အခန်း ၂၀၁
Vol. 21 Ch. 201
အခန်း ၂၀၁ - အနောက်ဘက်ဂိုဘီ
အစ်မချီသည် ရှီဖျင်စီရင်စုမှာ ချင်းဖျင်အသင်း၏ အချိန်းအချက်နေရာကို ပြောပြပြီးနောက် မိခင်-ကလေးအဆောင်ကနေ ဆက်သွယ်ခြင်းကို ဖြတ်တောက်လိုက်၏။
ချီရွှမ်းစုက မိခင်-ကလေးအဆောင်ကနေ ကျန်ရစ်ခဲ့သောပြာမှုန်များကို လေထဲမှာ ဖြန့်ချလိုက်၏။ ထို့နောက် ရှီဖျင်စီရင်စုရှိရာဘက်သို့ ပြန်လှည့်သွားသည်။ သူရောက်သည့်အချိန်မှာ ညနက်နေပြီဖြစ်၏။
ရှီဖျင်စီရင်စုသည် စစ်ဖြစ်နေဆဲ အနောက်ဘက်ဒေသနှင့် နီးကပ်သောကြောင့် ကျောက်စိမ်းနေပြည်တော် သို့မဟုတ် ရှန်ချင်းစီရင်စုတို့လောက် ဘေးကင်းလုံခြုံမှုမရှိပေ။ ထို့ကြောင့် မြို့ဂိတ်တံခါးများကို စောစောစီးစီးပိတ်ထာပြီး လူများဖြတ်သန်းသွားလာဖို့ ဘေးဘက်တံခါးလည်းမရှိပေ။ ဤအချိန်မှာ မြို့ရိုးပေါ်ကနေ ကျော်တက်ခြင်းဖြင့်သာ မြို့ထဲကိုဝင်နိုင်မည်ဖြစ်သည်။
ချီရွှမ်းစုက မြို့ရိုးအတိုင်းလျှောက်သွားပြီး တိတ်ဆိတ်ငြိမ်သက်သောနေရာတစ်ခုကို ရှာကာ မြို့ရိုးပေါ်သို့ အိမ်မြောင်တစ်ကောင်လို ဖြည်းဖြည်းချင်းဖက်တက်လိုက်၏။ မြို့ရိုးထိပ်ကိုရောက်ပြီးနောက် မြို့ရိုးခံတပ်ငယ်ကိုရှောင်ကာ အခြားတစ်ဘက်ကို ခုန်ဆင်းလိုက်၏။
ကံကောင်းစွာဖြင့် ရှီဖျင်စီရင်စုက စစ်ပွဲနယ်မြေထဲမှာ မပါဝင်သေးပေ။ မဟုတ်ပါက မြို့၏ ခံစစ်ကို ယခုထက်ပိုမိုတင်းကျပ်ထားပြီး တပ်သားများက ချီရွှမ်းစုကို သတိထားမိပေလိမ့်မည်။
မြို့ထဲကိုဝင်လာပြီးနောက် ကင်းလှည့်နေသော ဝတ်ရုံနက်များနှင့် မဆုံမိစေရန် သူက လမ်းမပေါ်တက်မလျှောက်ရဲပေ။ လမ်းကြိုလမ်းကြားများကိုဖြတ်ကျော်ပြီး အစ်မချီပြောသည့်နေရာကို သွားလိုက်၏။ နောက်ဆုံးမှာတော့ လူသူအရောက်အပေါက်မရှိသောလမ်းကြားလေးတစ်ခုသို့ ရောက်လာ၏။ ချင်းဖျင်အသင်း၏ အချိန်းအချက်နေရာများက သိသာထင်ရှားသောကွာခြားချက်များ မရှိပေ။ များသောအားဖြင့် လူသွားလူလာနည်းသော မြို့စွန်များမှာရှိတတ်သည်။
