← Chapters

အခန်း ၂၀၆

Vol. 21 Ch. 206

အခန်း ၂၀၆

Vol. 21 Ch. 206

အခန်း ၂၀၆ - အလောင်းပျိုးထောင်ကုန်းမြေများ

ချီရွှမ်းစုက ဤပေါင်းသင်ရှင်းလင်းစစ်ဆင်ရေးမှာ ပါဝင်ဖို့ သဘောတူလိုက်၏။

ဆိုင်ရှင်က ရွှင်ပျသွားပြီး အာရုံစိုက်စရာလိုသည့် နောက်ထပ် ကိစ္စတချို့ကို ထပ်မံ၍ ရှင်းပြပေးသည်။

ပြန်ဖော်ထားသော ဤကုန်းမြေသည် ဖုတ်ကောင်များကိုမွေးမြူရန် ပထမမြေကမ္ဘာဆရာသခင် အသုံးပြုခဲ့သည့်နေရာဖြစ်ခဲ့ဖူးသည်။ ရွှမ်အရှင်မြတ်က တာအိုဂိုဏ်းတော်ကို ပြန်လည်ဖွဲ့စည်းပြီးနောက် ဤနေရာသည် ရွှမ်ကျန်းဂိုဏ်း၏ အုပ်ချုပ်မှုအောက်သို့ ရောက်ရှိသွားခဲ့၏။

နောက်ပိုင်းမှာ ၎င်းသည် ဟွာရှန်ခန်းမ၏ လက်အောက်ကိုရောက်ရှိပြီး အလွန်ကြီးမားသော ထုတ်လုပ်ရေးရုံတစ်ခုဖြစ်လာသည့်အတွက် လုံခြုံရေးအင်မတန်တင်းကျပ်ခဲ့သည်။ ထိုသို့ဖြင့် တာအိုယုံကြည်သူများစွာ ဤဒေသမှာ အခြေချနေထိုင်လာကြပြီး ခရိုင်တစ်ခုလောက် ကြီးမားလာခဲ့၏။

ကံကြမ္မာအယူဝါဒဂိုဏ်းက ထိုအကြောင်းကိုသိရှိပြီးနောက် သူတို့က ဤနေရာကိုထိုးဖောက်ဝင်ရောက်ကာ မြေပြင်အနေအထား၏ သဘာဝအရင်းအမြစ်များကိုအသုံးချ၍ ဖုတ်ကောင်များကိုမွေးမြူခဲ့သည်။ သူတို့သည် ဤနေရာကို ဖုတ်ကောင်မြို့တစ်မြို့အဖြစ် အောင်မြင်စွာပြောင်းလဲနိုင်ခဲ့ပြီး ထိုအချိန်တုန်းက အလွန်ကြီးမားသည့် ဂယက်ရိုက်မှုတစ်ခုဖြစ်ခဲ့၏။ ထိုစဉ်တုန်းက အခြေအနေသည် ချီရွှမ်းစု မကြာသေးခင်က ကြုံတွေ့ခဲ့ရသည့် ဝေဟင်ပျံသင်္ဘောပျက်ကျခြင်းနှင့်ယှဉ်လျှင် များစွာပိုမိုအုတ်အော်သောင်းသင်းဖြစ်ခဲ့သည်။

နောက်ဆုံးမတတ်သာဘဲ တာအိုဂိုဏ်းတော်သည် ထိုနေရာကို ဗုန်းကြဲတိုက်ခိုက်ခြင်းဖြင့် ဖြေရှင်းခဲ့ရ၏။ သို့သော်လည်း အကြွင်းအကျန်များစွာက ကျန်ရှိနေဆဲပင်။ တာအိုဂိုဏ်းတော်သည် ပဏာမရှင်းလင်းရေးကိုလုပ်ဆောင်ပြီးနောက် အရေးကြီးသောပစ္စည်းတချို့ကို ပြန်ယူသွားခဲ့သည်။ သို့သော်လည်း အမျိုးမျိုးသော အကြောင်းအရင်းများကြောင့် ထိုနေရာမှာ လျှို့ဝှက်ချက်များစွာကျန်ရှိနေဆဲပင်။

