အခန်း ၂၀၃
Vol. 21 Ch. 203
အခန်း ၂၀၃ - ချင်ရှန့် (၁)
ချီရွှမ်းစုက ပြောလိုက်၏။
“ဒီလိုနေရာမျိုးကို မင်းဘာသာမင်း ဘယ်လိုရောက်လာတာလဲ... မင်း အရှင်လတ်လတ် အရေခွံဆုတ်ခံရမှာ မကြောက်ဘူးလား... အဲဒီသတ္တိ မင်းကို ဘယ်သူပေးထားတာလဲ”
ချင်ရှန့်က တွေဝေရှုပ်ထွေးသော အမူအရာဖြင့် အသက်မဲ့နေသော သက်တော်စောင့်၏ အလောင်းကို ကြည့်လိုက်၏။
ထိုအကြည့်ကို သတိထားမိပြီး ချီရွှမ်းစုက မေးလိုက်၏။
“သူက ဘယ်သူလဲ”
“သူက ကျွန်မရဲ့ နို့စို့ဖက်အစ်ကိုပါ”
ချင်ရှန့်က ပြန်ဖြေလိုက်၏။
ချမ်းသာကြွယ်ဝသော မိသားစုများမှ မိခင်အများစုသည် သူတို့၏ ကလေးများကို ကိုယ်တိုင်မစောင့်ရှောက်တော့ဘဲ ကလေးမိခင်များပင်ဖြစ်သော ကလေးထိန်းများကို ငှားရမ်းတတ်ကြသည်။ အမျိုးသမီးတစ်ဦးတည်းကနေ စောင့်ရှောက်ပေးသည့် ကလေးများမှာ မိဘမျိုးရိုး မတူလျှင်တောင် နို့စို့ဖက်ဟူသော ဆက်ဆံရေး ရှိကြသည်။ အတူတူ ကြီးပြင်းလာရသောကြောင့် တချို့သော နို့စို့ဖက် ညီအစ်ကိုမောင်နှမများမှာ ရင်းနှီးသော ဆက်ဆံရေးများ ရှိကြ၏။ ထို့ကြောင့် ဧကရာဇ်များက သူတို့၏ လူယုံတော်အဖြစ် နို့စို့ဖက်များကို ရွေးချယ်တတ်ကြသည်။
ချီရွှမ်းစုက အလောင်းကို တစ်ချက်ကြည့်လိုက်၏။
“သူလည်း လောကရဲ့ အန္တရာယ်အကြောင်း ဘာမှမသိတဲ့ ကလေးပဲ... မင်းက တောင်းဆိုလိုက်တာနဲ့ပဲ သူက မင်းနဲ့လိုက်ဖို့ သဘောတူခဲ့တာလား”
ချင်ရှန့်က အလောင်းဘေးမှာ ငုတ်တုတ်ထိုင်ပြီး နှုတ်ဆိတ်နေ၏။
“မင်းကို လှည့်စားခဲ့တဲ့သူက ဘယ်သူလဲ”
ချီရွှမ်းစုက ဖိမေးလိုက်၏။
ချင်ရှန့်က ခေါင်းခါပြလိုက်သည်။
ခေါင်းခါပြသည်မှာ သူမက မသိလို့ပဲလား သို့မဟုတ် မပြောချင်လို့ပဲလား ဆိုတာကို ချီရွှမ်းစုက အရေးလုပ်ပြီး ခန့်မှန်းမနေပေ။
“ငါ့ကို အနီးဆုံးမြို့ဆီ ခေါ်သွားပေး... ငါ့အလုပ်ကိစ္စပြီးရင် မင်းကို အိမ်ပြန်ပို့ဖို့ ကူညီပေးမယ်”
ချင်ရှန့်က ချီရွှမ်းစုကို ဖြည်းဖြည်းချင်း မော့ကြည့်လိုက်၏။
“ရှင်လည်း ဒီကို ပထမဆုံးအကြိမ် ရောက်ဖူးတာလား”
ချီရွှမ်းစုက ပြောလိုက်၏။
