်လွှင့်သူကို အလွယ်တကူ ရှာတွေ့သွား၏။

“သံမဏိသွေးမဟာမိတ်အဖွဲ့ရဲ့ လိုက်ဖ်လွှင့်ခန်းကနေ ကြိုဆိုပါတယ် မိတ်ဆွေတို့ရေ...။ ဒီနေ့ ငါတို့က ယီတုန်းနိုင်ငံရဲ့ မဟာမိတ်အဖွဲ့ကို သွားရောက်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။”

လိုက်ဖ်လွှင့်သူသည် အခန်းထဲသို့ ဝင်လာသောလူများကို အဆက်မပြတ် နှုတ်ဆက်နေ၏။

ယီတုန်းနိုင်ငံကို တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် ကြည့်ရှုသူ ပရိသတ်များမှာ စိတ်လှုပ်ရှားသွားကြတော့သည်။

ရှားနိုင်ငံသားများသည် ယီတုန်းနိုင်ငံနှင့် ယှဉ်ပြိုင်ရမည်ဟူသော သတင်းကို ကြားလိုက်ရသည်နှင့် ၎င်းသည် ပြိုင်ပွဲဖြစ်စေ၊ တိုက်ပွဲဖြစ်စေ...ချက်ချင်းပင် စိတ်ကြွဆေး အထိုးခံလိုက်ရသလိုမျိုး တက်ကြွသွားတတ်ကြသည်။ ဟုတ်ပါသည်.. ဘောလုံးပြိုင်ပွဲကလွဲလို့ပေါ့။

“လိုက်ဖ်လွှင့်တဲ့သူရေ.. အဲ့ဒီယီတုန်းနိုင်ငံ မဟာမိတ်အဖွဲ့ရဲ့ ကိုဩဒိနိတ်တွေကို ပေးပါဦး။ ငါ အခုချက်ချင်း လာပြီး ဝိုင်းကူမလို့။”

“အတိအကျပဲ။ ငါတို့ ကမ္ဘာဟောင်းတုန်းက သူတို့ကို ဘာမှမလုပ်နိုင်ခဲ့ပေမဲ့ ဒီမှာတော့ သေချာပေါက် အပြတ်ရှင်းပစ်လို့ရတယ်။”

“လိုက်ဖ်လွှင့်တဲ့သူရေ.. မင်းသာ အဲ့ဒီကျွန်းကို သိမ်းပိုက်နိုင်ရင် မင်းရဲ့ ခဲယမ်းမီးကျောက်ဖိုးအတွက် ငါ သုံးသောင်း လှူမယ်။”

“ယီတုန်းနိုင်ငံကို တိုက်တဲ့ပွဲကို အားပေးဖို့အတွက် ငါ ငါးသောင်း လှူမယ်။”

ရှောင်းယီသည် လိုက်ဖ်လွှင့်ခန်းအတွင်းရှိ မက်ဆေ့ခ်ျများကို မြင်သောအခါ ဆုဝမ်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။

“အကယ်၍ ဒီသံမဏိသွေးမဟာမိတ်အဖွဲ့က ယီတုန်းနိုင်ငံမဟာမိတ်အဖွဲ့ကို တိုက်ခိုက်နေရင်း ငါတို့ဆီကနေ လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေ လာဝယ်ရင် သူတို့ကို ဆယ်ရာခိုင်နှုန်းပဲ ယူပြီး ကိုးဆယ်ရာခိုင်နှုန်းအထိ လျှော့စျေးနဲ့ ရောင်းပေးလိုက်။”

ဆုဝမ်တစ်ယောက် အနည်းငယ် ကြောင်အသွားခဲ့ပြီးနောက် “ဟုတ်ကဲ့” ဟု ပြန်ဖြေလိုက်သည်။

အကယ်၍ ရှောင်းယီကိုယ်တိုင်သာ ကိုယ်တိုင်ကိုယ်ကျ သွားရောက်တိုက်ခိုက်ပါက သူတစ်ပါးကို အနိုင်ကျင့်ရာ ရောက်လွန်းလှသည်။ သို့သော် အခြားသူများက သွားရောက်တိုက်ခိုက်ခြင်း ဖြစ်သဖြင့် သူ အနိုင်ကျင့်သည်ဟု မသတ်မှတ်နိုင်တော့ပေ။

ထိုအခိုက်အတန့်တွင် အန်းယွဲ့က အပြင်ဘက်မှ ကပျာကယာ ပြေးဝင်လာ၏။

“ကျွန်းပိုင်ရှင်.. ငါတို့ရဲ့ စူးစမ်းလေ့လာရေးအဖွဲ့က တစ်စုံတစ်ခု ရှာဖွေတွေ့ရှိထားတယ်။”

