← Chapters

အခန်း ၂၀၄

Vol. 21 Ch. 204

အခန်း ၂၀၄

Vol. 21 Ch. 204

အခန်း ၂၀၄ - ချင်ရှန့် (၂)

ဤမြို့ငယ်လေးမှာ အစောင့်တပ်သားများ သို့မဟုတ် လမ်းပြများမရှိသည့်အတွက် မည်သူမဆို စိတ်ကြိုက် ဝင်နိုင်ထွက်နိုင်သည်။ ချီရွှမ်းစုက ကျားမာအဆောင်ကိုသိမ်းပြီး မြင်းပေါ်ကနေဆင်းလာသော ချင်ရှန့်နှင့်အတူ မြို့ထဲကိုဝင်ရောက်လိုက်၏။

ချီရွှမ်းစုကမေးလိုက်၏။

“ဒီမြို့ထဲမှာ မျိုးနွယ် ၈ စုကလူတွေ ရှိလား”

“ဟင့်အင်း”

ချင်ရှန့်က ခေါင်းခါပြလိုက်၏။

“သူတို့တွေက မြို့ပြင်ဘက်မှာ… ကျွန်မ မြို့ထဲမှာ နှစ်ရက်နေပြီးမှ သူနဲ့သွားတွေ့ခဲ့တာ”

ချီရွှမ်းစုက နောက်ဆုံးမှာမေးလိုက်၏။

“သူ့နာမည်က ဘာတဲ့လဲ”

ချင်ရှန့်က ခဏမျှတွေဝေနေပြီးနောက် ဖြေပေးလိုက်၏။

“ဝေကွမ်းတဲ့”

“သူ့နာမည်ကို ငါမကြားဖူးဘူး… မင်းတို့ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုသိသွားတာလဲ”

ချင်ရှန့်က မှန်မှန်ကန်ကန်ပင် ဖြေပေးလိုက်၏။

“ကျွန်မ တာအိုဘုရားကျောင်းကို အမွှေးနံ့သာ သွားပူဇော်တုန်းက သူနဲ့ဆုံခဲ့တာ”

ချီရွှမ်းစုက သူ၏ ငွေရောင်ငါးရုပ်အဆောင်ကို သိမ်းဆည်းလိုက်၏။

“တာအိုဘုရားကျောင်းတွေနဲ့ တာအိုဆရာဟောင်းတွေ… ကြည့်ရတာတော့ လျှို့ဝှက်အသင်းအဖွဲ့တွေအားလုံးက တာအိုဂိုဏ်းတော်နဲ့ ခွဲထုတ်မရအောင်ပတ်သက်နေကြတဲ့ပုံပဲ”

ချင်ရှန့်က သူမကိုယ်သူမကာကွယ်ပြောဆိုလိုက်၏။

“အစတုန်းက သူက တာအိုဂိုဏ်းတော်က တာအိုဆရာတစ်ဦးဖြစ်မယ်လို့ ကျွန်မထင်ခဲ့တာ… အဲဒါကြောင့် သူနဲ့ စကားပြောခဲ့တာပဲ… မဟုတ်ရင် ဒီကိုရောက်လာမှာမဟုတ်ဘူး”

ချီရွှမ်းစုကရယ်လိုက်၏။

“ထျန်ကန်းခန်းမကလွဲရင် ဒီနေရာကို တာအိုဂိုဏ်းတော်က ဘယ်သူကမှ ရောက်လာကြမှာမဟုတ်ဘူး… ဒီနေရာကို ထျန်ကန်းခန်းမရောက်လာရင်တောင် သူတို့က လျှို့ဝှက်အသင်းအဖွဲ့တွေကို ချေမှုန်းသုတ်သင်ရမယ်ဆိုတဲ့ ဘိုးဘေးကျောင်းတော်က အမိန့်နဲ့ပဲဖြစ်လိမ့်မယ်… မင်းက သူရဲ့အလိမ်အညာသက်သက်ကြောင့် ဒီကိုရောက်လာတယ်လို့ ငါမယုံဘူး”