“နေရာတစ်ခုကို ဘယ်နှစ်ကြိမ်ရောက်ဖူးလဲဆိုတာက အရေးမပါဘူး... ပိုပြီးအရေးကြီးတာက ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းရှိဖို့ပဲ”
ချင်ရှန့်က ညင်သာစွာ ပြောလိုက်၏။
“ကျွန်မ မြို့တစ်မြို့ကို ဘယ်လိုသွားရမလဲဆိုတာပဲ သိတယ်”
“အဲ့လောက်ဆို ရပြီ”
ချီရွှမ်းစုက သိပ်ပြီး ဂရုမစိုက်ပေ။
ချင်ရှန့်က မတ်တတ်ထရပ်၍ သက်တော်စောင့်အလောင်းကို မကြည့်တော့ဘဲ ပြောလိုက်၏။
“ကျွန်မ အဲဒီမြို့အကြောင်း နည်းနည်းပါးပါး စုံစမ်းထားတယ်... ဝေမင်းဆက်တုန်းက အဲဒါက အလယ်ပိုင်းလွင်ပြင်နဲ့ ရွှေပြည်သစ်အကြား နယ်စပ်ဒေသ ဖြစ်ခဲ့ဖူးတယ်... ဒါပေမဲ့ ဒီဘက်ခေတ်မှာ မဟာရွှမ်မင်းဆက်က ရှီကျိုးကို ပြန်လည်ရယူပြီးနောက် ယုံကျိုးက ကျွန်မတို့ အင်ပါယာရဲ့ နယ်စပ် မဟုတ်တော့ဘူး... ဧကရာဇ်ကောင်းကျူက မျိုးရိုးစဉ်ဆက် စစ်မှုထမ်းစနစ်ကို ရုပ်သိမ်းပြီးတဲ့နောက် ဒီမြို့မှာ စခန်းချခဲ့ဖူးတဲ့ တပ်ရင်းတွေကို ဖျက်သိမ်းခဲ့တယ်”
ချီရွှမ်းစုက ရုတ်တရက် နားလည်သဘောပေါက်သွား၏။
“ဒါကြောင့် ဒီနေရာက ပိုင်ရှင်မဲ့ကုန်းမြေ ဖြစ်နေတာကိုး... ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုနေရာမျိုးက မှီတင်းနေထိုင်ဖို့ မသင့်လျော်ဘူး... ဒီနေရာမှာ တပ်ရင်းတွေလည်း မရှိတော့ဘူးဆိုတော့ လူတချို့က စိုးမိုးခြယ်လှယ်ဖို့ ကြိုးစားလာကြမှာပဲ... မင်း ဒီနေရာကို စုံစမ်းထားတယ်ဆိုရင် ဒီနေရာကို မလာသင့်ဘူးဆိုတာ ဘာလို့ မသိတာလဲ”
ချင်ရှန့်က ခေါင်းခါပြလိုက်၏။
“ကျွန်မတို့ ဒီနန်းဆက်မှာ တင်းကျပ်တဲ့ ဥပဒေတွေရှိတယ်... ဘယ်သူကမှ…”
ချီရွှမ်းစုက ကျယ်လောင်စွာ ရယ်၍ သရော်လိုက်၏။
“ဟုတ်တယ်... ဒီမှာရှိတဲ့ လူတွေက အင်ပါယာနန်းတော်ကို ပေါ်ပေါ်ထင်ထင် ဆန့်ကျင်ရဲမှာ မဟုတ်ဘူး... ဒါပေမဲ့ သူတို့က ရာဇဝတ်မှုတွေကို မကျူးလွန်ရဲဘူးလို့ မဆိုလိုဘူး... တော်လှန်ပုန်ကန်တာနဲ့ အသေးအဖွဲ့ ရာဇဝတ်မှုတွေ ကျူးလွန်တာနဲ့က လုံးဝမတူဘူး... ဟုတ်ပြီလား”
“မှန်ပါတယ်”
ချင်ရှန့်က ရှက်ရွံ့စွာဖြင့် ခေါင်းညိတ်ပြလိုက်၏။
