← Chapters

အခန်း ၂၀၅

Vol. 21 Ch. 205

အခန်း ၂၀၅

Vol. 21 Ch. 205

အခန်း ၂၀၅ - ပြန်ဖော်ကုန်းမြေ

ချီရွှမ်းစုက တည်းခိုခန်းကို ဝင်၍ ကောင်တာဆီ လျှောက်သွားကာ ကောင်တာခုံပေါ် တံတောင်တင်လိုက်၏။

ကောင်တာနောက်မှာရှိသော ဆိုင်ရှင်က ချီရွှမ်းစုကို မျက်လုံးပင့်ကြည့်လာသည်။

“လူကြီးမင်း... ခင်ဗျား ဘယ်လိုဝန်ဆောင်မှုမျိုး လိုချင်လို့လဲ... ဈေးနှုန်းက မှန်ကန်သရွေ့ အားလုံးညှိနှိုင်းလို့ရတယ်”

ချီရွှမ်းစုက မေးလိုက်၏။

“ခင်ဗျားက ဒီနေရာမှာ အဆင့်မြင့် နေရာထိုင်ခင်းတွေ ဝန်ဆောင်မှုပေးနေတယ်လို့ ကြားလို့”

ဆိုင်ရှင်က ရှက်ကိုးရှက်ကန်းဖြင့် ကြည့်လိုက်၏။ အတန်ကြာပြီးနောက် သူက နောက်ဆုံးမှာ ပြောလိုက်၏။

“ဒါကတော့ အပေါ်မှာ အသိုက်ဗလာတွေ ရှိနေလို့ အကျိုးရှိအောင် အသုံးချထားတာပါ”

“ကျုပ် သိပြီ”

ချီရွှမ်းစုက လှောင်ပြုံးပြုံးလိုက်၏။

“လူကြီးမင်း... ခင်ဗျားရဲ့ လေသံရဆိုရင် ဒီနေရာကို ပုံမှန်ရောက်ဖူးတဲ့ ပုံပဲ”

ဆိုင်ရှင်က ချီရွှမ်းစုကို စေ့စေ့စပ်စပ် အကဲခတ်ကြည့်လိုက်၏။

ချီရွှမ်းစုက ဖုံးကွယ်မထားပေ။

“ဟုတ်တယ်... ကျုပ်က ပုံမှန်လာနေကျပဲ... ဒါပေမဲ့ ဒီမှာမဟုတ်ဘူး တောင်ပိုင်းမှာ”

“ဪ... တောင်ပိုင်းက ကျုပ်တို့ မိတ်ဆွေပဲ”

ချီရွှမ်းစုက ခေါင်းညိတ်လိုက်၏။

ချီရွှမ်းစုက တည်းခိုခန်းကို ပုံမှန်လာနေကျ ဆိုမှတော့ ဆိုင်ရှင်က ရှည်ရှည်ဝေးဝေး ရှင်းပြနေစရာ မလိုတော့ပေ။

“လူကြီးမင်း... ဒါဆိုရင် ခင်ဗျား ဘာလိုချင်ပါသလဲ”

ချီရွှမ်းစုက လိုရင်းကို တန်းပြောလိုက်၏။

“ကျောက်စိမ်းဖြူခန်းမလို့ ခေါ်တဲ့ နေရာတစ်ခုအကြောင်း ကျုပ်မေးချင်တယ်... ခင်ဗျား အဲဒါကို ကြားဖူးလား”

ဆိုင်ရှင်၏ မျက်လုံးက ဖျပ်ကနဲ ခတ်သွား၏။

“ကျောက်စိမ်းဖြူခန်းမကို ခင်ဗျား ဘာလို့ ရှာနေတာလဲ ကျုပ်မေးပါရစေ”

ချီရွှမ်းစုက ဖြေပေးလိုက်၏။

“ကျုပ်မှာ လက်တိုလက်တောင်း ကိစ္စတစ်ခု ပါလာလို့”

ဆိုင်ရှင်က ထပ်မေးလိုက်၏။

“လူကြီးမင်း... ခင်ဗျားရဲ့ နာမည် ဘယ်လိုခေါ်ပါသလဲ”

“ဝေဝူကွေ့”

ချီရွှမ်းစုက ပြန်ဖြေလိုက်၏။

“ညီအစ်ကိုဝေ... ကျုပ်တို့ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ခင်ဗျားလည်း သိထားတာပဲ”

