အခန်း ၂၈၂
Vol. 29 Ch. 282
အခန်း(282)
ဖန်ချင်း၏ စကားများက အမှန်တကယ်ပင် လေးနက်လွန်းသည်။
သူမက ကျန်းချောင်တစ်ယောက် စာမေးပွဲ အောင်မြင်လိမ့်မည်မဟုတ်ဟု ယုံကြည်ထားလေ၏။
ထို့ကြောင့် သူ့ကို ဆေးဝါးစက်ရုံ၌သာ ရိုးသားစွာအလုပ်လုပ်ကိုင်ရန်အတွက် စည်းရုံးချင်နေခဲ့သည်။
မည်သို့ပင်ဖြစ်စေ အကယ်၍ ကျန်းချောင်က တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ဖြေဆိုပြီးမှ ကျရှုံးသွားခဲ့လျှင် ဆေးဝါးစက်ရုံရှိ သူ၏အလုပ်အကိုင်ကိုပါ ဆုံးရှုံးသွားရလိမ့်မည်။
ယခုအချိန်တွင် ကျန်းချောင်က အိမ်ထောင်ပြုရမည့် အရွယ်သို့ ရောက်လာခဲ့ပြီ ဖြစ်သောကြောင့် အောင်သွယ်တော်များကလည်း သူတို့၏အိမ်တံခါးဝသို့ လာရောက်နေကြလေပြီ။
သို့သော် သူက ဤအချိန်တွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ဖြေဆိုမည်ဟု ပြောဆိုလာခဲ့သည်။
ဤသည်က ဟာသတစ်ခုသာ မဟုတ်ပါလား။
လူတိုင်း တက္ကသိုလ် သွားတက်မည်မဟုတ်ပေ။
ဖန်ချင်း၏ အတွေးအရဆိုလျှင် တက္ကသိုလ်တက်နိုင်သူများဟူသည်သာ ထိပ်တန်းအဆင့်ပါရမီရှင်ကြီးများသာ ဖြစ်ကြသည်။
ကျန်းချောင်က ထိုကဲ့သို့သော ထိပ်တန်းပါရမီရှင်တစ်ဦး ဖြစ်နိုင်ပါမည်လား။
သူမက သူမ၏သားကို အထင်သေးနေခြင်း မဟုတ်ပေ။
ကျန်းချောင်က ဆေးဝါးစက်ရုံ၏ စာမေးပွဲကိုပင် အောက်ခြေတွင်ကပ်၍ အောင်မြင်ခဲ့သည်မဟုတ်ပါလား။
“အမေ၊ ကျွန်တော် စမ်းသပ်ပြီးတော့ပဲ ဖြေကြည့်ချင်တာပါ၊ တကယ်လို့ စာမေးပွဲကျခဲ့ရင်လည်း ဆေးဝါးစက်ရုံမှာပဲ ရိုးရိုးသားသား ဆက်ပြီး အလုပ်လုပ်ပါ့မယ်”
ကျန်းချောင်က ခေါင်းကို မော့လိုက်ရင်း သူ၏သတ္တိကို အစွမ်းကုန်မွေးပြီး ပြောဆိုလိုက်လေသည်။
“တက္ကသိုလ်ဝင်ခွင့်စာမေးပွဲရောက်မဲ့အချိန်ထိ အချိန်တွေ အများကြီး လိုသေးတယ်၊
မင်းက ဒီအတောအတွင်းမှာ အလုပ်လည်းလုပ်၊ စာလည်းကျက်ရမှာလေ၊မင်းမှာ ဦးနှောက်က တစ်ခုတည်းတည်း ရှိတာကို ဒီလောက်အထိ များပြားတဲ့ အလုပ်တွေကို တစ်ပြိုင်နက်တည်း လုပ်နိုင်ပါ့မလား”
ကျန်းချောင်က ထပ်မံ၍ တိတ်ဆိတ်နေမိပြန်သည်။
သူက သူ၏ အခြေအနေကို မသိဘဲ မနေပါချေ။
သို့သော် သူက အသက်နှစ်ဆယ်မျှသာ ရှိသေးသည်။
သူ၏ရှေ့တွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့်ဟူသော ကြီးမားလွန်းသည့် အခွင့်အရေးကြီး ရှိနေခဲ့ပြီဖြစ်၍ လွဲချော်သွားခဲ့လျှင် သူ၏ဘဝတစ်သက်တာလုံး နောင်တရနေရလိမ့်မည်။
ဒါ့အပြင်..