ရှောင်းယီ ချက်ချင်း ထရပ်လိုက်မိ၏။

“ဘာ ရှာတွေ့ထားတာလဲ။”

“သူတို့ အုတ်မြစ်ကျောက်ကျွန်းတစ်ကျွန်းကို ရှာတွေ့ခဲ့တယ်။”

အန်းယွဲ့က ပြန်ဖြေလိုက်သည်။

“သူတို့ကို ကိုဩဒိနိတ်တွေ အခုချက်ချင်း ပေးခိုင်းလိုက်။ ကျုပ် သွားကြည့်မယ်။”

“ငါလည်း လိုက်မယ်။”

ကျန်းယွင်ထျန်းက လိုက်ဖ်ဗီဒီယိုကို ချက်ချင်းပိတ်ကာ ပြောလိုက်သည်။ ရှောင်းယီ၏ အပြည့်အဝ ပံ့ပိုးကူညီမှု ရှိနေသဖြင့် သံမဏိသွေးမဟာမိတ်အဖွဲ့သည် ယီတုန်းနိုင်ငံမဟာမိတ်အဖွဲ့ကို မသိမ်းပိုက်နိုင်လျှင်ပင် အနည်းဆုံးတော့ ရှုံးနိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် လိုက်ဖ်ဗီဒီယိုကို အများကြီး အာရုံစိုက်နေစရာ မလိုတော့ချေ။

ရှောင်းယီနှင့် ကျန်းယွင်ထျန်းတို့သည် မြို့ပြန်ကျောက်ကို အသုံးပြုကာ စူးစမ်းလေ့လာရေး သင်္ဘောပေါ်သို့ ချက်ချင်း ရောက်ရှိလာကြသည်။

“ကျွန်းပိုင်ရှင်၊ နည်းပြကြီး...။”

သင်္ဘောပေါ်ရှိ စစ်သားများသည် ထိုနှစ်ဦးကို မြင်လျှင်မြင်ချင်း ချက်ချင်း နှုတ်ဆက်လိုက်ကြသည်။ ရှောင်းယီ ခေါင်းညိတ်ပြလိုက်သည်။

“ရှာတွေ့ထားတဲ့ အုတ်မြစ်ကျောက်ကျွန်းက ဘယ်မှာလဲ။”

စစ်သားက သူတို့နှစ်ဦးကို အပြင်သို့ ခေါ်ဆောင်သွားပြီး သင်္ဘောဘေးတွင်ရှိသော သစ်ပင်တစ်ပင်တည်းသာ ရှိသည့် ကျွန်းငယ်လေးကို လက်ညှိုးထိုးပြလိုက်သည်။

“အဲ့ဒီကျွန်းပါပဲ။”

လေးစတုရန်းမီတာခန့်သာ ကျယ်ဝန်းသော ထိုကျွန်းငယ်လေးကို ကြည့်ပြီး ရှောင်းယီတစ်ယောက် ကြောင်အသွားမိ၏။

“ဒါက ငါတို့ ဒီကမ္ဘာကို စရောက်တုန်းက ကျွန်းတွေရဲ့ အရွယ်အစားမျိုး မဟုတ်ဘူးလား။”

ကျန်းယွင်ထျန်းက ခေါင်းညိတ်ပြလိုက်သည်။

“မြို့ကြီးပြကြီးတွေက အိမ်သာတစ်လုံးစာ အရွယ်အစားလောက်ပဲ ရှိတယ်။ ငါ ကျွန်းပေါ်တက်ပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင် ရှိ၊ မရှိ သွားကြည့်လိုက်မယ်။”

ကျန်းယွ်ထျန်းသည် ကျွန်းပေါ်သို့ ခုန်ကူးလိုက်ပြီး သစ်ပင်အောက်ရှိ ထူထပ်လှသော မြက်ပင်များကို ဖယ်ရှားကြည့်ရှုလိုက်သော်လည်း ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ရှာမတွေ့ခဲ့ပေ။

“ကျွန်းပိုင်ရှင်.. ကျွန်းအထိမ်းအမှန်ကျောက်တိုင် မရှိဘူး။”

ကျန်းယွင်ထျန်းက မျက်မှောင်ကြုတ်ကာ လှမ်းပြောလိုက်သည်။

“ဒါက ကျောက်တိုင် ဖျက်ဆီးခံရပြီး အုတ်မြစ်ကျောက်ကို ပြန်သိမ်းမသွားတဲ့ အခြားကျွန်းတစ်ကျွန်း ဖြစ်နေပြန်တာလား။”