ချင်ရှန့်က ပြောစရာစကားပျောက်ဆုံးသွား၏။

ချီရွှမ်းစုသည် ချင်ရှန့်၏ သရုပ်သကန်ကို တစ်ခါမှ မမေးခဲ့ရသေးပေ။ သူမသည် နန်းတွင်းအရာရှိမိသားစုတစ်ခုမှဖြစ်မည်ဟုသာ သူယူဆထား၏။ ယခုသူတို့ တစ်ယောက်နှင့်တစ်ယောက် ပိုသိလာပြီဖြစ်သောကြောင့် မေးလိုက်၏။

“မင်းကရော ဘယ်မိသားစုကလဲ”

ချင်ရှန့်က မျက်တောင်ခတ်ပြီး ညင်သာစွာပြောလိုက်၏။

“ချင်မိသားစုက”

“ချင်.. ချင်ဆိုတာက “

ချီရွှမ်းစု၏ အသံက ယတိပြတ်ရပ်တန့်သွား၏။

ရုတ်တရက် သူမှတ်မိသွားသည်။

လောကရှိ မိသားစုကြီးသုံးခုသည် ကွန်ဖြူးရှပ်မျိုးဆက်များ၊ ရှန့်ချင်းစီရင်စုက ကျန်းမိသားစုနှင့် နဂါးမြို့တော်က ချင်မိသားစုဖြစ်သည်။ ချင်မိသားစုသည် ရှေးဟောင်းခေတ်များက နဂါးမြို့တော်ဟုခေါ်သော ယုံကျိုး၏ ချောင်ယန်းစီရင်စုမှ ဆင်းသက်လာခဲ့သော လက်ရှိတော်ဝင်မိသားစုဖြစ်လေသည်။

ချီရွှမ်းစုက ထူးဆန်းသောအမူအရာဖြင့်မေးလိုက်၏။

“မင်းက တော်ဝင်မျိုးနွယ်လား”

ချင်ရှန့်က ခေါင်းညိတ်ပြလိုက်၏။

ချီရွှမ်းစုက ခဏမျှနှုတ်ဆိတ်နေပြီးနောက် မေးလိုက်သည်။

“မင်းမှာ ဘွဲ့တစ်ခုရှိလား”

“ခရိုင်မင်းသမီးပါ”

ချင်ရှန့်က ရိုးသားစွာဖြင့် ဖြေပေးလိုက်၏။

ချီရွှမ်းစုက ခဏမျှမှင်တက်သွား၏။

သူမှတ်မိတာမမှားလျှင် ဧကရာဇ်၏ သမီးတော်ကို အင်ပါယာမင်သမီးဘွဲ့အပ်နှင်းထားပြီး အင်ပါယာမင်းသား၏ သမီးတော်ကို ပြည်နယ်မင်းသမီးဘွဲ့ အပ်နှင်းထားသည်။ ပြည်နယ်မင်းသား၏ သမီးတော်ကိုတော့ ခရိုင်မင်းသမီးဘွဲ့ အပ်နှင်းထားလေသည်။ တစ်နည်းအားဖြင့်ဆိုသော ချင်ရှန့်၏ ဖခင်က ပြည်နယ်မင်းသားတစ်ပါးဖြစ်ပေမည်။

ပဒေသရာဇ်စနစ်ကိုဖျက်သိမ်း၍ မင်းသားများမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နယ်မြေနှင့် ကိုယ်ပိုင်စစ်တပ်များမရှိတော့ပြီဖြစ်သော်လည်း သူတို့ကို နိုင်ငံရေးထဲမှာ ပါဝင်ခွင့်ပေးထားသည်။ မင်းသားအတော်များများသည် အရပ်ဘက်နှင့် စစ်ဘက် အရာရှိနေရာများကို ယူနိုင်ကြ၏။ ထို့ကြောင့် သူတို့၏ ဩဇာအာဏာကို လျှော့မတွက်သင့်ပေ။

