အခန်း ၂၈၁
Vol. 29 Ch. 281
အခန်း(281)
စုရှောင်လော်က အဘိုးဖြစ်သူ၏စကားကြောင့် ပျော်ရွှင်စွာ အော်ဟစ်လိုက်သော်လည်း သူမ၏ မိခင်ဖြစ်သူဘက်မှ ပြောဆိုပေးရန်အတွက် မမေ့မလျော့ခဲ့ပေ။
“အဘိုး၊ မနက်စာကို အမေ လုပ်ပေးတာ မဟုတ်ပါဘူး၊ အဘွား လုပ်ပေးတာ၊
သမီးရဲ့ အမေ ချက်ပေးတဲ့ ကြက်သွန်မြိတ်ဆီချက်ခေါက်ဆွဲက တကယ့်ကို အရသာရှိတယ်”
“ကောင်းပါပြီ၊ ကောင်းပါပြီ၊ သမီးက အမေအပေါ် ဂရုစိုက်တတ်မှန်း အဘိုး သိပါတယ်၊
ဒါပေမဲ့ အဘိုးတို့တွေ အိမ်ပြန်ရောက်တဲ့အချိန်ကျရင် အဘွားကိုတော့ ဒီလိုစကားမျိုး သွားပြီး မပြောရဘူးနော်”
“ရှောင်လော် သိပါတယ်၊ ရှောင်လော်က တုံးအတဲ့ ကလေးလေး မဟုတ်ပါဘူး၊ အဘွားသာ ကြားသွားရင် သေချာပေါက် စိတ်မကောင်းဖြစ်သွားလိမ့်မယ်၊
ရှောင်လော်က အဘွားကို အဲဒီဘန်းမုန့်က တကယ့်ကို မွှေးကြိုင်ပြီး ဆန်ပြုတ်ကလည်း အရမ်း ချိုမြိန်ပါတယ်လို့ပဲ ပြောလိုက်ပါ့မယ်”
စုဝေ့မင် : “...”
အခြေအနေက ဤမျှအထိ ဆိုးရွားရန်တော့ မလိုအပ်ပေ။
အကယ်၍ စုရှောင်လော်သာ ထိုကဲ့သို့ စကားမျိုးကို ပြောဆိုလိုက်လျှင် နောက်ပိုင်းလာမည့် နှစ်ပတ်တာ ကာလပတ်လုံး သူတို့က မနက်တိုင်း ဆန်ပြုတ်နှင့် ဘန်းမုန့်များကိုသာ ဆက်လက်၍ စားသောက်ကြရလိမ့်မည်။
ထိုအဘိုးနှင့် မြေးမလေးနှစ်ဦးလုံး၏ ခြေလှမ်းများက ပိုမို၍ ဝေးကွာသွားခဲ့ကြချိန်တွင် စုဝေ့ချင်းက အသားအရေထိန်းခရမ် အနည်းငယ်ကို လှမ်းယူလိုက်ပြီး လက်ဖဝါးဖြင့် ပွတ်သပ်ကာ လီရှန်း၏ မျက်နှာပေါ်သို့ လိမ်းပေးလိုက်လေ၏။
သူ၏ လုပ်ဆောင်ချက်မှာ လွန်ခဲ့သောအချိန်က လီရှန်းတစ်ယောက် စုရှောင်လော်၏ မျက်နှာပေါ်သို့ လိမ်းကျံပေးခဲ့သော ပုံစံနှင့် တူညီနေခဲ့သည်။
သူက စုဝေ့မင်၏ လေသံကိုပင် အတုယူလိုက်ရင်း ပြောဆိုလေသည်။
“ကိုယ်တို့တွေလည်း ပြင်ဆင်တာကို အမြန် အပြီးသတ်ကြရအောင်၊ ဒါမှ ကျောင်းကို ခွင့်သွားတိုင်ပြီး ဦးလေးတွေကို တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ပြန်လည်ကျင်းပတော့မဲ့အကြောင်းကို သွားပြောလို့ရမှာ မဟုတ်ဘူးလား၊
အနည်းဆုံးတော့ သူတို့ကို စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေ ရှိနေစေချင်တယ်၊