လမ်းကြားက မှောင်ရိပ်ကျနေ၏။ ချီရွှမ်းစုက လမ်းကြား၏ အဆုံးမှာရှိသောတံခါးငယ်ရှိရာသို့ မြန်မြန်ဆန်ဆန်လျှောက်လှမ်းသွားပြီး သတ်မှတ်ထားသောပုံစံတစ်ခုဖြင့် ခေါက်လိုက်၏။ သူက သုံးကြိမ်ညင်သာစွာခေါက်၍ အသက်သုံးရှိုက်စာရပ်နားပြီးနောက် ခပ်ပြင်းပြင်းလေးချက် ထပ်ခေါက်လိုက်၏။
ခဏနေပြီးနောက် အထဲကနေ အသံတစ်သံထွက်လာသည်။
“အရပ်မျက်နှာအားလုံးမှာ တည်ငြိမ်အေးချမ်းမှုရှိနေသရွေ့ မစိုးရိမ်ပါနဲ့”
ချီရွှမ်းစုက ပြန်ဖြေလိုက်၏။
“လောကက တည်ငြိမ်တယ်… ကျုပ်က ငြိမ်းချမ်းစွာနဲ့ ရောက်လာတဘ်”
သူ့စကားဆုံးသွားသည်နှင့်တံခါးက ပွင့်သွား၏။ ချီရွှမ်းစုဝင်လာသည်နှင့် တံခါးစောင့်က တံခါးကိုမြန်မြန်ဆန်ဆန်ပိတ်လိုက်၏။ မည်သည့်မီးအိမ်မှမရှိသည့်အတွက် အထဲမှာမှောင်မိုက်နေသည်။
တံခါးစောင့်သည် ဤနေရာ၏ ပိုင်ရှင်နှင့်တွေ့ဆုံပေးရန် ချီရွှမ်းစုကို ကွေ့ပတ်နေသောလမ်းလေးအတိုင်း ခေါ်ဆောင်သွား၏။
ဤနေရာ၏ ပိုင်ရှင်က သက်လတ်ပိုင်းအရွယ်အမျိုးသမီးတစ်ဦးဖြစ်သည်။ ချီရွှမ်းစုက ငါးရုပ်အဆောင်ကို သူမအားပြပြီးနောက် သူမက အစ်မချီပို့ထားသည့်အထုပ်ကိုယူပေးကာ သူ့အတွက် အခန်းတစ်ခန်းစီစဉ်ပေးလိုက်၏။
ချီရွှမ်းစုက သူ့အခန်းကိုသွားပြီး အစ်မချီပို့လိုက်သည့်အထုပ်ကို ဖွင့်ကြည့်လိုက်၏။ အဲဒါက အလွှာသုံးလွှာပါသော သစ်သားသေတ္တာတစ်လုံးဖြစ်သည်။ ပထမအလွှာမှာ မိခင်-ကလေးအဆောင်များပါဝင်ပြီး၊ ဒုတိယအလွှာနှင့် တတိယအလွှာမှာ ဆေးလုံးတချို့ပါဝင်လေသည်။
ကိုးလပိုင်းမှာ ချင်းဖျင်အသင်း၏ တရားဝင်အဖွဲ့ဝင်တစ်ဦးဖြစ်လာပြီးနောက် လစဉ်လတိုင်း မိခင်-ကလေးအဆောင်တစ်စုံ၊ ဝူယိုဒင်္ဂါးတစ်ဆယ်၊ သွေးနဂါးဆေးလုံးတစ်လုံးနှင့် ခရမ်းရောင်ဆေးလုံးတစ်လုံးကို လက်ခံရရှိမည်ဖြစ်သည်။