ပြည်နယ်မင်းသမီးနှင့် ခရိုင်မင်းသမီးတို့မှာလည်း သူတို့ကိုယ်ပိုင်နယ်မြေများမရှိဘဲ ဗလာသက်သက်ဘွဲ့တစ်ခုသာ ကိုင်စွဲထားကြသည်။ သို့သော် သူတို့မှာ တော်ဝင်သွေးရှိနေဆဲဖြစ်၏။ တော်ဝင်မိသားစုအတွက် အရေးအကြီးဆုံးအရာမှာ သူတို့၏ပုံရိပ်ဖြစ်သည်။ ချင်ရှန့်ကို ဟိုလူဆိုးအုပ်စုက အတင်းအဓမ္မစော်ကားခဲ့မည်ဆိုလျှင် တော်ဝင်မိသားစုက အဲဒါကိုဖုံးဖိ၍ သူမကို နှုတ်ပိတ်ဖို့ ကြိုးစားပေလိမ့်မည်။ တစ်ချိန်တည်းမှာပင် သူတို့သည် လူဆိုးဓားပြများကို ဖိနှိမ်ရန်ဟူသော ခေါင်းစဉ်ဖြင့် ဤနေရာကို အပြတ်ရှင်းလင်းပစ်ပေလိမ့်မည်။

ချင်ရှန့်က ခပ်တိုးတိုးပြောလိုက်၏။

“ကျွန်မ… ခိုးထွက်လာတာ… ဒီစကားသာပြန့်သွားရင် ကျွန်မထိန်းသိမ်းခံရနိုင်တယ်”

ချီရွှမ်းစုက နှာတစ်ချက်မှုတ်လိုက်၏။

“အခုတော့ မင်း အကျိုးဆက်ကို စဉ်းစားမိပြီလား… ဒီကိုရောက်လာတော့ မင်းက ဘာကိုမှမကြောက်တတ်ဘူးလို့ ငါထင်နေတာ”

ချင်ရှန့်က ခေါင်းငုံ့ပြီး ဘာမှထပ်မပြောတော့ပေ။

ချီရွှမ်းစုက ထပ်ပြောလိုက်၏။

“ဒါဆိုရင်လည်း တခြားသူတွေသတိမထားမိခင် ဒီနေရာကနေ ထွက်ကြရအောင်”

ထိုအခါ ချင်ရှန့်က ခေါင်းမော့ပြီး မေးလိုက်၏။

“ရှင် ဒီကိုဘာလာလုပ်တာလဲ”

“ငါ လူတစ်ယောက်ကိုယ်စား အကြွေးလာတောင်းပေးတာ”

သူက ခဏမျှ စဉ်းစားပြီး ကံစမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်၏။

“မင်း ကျောက်စိမ်းဖြူခန်းမဆိုတာကို ကြားဖူးလား”

ချင်ရှန့်က ခေါင်းခါပြလိုက်၏။

မျှော်လင့်ထားပြီးသားအဖြေဖြစ်သည်။ သူ့လိုမျိုး နယ်လှည့်သွားလာနေသူပင် ထိုနေရာကို ဘယ်တုန်းကမှ မကြားဖူးခဲ့ပေ။ အဲဒါကို ကောင်းကောင်းဖုံးကွယ်ထားတာ ဖြစ်ရပေမည်။

အစ်မချီပြောပုံအရ တောင်တစ္ဆေသည်လည်း ချင်းဖျင်အသင်းဝင်တစ်ဦးဖြစ်သည်။ သူက အစ်မချီလိုပင် ရွှေခရမ်းရောင် ငါးရုပ်အဆောင်နှင့် (ခ) အဆင့် အသင်းဝင်တစ်ဦးဖြစ်လောက်သည်။

ချီရွှမ်းစုသည် အစ်မချီအပြင် (ခ)အဆင့် အခြားသောအသင်းဝင်နှစ်ဦးနှင့် တွေ့ဆုံဖူးသည်။ တစ်ယောက်က ကွေ့ကျန်းအဆင့် ကွန်ဖြူးရှပ်ဧကစာကျင့်ကြံသူဖြစ်သော ရှဲ့ချိုးနျန်ဖြစ်ပြီး ကျန်းယွဲ့လုနှင့် သရေကျအောင်တိုက်ခိုက်နိုင်ခဲ့သည်။ နောက်ထပ် (ခ)အဆင့် အသင်းဝင်တစ်ဦးက အစစ်အမှန်သရုပ်သကန်မှာ လီချင်းနုဖြစ်သော ‘ကြက်သွေးရောင်နှုတ်ခမ်း’ဖြစ်၏။ သူမကို အင်ပါယာနေပြည်တော်မှာ ပြိုင်ဘက်ကင်းပန်းအလှမယ်တစ်ဦးဖြစ်လာအောင် လီမိသားစုက ပျိုးထောင်ပေးထားသည်။

