← Chapters

အခန်း ၂၀၂

Vol. 21 Ch. 202

အခန်း ၂၀၂

Vol. 21 Ch. 202

အခန်း ၂၀၂ - ကယ်တင်ခြင်း

ရွှမ်ကျောက်စိမ်းကို ရ၍ ပြန်လည်ကုသနိုင်စွမ်း ရရှိလာပြီးနောက် သူ အရင်ကလောက် သတိမရှိတော့သည်ကို ချီရွှမ်းစု ဝန်ခံရပေမည်။ ထို့ကြောင့်ပင် သူက ချောင်းမြောင်းတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်၏။ အကျိုးဆက်များက ဆိုးဆိုးဝါးဝါးလည်း ဖြစ်လာနိုင်သောကြောင့် ဤအကျင့်ဆိုးကို သူပြင်ရမည်။

တစ်ချိန်တည်းမှာပင် နယ်ခံလူများကို သတိထားဖို့နှင့် ဤနေရာမှာ နေထိုင်သော လူများက လူကောင်းများ မဟုတ်ကြောင်း အစ်မချီ ဘာကြောင့်မှာခဲ့သလဲ သူ နားလည်သဘောပေါက်သွား၏။

ချီရွှမ်းစုက အလောင်းရှိရာသို့သွားပြီး ရှာဖွေကြည့်လိုက်သော်လည်း ထိုလူ၏ သရုပ်သကန်ကို အတည်ပြုနိုင်မည့် မည်သည့်အရာကိုမှ ရှာမတွေ့ပေ။ သူ့မှာ ငွေစက္ကူ သို့မဟုတ် ဒင်္ဂါးများလည်း မပါပေ။ သေနတ်ရှည်နှင့် ပစ္စတိုအပြင် ထိုလူတွင် ကျည်ဆန်တစ်အိတ်၊ ဓားတစ်လက်၊ ဓားမြှောင်တစ်လက်၊ ရေအိတ်တစ်အိတ်နှင့် ရိက္ခာခြောက်တစ်အိတ်သာ ပါသည်။ ထိုလူက အမဲလိုက်ထွက်လာသော်လည်း မုဆိုးကနေ သားကောင်ဖြစ်သွားရသည်။

ထိုလူက ချီရွှမ်းစု၏ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့သည်။ သူ့ကို လမ်းပြပေးလျှင် ဆုငွေပေးမည်ဟု ကမ်းလှမ်းခြင်းဖြင့် သူ့မှာ အသပြာပါလာကြောင်း အမှတ်တမဲ့ ထုတ်ဖော်မိသည်မှာလည်း ချီရွှမ်းစု၏ အမှားဖြစ်၏။ ထို့ကြောင့်ပင် ဤလူက သဒ္ဓါကြေး ပေးစာကမ်းစာကို ယူမည့်အစား ချီရွှမ်းစုကိုသတ်ပြီး ပါသမျှငွေအားလုံးယူဖို့ ကြံခဲ့ခြင်းဖြစ်၏။

သို့သော် ငွေကြေးဥစ္စာကြောင့် သေဆုံးမှုများက မကြာခဏ ဖြစ်တတ်သည်။

ချီရွှမ်းစုသည် သူ့ကိုကူညီမည့် နယ်ခံများကိုရှာဖွေရန် ခရီးဆက်လာခဲ့၏။ ဤကန္တာရထဲမှာ ပြန့်ကျဲနေသော မြို့ငယ်လေးများရှိကြောင်း အစ်မချီပြောခဲ့သည်။ နယ်ခံများထံကနေ သတင်းအချက်အလက် နှိုက်ယူနိုင်မှသာ သူက ကျောက်စိမ်းဖြူခန်းမနှင့် တောင်တစ္ဆေကို ရှာဖွေဖို့ အခွင့်အရေး ရပေလိမ့်မည်။