ချီရွှမ်းစုက လူကောင်းတစ်ယောက် ဖြစ်လာဖို့ ဆုံးဖြတ်ထားသည်။ သူက ချီကို လှည့်ပတ်၍ သူ့ခြေဖဝါးဆီ ပို့လွှတ်ပြီး ခပ်ပြင်းပြင်း ဆောင့်နင်းချလိုက်၏။ မြေပြင်ပေါ်မှာ ခပ်တိမ်တိမ် တွင်းတစ်တွင်း ပေါ်လာလေသည်။ သူက သက်တော်စောင့်၏ အလောင်းကို တွင်းထဲသို့ ချပြီး မြေခဲများဖြင့် ဖို့ပေးလိုက်၏။
ထိုသို့ ပြုလုပ်ပြီးနောက် သက်ပြင်းချကာ စိတ်ထဲကနေ တွေးလိုက်၏။
‘ခြောက်လလောက်နဲ့ ငါ ဘယ်လိုလုပ် ဒီလိုဖြစ်သွားရတာလဲ... ငါ အရင်ကဆို ဒါမျိုးလုပ်မှာ မဟုတ်ဘူး... ဂရုလည်းစိုက်မှာ မဟုတ်ဘူး…’
ချင်ရှန့်က ခေါင်းရှုပ်နေသော်လည်း ဖြစ်သလိုလုပ်ထားသည့် မြေပုံရှေ့မှာ ဦးသုံးကြိမ် ညွှတ်လိုက်ဆဲဖြစ်၏။
ချီရွှမ်းစုက သက်ပြင်းချ၍ ဘေးဘီဝဲယာကို ကြည့်လိုက်စဉ် ချင်ရှန့်၏ မြင်းကို မလှမ်းမကမ်းမှာ တွေ့မြင်လိုက်ရ၏။
စောစောက ချင်ရှန့်နှင့် သူမ၏ သက်တော်စောင့်သည် မြင်းစီးကာ ထွက်ပြေးလာကြသည်။ သူတို့ မြင်းများပေါ်ကနေ ကျပြီးမှ ဝိုင်းပတ်ပိတ်ဆို့ ခံလိုက်ရခြင်းဖြစ်၏။ သက်တော်စောင့်၏ မြင်းက ထွက်ပြေးသွားပြီ ဖြစ်သော်လည်း ချင်ရှန့်၏ မြင်းက သူ့သခင်ကို စွန့်ခွာမသွားပေ။ သူက အနီးအနားမှာ ရစ်သီရစ်သီ လုပ်နေပြီး လူဆိုးအုပ်စု ထွက်ခွာသွားပြီးနောက် ချင်ရှန့်အနားကို ပြန်ကပ်လာ၏။
ချီရွှမ်းစုက မြင်းကို သေသေချာချာကြည့်လိုက်၏။
“မြင်းက မြင်းကောင်းပဲ... ဒါကို ကြည့်ရုံနဲ့ မင်းက ဆွေကြီးမျိုးကြီးက လာတယ်ဆိုတာ ပြောလို့ရတယ်”
ချီရွှမ်းစုက မြင်းအနားကို သွားပြီး လည်ဆံမွေးကို ညင်သာစွာ သပ်လိုက်၏။
ချီရွှမ်းစုက ပြောလိုက်သည်။
“မင်း မြင်းပေါ်တက်လိုက်... မင်း ခြေလျင်သွားနိုင်မယ်လို့ ငါမထင်ဘူး”
“ရှင်ကရော”
ချင်ရှန့်က မေးလိုက်၏။
ချီရွှမ်းစုက ကျန်းယွဲ့လု ပေးထားသည့် ကျားမာအဆောင်ကို ထုတ်ယူပြီး သူ၏ခြေထောက်တစ်ဖက်စီမှာ တွဲချည်လိုက်၏။
“ငါ့ကိုပူမနေနဲ့”
ချင်ရှန့်က မြင်းပေါ်တက်၍ ချီရွှမ်းစု၏ ခြေထောက်က ကျားမာအဆောင်ကို ကြည့်ပြီး မေးလိုက်၏။
“ရှင်က တာအိုဂိုဏ်းတော်ကလား”
“အဲဒါ မင်းကိစ္စ မဟုတ်ဘူး... ငါ့ကို လမ်းပြပေးဖို့ပဲ လိုတယ်... ငါ မေးမှပဲ ဖြေဖို့လိုတယ်”