ကိုးလပိုင်းမှစ၍ လေးလရှိသွားပြီး သူက မိခင်-ကလေးအဆောင်လေးစုံ၊ သွေးနဂါးဆေးလုံးလေးလုံးနှင့် ခရမ်းရောင်ဆေးလုံး ၄လုံးကို လက်ခံရရှိလေသည်။ သွေးနဂါးဆေးလုံးက သွေးနှင့်ခန္ဓာကြံ့ခိုင်ဖို့အတွက်ဖြစ်ပြီး ခရမ်းရောင်ဆေးလုံးက ချီလေ့ကျင့်မှုကို တိုးတက်စေနိုင်သည်။ ထိုနှစ်မျိုးစလုံးက ချီရွှမ်းစုအတွက် သင့်လျော်သည်။
ချီရွှမ်းစုက မိခင်-ကလေးအဆောင်များကိုသိမ်းပြီး သွေးနဂါးဆေးလုံးတစ်လုံးနှင့် ခရမ်းရောင်ဆေးလုံးတစ်လုံးကို ထုတ်ယူကာ မျိုချလိုက်၏။ ထို့နောက် ဆေးအာနိသင်များကို စတင်၍ ချေဖျက်သန့်စင်လိုက်သည်။ နောက်ဆုံးတစ်ခေါက် ဆေးဝါးသေရည်ကို သန့်စင်ချေဖျက်ပြီးနောက် ချီရွှမ်းစုက ဆေးလုံးများကို ဘယ်လိုစုပ်ယူချေဖျက်ရမလဲ သိနေပြီဖြစ်သည်။ မိန်းမောနေရာကနေ ချီရွှမ်းစုနိုးထလာသည့်အချိန်မှာ ၂၄ နာရီ ကုန်သွားလေပြီ။
သူ၏ ကျင့်ကြံမှုက သိသိသာသာမြင့်တက်လာသည်ဟု ခံစားရသည်။
ရှန်းထျန်သက်ရှီများအနေဖြင့် လေလွင့်ကျင့်ကြံသူများသည် အဆင့်သုံးဆင့်အလိုက် နယ်ပယ်သုံးခုကို ဖြတ်ကျော်ရပေလိမ့်မည်။ ခွန်လွင်အဆင့်မှ အတွင်းအမြုတေနယ်ပယ်သည် အောက်ဒါန်ထျန်ကို အာရုံစိုက်ပြီး ယွီရှုအဆင့်မှ ယွီတင်းနယ်ပယ်သည် အလယ်ဒါန်ထျန်ကိုအာရုံစိုက်ထားသည်။ ကွေ့ကျန်းအဆင့်မှ မြင့်မြတ်သန္ဓေလောင်းနယ်ပယ်က အပေါ်ဒါန်ထျန်ကို အာရုံစိုက်ထားလေသည်။
ဤနယ်ပယ်သုံးခုသည် ချီသန့်စင်သူ၏ ချီသန့်စင်နယ်ပယ်၊ ချီအသွင်ပြောင်းနယ်ပယ်နှင့် ဂမ္ဘီရချီနယ်ပယ်တို့နှင့် တူညီလေသည်။
လေလွင့်ကျင့်ကြံသူ၏ ယွီတင်းနယ်ပယ်၊ ချီသန့်စင်သူ၏ ချီအသွင်ပြောင်းနယ်ပယ်နှင့် နတ်သက်ကြွေအင်မော်တယ်၏ ခရမ်းရောင်ချီနယ်ပယ်တို့သည် အပေါ်ဒါန်ထျန်ကို နောက်ဆုံးဖွင့်လှစ်ရန် ပြင်ဆင်မှုများ ပြုလုပ်ရသည့်အပိုင်းဖြစ်သည်။
ယွီတင်းနယ်ပယ်မှ လေလွင့်ကျင့်ကြံသူများ၏ နောက်ဆုံးအဆင့်သည် ချီကို ကျောရိုးအဆစ် ၂၄ ဆစ်နှင့် ယွီတင်းဂိတ်သို့ ပို့လွှတ်ရခြင်းဖြစ်သည်။ ယွီတင်းဂိတ်ကို ချိုးဖြတ်ပြီးနောက် ချီက အပေါ်ဒါန်ထျန်သို့ ဝင်ရောက်ကာ ထိုလေလွင့်ကျင့်ကြံသူက မြင့်မြတ်သန္ဓေလောင်းနယ်ပယ်ကို တက်လှမ်းသွားပေလိမ့်မည်။ ဤနယ်ပယ်သည် ချီသန့်စင်သူ၏ ဂမ္ဘီရချီနယ်ပယ်၊ နတ်သက်ကြွေအင်မော်တယ်၏ နိုးထဝိညာဉ်နယ်ပယ်တို့နှင့်တူညီသည်။