ဂိုဘီကန္တာရထဲမှာ 1၂ မိုင်ခန့် သွားပြီးနောက် ပေ ၃၀ ခန့် ရှည်သော သစ်သားတိုင်များ အတန်းလိုက် စိုက်ထူထားသည်ကို တွေ့မြင်လိုက်ရ၏။ သစ်သားတိုင်တစ်တိုင်ချင်းစီမှာ လူတစ်ယောက်စီကို ကြိုးဖြင့်ချိတ်ဆွဲထား၏။ သူတို့၏ လည်ပင်းများကို ကွင်းလျှောကြိုးစွပ်၍ ချိတ်ဆွဲထားပြီး သူတို့၏ မျက်နှာများကို အနက်ရောင်ပိတ်စများဖြင့် ရစ်ပတ်ထားလေသည်။ သူတို့ကို လက်ပြန်ကြိုးလည်း တုပ်ထားပြီး သူတို့၏ ခြေထောက်များက မြေကြီးနှင့် လွတ်နေ၏။ နစ်နာသူများသည် ပြန်လည်တိုက်ခိုက်နိုင်ခြင်း မရှိခဲ့သည်မှာ သိသာသည်။

ချိတ်ဆွဲထားသော အလောင်းများထဲ တချို့က ပုံပျက်ပန်းပျက်ဖြစ်နေလေပြီ။ သို့သော် အလောင်းတချို့က မကြာသေးခင်ကမှ သေဆုံးထားပုံရပြီး သူတို့၏ အဝတ်အစားများက အကောင်းပကတိ ရှိနေသေးသည်။ ကျီးကန်းများက အလောင်းများပေါ်မှာ နားပြီး ထိုးဆိတ်နေကြ၏။

လောလောလတ်လတ်ဖြစ်စေ… ကြာနေပြီဖြစ်စေ… ဤအလောင်းများသည် လေထဲမှာ ယိမ်းပြီး သတိပေးခြိမ်းခြောက်မှု လက္ခဏာတစ်ခုလို ဖြစ်နေ၏။ ချီရွှမ်းစုက သစ်သားတိုင်များ၏ ရှေ့မှာ ခဏမျှ ရပ်တန့်ပြီးနောက် ရှေ့ဆက်လာခဲ့၏။ သေဆုံးနေသော ဤလူများက ချီရွှမ်းစုကို မခြောက်လှန့်နိုင်ပေ။ အဲ့ဒါက သူ့ကို လမ်းပြပေးနေသည်နှင့် ပိုတူသည်။ သူက မြို့တစ်မြို့နှင့် သိပ်မကွာဝေးတော့ပုံရ၏။ အနည်းဆုံးတော့ သူက လမ်းမှန်ပေါ် ရောက်နေသည်ကို သိရှိလိုက်သည်။

ထင်မှတ်ထားသည့်အတိုင်း တစ်နေရာမှာ နောက်ထပ်လူများကို ချီရွှမ်းစု သတိထားမိလိုက်၏။ သို့သော် ဤလူအများစုက ရန်လိုနေကြပြီး လက်နက်များ ကိုင်စွဲထားကြ၏။ သူတို့က ချီရွှမ်းစုကို ရန်လာမစသော်လည်း သေချာပေါက် ရင်းနှီးဖော်ရွေမှု မရှိကြပေ။ ချီရွှမ်းစုက ဤနေရာဒေသက စည်းမျဉ်းစည်းကမ်းကို သိရှိမထားရာ မလိုအပ်ဘဲ ပြဿနာမတက်ချင်သည့်အတွက် သူတို့ကို မေးမြန်းစုံစမ်းခြင်းမရှိပေ။

နောက်ထပ် သုံးမိုင်ကျော် လျှောက်လှမ်းလာပြီးနောက် အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်နောက်သို့ လူတစ်အုပ်စု လိုက်နေသည်ကို တွေ့မြင်လိုက်ရ၏။ သူတို့နှစ်ယောက်က စုံတွဲတစ်တွဲနှင့် မတူဘဲ အမျိုးသားက အမျိုးသမီး၏ သက်တော်စောင့် ဖြစ်ပုံရသည်။ သက်တော်စောင့်က တိုက်ခိုက်ရင်း ဆုတ်ခွာနေသော်လည်း သိပ်မကြာခင် ဝိုင်းပတ်ပိတ်ဆို့ခံလိုက်ရသည်။ ထိုလူအုပ်စုက သက်တော်စောင့်ကို ထိုးကြိတ်၍ သူ့ပါးစပ်ထဲ သေနတ်ပြောင်းထည့်ပြီး အသေပစ်သတ်လိုက်ကြ၏။

အမျိုးသမီးတစ်ယောက်တည်းသာ ကျန်တော့သည်။ ထိုလူများ၏ တဏှာရာဂထက်သန်သော အကြည့်များကြောင့် သူမက မည်ကဲ့သို့ အဆုံးသတ်မည်မှာ သိသာနေ၏။