ရှောင်းယီက မျက်မှောင်ကြုတ်ကာ တွေးတောမိလိုက်သည်။

ယခင်ကလည်း ဂရုချတ်ထဲရှိ တစ်စုံတစ်ယောက်က အုတ်မြစ်ကျောက်ကျွန်းကို ရှာတွေ့ခဲ့သော်လည်း ကျွန်းအထိမ်းအမှတ်ကျောက်တိုင် မရှိကြောင်း ပြောဆိုခဲ့ဖူးသည်။

“ဂရုထဲကလူတွေ ခန့်မှန်းကြသလိုမျိုး ဒီကျွန်းတွေက စိတ်ကျန်းမာရေးမကောင်းတဲ့ လူတွေရဲ့ ကျွန်းတွေ ဖြစ်နေတာများလား။”

ကျန်းယွင်ထျန်းက သင်္ဘောပေါ်သို့ ပြန်ခုန်ကူးရင်း ပြောလိုက်သည်။ ရှောင်းယီက ခေါင်းယမ်းလိုက်၏။

“ငါလည်း မသိဘူး။ ဒါပေမဲ့ အဲ့ဒီလိုပုံစံမျိုးနဲ့တော့ မတူဘူး။”

ဤအချိန်တွင် သင်္ဘောပေါ်ရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှတစ်ဆင့် ယီထျန်းဂရုချတ်အတွင်းရှိ လူတစ်ဦးက မက်ဆေ့ခ်ျပို့လာခဲ့သည်။

“ကျုပ်တို့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မရှိတဲ့ အုတ်မြစ်ကျောက်ကျွန်းတစ်ကျွန်းကို ရှာတွေ့ထားတယ်။”

“ငါတို့လည်း တစ်ကျွန်း ရှာတွေ့ထားတယ်။ တကယ် ထူးဆန်းတာပဲ။ အရင်အသုတ်က အသက်ရှင်ကျန်ရစ်သူတွေထဲမှာ စိတ်ကျန်းမာရေးမကောင်းတဲ့လူတွေ ဒီလောက်တောင် များနေတာလား။”

“ဒါကတော့ ရယ်စရာကြီးပဲ။ စိတ်ကျန်းမာရေးမကောင်းတဲ့လူတွေ ဒီလောက်အများကြီး ဘယ်လိုလုပ် ရှိနိုင်မှာလဲ။”

“ဒါကတော့ ပြောရခက်တယ်။ ငါတို့ ကမ္ဘာဟောင်းမှာတော့ အဲ့ဒီလောက် မများပေမဲ့ တခြား အဆင့်မြင့်ဂြိုဟ်တွေမှာ အများကြီး ရှိနေနိုင်တာပဲလေ။”

“ဘာလို့ အများကြီး တွေးနေမှာလဲ။ ဘာပဲဖြစ်ဖြစ် ငါတို့လည်း အုတ်မြစ်ကျောက် ရှာဖို့ပဲ ရောက်လာကြတာပဲလေ။”

“အတိအကျပဲ။ အုတ်မြစ်ကျောက်ကို ယူပြီး ထွက်သွားရုံပဲ။”

လူအများ၏ ဆွေးနွေးမှုများကို စောင့်ကြည့်ရင်း ရှောင်းယီတစ်ယောက် အတွေးနက်သွားပြန်သည်။ ဤပျောက်ဆုံးနေသော ကျွန်းအထိမ်းအမှတ်ကျောက်တိုင်များသည် ဖျက်ဆီးခံလိုက်ရခြင်းလော သို့မဟုတ် တစ်စုံတစ်ယောက်က ယူဆောင်သွားခြင်းလော။

အကယ်၍ ဖျက်ဆီးခံရသည်ဆိုလျှင်လည်း ဖြစ်နိုင်ခြေရှိသည်။ ထို့အတူ ယူဆောင်သွားခြင်း ဆိုလျှင်လည်း ဖြစ်နိုင်ချေ ရှိပေသည်။

အကယ်၍ ယူဆောင်သွားတယ်ဆိုရင် ဘာဖြစ်လို့ အုတ်မြစ်ကျောက်ကိုပါ ပြန်မသိမ်းဆည်းသွားတာလဲ။

ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ယူဆောင်သွားတဲ့သူက အုတ်မြစ်ကျောက်ကို မလိုအပ်လို့များလား။

All Chapters