မြင့်မြတ်သန္ဓေလောင်းနယ်ပယ်၊ ဂမ္ဘီရချီနယ်ပယ်နှင့် နိုးထဝိညာဉ်နယ်ပယ်တို့သည် အပေါ်ဒါန်ထျန်ကိုဖွင့်လှစ်ဖို့ထက် ကျင့်ကြံဖို့ကို အာရုံစူးစိုက်ထားသည်။
ခွန်လွင်အဆင့်မှာရှိသော ဂမ္ဘီရဝိဇ္ဇာများက ဤအဆင့်ကို ရောက်ရှိပြီးသားဖြစ်သော်လည်း သူတို့၏ အောက်ဒါန်ထျန်နှင့် အလယ်ဒါန်ထျန်များက ဖွံ့ဖြိုးမှုနှေးကွေးသောကြောင့် သူတို့၏ ကိုယ်ကာယများက အားနည်းလေသည်။ သူတို့မှာ ပင်ကိုယ်ချီမရှီဘဲ အပေါ်ဒါန်ထျန်မှာရှိသော သူတို့၏ ဉာဏ်ကွန့်မြူးမှုများကို အလွန်အမင်းမှီခိုထားရသည်။ ထို့ကြောင့် ဂမ္ဘီရဝိဇ္ဇာများနှင့်ရင်ဆိုင်ရသည့်အခါ ကိုယ်ခံပညာသိုင်းသမားများတွင် အားသာချက်ရှိနေခြင်းဖြစ်သည်။
ဤအချိန်မှာ ချီရွှမ်းစုသည် ကျောရိုးအဆစ် ၁၈ ခုကို ဖြတ်ကျော် ထားပြီး ဖြတ်ကျော်စရာအဆစ် ၆ ဆစ်နှင့် ယွီတင်းဂိတ်ရှိနေသေးသည်။ အဲဒါပြီးမှ သူက ကွေ့ကျန်းအဆင့်ဖြစ်သော မြင့်မြတ်သန္ဓေလောင်းနယ်ပယ်ကို တက်လှမ်းနိုင်ပေမည်။ ဤဆေးလုံးများအားလုံးကို သောက်သုံးပြီးလျှင် စုစုပေါင်း အဆစ် ၂၄ ဆစ်ထဲမှ ၂၂ ဆစ်ကို ချိုးဖြတ်နိုင်မည်ဟု သူခန့်မှန်းမိ၏။
ချီရွှမ်းစုသည် ရှီဖျင်စီရင်စုမှာ နောက်ထပ်ရက်အနည်းငယ်ကြာ အနားယူ၍ လင်းယုန်နှင့်ခွေးသတ်ဖြတ်ခြင်းအစည်းအဝေး၏ ဂယက်များ ငြိမ်သက်သွားသည်အထိ စောင့်ဆိုင်းပြီးမှ အချိန်းအချက်နေရာကနေ ထွက်လာခဲ့သည်။ သူက လှည့်ပတ်၍ လျှောက်သွားမနေတော့ဘဲ မြို့ထဲကနေ တိတ်တဆိတ်ထွက်ကာ အစ်မချီပြောသော ကန္တာရဘက်ကို ဦးတည်လိုက်၏။