ပြီးတော့ ကျန်းချောင်လည်း ရှိသေးတယ်၊ သူက မနှစ်ကမှ စက်ရုံကို ဝင်ခွင့်ရခဲ့တာလေ၊ အခု အိမ်ခန်းချပေးမယ့်အချိန်ကို စောင့်မျှော်နေတာ၊
သူ စာမေးပွဲ ဖြေမလား မဖြေဘူးလားဆိုတာကို ကိုယ်တို့တွေ သေချာတိုင်ပင်ပြီး အစီအစဉ်တစ်ခုခု ထုတ်ပြန်ရမယ်”
အကယ်၍ သူသာ စာမေးပွဲ မဖြေဆိုပါက သူတို့ဇနီးမောင်နှံနှစ်ဦးက မထွက်ခွာမီအချိန်အတွင်းမှာပင် ကျန်းချောင်အတွက် အိမ်ခန်းရရှိရေး ကိစ္စရပ်များကို ကူညီကိုင်တွယ်ဖြေရှင်းပေးခဲ့ကြလိမ့်မည်။
အကယ်၍ စာမေးပွဲကို ဖြေဆိုမည်ဆိုလျှင်လည်း သူတို့နှစ်ဦးက ကျန်းချောင်ကို စာပေများကို ထပ်မံသင်ကြားပေးကြရဦးမည်ပင်။
တက္ကသိုလ်တက်ခြင်းဟူသော ကိစ္စက စိတ်ဆန္ဒတစ်ခုတည်းဖြင့် စာမေးပွဲ ဝင်ရောက်ဖြေဆိုလိုက်ရုံမျှဖြင့် ပြီးနိုင်သည့် ရိုးရှင်းလွန်းသောအရာ မဟုတ်ပေ။
“ကောင်းပြီ”
ဤကိစ္စက အမှန်တကယ်ပင် အရေးကြီးလွန်းသော်လည်း သူမအနေဖြင့် ဆံပင်များက ရှုပ်ထွေးလျက် အပြင်သို့ ထွက်ခွာသွားရန် မသင့်တော်ပေ။
ထို့ကြောင့် လီရှန်းက သူမ၏ ဆံပင်များကို လျင်မြန်စွာပင် ဖြီးသင်လိုက်လေသည်။
ထို့နောက် သူမ၏ဌာနထံတွင် အချိန်နှစ်နာရီခန့် ခွင့်တိုင်လိုက်ပြီး အပြင်သို့ အလောတကြီး ထွက်ခွာလာခဲ့ကြ၏။
စုဝေ့ချင်း ခန့်မှန်းခဲ့သည့်အတိုင်းပင် စက်ရုံဝန်းတစ်ခုလုံးထဲ၌ လူအမြောက်အမြားတို့မှာလည်း ပျော်ရွှင်စွာဖြင့် ဆူညံပွက်လောရိုက်နေခဲ့ကြလေ၏။
သေချာပေ၏။
လူအများစုက စာအုပ်ဆိုင်များသို့ သွားကာ လေ့လာစရာစာအုပ်များကို ရှာဖွေရန်အတွက် ခွင့်တိုင်နေခဲ့ကြခြင်း ဖြစ်သည်။
တစ်ချိန်တည်းမှာပင် စာတိုက်သို့ သွားပြီး ကျေးလက်ဒေသသို့ ပညာတတ်လူငယ်များအဖြစ် ဆင်းသွားခဲ့ကြရသော သူတို့၏ ကလေးများထံသို့ ကြေးနန်းစာများကို ပေးပို့ရန်နှင့် လေ့လာစရာစာအုပ်များကို ပါဆယ်ထုတ်ပြီး ပေးပို့ရန်အတွက် လုပ်ဆောင်နေခဲ့ကြ၏။
တရားဝင်ဝန်ထမ်း အလုပ်အကိုင်ကို ရရှိထားပြီးသူများထဲတွင်တော့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဝင်ရောက်ဖြေဆိုရန်အတွက် ထုတ်ဖော်ပြောဆိုသူ မရှိခဲ့ပေ။
ထိုဇနီးမောင်နှံ နှစ်ဦးမှလွဲ၍..