တည်ခိုခန်းသည် သူတို့၏ အချိန်အဆက်များကနေတစ်ဆင့် ဤကုန်းမြေကို ရယူပြီးနောက် သူတို့သည် ဟွာရှန်ခန်းမနှင့် ပထမမြေကမ္ဘာဆရာသခင်၏ အမွေအနှစ်များကို တူးဖော်ခဲ့ကြသည်။ ရလာသည့်ပစ္စည်းများကို မျိုးနွယ် ၈ စုနှင့် ကံကြမ္မာအယူဝါဒဂိုဏ်းထံ ရောင်းချခြင်းဖြင့် သူတို့က အကျိုးအမြတ်ရရှိခဲ့၏။ ထို့ကြောင့် တည်းခိုခန်းသည် နှစ်စဉ်နှစ်တိုင်း ဤနေရာကို ရှင်းလင်းဖို့အတွက်နှင့် ဤမျှအထိ ငွေကြေးအမြောက်အမြား သုံးစွဲနေခြင်းဖြစ်သည်။

ဆိုင်ရှင်က ရိုးသားမှုရှိပြီး ကြုံတွေ့နိုင်သည့် အန္တရာယ်များကို အသေးစိတ်ရှင်းပြပေးနေ၏။

ဤပေါင်းသင်ရှင်းလင်းစစ်ဆင်ရေးက ကောင်းကင်သက်ရှိများနှင့် ကွေ့ကျန်းအဆင့် ပညာရှင်များအတွက် ပြဿနာရှိလိမ့်မည်မဟုတ်ပေ။ သို့သော် ယွီရှုအဆင့်ကျင့်ကြံသူများက အခက်အခဲတချို့နှင့် ကြုံတွေ့ရနိုင်၏။ မည်သို့ပင်ဆိုစေ သူတို့က အပင်များကိုမဟုတ်ဘဲ ဖုတ်ကောင်များကို ရှင်းလင်းရခြင်းဖြစ်သည်။ ခေါ်ယူစုဆောင်းထားသည့်သူများက အခြေအနေတစ်ရပ်လုံးကိုသိရှိထားပြီး သတိထားနိုင်လျှင် အကောင်းဆုံးဖြစ်ပေလိမ့်မည်။

အဲဒါက သူ့အတွက် ပြဿနာမရှိဟု ချီရွှမ်းစုထင်မိ၏။ သူ့ကိုယ်သူ တိုက်ခိုက်ရေးအတွေ့အကြုံမှာ ကွေ့ကျန်းအဆင့်သို့ ဝင်ရောက်ခါစသူများနှင့် ယှဉ်နိုင်သူဟု ယုံကြည်ထားလေသည်။ ထို့ကြောင့် သူက ဤပေါင်းသင်ရှင်းလင်းစစ်ဆင်ရေးမှာ ပါဝင်ဖို့ သဘောတူလိုက်ခြင်းဖြစ်၏။

တည်းခိုခန်း၏ ဌာနချုပ်မှ အမှုထမ်းများရောက်လာမည့် နောက်တစ်နေ့မှာ ဤပေါင်းသင်ရှင်းလင်းစစ်ဆင်ရေးကို စတင်ပေလိမ့်မည်။ ထို့နောက် အလုပ်ကိစ္စကို တတ်နိုင်သမျှမြန်မြန်လက်စသတ်ဖို့အတွက် သူတို့က ချက်ချင်းပင် ပြန်ဖော်မြေရှိရာသို့ သွားကြပေလိမ့်မည်။ တိတ်ဆိတ်ခြောက်ကပ်နေသော ကျယ်ပြောသည့် ဂိုဘီသဲကန္တာရမှာ မည်သူကမှ သိပ်ကြာကြာနေချင်မည်မဟုတ်ပေ။

အသေးစိတ်အချက်အလက်များကို ဆွေးနွေးပြီးနောက် ချီရွှမ်းစုက ဆိုင်ရှင်၏ ရုံးခန်းကနေထွက်၍ ဒုတိယအထပ်မှာရှိသော ချင်ရှန့်၏ အခန်းသို့ သွားလိုက်၏။

ချင်ရှန့်သည် ဤအခန်းမှာ ယခင်က နှစ်ရက်ကြာအောင် နေခဲ့ဖူးပြီး အတော်လေးသက်တောင့်သက်သာရှိနေ၏။