ဤတစ်ခေါက်မှာ ချီရွှမ်းစုက ကျန်းယွဲ့လုပေးထားသည့် ကျားမာအဆောင်ကိုထုတ်ယူပြီး သူ၏ခြေနှစ်ဖက်မှာ ချည်လိုက်၏။ ထိုသို့ဖြင့် သူက မြင်းစီးသူထက် ပို၍မြန်မြန်ဆန်ဆန်သွားလာနိုင်ပြီး တစ်ရက်မှာ ကီလိုမီတာရာချီရောက်နိုင်သည်။ ထို့သို့ဖြင့် ဂိုဘီကန္တာရအစပ်ကိုရောက်ဖို့ သူ တစ်ရက်သာအချိန်ယူလိုက်ရ၏။
ဤနေရာသည် အနောက်ဘက်ဂိုဘီဟု လူသိများသော ဆောဝမ်ပူ၏ အနောက်ဘက်မှာရှိလေသည်။ ချီရွှမ်းစုက ကျားမအဆောင်ကိုချွတ်ပြီး ပုံမှန်အတိုင်း လမ်းလျှောက်လိုက်၏။ သုံးမိုင်ခန့်သွားပြီးနောက် သတိပင်မထားမိလိုက်ဘဲ ကျည်ဆန်တစ်ထောင့်က ချီရွှမ်းစု၏ မျက်ခုံးနှစ်ဖက်ကြားကို လာမှန်သည်။
ပစ်ချက်ကကောင်းသော်လည်း ကျည်ဆန်က သာမန်အကျဆုံးအမျိုးအစားသာဖြစ်နေ၏။ ၎င်းသည် ထျန်ကန်းခန်းမကထုတ်သည့် အခြေခံအကျဆုံး ချပ်ဝတ်ဖောက်ကျည်ဆန်ကိုပင် မယှဉ်နိုင်ပေ။ တကယ့်ကို သာမန်ကျည်ဆန်သာဖြစ်၏။
ထိုသို့ဖြင့် ချီရွှမ်းစု၏ မျက်ခုံးနှစ်ဖက်ကြားကို လာမှန်သောကျည်ဆန်က သူ့ကို ဘာမှမဖြစ်စေဘဲ ပြန်ကန်ထွက်သွား၏။
ချီရွှမ်းစုက အံ့အားသင့်ခြင်း ဒေါသထွက်ခြင်းမရှိပေ။ ကျည်ဆန်လာရာဘက်သို့ တည်ငြိမ်စွာကြည့်လိုက်စဉ် ကျောက်တုံးတချို့နောက်မှာပုန်းကွယ်နေသည့် သေနတ်ရှည်ကိုင်ထားသောလူတစ်ယောက်ကို တွေ့လိုက်ရ၏။ ထိုလူ၏ အဝတ်အစားများကို ဖာစပ်ထားသော ပိတ်စများဖြင့် ချုပ်လုပ်ထား၏။ နေဒဏ်ကြောင့် သူ့အသားအရေက မည်းနက်နေပြီး လက်ထဲက သေနတ်ရှည်က အိုဟောင်းနေ၏။
ယင်းသည် ယခုခေတ်မှာ အသုံးပြုလေ့မရှိတော့သည့် ကျောက်မီးသေနတ်ဖြစ်ပုံရသည်။ သေနတ်မှာ အစိတ်အပိုင်းတချို့ကလည်း ပျောက်ဆုံးနေ၏။ သို့သော် ၎င်းကို ပြောင်လက်နေအောင်တိုက်ချွတ်ထားပြီး သေနတ်ပိုင်ရှင်က အတော်လေးဂရုစိုက်ကြောင်း ပြသနေ၏။
သေနတ်သမား၏ ကိုယ်နေဟန်ထားအရ သူက ကောင်းကောင်းလေ့ကျင့်ထားခြင်းဖြစ်ရမည်။ သေနတ်တစ်လက်ကို အမှတ်တမဲ့ကောက်ရလာသော သာမန်အရပ်သားတစ်ဦး မဟုတ်လောက်ပေ။
ချီရွှမ်းစုက မေးလိုက်၏။
“မင်း ဘာလို့ ကျည်ထပ်မဖြည့်တာလဲ… အသေခံဖို့ စောင့်နေတာလား”