တကယ်လို့ ကံကောင်းသွားခဲ့ရင်ရော။
စာမေးပွဲဖြေဆိုမည့် ကျောင်းသား အမြောက်အမြားရှိနေကြသော်လည်း တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကြီးကို ရပ်ဆိုင်းထားခဲ့ရသည်က ဆယ်နှစ်တိုင်တိုင် ကြာမြင့်ခဲ့ပြီဖြစ်၏။
စာမေးပွဲဖြေဆိုသူများထဲတွင် အသိပညာအားလုံးကို အမှန်တကယ် ကျွမ်းကျင်ပိုင်နိုင်သူ မည်မျှအထိ ရှိနိုင်ပါမည်နည်း။
သူက အထက်တန်းကျောင်းဆင်းခါစဖြစ်ရုံမျှမက လွန်ခဲ့သောနှစ်အတွင်း အပြင်းအထန် လေ့လာသင်ယူမှုများကို ပြုလုပ်ခဲ့ဖူးသူလည်း ဖြစ်နေသေးသည်။
ထို့ကြောင့် အနည်းဆုံးတော့ သူ၏စိတ်ထဲရှိ အသိပညာများက တခြားသူများထက် ပိုမို၍ လတ်ဆတ်နေဆဲပင်။
“ကျွန်တော် အလုပ်ကိုပဲ အဓိကထားပြီး လုပ်ဆောင်ပါ့မယ်၊ ပြီးမှ ကျန်တဲ့အချိန်တွေကို စာကျက်ဖို့အတွက် သုံးပါ့မယ်၊
စိတ်မပူပါနဲ့ အမေ၊ ကျွန်တော်က အကျိုးအကြောင်းမသိတဲ့သူ မဟုတ်ပါဘူး၊ ကျွန်တော် ဘာလုပ်ရမလဲဆိုတာကို ကောင်းကောင်းသိပါတယ် “
ကျန်းချောင်က ခေါင်းကို ငိုက်စိုက်ချထားမိရင်း သူ၏ လက်သည်းများဖြင့် ကုတ်ခြစ်နေခဲ့လေ၏။ သူ၏လေသံက လေးနက်လွန်းသော်လည်း အနည်းငယ်လောက်သော ဝမ်းနည်းရိပ်များရောယှက်နေခဲ့သည်။
“ကျွန်တော့်ရဲ့ အစ်ကိုနှစ်ယောက်လုံးက စစ်တပ်ထဲမှာ ရှိနေကြပြီး ရာထူးတွေလည်း တိုးမြှင့်ခံထားရပြီ၊
ကျွန်တော်ကတော့ ပိုင်မားခရိုင်ထဲမှာပဲ ဘဝတစ်သက်တာလုံး ဒီအတိုင်း အမြဲတမ်း နေထိုင်သွားရတော့မှာလား၊ ကျွန်တော်လည်း အပြင်ကိုထွက်ပြီး ကမ္ဘာကြီးကို ကြည့်ရှုချင်လို့ပါ”
ပိုင်မားခရိုင်က ဘာဖြစ်လို့လဲ။
ဖန်ချင်း၏ မျက်ဝန်းများက ထပ်မံ၍ နီရဲလာခဲ့ရပြန်သည်။
“မင်းတို့အားလုံး ကြီးပြင်းလာကြပြီး အတောင်ပံတွေ စုံလင်လာကြပြီဆိုမှတော့ အိမ်ကနေ ထွက်ခွာချင်နေကြတာပေါ့လေ”
ဤသည်မှာ သားယောက်ျားလေး မွေးရခြင်း၏ ဆိုးကျိုးပင် ဖြစ်လေသည်။
အကယ်၍ သားဖြစ်သူက တော်လွန်းလျှင်လည်း အဝေးသို့ ပျံသန်းသွားတတ်ပြီး၊ ညံ့ဖျင်းလွန်းလျှင်လည်း အဝေးသို့ ပျံသန်းသွားချင်နေတတ်၏။
ဤသို့ တွေးတောမိလိုက်လျှင် သမီးမိန်းကလေးကို မွေးမြူရခြင်းကသာ ပို၍ကောင်းမွန်ပုံရသည်။
အနည်းဆုံးတော့ သူတို့က အလိုက်သိတတ်ကြလေ၏။
ဖန်ချင်းတစ်ယောက် သက်ပြင်းချနေဆဲအချိန်မှာပင် သူမ၏ အလိုက်သိလွန်းသော သမီးဖြစ်သူ လီရှန်းက သူမ၏ခင်ပွန်းနှင့်အတူ ပြန်လည် ရောက်ရှိလာခဲ့လေသည်။
“အဒေါ်..”