သူတို့ကပိုင်မားခရိုင်ရှိ အထက်တန်းကျောင်းသို့ တိတ်တဆိတ်ဖြင့် သွားရောက်စူးစမ်းမေးမြန်းခဲ့ကြလေ၏။
ပိုင်မားခရိုင် အထက်တန်းကျောင်းက စာမေးပွဲစစ်ဆေးရေးကွင်း ဖြစ်လာလိမ့်မည်ပင်။
ထို့နောက်တွင် သူတို့က လျှောက်လွှာများကို တင်သွင်းခဲ့ကြပြီး စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများကို ရရှိခဲ့ကြ၏။
ကျောင်းမှ ဆရာကတော့ ခဏမျှ ကြောင်အသွားရသည်။ သူက ထိုကျောင်းသား နှစ်ဦးကို ကောင်းစွာ မှတ်မိနေခဲ့သည်ပင်။
သူ မေးမြန်းလိုက်လေသည်။
“မင်းတို့နှစ်ယောက်လုံးက အခုဆိုရင် တရားဝင်ဝန်ထမ်းတွေ ဖြစ်နေကြပြီ မဟုတ်ဘူးလား၊
ဘာဖြစ်လို့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ထပ်ပြီး ဖြေဆိုချင်နေရတာလဲ”
“ကျွန်မတို့တွေ စမ်းသပ်ပြီး ဖြေကြည့်ချင်လို့ပါ၊ တကယ်လို့ ကံကောင်းလို့ စာမေးပွဲအောင်မြင်သွားခဲ့မလားလို့”
လီရှန်းက နှိမ့်ချသော အပြုံးဖြင့် ပြောဆိုလိုက်လေသည်။
စုဝေ့ချင်းကတော့ ပိုမို၍ ပွင့်လင်းပြတ်သားလွန်းသည်။
“ကျွန်တော်တို့ရဲ့ ဆေးဝါးစက်ရုံမှာ ပိုပြီး မြင့်မားတဲ့ အသက်မွေးဝမ်းကျောင်း အသိပညာတွေကို သင်ယူဖို့ လိုအပ်နေသေးတယ်၊
နောင်တစ်ချိန်ကျရင် တက္ကသိုလ်ကျောင်းသားတွေ ပိုမိုပြီးများပြားလာတဲ့အချိန်ကျရင် ကျွန်တော်တို့လို အလုပ်သမားဟောင်းတွေက အသိပညာနဲ့ ကျွမ်းကျင်မှုအပိုင်းတွေမှာ လက်လှမ်းမမီဖြစ်လာကြလိမ့်မယ်၊
ကျွန်တော်တို့တွေက လုပ်သက်ရှည်ရုံလာက်နဲ့ တခြားလူတွေထက် လစာပိုရရှိနေမယ်ဆိုရင်တော့ နည်းနည်း ရှက်စရာ ကောင်းနေလိမ့်မယ်၊
အဲဒီအစား တက္ကသိုလ်ကို သွားရောက်ဖြေဆိုကြည့်တာက ပိုပြီး ကောင်းမွန်ပါတယ်၊
တကယ်လို့ ဝင်ခွင့်ရခဲ့ရင်တော့ မတူတော့ဘူး၊ ကျွန်တော်တို့တွေ ကျောင်းဆင်းပြီး စက်ရုံကို ပြန်ရောက်လာမယ်ဆိုရင် စက်ရုံရဲ့ တည်ဆောက်ရေး ကိစ္စရပ်တွေမှာ ဆက်လက်ပါဝင် ဆောင်ရွက်နိုင်တာပေါ့”
ထိုစကားက အကြောင်းပြချက် ခိုင်လုံလွန်းသော်လည်း လက်ရှိအချိန်တွင် လူအများစု တွေးတောနေကြသော အတွေးအမြင်များနှင့် ဆန့်ကျင်ဘက် ဖြစ်နေခဲ့ရသည်။
ကံကောင်းစွာဖြင့် ကျောင်းမှ ဆရာက သူ၏ အတွေးအမြင်ကို အပြည့်အဝ ထောက်ခံအားပေးခဲ့လေ၏။
“မင်းပြောတာ ကောင်းတယ်၊ ငါတို့တွေ စာပေသင်ကြားခြင်းကို ဘယ်တော့မှ မရပ်တန့်သင့်ဘူး”