ဆိုင်ရှင်က ထပ်ပြောလိုက်၏။

“မှန်ကန်တဲ့ စက္ကူနဲ့ဆို အားလုံးက ညှိနှိုင်းလို့ရတယ်”

ချီရွှမ်းစုက ကောင်တာကို လက်ဖြင့်ခေါက်ကာ ပြောလိုက်၏။

“ဟုတ်ပြီလေ... ဒါပေမဲ့ ခင်ဗျား ကျုပ်ကို ခေါင်းပုံတော့မဖြတ်နဲ့”

ဆိုင်ရှင်က ပြုံးပြလိုက်၏။

“ဘယ်လုပ်ပါ့မလဲ... ဒါပေမဲ့ ကျုပ်တို့ဆီမှာ ဈေးစစ်တာကို အားမပေးဘူး”

ဆိုင်ရှင်က ညင်သာစွာ ခေါင်းညိတ်ပြလိုက်၏။

“ကျုပ်တို့ အထဲမှာ ပြောကြမလား”

ချီရွှမ်းစုက ပြောလိုက်၏။

“ခဏနေပါဦး... ကျုပ်မှာ နောက်ထပ် မေးစရာတစ်ခု ရှိသေးတယ်”

“ဘာတဲ့လဲ”

ဆိုင်ရှင်က မေးလိုက်၏။

ချီရွှမ်းစုက သူ့ဘေးမှာရှိသော ချင်ရှန့်ကို လက်ညှိုးထိုးပြလိုက်၏။

“ခင်ဗျားတို့ဆီမှာ အခန်းရသေးတယ်မလား... သူ တစ်ခန်းယူလိမ့်မယ်”

ဤအချိန်မှာ ချင်ရှန့်က ချီရွှမ်းစုဘေးမှာ မတ်တတ်ရပ်နေပြီး ​ကြောင်တိကြောင်တောင် ဖြစ်နေ၏။ ချီရွှမ်းစုနှင့် ဆိုင်ရှင် အပြန်အလှန်ပြောဆိုသည့် စကားကို ကြားသော်လည်း သူတို့ ဘာပြောနေသည်ကို သူမ နားမလည်နိုင်ပေ။ နောက်ဆုံးမှာ ချီရွှမ်းစုက သူမအတွက် အခန်းငှားပေးနေသည်ကိုသာ နားလည်သည်။

ဆိုင်ရှင်က ချင်ရှန့်ဘက်ကို လှည့်ကြည့်လိုက်၏။ ချင်ရှန့်သည် ခေါင်းစွပ်ကို ဆွဲတင်ထားပြီး သူမ၏ မျက်နှာတစ်ဝက်လောက်ကို ဖုံးကွယ်ထားသော်လည်း ဆိုင်ရှင်က မှတ်မိနေသေးသည်။ သူက ပြုံး၍ ပြောလိုက်၏။

“ပြီးခဲ့တဲ့ ရက်အနည်းငယ်က ဒီသခင်မလေး ဒီမှာ တည်းခဲ့ဖူးတယ်”

“ဟုတ်တယ်”

ချီရွှမ်းစုက ပြောလိုက်၏။

“ကျုပ် ပြန်လာတဲ့အထိ သူ့ကို ဒီမှာ နောက်ထပ် ရက်နည်းနည်းလောက် ထပ်နေပါစေဦး”

“လူကြီးမင်း စိတ်တော့မရှိပါနဲ့... ဒါပေမဲ့ ခင်ဗျား ပြန်မလာနိုင်ဘူး ဆိုရင်ရော…”

ဆိုင်ရှင်က သတိထားကာ စကားထောက်ကြည့်၏။

ချီရွှမ်းစုက ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်၏။

“တည်းခိုခန်းက ဖီးနစ်စိမ်းတပ်ဖွဲ့နဲ့ ဆက်ဆံရေးကောင်း ရှိတယ်မလား... ကျုပ် ပြန်မလာနိုင်ရင် ဖီးနစ်စိမ်းတပ်ဖွဲ့ကို သတင်းပေးလိုက်”

ဆိုင်ရှင်၏ အမူအရာက ပြောင်းလဲသွား၏။

“လူကြီးမင်း... ခင်ဗျား ဆိုလိုတာက…”

“ဒါက တိုက်ရိုက်အဓိပ္ပာယ်ပဲ”