လီချင်းနုက ယွီရှုအဆင့်မှာသာရှိသော်လည်း သူမ၏ တန်ဖိုးက သူမ၏ သရုပ်သကန်မှာ ရှိလေသည်။ ချီရွှမ်းစုက သူမကို မယှဉ်နိုင်ပေ။ ချီရွှမ်းစုသည် အစ်မချီ၏ အစစ်အမှန်သရုပ်သကန်ကိုလည်း သိရှိမထားပေ။ သို့သော် အစ်မချီက သတင်းအချက်အလက်စုံပြီး အဆက်အသွယ်ကောင်းကောင်းရှိထား၏။ သူမသည် တာအိုဂိုဏ်းတော်၏ အတွင်းရေးကိစ္စများစွာကိုလည်း သိရှိထားပြီး အဆင့်မြင့်တာအိုဆရာတစ်ဦး ဖြစ်ခဲ့ဖူးလိမ့်မည်ဟု ချီရွှမ်းစု ထင်မြင်ယူဆမိသည်။

ချင်းဖျင်အသင်း၏ (ခ)အဆင့် အသင်းဝင်များအားလုံးမှာ ထူးခြားသောသရုပ်သကန်များရှိပြီး ဩဇာအာဏာနှင့် လွှမ်းမိုးနိုင်စွမ်းရှိကြသည်။ တစ်နည်းအားဖြင့်ဆိုသော် ချီရွှမ်းစုသည် (ခ)အဆင့် အသင်းဝင်တစ်းဖြစ်လာဖို့ အရည်အချင်းမပြည့်မီသေးပေ။

ထိုသို့ဆိုလျှင် တောင်တစ္ဆေ၏ သရုပ်သကန်က ဘာဖြစ်မလဲ။ သူက မြို့တော်အရှင်တစ်ဦးဖြစ်နေမလား။

ဤအချိန်မှာ ကလေးအတော်များများက ဆော့ကစားရင်း သူတို့ရှိရာဘက်သို့ပြေးလာကြ၏။

ချင်ရှန့်က သတိပေးလိုက်၏။

“သတိထားနော်... အဲဒီကလေးတွေက ခါးပိုက်နှိုက်လေးတွေ... ကျွန်မဒီကိုအရင်ဆုံးရောက်လာတုန်းက ကျွန်မရဲ့အသပြာတွေကို သူတို့ခိုးသွားကြတာ”

ချီရွှမ်းစုကပြုံးရုံသာပြုံးနေ၏။

ဆယ်နှစ်အရွယ်ကောင်လေးက သူ့သူငယ်ချင်းများနှင့်ဆော့ကစားရင်း နောက်ကိုမကြာမကြာလှည့်ကြည့်ကာ ချီရွှမ်းစုကို အမှတ်တမဲ့ဝင်တိုက်လိုက်၏။ ကောင်လေးက ချီရွှမ်းစုကိုဖက်တွယ်ထားပြီး အတန်ကြာသည့်အထိ မခွာပေ။ နောက်ဆုံးမှာတော့ ကောင်လေးက ချီရွှမ်းစုကို ခေါင်းမော့ကြည့်လိုက်၏။

ချီရွှမ်းစုက တည်ငြိမ်စွာပြောလိုက်၏။

“ဒီလွယ်အိတ်ကြိုးကို အမဲရွတ်နဲ့ သံမဏိကြိုးနဲ့လုပ်ထားတာ... မင်း အဲဒါကို ဓားနဲ့ဖြတ်လို့ရမှာမဟုတ်ဘူး... လွှသုံးမှရလိမ့်မယ်”

ကောင်လေးက ရှက်ကိုးရှက်ကန်းဖြစ်သွားပြီး ဓားသွားကို ဝှက်ကာ နောက်ကို ခြေလှမ်းအနည်းငယ်ဆုတ်လိုက်၏။