လီရှန်းက ဖန်ချင်း၏ဘေးသို့ ချဉ်းကပ်သွားပြီး သူမကို အသက်ရှူမှန်စေရန်အတွက် ကူညီပေးလိုက်လေ၏။
ဖန်ချင်းက လီရှန်းတစ်ယောက် ရောက်ရှိလာသည်ကို မြင်တွေ့လိုက်ရချိန်တွင် သူမအတွက် အားကိုးရာ တိုင်ထူကြီးတစ်ခုကို ရှာဖွေတွေ့ရှိလိုက်ရသကဲ့သို့ ခံစားလိုက်ရလေသည်။
သူမက တိုင်တန်းစကားကို ပြောရန် ပြင်ဆင်လိုက်ချိန်တွင်တော့ သူမ၏အလိုက်သိလွန်းသော သမီးဖြစ်သူက ပြောဆိုလာသည်ကို ကြားလိုက်ရလေသည်။
“အဒေါ်၊ ကျန်းချောင်ကို အပြစ်မပြောပါနဲ့တော့နော်၊ သူ တက္ကသိုလ် သွားတက်ချင်တယ်ဆိုတာက ကောင်းမွန်တဲ့ကိစ္စတစ်ခုပဲလေ၊
ဒါက သူ့မှာ ကြီးမားတဲ့ ရည်မှန်းချက် ရှိတယ်ဆိုတဲ့အကြောင်းကို ပြသနေတာပဲ၊
ပြီးတော့ အခွင့်အရေးကိုလည်း အမိအရ ဆုပ်ကိုင်တတ်ပြီး သူ့ရဲ့ အိပ်မက်တွေကိုအကောင်အထည်ဖော်နေတာမလား”
“ဒီစာမေးပွဲကို ကျန်းချောင်တစ်ယောက်တည်း ဖြေဆိုရမှာ မဟုတ်ဘူး၊ ကျွန်မနဲ့ ဝေချင်းတို့လည်း ဝင်ရောက်ဖြေဆိုဖို့ ဆုံးဖြတ်ထားကြတာ
တကယ်လို့ အဒေါ်က ကျန်းချောင် စာမေးပွဲမအောင်မှာကို စိုးရိမ်နေတယ်ဆိုရင်တော့ ကျွန်မတို့တွေ သူ့ကို သင်ပေးလိုးရပါတယ်”
စုဝေ့ချင်းကလည်း ဖန်ချင်း၏ လက်မောင်းတစ်ဖက်ကို လှမ်းကိုင်ပြီး ကြားဖြတ်ပြောဆိုလာခဲ့လေသည်။
“အဒေါ်၊ စိတ်မဆိုးနဲ့တော့နော်၊ တကယ်လို့ အဒေါ်သာ ရည်မှန်းချက်မရှိတဲ့သားနဲ့ ဆုံတွေ့ရရင်အချိန်ကျရင် ငိုဖို့တောင် အချိန်ရမှာ မဟုတ်ဘူး၊
စိတ်မပူပါနဲ့၊ ကျွန်တော်တို့တွေ ကျန်းချောင်ကို အလုပ်ခွင်ထဲမှာ အမှားအယွင်း မရှိအောင်အတွက် အမြဲတမ်း သတိပေးပေးပါ့မယ်၊
အလုပ်ဆင်းချိန် ရောက်ရင်တော့ ကျွန်တော်နဲ့ ရှန်းရှန်းတို့ ပူးပေါင်းပြီး သူ့ကို စာတွေ သေသေချာချာ သင်ကြားပေးပါ့မယ်”
ထိုဇနီးမောင်နှံနှစ်ဦးလုံး၏ အာမခံချက် စကားများကြောင့် ကျန်းချောင်တစ်ယောက် အလွန်ပင် စိတ်လှုပ်ရှားပြီး သူတို့အပေါ် ကျေးဇူးတင်လွန်းသော အကြည့်များဖြင့် လှမ်းလာခဲ့လေသည်။
ဖန်ချင်းမှာတော့ ကြောင်အအ အခြေအနေမှ သတိပြန်ဝင်လာခဲ့ရလေ၏။
“မင်းတို့နှစ်ယောက်လုံး တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ သွားဖြေကြမလို့လား”
မင်းတို့အားလုံး ရူးသွားကြပြီလား။
ဖန်ချင်းအနေဖြင့် စုဝေ့ချင်းတို့ဇနီးမောင်နှံ၏ ဆုံးဖြတ်ချက်ကို လုံးဝ နားမလည်နိုင်ခဲ့ပေ။