သို့သော် ထိုဆရာက သူတို့ဇနီးမောင်နှံ၏ လက်ရှိအလုပ်အကိုင်ကို တွေးတောမိလိုက်ချိန်တွင် မချီးမွမ်းဘဲ မနေနိုင်တော့ပေ။
“ဒါပေမဲ့ မင်းတို့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ဖြေဆိုဖို့အတွက် မင်းတို့ရဲ့ အလုပ်အကိုင်တွေကို စွန့်လွှတ်စရာ မလိုအပ်ပါဘူး၊
မင်းတို့က မင်းတို့ရဲ့ အလုပ်ဌာန နာမည်နဲ့ပဲ စာပေတွေကို သွားရောက်သင်ယူလို့ ရတယ်လေ”
ဤကဲ့သို့ လုပ်ဆောင်မည်ဆိုပါက စက်ရုံဘက်ကလည်း လစဉ် လူနေမှုစရိတ် တချို့ကို ထောက်ပံ့ပေးနိုင်ပေလိမ့်မည်။
သို့သော် သူတို့နှစ်ဦးလုံးက အလုပ်ခွင်သို့ ပြန်လည်ရောက်ရှိလာရန်အတွက် စိတ်ကူးမရှိကြပေ။
တစ်ဦးက စာပေပညာရပ်ကို သင်ယူချင်ပြီး တခြားတစ်ဦးက ဆေးပညာရပ်ကို သင်ယူချင်နေခဲ့သည်။
သဘာဝကျကျ တွေးကြည့်လျှင် သူတို့က ဤအလုပ်ကိုပြန်မဝင်ချင်သည့်အတွက် သူတို့၏ စာပေသင်ကြားရေးအတွက် စက်ရုံထံမှ ငွေကြေးထောက်ပံ့မှု တောင်းခံရန်အတွက်ထုတ်ဖော်ပြောဆိုရဲလိမ့်မည် မဟုတ်ပေ။
စာရင်းပေးသွင်းပြီးနောက်တွင် ထိုဇနီးမောင်နှံအနေဖြင့် နောက်ထပ် အကြောင်းကြားစာ ထွက်ပေါ်လာချိန်၌ စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများကို သွားရောက်ထုတ်ယူရန်သာ လိုအပ်တော့မည်ပင်။
ကျောင်းမှ ထွက်ခွာလာခဲ့ကြပြီးနောက် သူတို့နှစ်ဦးက စက်မှုယန္တယားစက်ရုံဆီသို့ ဦးတည်ခဲ့ကြလေ၏။
ကျန်းချောင်မှာ ဆေးဝါးစက်ရုံသို့ ဝင်ခွင့်ရရှိခဲ့ပြီးကတည်းက လူပျိုဆောင် အခန်းတစ်ခုတွင် နေထိုင်ခဲ့ခြင်းဖြစ်ပြီး မကြာခဏ မိဘအိမ်သို့ ပြန်လည်၍ နေထိုင်လေ့ရှိသည်။
ယမန်နေ့က အခြေအနေကို ကြည့်ခြင်းအားဖြင့် သူက သူ၏ မိဘအိမ်သို့ ပြန်သွားခဲ့လောက်ပေပြီ။
ထို့ကြောင့် သူတို့က ကျန်းချောင်ကို သွားရောက်ရှာဖွေခြင်းမပြုတော့ဘဲ စက်မှုယန္တယားစက်ရုံဆီသို့ တိုက်ရိုက်လာခဲ့ကြသည်။
သူတို့ အိမ်တံခါးဝသို့ ရောက်ရှိလာချိန်တွင် အထဲဘက်မှ ဆူညံစွာ အော်ဟစ်ဆဲဆိုသံများကို ကြားလိုက်ရလေ၏။
စုဝေ့ချင်းတို့ ဇနီးမောင်နှံက တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် နှစ်ယောက်လုံး နားစွင့်လျက် နားထောင်လိုက်ကြသည်။
ထိုအချိန်တွင် ဖန်ချင်းက ခြံဝန်းထဲ၌ အော်ဟစ်ကျိန်းမောင်းနေခဲ့လေ၏။ သူတို့ အကြောင်းအရာများကို နားထောင်ကြည့်လိုက်လျှင် သူမက ကျန်းချောင်ကို ကျိန်မောင်းဆဲဆိုနေခြင်း ဖြစ်နေခဲ့လေ၏။