တစ်ချိန်တည်းမှာ နောက်ထပ်ကလေးတစ်ယောက်က ချီရွှမ်းစုကိုပွတ်တိုက်ပြီး ပစ္စည်းတစ်ခုကို နှိုက်ယူသွားနိုင်၏။ အဲဒါက နတ်နဂါးပစ္စတိုဖြစ်သည်။ ကောင်လေးက လေးလံသောသေနတ်ကိုကိုင်ပြီး ဘာလုပ်ရမည်မသိဘဲ ရပ်တန့်သွား၏။

ချီရွှမ်းစုက လှည့်ကြည့်ပြီး လက်ဖြန့်ကာ သေနတ်ကို ပြန်တောင်းလိုက်၏။ ထိုစဉ် ကောင်လေးက ရုတ်တရက် သေနတ်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်၊ သူ့ကိုချိန်ရွယ်၊ မောင်းတံကိုဖိချပြီး ခလုတ်ကိုလက်ညှိုးဖြင့် ချိတ်လိုက်၏။ ဤကောင်လေး၏ လှုပ်ရှားမှုက ပြေပြစ်နေပြီး သေနတ်များနှင့် ရင်းနှီးကျွမ်းဝင်မှုရှိကြောင်းပြနေ၏။

ကောင်လေးက အရွယ်နှင့်မလိုက်အောင် ရက်စက်ကြမ်းတမ်းသောအမူအရာကို ထုတ်ဖော်ပြီး ချီရွှမ်းစုကို ခြိမ်းခြောက်လိုက်၏။

“ပါလာတဲ့ငွေ ထုတ်ပေး”

အခြေအနေက ချက်ချင်းပင်ပြောင်းလဲသွားသော်လည်း ဘေးပတ်ဝန်းကျင်မှာရှိသော လမ်းသွားလမ်းလာများက အံ့အားသင့်မသွားကြပေ။ သူတို့က ဘေးကနေ စိတ်ဝင်တစားဖြင့်သာ စောင့်ကြည့်နေကြ၏။

ချီရွှမ်းစုက ကောင်လေးကိုမကြောက်ရွံ့ဘဲ လှောင်ရယ်လိုက်၏။

“မင်းမပစ်ရဲဘူးဆိုရင်လည်း တုတ်တစ်ချောင်းကိုင်ထားတာမှ ပိုကောင်းဦးမယ်”

ကောင်လေးက အော်ပြောလိုက်၏။

“ပေါက်ကရတွေ လျှောက်ပြောမနေနဲ့... ပါတဲ့ငွေကို ထုတ်ပေးလိုက်နော်”

ချင်ရှန့်က ဤသေနတ်၏ အဖျက်စွမ်းအားကို မျက်မြင်တွေ့ထားပြီး ထိတ်လန့်တကြားဖြစ်နေ၏။

သို့သော် ချီရွှမ်းစုက တည်ငြိမ်စွာဖြင့် ပြောလိုက်၏။

“မင်း သေနတ်ကို ချထားခဲ့မယ်ဆိုရင် ဘာမှမဖြစ်ခဲ့သလို ငါဟန်ဆောင်ပေးလိုက်မယ်”

မည်သို့ပင်ဆိုစေ ကလေးငယ်တစ်ဦး၏ ခွန်အားက အကန့်အသတ်ရှိသည်။ ကောင်လေးက လက်နှစ်ဖက်ဖြင့်ပင် လေးလံသော နတ်နဂါးပစ္စတိုကို သိပ်ကြာကြာကိုင်ထားနိုင်မည် မဟုတ်ပေ။ ခဏနေပြီးနောက် သူ့လက်နှစ်ဖက်က စတင်၍ တုန်ယင်လာ၏။ သူက မျက်လုံးမှိတ်၍ အံကိုကြိတ်ကာ ခလုတ်ကိုကုပ်ဆွဲလိုက်၏။

လူတိုင်းက သေနတ်သံကို ကြားလိုက်ရသည်။ ကောင်လေးက မျက်လုံးနှစ်ဖက်ဖွင့်လိုက်သည့်အချိန်မှာ ချီရွှမ်းစုက ပျောက်ကွယ်သွားပြီဖြစ်၏။ သို့သော် သေနတ်တစ်လက်က ဘယ်လောက်ပင်အဖျက်စွမ်းအားကြီးမားသည်ဖြစ်စေ တစ်ချက်တည်းနှင့် လူတစ်ယောက်ကိုပြာကျသွားစေဖို့ မဖြစ်နိုင်ပေ။ သူက စဉ်းစားရခက်သွားပြီး တွေးလိုက်၏။