မည်သို့ပင်ဖြစ်စေ လူတိုင်း၏ မျက်စိထဲတွင် ထိုဇနီးမောင်နှံနှစ်ဦးလုံး ဤငိုမလုပ်သင့်ပေ။ တစ်ဦးက ဆေးဝါးစက်ရုံ၏ အရာရှိကြီး၏ အတွင်းရေးမှူးဖြစ်ပြီး တခြားတစ်ဦးက နည်းပညာဌာန၏ အဓိက အရေးပါသော အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။
သူတို့က စည်းကမ်းအတိုင်းသာ ရိုးသားစွာ လုပ်ဆောင်သွားကြမည်ဆိုပါက နောက်ပိုင်း အရာရှိကြီးများအဖြစ် ရာထူးတိုးမြှင့်ခံရလိမ့်မည်။
အထူးသဖြင့် စုဝေ့ချင်းမှာ ဆေးဝါးစက်ရုံ၏ ဒုတိယညွှန်ကြားရေးမှုး စုဝေ့မင်၏သား ဖြစ်နေခဲ့သည် မဟုတ်ပါလား။
ဤကဲ့သို့သော အခြေအနေမျိုး ရှိနေသော်လည်း ထိုလူနှစ်ဦးလုံးက တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ထပ်မံဖြေဆိုချင်နေကြသေးသည်။
ဒါက ရူးသွပ်နေတာပဲမဟုတ်ဘူးလား။
“မင်းတို့တွေ ဘာလို့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ထပ်ပြီးဖြေဆိုချင်နေရတာလဲ”
ကျန်းကျူးရိလည်း အနည်းငယ် စိတ်ရှုပ်ထွေးသော လေသံဖြင့် မေးမြန်းလိုက်လေသည်။
သူ၏ သားဖြစ်သူ ကျန်းချောင်သာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ဖြေဆိုမည်ဆိုပါက သူ့အနေဖြင့် ဤကဲ့သို့သော အားကိုးမရသည့် အတွေးအမြင်များကို ဖျက်ဆီးပစ်နိုင်ရန်အတွက် သူ့ကို ဆဲဆိုခြင်း သို့မဟုတ် ရိုက်နှက်ခြင်း ကိစ္စရပ်များကို လုပ်ဆောင်နိုင်သည်။
သို့သော် လီရှန်းက သူ၏တူမဖြစ်နေခဲ့ရုံမျှမက အမျိုးသမီးငယ်တစ်ဦးလည်း ဖြစ်ပြီး ယခုအချိန်တွင် အိမ်ထောင်ကျပြီး ကလေးပင် ရှိနေခဲ့လေပြီ။
အကယ်၍ သူကိုယ်တိုင် ဝင်ရောက်ပြောဆိုချင်သည်ဆိုလျှင်ပင် ပြောဆိုရမည့်အခြေအနေမရှိတော့ပေ။
ထို့ကြောင့် ဆေးလိပ်တစ်လိပ်ကို မီးညှိလိုက်ရင်း လေးလံလွန်းသော စိတ်နှလုံးဖြင့် အဆက်မပြတ် ဖွာရှိုက်နေခဲ့ရလေ၏။
ပြီးမှသာ ထိုဇနီးမောင်နှံနှစ်ဦးလုံး၏ အတွေးကို မေးမြန်းလိုက်သည်။
“ကျွန်တော်တို့က ငယ်ငယ်လေးကတည်းက တက္ကသိုလ်တက်ရဖို့ကို အမြဲတမ်း အိပ်မက်မက်ခဲ့ကြတာလေ”
ဦးလေးဖြစ်သူ၏ ရှေ့တွင်တော့ လီရှန်းက စကားများများပြောထွက်မလာခဲ့ပေ။
သူမက စုဝေ့ချင်းကို ကြည့်ရှုလိုက်ပြီး စုဝေ့ချင်းကသာ ပြန်လည်ပြောဆိုခဲ့သည်။
စုဝေ့ချင်းက ကျန်းကျူးရိအတွက် လက်ဖက်ရည်တစ်ခွက်ကို ငှဲ့ပေးလိုက်သည်။
ကျန်းကျူးရိက လက်ဖက်ရည်ခွက်ကို လှမ်းယူလိုက်ပြီးမှ စုဝေ့ချင်းက ဆက်ပြောခဲ့သည်။