ချီရွှမ်းစုက ချင်ရှန့်၏ သရုပ်သကန်ကို မပေါက်ကြားစေချင်သေးဘဲ စကားလမ်းကြောင်းပြောင်းလိုက်၏။

“အလုပ်ကိစ္စ သွားပြောရအောင်”

ဆိုင်ရှင်က ခဏမျှ တွေဝေနေပြီးနောက် စားပွဲထိုးကို ခေါ်ကာ ညွှန်ကြားလိုက်၏။

“ဒီသခင်မလေးကို အရင်က သူတည်းခဲ့တဲ့ အခန်းဆီ လိုက်ပို့ပေးလိုက်”

ချင်ရှန့်က ချီရွှမ်းစုကို စိုးရိမ်စွာဖြင့် ကြည့်နေ၏။ ချီရွှမ်းစုက ပြုံး၍ ပြောလိုက်သည်။

“လိုက်သွားလိုက်... ဒီမှာ လုံခြုံပါတယ်... ဘယ်သူကမှ မင်းကို ပြဿနာလာရှာမှာ မဟုတ်ဘူး”

“မှန်တာပေါ့ဗျာ”

ဆိုင်ရှင်က သဘောတူထောက်ခံလိုက်သော်လည်း ပြောနေရင်း သိပ်မကြာသေးခင်က လုကျိုးမှာ ဖြစ်ပွားခဲ့သည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ရုတ်တရက် အမှတ်ရသွား၏။

ချင်ရှန့်က သူမ ယခင်တည်းခိုခဲ့သည့် အခန်းသို့ စားပွဲထိုးနှင့်အတူ လိုက်သွား၏။

ဆိုင်ရှင်က လက်ဆန့်ကာ ကြိုဆိုလိုက်၏။

“လူကြီးမင်း... ကျေးဇူးပြုပြီး ဒီဘက်ကို ကြွပါ”

အမျိုးသားနှစ်ဦးက ဆိုင်ရှင်၏ ရုံးခန်းဖြစ်ပုံရသော သီးခြားအခန်းတစ်ခုဆီ ရောက်လာကြ၏။ စာရွက်စာတမ်းများ ပုံထပ်ထားသည့် ကြီးမားသော စားပွဲတစ်လုံးအပြင် နံရံမှာ ကပ်စီထားသည့် ခုံတန်းနှစ်တန်း ရှိနေ၏။ ဤနေရာကို လူများစွာနှင့် ဆွေးနွေးပြောဆိုဖို့အတွက် အစည်းအဝေးခန်းအဖြစ်လည်း အသုံးပြုပုံရသည်။

ဆိုင်ရှင်က စားပွဲထောင့်မှာ ထိုင်ပြီး ချီရွှမ်းစုက ကြုံရာခုံတစ်လုံးကို ဆွဲယူထိုင်လိုက်၏။

ချီရွှမ်းစုက လိုရင်းကိုသာ ပြောလိုက်သည်။

“ခင်ဗျား သတ်မှတ်ထားတဲ့ဈေး ပြောပါ”

ဆိုင်ရှင်က ဈေးခေါ်ဖို့ကို အလောတကြီး ရှိမနေဘဲ ထိုအစား သူက ပြောလိုက်၏။

“ခင်ဗျားက ကျောက်စိမ်းဖြူခန်းမရဲ့ တည်ရှိမှုကို သိထားတယ်ဆိုတော့ အဲဒါက ဘယ်လောက်ထူးခြားလဲဆိုတာလည်း နားလည်မယ်လို့ ကျုပ်ယူဆတယ်”

ချီရွှမ်းစုမှာ ကျောက်စိမ်းဖြူခန်းမနှင့် ပတ်သက်သည့် သဲလွန်စ မရှိသော်လည်း သူက ဤအချိန်မှာ ဘာမှမသိနားမလည်သလို လုပ်မနေချင်ဘဲ တည်တံ့သောအမူအရာဖြင့် ခေါင်းသာညိတ်ပြလိုက်၏။

ဆိုင်ရှင်က ဆက်ပြောလိုက်သည်။

“အဲဒါကြောင့်ပဲ ဒီအပေးအယူမှာ ဈေးနှုန်းက သိပ်ပြီးတော့ နိမ့်မှာ မဟုတ်ဘူး... လူကြီးမင်း... ခင်ဗျားစိတ်ကို ကြိုတင်ပြင်ဆင်ထားဖို့ အကြံပေးချင်တယ်”