‘ဟိုလူ ဘယ်ရောက်သွားတာပါလိမ့်’

‌

ကောင်လေးက ဘေးဘီဝဲယာကိုကြည့်နေစဉ် သူ့နောက်ကနေ အသံတစ်သံထွက်ပေါ်လာ၏။

“မင်း ငါပေးတဲ့အခွင့်အရေးကို မယူခဲ့ဘူးပဲ”

ကောင်လေးက ချက်ချင်းပင်ဒူးထောက်ချပြီး အညံ့ခံသည့်အနေဖြင့် သေနတ်ကိုမြှောက်ပေးလိုက်၏။

“ဦးလေး... ကျုပ်မှားသွားပါတယ်... ကျုပ်အသက်ကို ချမ်းသာပေးပါခင်ဗျာ”

ချီရွှမ်းစုက သေနတ်ကိုပြန်ယူလိုက်၏။ ကလေးများကို ခါးပိုက်နှိုက်များအဖြစ်ခိုင်းစားသည့် လမ်းဘေးလူဆိုးများကို သူတွေ့မြင်ခဲ့ဖူးသည်။ ပြောရမည်ဆိုလျှင် ထိုလူဆိုးများသည် အမှားလုပ်မိသောကလေးကို အလွန်ဆုံးရိုက်နှက်ရုံသာရှိပေလိမ့်မည်။ ချီရွှမ်းစုက နယ်ခံလူဆိုးများနှင့် ရန်မဖြစ်လိုဘဲ ကောင်လေး၏ ပခုံးကိုသာ တစ်ချက်ရိုက်လိုက်၏။

ဤအင်အားက တဖြည်းဖြည်းပျံ့နှံ့ပြီး နောက်ဆုံးမှာ ကောင်လေး၏ လက်ကို တစ်လလောက်ထုံကျင်နေစေပေလိမ့်မည်။ ချီရွှမ်းစုသည် ကောင်လေးကို သင်ခန်းစာပေးချင်ရုံသာဖြစ်၏။

“ငါမင်းကို နောက်တစ်ခါထပ်မမြင်ရစေနဲ့”

ကလေးများက အလောတကြီးပြေးထွက်သွားပြီး ရပ်ကြည့်နေသူများကလည်း မြန်မြန်ဆန်ဆန်ပင် လူစုခွဲသွားကြ၏။

ချင်ရှန့်က အနားကိုလာပြီး ချီရွှမ်းစု၏ သေနတ်ကိုကြည့်လိုက်၏။

“ဒါက နတ်နဂါးပစ္စတိုပဲ... အရာရှိတွေပဲ ကိုင်ဆောင်ခွင့်ရှိတာ”

ချီရွှမ်းစုက သူမကိုတစ်ချက်ကြည့်လိုက်၏။

“မှောင်ခိုဈေးထဲမှာ ဒါမျိုးတွေ အများကြီးရှိတယ်”

“ကျွန်မ မှောင်ခိုဈေးကို ရောက်ဖူးပါတယ်”

ချင်ရှန့်က ပြောလိုက်၏။

“မှောင်ခိုဈေးမှာရောင်းတဲ့သေနတ်တွေမှာ အမှတ်စဉ်နံပါတ်တွေကို ဖျက်ထားတယ်... ရှင့်သေနတ်မှာတော့ ပါတယ်”

ချီရွှမ်းစုက တစ်ချက်ငုံ့ကြည့်လိုက်၏။ သေနတ်လက်ကိုင်မှာ သေးငယ်သောမထင်မရှား စာလုံးလေးများရှိနေ၏။ ဤနတ်နဂါးပစ္စတိုသည် တကယ်ပင် မှောင်ခိုဈေးကွက်မှ မဟုတ်ပေ။ အဲဒါကို ထျန်ကျိခန်းမအခွဲကနေ ဝယ်ထားခြင်းဖြစ်၏။ ချီရွှမ်းစုက ဘာမှမပြောတော့ဘဲ သေနတ်ကို ပစ္စတိုအိတ်ထဲ ပြန်ထည့်လိုက်၏။