ချီရွှမ်းစုကိုတွေ့မြင်ရသောအခါ ချင်ရှန့်က အလောတကြီးမေးလိုက်၏။

“ရှင့်အလုပ်ကိစ္စ ပြီးသွားပြီလား”

“နောက်ထပ် ရက်အနည်းငယ်လောက်ကြာလိမ့်ဦးမယ်”

ချီရွှမ်းစုက ပြောလိုက်၏။

“ငါ အခုဒီကိုရောက်လာတာ ပြောစရာရှိလို့ပဲ... တကယ်လို့ ငါပြန်ရောက်မလာခဲ့ရင် ဆိုင်ရှင်ကို မင်းရဲ့သရုပ်သကန် ထုတ်ဖော်ပြောသင့်တယ်... သူဘာလုပ်မယ်ဆိုတာ ငါသေချာမပြောနိုင်ပေမယ့် သူမင်းကို ဖီးနစ်စိမ်းတပ်ဖွဲ့နဲ့ ချိတ်ဆက်ပေးဖို့ အခွင့်အရေး ၅၀/၅၀ ရှိတယ်”

“အခွင့်အရေးက ၅၀ ရာခိုင်နှုန်းပဲလား”

ချင်ရှန့်က မျက်မှောင်ကြုတ်သွား၏။

ချီရွှမ်းစုက ထေ့ငေါ့လိုက်သည်။

“အဲဒါက အတော်လေးအလားအလာကောင်းနေပြီ... တည်းခိုခန်းကို ဘာလို့ မင်းထင်လို့လဲ.. ပရဟိတဂေဟာများမှတ်နေလား... တည်းခိုခန်းက လုပ်ကြံသတ်ဖြတ်သူတွေနဲ့ စီးပွားရေးလုပ်နေတဲ့ လျှို့ဝှက်အဖွဲ့အစည်းပဲ... သူတို့က ဖီးနစ်စိမ်းတပ်ဖွဲ့နဲ့ ဆက်ဆံရေးတချို့ရှိထားလို့သာ မင်းကို ကူညီဖို့အခွင့်အရေး ၅၀ ရာခိုင်နှုန်းရှိနေတာ... တခြား လျှို့ဝှက်အသင်းအဖွဲ့တွေသာဆိုရင် မင်းအတွက်အခွင့်အရေးက တစ်ဆယ်ရခိုင်နှုန်းတောင်ရှိမှာမဟုတ်ဘူး”

“လျှို့ဝှက်အသင်းအဖွဲ့လို့ ပြောလိုက်တာလား... ဒါဆို... ဒီတည်းခိုခန်းကလည်း လျှို့ဝှက်အသင်းအဖွဲ့ပဲလား”

ချင်ရှန့်က ပင့်သက်ရှိုက်လိုက်၏။

ချင်ရှန့်သည် ဤတည်းခိုခန်းကို တရားဝင်စီးပွားရေးလုပ်ငန်းတစ်ခုဟု ထင်မြင်နေကြောင်း ချီရွှမ်းစု ယခုမှအမှတ်ရသွား၏။

သူက တည်းခိုခန်း၏ နောက်ခံအကြောင်း ချင်ရှန့်ကို အကြမ်းဖျင်းရှင်းပြပြီး သတိပေးလိုက်၏။

“တည်းခိုခန်းက လျှို့ဝှက်အသင်းအဖွဲ့ဖြစ်တဲ့အတွက် ဒီမှာရှိတဲ့လူတွေက မရိုးဖြောင့်ဘူးဆိုတာ မင်းမှတ်ထားရမယ်... မလိုအပ်သရွေ့ မင်းရဲ့သရုပ်သကန်ကို မထုတ်ဖော်မိရင် အကောင်းဆုံးပဲ... မင်းရဲ့ သရုပ်သကန်ကို ထုတ်ဖော်မိရင် ဘာဖြစ်မယ်ဆိုတာ ငါမပြောတတ်ဘူး... သူတို့က မင်းကို အိမ်ပြန်ပို့ဖို့လုပ်ချင်လုပ်လိမ့်မယ်... ဒါမှမဟုတ် ငွေညှစ်ဖို့အတွက် မင်းကိုဓားစာခံလုပ်ချင်လုပ်လိမ့်မယ်... အဲဒါ မင်းရဲ့ကံပေါ်မှာပဲ မူတည်လိမ့်မယ်... နားလည်လား”