“အတိအကျ ဘယ်လောက်လဲ ပြောပါ”

ချီရွှမ်းစုက ရင်ထဲတွင် မကောင်းသော ခံစားချက်တစ်ခု ရလာ၏။

ဆိုင်ရှင်က လက်နှစ်ချောင်း ထောင်ပြလိုက်၏။

ဆိုင်ရှင်က စကားကြိုခံထားသောကြောင့် အဲဒါက ထိုက်ဖျင်ဒင်္ဂါး နှစ်ရာမျှသာ ဖြစ်သည်ဟု ချီရွှမ်းစု မထင်ပေ။ ထို့ကြောင့် သူက မျက်မှောင်ကြုတ်ပြီး မေးလိုက်၏။

“ထိုက်ဖျင်ဒင်္ဂါး နှစ်ထောင်လား”

“ဟုတ်ပါတယ်... ထိုက်ဖျင်ဒင်္ဂါး နှစ်ထောင်ပါ”

ဆိုင်ရှင်၏ မျက်နှာပေါ်ရှိ အပြုံးက မပြောင်းမလဲ ဆက်ရှိနေ၏။

ချီရွှမ်းစုက အနည်းငယ် စိတ်အိုက်သွား၏။ သူ့မှာ လက်ရှိ ထိုက်ဖျင်ဒင်္ဂါး သုံးရာနှင့် ကျောက်ဖူအန်ထံမှ ရလာသော ထိုက်ဖျင်ဒင်္ဂါး ငါးရာတန် ငွေစက္ကူသာ ရှိပြီး စုစုပေါင်း ထိုက်ဖျင်ဒင်္ဂါး ရှစ်ရာ ဖြစ်သည်။ ထိုက်ဖျင်ဒင်္ဂါး နှစ်ထောင်ပြည့်ဖို့ များစွာလိုနေသေး၏။

ချီရွှမ်းစု၏ မျက်နှာအမူအရာကို တွေ့မြင်ရသောအခါ ဆိုင်ရှင်က အံ့အားသင့်မသွားပေ။ မည်သို့ပင်ဆိုစေ ထိုက်ဖျင်ဒင်္ဂါး နှစ်ထောင်သည် သေးငယ်သော ပမာဏ မဟုတ်သည့်အတွက် သူက ဆက်ပြောလိုက်၏။

“လူကြီးမင်း... ခင်ဗျား အဲ့လောက်ထိ မတတ်နိုင်ဘူးဆိုရင် ပေးချေဖို့အတွက် တခြားနည်းလမ်းရှိတယ်... အလုပ်တာဝန်လိုမျိုးပေါ့”

ဆိုင်ရှင်က ဤကမ်းလှမ်းမှုကို စကားစဖို့အတွက် တမင်ဈေးခေါ်ထားခြင်းဖြစ်ကြောင်း ချီရွှမ်းစုက နားလည်သဘောပေါက်လိုက်၏။

ဤစကားကို ကြားပြီး ချီရွှမ်းစုက ချက်ချင်း မငြင်းပယ်ဘဲ မေးမြန်းလိုက်၏။

“ထိုက်ဖျင်ဒင်္ဂါး နှစ်ထောင်တန်တာက ဘယ်လိုအလုပ်မျိုးလဲ”

ဆိုင်ရှင်က ဖြေပေးလိုက်၏။

“အဲဒါက အလုပ်ကြီးအကိုင်ကြီးပဲ… ညီအစ်ကိုဝေ... ခင်ဗျားက လူနေထူထပ်တဲ့ တောင်ပိုင်းမှာ လှုပ်ရှားခဲ့ဖူးတယ်မလား... အဲဒီမှာရှိတဲ့ အလုပ်တွေက များသောအားဖြင့် လူတွေနဲ့ တိုက်ခိုက်ရတာပဲ... ဒါပေမဲ့ အနောက်မြောက်ဘက် ဒီမှာတော့ မတူဘူး... ဒီမှာ ကုန်းမြေက ကျယ်ပြန့်တယ်... လူနေကျဲပါးတယ်... အဲဒါကြောင့် လူတွေနဲ့ တိုက်ခိုက်ရတာမျိုး သိပ်မရှိဘူး... ဒါပေမဲ့ သဘာဝနဲ့ ဆန့်ကျင်တိုက်ခိုက်ရတယ်”