ချီရွှမ်းစုသည် ဦးနှောက်မပါသော ဤမိန်းကလေးနှင့် စကားပြောဆိုဖို့ စိတ်မဝင်စားပေ။
ချင်ရှန့်သည် စကားအနည်းငယ်မျှနှင့် ချီရွှမ်းစု၏ အလိမ်အညာများကို ထွင်းဖောက်မြင်နိုင်လောက်အောင် ကျန်းယွဲ့လုကဲ့သို့ ထက်မြက်ခြင်း မရှိပေ။ သူ့အမြင်အရ ဤမိန်းကလေးက ဤငရဲတွင်းသို့ လှည့်စားခံရပြီး ရောက်လာသည်မှာ သေချာပေါက် ဦးနှောက်မရှိခြင်းသာ ဖြစ်၏။
သို့သော် ချင်ရှန့်က မှန်ကန်သော လမ်းကြောင်းကို ပြပေးနိုင်ဆဲဖြစ်သည်။သူတို့ ၁၀ မိုင်ခန့် သွားပြီးနောက် ခဏတဖြုတ် နားလိုက်ကြ၏။ လမ်းတစ်လျှောက်မှာ ဘယ်မြို့ကိုမှ မတွေ့မြင်ရဘဲ ဖြတ်သွားဖြတ်လာ တချို့ကိုသာ မြင်ရ၏။
သူတို့ နားနေစဉ် ချင်ရှန့်က သိချင်စိတ်ကို မထိန်းနိုင်ဘဲ မေးလိုက်၏။
“လူကြီးမင်း... ရှင်က တာအိုဂိုဏ်းတော်ကလား... ကျွန်မလည်း တာအိုဂိုဏ်းတော်က လူတချို့နဲ့ သိတယ်... သူတို့က ရှင်နဲ့လည်း မိတ်ဆွေတွေ ဖြစ်ချင်ဖြစ်နေမှာ”
“ငါ တာအိုဆရာတစ်ဦး ဖြစ်ခဲ့ဖူးတယ်... ဒါပေမဲ့ အခုချိန်မှာတော့ တစ်ကိုယ်တည်း လေလွင့်နေသူပဲ”
ချီရွှမ်းစုက ဖြေပေးလိုက်၏။
“ရှင်ကလည်း တာအိုဆရာဟောင်းပဲလား”
ချင်ရှန့်က ပင့်သက်ကို ရှိုက်လိုက်၏။
“ပဲလား ဆိုတော့… မင်းက ဘယ်တာအိုဆရာဟောင်းနဲ့ သိထားသေးလို့လဲ... အဲဒါ မင်းကို ဒီကိုရောက်လာအောင် လှည့်စားခဲ့တဲ့သူလား”
ချီရွှမ်းစုက လျင်လျင်မြန်မြန် ချိတ်ဆက်လိုက်၏။
ချီရွှမ်းစုသည် စကားတစ်ခွန်းတည်းနှင့် အမှန်တရားကို ကောက်ချက်ချနိုင်မည်ဟု ချင်ရှန့်က ထင်မှတ်မထားရာ ဘယ်လိုဖုံးဖိရမည် မသိတော့ဘဲ အင်တင်တင်ဖြင့် ဖြေလိုက်ရ၏။
“အမ်း... ဟုတ်ပါတယ်”
“သူ့ရဲ့ လက်ရှိ သရုပ်သကန်က ဘာတဲ့လဲ”
ချီရွှမ်းစုက မေးလိုက်၏။
ချင်ရှန့်က မသဲမကွဲ ပြောလိုက်၏။
“သူက အခုချိန်မှာ မျိုးနွယ်ရှစ်စုရဲ့ အဖွဲ့ဝင်တစ်ဦး ဖြစ်နေပြီ”
“မျိုးနွယ်ရှစ်စုရဲ့ တည်ထောင်သူ ဖခင်တွေက တာအိုဂိုဏ်းတော်ကို သစ္စာဖောက်ခဲ့တဲ့ အဆင့်မြင့် တာအိုဆရာတွေ ဖြစ်ခဲ့ကြဖူးတယ်... ဒီနှစ်ထဲမှာ သူတို့က သူတို့အဖွဲ့ထဲ ဝင်ဖို့ တာအိုတပည့်ဂိုဏ်းသားတွေကို အဆက်မပြတ် ခေါ်ယူစုဆောင်းနေတာ”