မကောင်းတော့ဘူး။
လီရှန်းတစ်ယောက် စုဝေ့ချင်းကို ဂရုမစိုက်နိုင်တော့ဘဲ ခြံဝန်းထဲသို့ လျင်မြန်စွာပင် ပြေးဝင်သွားခဲ့လေတော့၏။
သူမက အထဲသို့ ဝင်လိုက်သည်နှင့် ဖန်ချင်းက လက်ထဲတွင် တံမြက်စည်းတစ်ချောင်းကို ကိုင်ဆောင်ထားရင်း ကျန်းချောင်၏ နောက်ကျောကို လိုက်လံရိုက်နှက်နေသည်ကို မြင်တွေ့လိုက်ရပြီး သူမက ငိုယိုလျက် ဆဲဆိုနေခဲ့လေသည်။
“..မင်း ငါ့ကို သတ်ပစ်ချင်နေတာလား၊ မင်းမှာ အဲဒီလို ပါရမီမျိုး ရှိလို့လား၊
မင်းက တက္ကသိုလ် သွားတက်ချင်သေးတယ်ပေါ့လေ၊ မင်းရဲ့ အစ်မက မင်းကို ဆေးဝါးစက်ရုံထဲကို ဝင်ခွင့်ရအောင် ဘယ်လောက်အထိကူညီပေးခဲ့ရလဲဆိုတာကို မင်း မတွေးတောဘူးလား၊
အခု မင်းက တက္ကသိုလ် သွားတက်မယ်လို့ ပြောနေတော့ မင်းက မင်းရဲ့ အစ်မကို ဘယ်လိုမျိုး မျက်နှာပြရမှာလဲ”
ကျန်းချောင်က ခေါင်းကိုငိုက်စိုက်ချထားခဲ့ပြီး စကားတစ်ခွန်းမျှ ပြန်လည်၍ ချေပခြင်းမရှိပေ။
သေချာပေ၏။ သူသည်လည်း တက္ကသိုလ်တက်ချင်သည့် စိတ်ဆန္ဒ ရှိနေဆဲပင်။
ဖန်ချင်းက သူမ၏သားဖြစ်သူက အမှန်တကယ့်ကို ခေါင်းမာလွန်းသည်ဟု ခံစားနေရရှာ၏။
သူက လွန်ခဲ့သော နှစ်အနည်းငယ်ကတည်းက အမှန်တကယ့်ကို လိမ္မာရေးခြားရှိပြီး အလိုက်သိတတ်သူ ဖြစ်ခဲ့သော်လည်း အခုတွင် အလွန်အမင်း ခေါင်းမာလာခဲ့သည်။
“မင်း ကျောင်းတုန်းက စာမေးပွဲ ရလဒ်တွေက သာမန်ပဲ ရှိခဲ့တယ်၊ ဒါကို မင်းကိုယ်တိုင်လည်း သိတာပဲ မဟုတ်ဘူးလား၊
အခု တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ပြန်လည်ကျင်းပတော့မယ်ဆိုရင် လူတိုင်းက စာမေးပွဲသွားဖြေချင်ကြမှာပဲ၊
တခြားနေရာတွေကို ထည့်မပြောဘဲနဲ့ ငါတို့ရဲ့ နင်ပြည်နယ်တစ်ခုတည်းကိုပဲ ကြည့်ဦး၊ လူ ဘယ်လောက်များများ စာမေးပွဲသွားဖြေချင်နေကြလဲ၊
ပြီးတော့ ကျေးလက်ဒေသကို ဆင်းသွားခဲ့ကြရတဲ့ ပညာတတ်လူငယ်တွေလည်း ရှိသေးတယ်၊
သူတို့က သူတို့ရဲ့ ဘဝကို ပြောင်းလဲပစ်နိုင်မယ့် တစ်ခုတည်းသော အခွင့်အရေးအတွက် ရူးသွပ်လောက်အောင် စာကျက်မှာပဲ
မင်းက မင်းရဲ့ အစ်မနဲ့ ယောက်ဖတို့ရဲ့ ကူညီမှုကြောင့် ဆေးဝါးစက်ရုံကို ဝင်ခွင့်ရခဲ့တာလေ၊
မင်း တက္ကသိုလ်ဝင်ခွင့်ရဖို့အတွက် ဘယ်သူ့ကို သွားပြီး အားကိုးနေဦးမှာလဲ”