ချီရွှမ်းစုက သူ၏ အော်ရာကို ထိန်းချုပ်ပြီး မလှမ်းမကမ်းမှာ ပုန်းကွယ်ကာ ဤအမျိုးသမီးကို ကူညီရင်ကောင်းမလား စဉ်းစားနေ၏။ မည်သို့ပင်ဆိုစေ သူက တာအိုဆရာတစ်ဦး မဟုတ်တော့ပေ။ ယခုအခါမှာ တစ်ကိုယ်တည်း သွားလာနေသူသာ ဖြစ်သည်။ သူက သူရဲကောင်းလုပ်ချင်သည်ဆိုလျှင် နောက်ဆက်တွဲများကို ထည့်တွက်ရပေမည်။ ထျန်ကန်းခန်းမမှာ တာဝန်ထမ်းဆောင်စဉ်တုန်းကလောက် သူ မရဲတင်းတော့ပေ။

နယ်ခံလမ်းပြတစ်ဦး လိုနေသည်ကို ချီရွှမ်းစု တွေးမိသွား၏။ ဤအမျိုးသမီးက သူ့ကို လမ်းပြပေးနိုင်လောက်သည်။

ဤအချိန်မှာ လူတစ်ယောက်က အမျိုးသမီး၏ ဖြူဖွေးသေးသွယ်သော လည်ပင်းကို ကွင်းလျှောကြိုးကွင်းဖြင့် လှမ်းစွပ်လိုက်၏။ သူတို့က အမျိုးသမီးကို မလှမ်းမကမ်းမှာရှိသော ပိုပလာသစ်ပင်အနားသို့ တရွတ်တိုက် ဆွဲခေါ်သွားကြသည်။ သူတို့က ကြိုးတစ်စကို သစ်ကိုင်းပေါ်ကျော်၍ ပစ်တင်ပြီး ဆွဲယူကာ အမျိုးသမီး၏ ခန္ဓာကိုယ်ကို အနည်းငယ် ဆွဲတင်လိုက်၏။

အသက်ရှူကျပ်မသွားစေရန် အမျိုးသမီးက လည်ပင်းပေါ်က ကြိုးကွင်းကို လက်နှစ်ဖက်ဖြင့်ကိုင်ပြီး ခြေဖျားထောက်ထား၏။ ဤလူအုပ်စုက အမျိုးသမီးကို ဆွဲတင်ဖို့ အလောတကြီး ရှိနေပုံမရပေ။ အမျိုးသမီးက ခြေဖျားထောက်ပြီး အသက်ကိုပင် မနည်းရှူနေရသည့်အတွက် ကြိုးကိုတင်းထားရုံနှင့် လုံလောက်နေသည်။ သူတို့က အသက်မနည်းရှူနေရသော အမျိုးသမီးအနားကို ချဉ်းကပ်လာကြ၏။

မျက်စိတစ်ဖက်ကန်းနေသော ပိန်ပိန်ပါးပါးနှင့် အသားညိုညိုလူက အရိုင်းဆန်ဆန် ပြုံးလိုက်၏။

“ပစ္စည်းကောင်းလေးပဲ”

နောက်ထပ် လူတစ်ယောက်က ဝင်ပြောလိုက်၏။

“သူက နန်းတွင်းအရာရှိတစ်ဦးရဲ့သမီး ဖြစ်လောက်တယ်”

သူတို့အုပ်စုက ဟားတိုက်ရယ်မောလိုက်ကြ၏။ လက်ပိုက်ထားသည့် အရပ်မြင့်မြင့် ယောက်ျားတစ်ဦးကသာ လှုပ်ရှားခြင်းမရှိပေ။

ခက်ခက်ခဲခဲ အသက်ရှူနေရသောကြောင့် အမျိုးသမီး၏ မျက်နှာက နီမြန်းလာပြီး သူမ၏ မျက်လုံးများက မဖုံးနိုင်မဖိနိုင် အကြောက်တရားဖြင့် ပြည့်နှက်လာ၏။