မျိုးနွယ် ၈ စု၏ အဖွဲ့ဝင်များနှင့်ကြုံတွေ့ပြီးနောက် ချင်ရှန့်က အနည်းငယ်ကြောက်လန့်နေ၏။

“ဟုတ်ကဲ့ ကျွန်မနားလည်ပါပြီ”

“ဟုတ်ပြီ... ငါပြောစရာရှိတာ ဒါအကုန်ပဲ”

ချီရွှမ်းစုက လှည့်ထွက်လိုက်၏။

ချင်ရှန့်က ရုတ်တရက် လှမ်းခေါ်လိုက်၏။

“ခဏနေပါဦး”

“ဘာပြောစရာရှိသေးလို့လဲ”

ချီရွှမ်းစုက သူမကို ပြန်လှည့်ကြည့်လိုက်၏။

ချင်ရှန့်က ခဏမျှတုံ့ဆိုင်းနေပြီးနောက် မျှော်လင့်ချက်ဖြင့်မေးလိုက်၏။

“ရှင်ပြန်လာမှာလား”

ဤခရိုင်မင်းသမီးက သူ့ကို ကယ်တင်ရှင်အဖြစ် သဘောထားနေသည်ကို ချီရွှမ်းစုသိလိုက်၏။

“ငါ ပြန်လာဖို့ အတတ်နိုင်ဆုံးတော့ ကြိုးစားမှာပါ”

ချင်ရှန့်က စိုးရိမ်နေဆဲဖြစ်၏။

“ရှင် သေချာပေါက်ပြန်လာရမယ်နော်... ဟုတ်ပြီလား”

“အင်းပါ ငါအသက်ရှင်နေသေးရင်ပေါ့”

ချီရွှမ်းစုက ပြောလိုက်၏။

ထို့နောက် ချီရွှမ်းစုက ချင်ရှန့်၏ အခန်းထဲကနေ လှည့်ထွက်လာခဲ့၏။

စောစောက ဆိုင်ရှင်ပြောခဲ့သလို ဒုတိယထပ်မှာဧည့်ခန်းများစွာရှိနေ၏။ ချီရွှမ်းစုက လွတ်နေသောအခန်းတစ်ခန်းထဲကိုဝင်ပြီး တရားထိုင်လိုက်သည်။

နောက်မနက်မှာ ချီရွှမ်းစုသည် မိန်းမောနေရာကနေ နိုးထလာ၏။ အောက်ထပ်ကိုသူဆင်းလာသည့်အချိန်မှာ တည်းခိုခန်း၏ ဧည့်ကြိုခန်းထဲတွင် မျက်နှာစိမ်းတချို့ကို သတိထားမိလိုက်၏။ သူတို့က သူလိုပင် အပြင်ကနေ ငှားရမ်းထားသည့်သူများဖြစ်လောက်၏။ သူတို့ထဲမှတချို့က စားပွဲမှာငိုက်မျည်းနေကြ၏။ တချို့က မနက်စာစားနေကြပြီး... တချို့က တည်တံ့သောအမူအရာများဖြင့် သူတို့၏ လက်နက်များ၊ အိတ်များကို စစ်ဆေးကြည့်နေကြ၏။ တချို့က လာမည့်စစ်ဆင်ရေးကို ဂရုမစိုက်သည့်ပုံစံဖြင့် မနက်စောစောမှာပင် သောက်နေကြ၏။ တချို့ကတော့ ဆေးတံကိုဖွာ၍ မီးခိုးများကို မှုတ်ထုတ်နေကြ၏။

သူတို့က တကယ့်ကိုလူပေါင်းစုံရောနှောနေခြင်းဖြစ်သည်။ ဆိုင်ရှင်သည် ပေါင်းသင်ရှင်းလင်းစစ်ဆင်ရေးအတွက် ဤလူများအားလုံးကို ခေါ်ယူစုဆောင်းဖို့ အတော်လေးကြိုးစားအားထုတ်ခဲ့ရပေလိမ့်မည်။