“သဘာဝနဲ့ တိုက်ခိုက်ရတာလား”

ချီရွှမ်းစုက အံ့အားသင့်သွား၏။

ဆိုင်ရှင်က ဆက်ပြောလိုက်သည်။

“ယုံကျိုး၊ ရှီကျိုးနဲ့ တခြားနေရာတွေမှာ ရှေးဟောင်းရုပ်ကြွင်း အမွေအနှစ်တွေ၊ လူလုပ်ထားတဲ့ ထူးဆန်းအံ့ဩဖွယ်ရာတွေ၊ ပြိုကျနေတဲ့ သုခဘုံတွေလိုမျိုး မဖော်ထုတ်ရသေးတဲ့ နေရာတွေ အများကြီး ရှိတယ်”

ချီရွှမ်းစုက ပြောလိုက်၏။

“ကျုပ်သိတယ်... ဒါပေမဲ့ အဲဒါက လွန်ခဲ့တဲ့ နှစ်နှစ်ရာကပဲ... တာအိုဂိုဏ်းတော်က ခွန်လွင်မှာ တာအိုဂိုဏ်းတော်ကို တည်ထောင်ပြီးတဲ့နောက် ချွမ်ကျန်းဂိုဏ်းက ဦးဆောင်ပြီး ကုန်းမြေပြန်ဖော်တာတွေကို ဦးဆောင်ခဲ့တယ်”

“အို... ခင်ဗျားက ပညာရှင်ပဲ”

ချီရွှမ်းစု၏ ဗဟုသုတကြွယ်ဝမှုကို အသိအမှတ်ပြုသည့်အနေဖြင့် ဆိုင်ရှင်က လက်မထောင်ပြလိုက်၏။

“ဒါကို ခင်ဗျား သိထားပြီးသားဆိုတော့ ရှင်းပြရတာ ပိုလွယ်သွားတာပေါ့... တာအိုဂိုဏ်းတော်ရဲ့ စူးစမ်းလေ့လာမှုတွေနဲ့ ကုန်းမြေပြန်ဖော်ထုတ်တာတွေက နှစ်တစ်ရာနီးပါးကြာခဲ့တယ်... ကုန်းမြေပြန်ဖော်ထုတ်တယ်ဆိုတာက မြေရိုင်းတွေကို ရှင်းလင်းရတာပဲ... အဲဒါတွေကို ပြန်ဖော်တဲ့ လူတွေရဲ့ သရုပ်သကန်အလိုက် အဲဒီမြေတွေကို စစ်ဘက်မြေ၊ အရပ်သားမြေနဲ့ ကုန်သည်မြေဆိုပြီး ခွဲခြားထားတယ်”

“ယုံကျိုးမှာ တာအိုဂိုဏ်းတော်နဲ့ အင်ပါယာနန်းတော်ရဲ့ ပြန်ဖော်ကုန်းမြေတွေကို စစ်ဘက်မြေလို့ ဆိုနိုင်တယ်... ဒီမှာရှိတဲ့ ပြန်ဖော်မြေတွေ အားလုံးရဲ့ ထက်ဝက်ကို တာအိုဂိုဏ်းတော်က သိမ်းယူထားတယ်... ပြီးရင် အင်ပါယာနန်းတော်က သုံးဆယ်ရာခိုင်နှုန်း ယူထားတယ်... ကျန်တဲ့ နှစ်ဆယ်ရာခိုင်နှုန်းကိုတော့ ကုန်သည်မြေနဲ့ အရပ်သားမြေလို့ ဆိုနိုင်တယ်”

“အဲဒီ အရပ်သားမြေတွေကို နယ်ခံလူကုံထံမိသားစုတွေက ပိုင်ဆိုင်တယ်ဆိုပေမဲ့ သူတို့က အရပ်သားစာရင်းဝင်နေတုန်းပဲ... သူတို့က ဝေစုတစ်ဆယ်ရာခိုင်နှုန်းကို ယူထားကြတယ်... အဲဒါက သိပ်မများဘူးလို့ ထင်ရပေမဲ့ တကယ်တမ်းတော့ သူတို့ရဲ့ မိသားစုတွေကို ကျွေးမွေးထားဖို့ ကောင်းကောင်းလောက်တယ်... ကျုပ်တို့ရဲ့ တည်းခိုခန်းက ကုန်သည်မြေထဲမှာ ပါတယ်... ကျုပ်တို့ကလည်း ဝေစုတစ်ဆယ်ရာခိုင်နှုန်း ရထားတယ်... ဒါပေမဲ့ အဲဒါကို ကျုပ်တို့ရဲ့ ကာလရှည်ကြာ အခိုင်အမာ တည်ဆောက်လာတဲ့ အဆက်အသွယ်တွေကနေတစ်ဆင့် ရထားတာ”