ချင်ရှန့်၏ လမ်းညွှန်မှုဖြင့် သူတို့သည် တည်းခိုခန်းတစ်ခု၏ ဝင်ပေါက်ဝကို ရောက်လာကြ၏။

ချင်ရှန့်ကပြောလိုက်သည်။

“ကျွန်မ ဒီမှာ တည်းခိုခဲ့ဖူးတယ်... အဲဒါက တရားဝင်စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်လိမ့်မယ်”

သူမက ခြားနားချက်ကို သိရှိသည့်အလား ပြောဆိုနေသည့်အတွက် ချီရွှမ်းစုက ရယ်ချင်မိ၏။ သို့သော် သူမကို ထပ်ပြီးမလှောင်ရယ်ဖို့ ဆုံးဖြတ်လိုက်၏။ မည်သို့ပင်ဆိုစေ ချင်ရှန့်က ခရိုင်မင်းသမီးတစ်ပါးဖြစ်ပြီး သူမနှင့် ဆက်ဆံရေးကောင်းတစ်ခုထိန်းထားခြင်းက တစ်နေ့မှာ အသုံးဝင်လာနိုင်သည်။

တည်းခိုခန်းထဲကိုဝင်လာသည်နှင့် သူက ရင်းနှီးနေကျခံစားချက်ကို ရလိုက်၏။ ဤတည်းခိုခန်းက သာမန်တည်းခိုခန်းဟုတ်ပုံမရပေ။ ဤနေရာသည် တရားမဝင်အလုပ်များကို လက်ခံသည့်တည်းခိုခန်းဖြစ်သည်။

ချီရွှမ်းစု၏ ဖုန်ထိုက်ခရိုင်ခရီးစဉ်က တည်းခိုခန်းကနေစခဲ့၏။ သူက ဘေးဘီဝဲယာကိုတစ်ချက်ကြည့်ပြီး သန်မာသော သတ်ဖြတ်ခြင်းအော်ရာများနှင့် ခပ်ကြမ်းကြမ်းပုံစံလူတချို့ကို ဧည့်ကြိုခန်းထဲမှာ တွေ့မြင်လိုက်ရ၏။ ထို့နောက် သူက ချင်ရှန့်ဘက်ကိုလှည့်ပြီး ထူးဆန်းစွာကြည့်လိုက်သည်။

ချင်ရှန့်သည် ဤနေရာကို ပထမဆုံးရောက်လာစဉ်က အခန်းငှားသည့်အချိန်မှာ ဘယ်လိုပုံစံဖြစ်ခဲ့မလဲ သူစဉ်းစားကြည့်မိ၏။ သူ့ကိုပို၍ပင် အံ့အားသင့်စေသည်မှာ တည်းခိုခန်းက သူမကို အမှန်တကယ်ပင် နှစ်ရက်တည်းခိုခွင့်ပေးခဲ့ခြင်းဖြစ်သည်။

“ဘာလို့လဲ... ကျွန်မမျက်နှာမှာ တစ်ခုခုရှိလို့လား”

ချင်ရှန့်က မျက်နှာကို အလိုလိုလက်ဖြင့်စမ်းလိုက်သော်လည်း ဘာမှထူးခြားမှုမရှီဟု ခံစားရသည်။ ချီရွှမ်းစုက အရူးတစ်ယောက်ကိုကြည့်နေသည့်ပမာ ဘာ့ကြောင့် သူမကိုကြည့်နေသလဲ နားမလည်နိုင်ဘဲ တွေဝေရှုပ်ထွေးစွာဖြင့် သူ့ကိုပြန်ကြည့်နေ၏။

ချီရွှမ်းစုက အကြည့်လွှဲပြီး ရယ်ချင်စိတ်ကို ချုပ်တည်းလိုက်၏။

“ဘာမှမဟုတ်ပါဘူး... မင်းပြောတာမှန်တယ်... ဒါက တကယ်ကို တရားဝင်စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်လောက်တယ်”

All Chapters