သူတို့အုပ်စုက အမျိုးသမီး၏ အဝတ်အစားများကို ချွတ်ချတော့မလို လုပ်နေစဉ် ချီရွှမ်းစုက ပေါ်ထွက်လာသည်။ ဤအမျိုးသမီးက ချီရွှမ်းစုထက် ကျန်းယွဲ့လုကို ပို၍ ကျေးဇူးတင်သင့်သည်။ ကျန်းယွဲ့လု၏ လွှမ်းမိုးမှုကြောင့် မဟုတ်လျှင် ချီရွှမ်းစုက သူမကို ကူညီချင်မှ ကူညီပေမည်။

ချီရွှမ်းစုက လိုရင်းကို တန်းပြောလိုက်၏။

“သူ့ကို လွှတ်ပေးလိုက်”

လူတိုင်းက ချီရွှမ်းစုကို လှည့်ကြည့်လိုက်ကြ၏။ လူတစ်ယောက်က သူ့သေနတ်ကိုပင် ကိုင်မြှောက်လိုက်၏။ သို့သော် သေနတ်က ပစ်ခတ်နိုင်မည့် အနေအထားကို မရောက်ခင် သူ့ခေါင်းက ပွင့်ထွက်သွားသည်။

ချီရွှမ်းစုက ပြောင်းဝကနေ မီးခိုးများ ရစ်သိုင်းနေဆဲ နတ်နဂါးပစ္စတိုကို ကိုင်ထား၏။ နဂါးတစ်ကောင်၏ ပုံစံနှင့်တူသော သေနတ်၏ ကိုယ်ထည်က နေရောင်အောက်မှာ တလက်လက်တောက်နေ၏။ သူတို့အုပ်စုကို တုန်လှုပ်သွားစေသည်မှာ ကျည်ဆန်သည် ထိုလူ၏ ဦးခေါင်းကို ထွင်းဖောက်သွားရုံသာမဟုတ်ဘဲ ဦးခေါင်းကို အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲသွားစေ၏။ အဲ့ဒါက သာမန်ကျည်ဆန် မဟုတ်ကြောင်း ပြနေသည်။

ချီရွှမ်းစုက ကျည်ဆန်ကို ဖြည်းဖြည်းချင်း ထပ်ထည့်ရင်း ပြောလိုက်၏။

“မင်းတို့ လာချင်သပဆို ငါ့ဆီကို လာလို့ရတယ်”

သူပြောပြီးနောက် ခွန်လွင်အဆင့် ကိုယ်ခံပညာသိုင်းသမားတစ်ဦးဖြစ်သော အရပ်မြင့်မြင့်လူက သူ့ကို ဝင်ရောက်တိုက်ခိုက်လာသည်။ သူက ဤလူအုပ်စု၏ ခေါင်းဆောင်ဖြစ်ပုံရ၏။ စောစောက သက်တော်စောင့်ကို ဤလူကပင် ထိုးကြိတ်ပြီး အသေပစ်သတ်ခဲ့ခြင်းဖြစ်သည်။

အရပ်မြင့်မြင့်လူက လက်နှစ်ဖက်ဆန့်ကာ ချီရွှမ်းစုထံသို့ ခုန်ဝင်လာ၏။ သူက သေနတ်မပစ်နိုင်အောင် ချီရွှမ်းစု၏ လက်နှစ်ဖက်ကို ဖမ်းဆွဲချင်ပုံရသည်။ ချီရွှမ်းစုက ကျည်ဆန်ထည့်ပြီးသွားပြီ ဖြစ်သော်လည်း နတ်နဂါးပစ္စတိုကို ပစ်ချပြီး သူ့လက်နှစ်ဖက်ကို ဖမ်းဆုပ်ခွင့်ပေးလိုက်၏။ ထို့နောက် သူက ခွန်အားအနည်းငယ် စိုက်ထုတ်လိုက်သည်။

ထိုခဏမှာ အရပ်မြင့်မြင့်အမျိုးသားသည် နွားရိုင်းတစ်ကောင်နှင့် နပန်းသတ်ခဲ့သော သူ၏နေ့ရက်များကို ပြန်လည်အမှတ်ရသွား၏။ သူက ဦးချိုနှစ်ဖက်ကို လက်နှစ်ဖက်ဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်ထားသော်လည်း နွားရိုင်းကို တားဆီးနိုင်ခြင်းမရှိဘဲ ပစ်ထုတ်ခံခဲ့ရသည်။