“ကျုပ်သိပြီ”

ချီရွှမ်းစုက ဤစကားကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သော်လည်း တည်းခိုခန်း၏ စီးပွားရေးလုပ်ငန်းကို နားလည်ပေးနိုင်၏။

ဆိုင်ရှင်က ဆက်ပြောလိုက်သည်။

“အဲဒီဝေစုတွေဆိုတာက အဓိကအားဖြင့်တော့ ရှင်းလင်းထားပြီးသား ကုန်းမြေတွေပဲ... တခြားသူရဲ့ လက်ထဲမှာ မြေရိုင်းတွေ အများကြီး ရှိနေတုန်းပဲ... ဒါပေမဲ့ ကျုပ်တို့ လောလောဆယ် အဲဒီကို သွားမှာမဟုတ်ဘူး... ကျုပ်ပြောချင်တာက အဲဒီကုန်းမြေတွေကို ရှင်းလင်းပြီးတဲ့ အချိန်ကစပြီး ထယ်ထိုးတာ၊ မြေဩဇာကျွေးတာ၊ ပိုးမွှားထိန်းချုပ်တာ၊ ပေါင်းသင်တာလိုမျိုး ပုံမှန်ထိန်းသိမ်းပေးဖို့ လိုအပ်တယ်”

တခြားတစ်ယောက်က သူတို့စကားပြောဆိုနေသည်ကို ကြားမည်ဆိုလျှင် ဆိုင်ရှင်သည် ချီရွှမ်းစုကို ပုံမှန်လယ်ယာစိုက်ပျိုးမှုအကြောင်း ရှင်းပြနေသည်ဟု ထင်ပေလိမ့်မည်။

ချီရွှမ်းစုက သံသယရှိနေ၏။

“အဲဒါက ကောင်းကင်သက်ရှိတွေအတွက် လက်တိုလက်တောင်း ကိစ္စဖြစ်တဲ့ပုံပဲ”

“အဲ့လိုပြောလို့ ဘယ်ရပါ့မလဲ... ကောင်းကင်သက်ရှိတွေက မြေရိုင်းတွေ ပြန်ဖော်တာကို တာဝန်ယူထားတယ်... တခြားလူတွေက နောက်ဆက်တွဲ ရှင်းလင်းမှုနဲ့ ပြုပြင်ထိန်းသိမ်းတာတွေကို တာဝန်ယူရတယ်”

ဆိုင်ရှင်က ရှင်းပြလိုက်၏။

ချီရွှမ်းစုက ခဏမျှ စဉ်းစားပြီး မေးလိုက်၏။

“အဲဒီအတွက် ဝန်ဆောင်ခက ဘယ်လောက်လဲ”

ဆိုင်ရှင်က ပြောလိုက်၏။

“တာအိုဂိုဏ်းတော်က တည်းခိုခန်းကို လျှို့ဝှက်အသင်းအဖွဲ့လို့ နာမည်တပ်ထားပေမဲ့ ကျုပ်တို့က တာအိုဂိုဏ်းတော်၊ အင်ပါယာနန်းတော်တို့နဲ့ ရင်းရင်းနှီးနှီး ပတ်သက်နေတုန်းပဲ... ကျုပ်တို့က ကျိကွမ်းအသင်း၊ ကံကြမ္မာအယူဝါဒဂိုဏ်း၊ လင်းရှန်စုန်းကဝေဂိုဏ်းတို့နဲ့ လုံးဝမတူဘူး... ဒါပေမဲ့ ကျုပ်ပြောနေတဲ့ ကုန်းမြေအပိုင်းက ကံကြမ္မာအယူဝါဒဂိုဏ်းနဲ့ ပတ်သက်နေတယ်”

ချီရွှမ်းစုက ဆက်လက်၍ ရှင်းပြမည်ကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေ၏။