ချီရွှမ်းစုက အံ့အားသင့်စွာဖြင့် ပြောလိုက်၏။
“မျိုးနွယ်ရှစ်စုက လျှို့ဝှက်အသင်းအဖွဲ့ပဲ... လျှို့ဝှက်အသင်းအဖွဲ့တွေက ဘယ်လောက် အန္တရာယ်များတယ်ဆိုတာ မင်းမိဘတွေက သင်ပေးမထားဘူးလား... ဒါမှမဟုတ် မင်းက မိဘတွေကို ပုန်ကန်ဆန့်ကျင်နိုင်တဲ့အရွယ် ရောက်လာလို့လား”
ချင်ရှန့်က နှုတ်ဆိတ်သွား၏။
ဤသည်ကို ကြည့်ပြီး ချီရွှမ်းစုက သဘောမကျဟန်ဖြင့် ခေါင်းခါလိုက်၏။
တစ်ချိန်တည်းမှာပင် ဤနေရာတစ်ဝိုက်မှာ မျိုးနွယ်ရှစ်စုအဖွဲ့ဝင်များ ရှိနေသည့်အတွက် ချီရွှမ်းစုက ပို၍ သတိထားလာ၏။
ချင်ရှန့်နှင့် ချီရွှမ်းစု ခရီးဆက်လာကြစဉ် ချင်ရှန့်သည် စူးစမ်းလိုစိတ်အပြည့်ဖြင့် သူမဘေးမှ လျှို့ဝှက်ဆန်းကြယ်သော အမျိုးသားကို လှည့်ကာ ငေးကြည့်နေ၏။
ချီရွှမ်းစုက ချင်ရှန့်အပေါ် မည်သည့်စိတ်ခံစားချက်မှ မရှိပေ။ ကျန်းယွဲ့လုလို အမျိုးသမီးနှင့် တွေ့ဆုံပြီးနောက် သူက တခြားမည်သည့်မိန်းကလေးကိုမှ စိတ်မဝင်စားတော့ပေ။
သူတို့နှစ်ယောက် နောက်ထပ် ငါးကီလိုမီတာ သွားပြီးနောက် ခပ်လှမ်းလှမ်းမှာ မြို့ငယ်တစ်မြို့ကို တွေ့မြင်လိုက်ရ၏။
အစ်မချီ ပြောသည့်အတိုင်း ဤကန္တာရထဲမှာ မြို့ငယ်များက တကယ်ပင် ပြန့်ကျဲနေ၏။ ဤမြို့ငယ်က ရှီဖျင်စီရင်စုထက် များစွာပိုမိုသေးငယ်သည်။
ချီရွှမ်းစုက မြင်းဇက်ဆွဲဖို့ ချင်ရှန့်ကို လက်ဟန်အမူအယာပြလိုက်၏။ ထို့နောက် သူ့ဘေးလွယ်အိတ်ထဲကနေ ခြုံထည်တစ်ထည်ကို ထုတ်ယူပြီး ချင်ရှန့်ကို ကမ်းပေးလိုက်၏။
“ပြီးရင် ငါ့ကို ပြန်ပေးဖို့ မမေ့နဲ့”
ချင်ရှန့်က ခဏမျှ မှင်တက်ပြီးနောက် ချီရွှမ်းစုပေးသည့် ခြုံထည်ကို ယူကာ တွေဝေရှုပ်ထွေးသော အမူအရာဖြင့် ဝတ်ဆင်လိုက်၏။
ချီရွှမ်းစုက ခပ်လှမ်းလှမ်းမှာရှိသော မြို့ကို ကြည့်၍ သူ၏ ငါးရုပ်အဆောင်ကို ညင်သာစွာ ပွတ်သပ်လိုက်၏။
ဤမြို့ကို ဖိသိပ်ထားသည့် ကုန်းမြေပေါ်မှာ တည်ထားပြီး ထိုနေရာမှာ ကျောက်စိမ်းဖြူခန်းမကို တွေ့ရလိမ့်မည်ဟု ချီရွှမ်းစု မျှော်လင့်မထားပေ။
ကျောက်စိမ်းဖြူခန်းမကို ရှာဖို့က လွယ်ကူသောအလုပ် ဟုတ်ပုံမရပေ။