ထိုလူက ခဏမျှငြိမ်သက်ပြီးနောက် ခပ်ပြင်းပြင်းလေသံဖြင့် ပြန်ပြောလိုက်၏။
“လုပ်လည်းအလကားပဲ… ငါမင်းကို မသတ်နိုင်ဘူးဆိုတာ သိတယ်”
ချီရွှမ်းစုက ပြုံးပြလိုက်၏။
“ငါ့မှာ ရန်လိုစိတ်မရှိဘူး… ငါ လူတစ်ယောက်ကိုရှာဖို့ ဒီကိုရောက်လာတာ… မင်းငါ့ကို လမ်းညွှန်ပေးနိုင်မယ်ဆိုရင် ကျေနပ်လောက်တဲ့ ဆုငွေပေးမယ်”
ချီရွှမ်းစုက စကားပြောရင်း ထိုလူရှိရာသို့လျှောက်လှမ်းသွား၏။ ထိုလူက တွေဝေနေသည့်ပုံပေါ်သော်လည်း နေရာမှာပင် မတ်တတ်ရပ်နေ၏။ တစ်ချိန်တည်းမှာပင် အမျိုးသားက သေနတ်ကိုလက်တစ်ဖက်ဖြင့်ကိုင်ပြီး ရန်လိုစိတ်မရှိကြောင်းပြလိုက်၏။
သူတို့က ပေသုံးဆယ်အကွာအဝေးသို့ ရောက်လာသည့်အချိန်မှာ ထိုလူက ပစ္စတိုတစ်လက်ကို ရုတ်တရက်ဆွဲထုတ်ပြီး ချီရွှမ်းစု၏ နှလုံးကို ချိန်ရွယ်ကာပစ်ခတ်လိုက်၏။
ယင်းသည် နတ်ဘုရားလက်နက်တိုက်ကနေထုတ်ထားသည့် ငှက်ပစ္စတိုဖြစ်သည်။ အဲဒါက နတ်နဂါးပစ္စတိုလောက် အဖျက်စွမ်းအားမကြီးမားသော်လည်း အနီးကပ်အကွာအဝေးမှာ လျှော့မတွက်သင့်ပေ။ ဒါ့အပြင် ပစ္စတိုထဲမှာ အထူးသီးသန့် ချပ်ဝတ်ဖောက်ကျည်ဆန်ကို ထည့်ထား၏။
ဤပစ်ချက်က ချီရွှမ်းစု၏ ဒိုင်းကာကို ချိုးဖျက်သွား၏။ ချီရွှမ်းစုက ရှောင်လိုက်သော်လည်း ထိမှန်သွားသေးသည်။ သူ၏ ရင်ညွှန့်မှာ သွေးသံရဲရဲအပေါက်တစ်ပေါက်ပေါ်ထွက်လာ၏။
ချီရွှမ်းစုက ဒေါသထွက်ပြီး ရှေ့ကိုခုန်ဝင်ကာ ကိုယ်ခံပညာသိုင်းသမားတစ်ဦး၏ ပုံစံဖြင့် အဖြောင့်ပစ်ထိုးလိုက်၏။ ထိုလူ၏ ရင်ဘတ်ကို တည့်တည့်ထိပြီး ဗြောက်အိုးဖောက်သလိုအသံမျိုး ထွက်ပေါ်လာ၏။
ထိုလူက စင်ထွက်၍ ကြီးမားသောကျောက်တုံးတစ်တုံးနှင့် ပြင်းထန်စွာပစ်တိုက်ပြီး ဖြည်းဖြည်းချင်းလျှောကျသွာ၏။ သူ၏ ရင်ဘတ်တစ်ခုလုံးက ချိုင့်ဝင်၍ သေဆုံးသွားပြီဖြစ်သည်။
ထို့နောက် မကြာခင် ချီရွှမ်းစု၏ ရင်ဘတ်ထဲမှာ စိုက်ဝင်နေသောကျည်ဆန်က ကြွက်သားညှစ်အားဖြင့် ထွက်ကျလာ၏၊ သူ့ရင်ဘတ်က ဒဏ်ရာက မြန်မြန်ဆန်ဆန်သက်သာပျောက်ကင်းလာသည်။