“အခု တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကြီးကို ပြန်လည်ကျင်းပတော့မယ်ဆိုမှတော့ ကျွန်တော်တို့တွေက ဝင်မဖြေဘဲနဲ့ လက်မလျှော့ချင်ဘူး၊
ဒါက ကျန်းချောင် ပြောခဲ့သလိုပါပဲ၊ ကျွန်တော်တို့တွေ အားရကျေနပ်သွားစေဖို့အတွက် အနည်းဆုံးတော့ တစ်ကြိမ်လောက် သွားရောက်ဖြေဆိုကြည့်ရမယ် မဟုတ်ဘူးလား၊
တကယ်လို့ ကံကောင်းလို့ ဝင်ခွင့်ရသွားခဲ့ရင်ရော၊ ကျွန်တော်နဲ့ ရှန်းရှန်းတို့ကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့် ရှိပါတယ်၊
ကျွန်တော်တို့က လွန်ခဲ့တဲ့နှစ်တွေအတွင်းမှာ စာပေသင်ကြားခြင်းကိုလည်း မစွန့်လွှတ်ခဲ့ကြဘူး၊
မနှစ်ကဆိုရင်လည်း ကျွန်တော်တို့တွေ ကျန်းချောင်အတွက် လေ့လာရေး သင်ခန်းစာတွေကိုပါ ကူညီသင်ကြားပေးခဲ့ဖူးသေးတယ်လေ”
စကားပြောပြီးသွားချိန်တွင် စုဝေ့ချင်း၏မျက်နှာထက်၌ ဘဝင်မြင့်လွန်းသော အမူအရာတို့ထွက်ပေါ်လာသည်။
“အဟွတ်.. အဟွတ် အဟွတ်..”
ကျန်းကျူးရိက ဆေးလိပ်ငွေ့များကြောင့် ချောင်းဆိုးသွားရရှာသည်။
ဝေ့ချင်းက သူ၏အပြုံးကို အမြန်ပင် ပြန်လည်၍ ရုပ်သိမ်းကာ ဆက်ပြောလိုက်သည်။
“ပြီးတော့ စာမေးပွဲဖြေဆိုတာကလည်း အလုပ်ကို ထိခိုက်စေမှာ မဟုတ်ပါဘူး၊
တကယ်လို့ ဝင်ခွင့်ရခဲ့ရင်တော့ အကောင်းဆုံးပေါ့၊ တကယ်လို့ ဝင်ခွင့်မရခဲ့ရင်လည်း စက်ရုံကို ပြန်လာပြီး အလုပ်တွေကို ပုံမှန်အတိုင်း ဆက်လုပ်ရုံပါပဲ”
“ကျွန်တော်တို့ရဲ့ ရှောင်လော်ကလည်း တကယ့်ကို ဥာဏ်ကောင်းလွန်းတယ်၊ မိဘတွေဖြစ်တဲ့ ကျွန်တော်တို့တွေက သူမရဲ့ လမ်းကြောင်းကို ပိတ်ဆို့ထားလို့ မဖြစ်ဘူးလေ၊
သူမအတွက် ကျွန်တော်တို့တွေ အစွမ်းကုန် ကြိုးစားပြရမယ် မဟုတ်ဘူးလား”
မြေးမလေးအကြောင်းကို ထုတ်ဖော်ပြောဆိုလိုက်သည်နှင့် ကျန်းကျူးရိလည်း တိတ်ဆိတ်သွားခဲ့ရလေသည်။
ထိုကလေးငယ်လေးက မွေးဖွားကတည်းက တခြားသော ကလေးများနှင့် လုံးဝ မတူညီဘဲ ခြားနားနေခဲ့သည်။
သူမက အော်ဟစ်ငိုယိုခြင်း၊ ပြဿနာရှာခြင်းတို့ သိပ်မရှိပေ။
သူမ ထိုင်နိုင်သည့် အချိန်ကတည်းက အိမ်မှ သတင်းစာများကို လှန်လှောဖတ်ရှုနေခဲ့တတ်၏။
သူ့အနေဖြင့် သူမကို အလွန်ပင် ချစ်စရာကောင်းသည်ဟု ထင်မှတ်ခဲ့ဖူးသောကြောင့် သူမကို ပွေ့ချီထားရင်း စာလုံးတချို့ကိုပင် ကူညီသင်ပေးခဲ့ဖူးသည်။
*