ဆိုင်ရှင်က ဆက်ပြောလိုက်သည်။

“အဲဒီကုန်းမြေက တာအိုဂိုဏ်းတော်အတွက် အရေးပါတဲ့ နေရာတစ်ခု ဖြစ်ခဲ့ဖူးတယ်... ကံကြမ္မာအယူဝါဒဂိုဏ်းက အဲဒီနေရာကို မျက်စိကျပြီး အောက်လမ်းနည်းနဲ့ ကျိန်စာတွေကို တိတ်တဆိတ် ဖြန့်ခဲ့တယ်... နောက်ဆုံးမှာတော့ အဲဒီမှာ နေတဲ့သူတွေက ဖုတ်ကောင်တွေအဖြစ် ပြောင်းပြီး တခြားသူတွေကို ဆက်လက်ကူးစက်သွားခဲ့တယ်... နောက်ဆုံးမှာတော့ အဲဒီမှာနေတဲ့ လူတိုင်းက ဖုတ်ကောင်တွေအဖြစ် ပြောင်းလဲသွားတယ်… အဲဒီကူးစက်မှုက အဘက်ဘက်ကို ပျံ့နှံ့သွားပြီး မြို့တွေကို တိုက်ခိုက်လာခဲ့တယ်... ကုန်းမြေတွေကို ဝါးမျိုလာခဲ့တယ်”

“ဖုတ်ကောင်ကူးစက်မှုကို ထပ်မပွားအောင် တားဆီးဖို့အတွက် တာအိုဂိုဏ်းတော်နဲ့ အင်ပါယာနန်းတော်က ဖီးနစ်မျက်လုံးဗုံးသုံးပြီး အဲဒီဧရိယာမှာရှိတဲ့ ဖုတ်ကောင်တွေကို သုတ်သင်ရှင်းလင်းခဲ့တယ်... နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် အဲဒီကုန်းမြေက ပျက်စီးသွားတယ်... ဒါပေမဲ့ လှည့်လည်သွားလာနေတဲ့ လေလွင့်ဖုတ်ကောင်တချို့ကတော့ ကျန်ရှိနေတုန်းပဲ”

“ထူးဆန်းတာကတော့ အဲဒီဖုတ်ကောင်တွေက နွေဦးကို ရောက်တာနဲ့ အညှောက်ထွက်လာတဲ့ ပေါင်းပင်တွေလိုမျိုးပဲ... တည်းခိုခန်းက နှစ်စဉ်နှစ်တိုင်း အဲဒီမြေကို ရှင်းလင်းပေးနေရတယ်... ဒီနှစ်မှာတော့ ကျုပ်တို့ရဲ့ ဆိုင်ခွဲက လူသူအင်အားပြတ်လပ်နေတယ်... အဲဒါကြောင့် ဒီတာဝန်ကို ယူဖို့အတွက် အပြင်လူတွေကို ခေါ်ယူစုဆောင်းနေတာ”

ချီရွှမ်းစုက နားလည်သဘောပေါက်လာပြီး ထပ်မေးလိုက်၏။

“အတိအကျ အခြေအနေက ဘယ်လိုမျိုးလဲ”

ဆိုင်ရှင်က ဖြေပေးလိုက်၏။

“ဒီပေါင်းသင်ရှင်းလင်းမှုအတွက် ဌာနချုပ်က ကွေ့ကျန်းအဆင့် ပညာရှင်ကိုးဦးကို စေလွှတ်ပေးလိမ့်မယ်... သူတို့က အဓိက ခေါင်းဆောင်တွေပဲ... ကျုပ်တို့ရဲ့ ဆိုင်ခွဲကတော့ ကူညီပေးမယ့် နောက်ထပ်လူတွေကို ထပ်ရှာပေးရတယ်... အဲဒီကိစ္စ ပြီးမြောက်သွားတာနဲ့ လူတိုင်းက ထိုက်ဖျင်ဒင်္ဂါး နှစ်ထောင်စီ ရလိမ့်မယ်”

“လူကြီးမင်း... ခင်ဗျားက ဒီကိစ္စကို သဘောတူလက်ခံပြီးနောက် ကျောက်စိမ်းဖြူခန်းမကို ထပ်ပြီး မစုံစမ်းတော့ဘူးဆိုရင်လည်း ကျုပ်တို့ ဆိုင်ခွဲက ခင်ဗျားကို ထိုက်ဖျင်ဒင်္ဂါး နှစ်ထောင် ထုတ်ပေးမယ်”

All Chapters