ဤအချိန်မှာ အရပ်မြင့်မြင့်အမျိုးသားက သူ၏ ခွန်အားကုန်ကို ထုတ်ဖော်ထားလျှင်တောင် ချီရွှမ်းစုနှင့် ရင်ဆိုင်ရာမှာ စွမ်းအားမဲ့သလို ခံစားနေရသည်။ သူက လေးလံထိုင်းမှိုင်းလာသလို ခံစားရ၏။ သူ၏ ရင်ဘတ်က တင်းကျပ်လေးလံ၍ သွေးများကို အန်ထုတ်ပစ်ချင်နေ၏။

ချီရွှမ်းစုက အရပ်မြင့်မြင့်အမျိုးသား၏ လက်ကောက်ဝတ်နှစ်ဖက်ကို ဆုပ်ကိုင်၍ ဘယ်ညာဆွဲဆန့်လိုက်၏။

အဆစ်ပြုတ်သံများနှင့် အက်ကွဲသံများ ထွက်ပေါ်လာပြီး အရပ်မြင့်မြင့်လူက တဆတ်ဆတ် လှုပ်ခါသွားလေသည်။ ချီရွှမ်းစုက သူ့လက်နှစ်ဖက်ကို ဆွဲဖြုတ်လုနီးပါးဖြစ်သည်။ ချီရွှမ်းစု လွှတ်ပေးလိုက်သောအခါ သူ့လက်နှစ်ဖက်က ဘေးမှာ တွဲလောင်းကျပြီး မည်သည့်ခွန်အားကိုမှ မထုတ်ဖော်နိုင်တော့ပေ။

ပြင်းထန်သော နာကျင်မှုကြောင့် အရပ်မြင့်မြင့်လူ၏ နဖူးကနေ ချွေးစေးများ ကျဆင်းလာ၏။ သူက မတ်တတ်ပင် မနည်းရပ်နေရပြီး စွမ်းအားမဲ့နေ၏။

ချီရွှမ်းစုက နတ်နဂါးပစ္စတိုကို ကောက်ယူပြီး ထိုလူ၏ နဖူးကို သေနတ်ပြောင်းနှင့်ထောက်ကာ မေးလိုက်၏။

“အခု မိန်းကလေးကို လွှတ်ပေးလို့ ရပြီလား”

အရပ်မြင့်မြင့်လူ၏ မျက်လုံးများက ကြောက်ရွံ့တုန်လှုပ်မှုကို ပြနေပြီး ခေါင်းတဆတ်ဆတ်ညိတ်ပြလိုက်၏။

သူ မပြောလျှင်တောင် ထိုလူအုပ်စုက မိန်းကလေး၏ အနားကနေ ခွာသွားကြပြီဖြစ်သည်။

ချီရွှမ်းစုက သူ့သေနတ်ကို ဘေးသို့လွှဲပြီး အမျိုးသမီးကို ဆွဲထားသည့် ကြိုးကို ပစ်ချလိုက်၏။ ချက်ချင်းပင် အမျိုးသမီးက မြေပြင်ပေါ် လဲကျပြီး လေကို အသည်းအသန် ရှူရှိုက်နေ၏။

ချီရွှမ်းစုက သေနတ်ပစ်ပြီးသွားပြီ ဖြစ်သော်လည်း မည်သူကမှ ရှေ့မတက်ရဲကြပေ။

အစကတည်းက ချီရွှမ်းစုသည် ဤလူအုပ်စုကို ကြောက်ရွံ့မနေခဲ့ပေ။ ဤလူအုပ်စုမှာ သူတို့ကို ကျောထောက်နောက်ခံပေးထားသည့် အင်အားများ ရှိနေပြီး မလိုအပ်ဘဲ ပြဿနာတက်မိမည်ကိုသာ သူက စိုးရိမ်ခဲ့ခြင်းဖြစ်၏။

ချီရွှမ်းစုက လက်ခါပြပြီး သူတို့အုပ်စုကို ထွက်သွားခိုင်းလိုက်၏။ အရပ်မြင့်မြင့်အမျိုးသားက အနည်းငယ် အံ့အားသင့်သွား၏။ ချီရွှမ်းစုက ဤမျှသဘောကောင်းလိမ့်မည်ဟု ထင်မှတ်မထားသော်လည်း သူက တွေဝေမနေဘဲ ထွက်ပြေးလိုက်၏။ ဤနေရာမှာ အလောင်းနှစ်လောင်းသာ ကျန်ခဲ့သည်။ တစ်လောင်းက အမျိုးသမီး၏ သက်တော်စောင့်ဖြစ်ပြီး နောက်တစ်လောင်းက ခေါင်းပွင့်သွားသည့် ကံမကောင်းရှာသော ငနဲသားဖြစ်သည်။

ချီရွှမ်းစုက အမျိုးသမီး၏ အနားကို ချဉ်းကပ်ပြီး ထူမပေးလိုက်၏။ သူမ၏ ဝတ်စားဆင်ယင်ပုံအရ သာမန်အရပ်သားတစ်ဦး မဟုတ်လောက်ပေ။ သူမသည် နန်းတွင်းအရာရှိတစ်ဦး၏ မိသားစုမှ ဆွေကြီးမျိုးကြီး သခင်မလေးတစ်ဦး ဖြစ်ပုံရသည်။ သူမက အတော်လေး ချစ်စရာကောင်းသော်လည်း သူနှင့် လက်ထပ်ခိုင်းရန် ကယ်တင်ခဲ့ခြင်းမဟုတ်သည့်အတွက် အဲ့ဒါက အရေးမပါပေ။

အမျိုးသမီးက သူမ၏ လည်ပင်းပေါ်က ကွင်းလျှောကြိုးကို ဖြည်ပြီး သူမ၏ ဖြူဖွေးနုနယ်သော လည်ပင်းပေါ်မှာ နီရဲနေသော အစင်းကြောင်းတစ်ခု ထွက်ပေါ်လာ၏။ သူမက တစ်နည်းတစ်ဖုံအားဖြင့် တည်ငြိမ်နေပြီး သာမန်မိန်းကလေးများကဲ့သို့ ငိုယိုခြင်းမရှိဘဲ ချီရွှမ်းစုကိုသာ အနည်းငယ် အံ့အားသင့်စွာဖြင့် ကြည့်နေ၏။ မည်သို့ပင်ဆိုစေ ချီရွှမ်းစုမှာ မည်ကဲ့သို့သော ရည်ရွယ်ချက်ရှိသည်ကို မသိရသေးပေ။

ချီရွှမ်းစုက အကြည့်လွှဲ၍ ခေါင်းငုံ့ပြီး သေနတ်ထဲကို ကျည်ထပ်ဖြည့်ကာ မေးလိုက်၏။

“မင်း ဘယ်သူလဲ... စောစောက ဟိုလူတွေကရော ဘယ်သူတွေလဲ”

အမျိုးသမီးက ခဏမျှ တွေဝေနေပြီးနောက် ညင်သာစွာ ပြောလိုက်၏။

“အခုလို ကယ်တင်ပေးတာ ကျေးဇူးတင်ရပါတယ်... ကျွန်မ နာမည်က ချင်ရှန့်ပါ... ဟိုလူတွေက ဘယ်သူတွေလဲတော့ ကျွန်မလည်း မသိပါဘူး”

ချီရွှမ်းစုက နတ်နဂါးပစ္စတိုကို ခါးမှာပြန်ချိတ်ပြီး ဖိမေးလိုက်၏။

“ဒါဆို သူတို့က မင်းကို ဘာလို့ ဖမ်းဆီးချင်နေတာလဲ”

ချင်ရှန့်၏ မျက်နှာအမူအရာမှာ ကြောက်ရွံ့ခြင်း၊ ဝမ်းနည်းခြင်းနှင့် ဒေါသထွက်ခြင်းတို့ ရောယှက်လာ၏။

“ကျွန်မ လှည့်စားခံရပြီး ဒီကိုရောက်လာတာ... ကျွန်မ ထွက်ပြေးချင်ပေမဲ့ သူတို့က နောက်ကနေ လိုက်ဖမ်းကြတာ”

ဖြစ်ပျက်ခဲ့သည့်အရာကို ချီရွှမ်းစုက အကြမ်းဖျင်း နားလည်သဘောပေါက်သွား၏။ ဤအမျိုးသမီးသည် အစစ်အမှန်လောက၏ အန္တရာယ်များကို မသိနားမလည်သော ဆွေကြီးမျိုးကြီး သခင်မလေးတစ်ဦး ဖြစ်ပုံရသည်။ ထို့ကြောင့် သူမက ဤနေရာကို လာရောက်ဖို့ လှည့်စားခံရပြီး ခြင်္သေ့တစ်ကောင်၏ သားရဲတွင်းထဲ ကျဆင်းခဲ့ခြင်း ဖြစ်သည်။

All Chapters