မွန်းလွဲပိုင်းမှာတော့ တည်းခိုခန်း၏ ဌာနချုပ်မှအမှုထမ်းများရောက်ရှိလာကြ၏။ သို့သော်လည်း သူတို့က ကျွမ်းကျင်တိုက်ခိုက်ရေးသမားများနှင့်မတူပေ။ တချို့က အထမ်းသမားများလိုဝတ်ဆင်ထားပြီး၊ တချို့က လယ်သမားဇနီးမယားများလို ဝတ်ဆင်ထားကြ၏။ သူတို့ထဲမှတစ်ယောက်က စီးပွားရေးသမားတစ်ဦးလို ပေသီးခုံတစ်ခုံကို ကိုင်ထား၏။ တစ်ယောက်က ပခုံးပေါ်မှာ မျောက်ငယ်လေးတစ်ကောင်ကိုပင် တင်ထားသည်။ ဤလူအုပ်စုသည် အလွှာပေါင်းစုံမှလူများကို ကိုယ်စားပြုနေပြီး တည်းခိုခန်းမှာလာရောက်တည်းခိုမည့်သူများ၏ ပုံစံနှင့် ကိုက်ညီမှုရှိနေ၏။

ဆိုင်ရှင်က ရှေ့ထွက်လာပြီး ကိုးယောက်အုပ်စု၏ ခေါင်းဆောင်ဖြစ်သော လူအိုကြီးနှင့် အလ္လာပသလ္လာပပြောဆိုလိုက်၏။ ထို့နောက် သူက ဤလူကိုးဦးကို အပြင်ကနေငှားရမ်းထားသူများနှင့် မိတ်ဆက်ပေးလိုက်၏။

တည်းခိုခန်း၏ ဌာနချုပ်မှ ကွေ့ကျန်းအဆင့် ပညာရှင်ကိုးဦးသည် အသစ်စက်စက်ဖွဲ့စည်းထားသော ထျန်ကန်းခန်းမ၏ ယောင်ကွမ်းဆောင်ထက်ပင် ပို၍ အင်အားတောင့်တင်းနေ၏။ တည်းခိုခန်းက ဤစစ်ဆင်ရေးကို ဘယ်လောက်အလေးထားသလဲ သိသာနေသည်။

နောက်ဆုံးမှာတော့ ဆိုင်ရှင်က လက်နှစ်ဖက်ကိုယှက်ပြီး လူတိုင်းကို ဦးညွှတ်လိုက်၏။

“ခင်ဗျားတို့အားလုံး ဘေးမသီရန်မခ ပြန်ရောက်လာဖို့ မျှော်လင့်ပါတယ်”

လူအိုကြီး၏ ဦးဆောင်မှုဖြင့် လူတိုင်းက တည်းခိုခန်းကနေထွက်ပြီး မြို့ပြင်ဘက်ကို ဦးတည်လာကြ၏။

အနောက်ဘက်ဂိုဘီသည် အစိမ်းရောင်မြစ်ဟု လူသိများသော ဆောဝမ်ပူ၏ အနောက်ဘက်မှာ တည်ရှိသည်။

ဟွာရှန်ခန်းမ၏ ဖျက်ဆီးခံလိုက်ရသော ထုတ်လုပ်ရေးရုံးက ဆောဝမ်ပူ၏ ကမ်းစပ်မှာ တည်ရှိလေသည်။ ၎င်းသည် အစက တောင်တန်းများ၊ မြစ်များခြံရံထားသည့် လှပသောနေရာတစ်ခုဖြစ်ခဲ့သော်လည်း ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် ဂိုဘီကန္တာရထက်ပင် ပို၍တိတ်ဆိတ်ခြောက်ကပ်သွား၏။

ကံကြမ္မာအယူဝါဒဂိုဏ်းမှ ထူးဆန်းသော အောက်လမ်းကျိန်စာများ၊ တာအိုဂိုဏ်း၏ ဖီးနစ်မျက်လုံးဗုံးနှင့် ပထမမြေကမ္ဘာဆရာသခင်ချန်ထားခဲ့သည့် ဖုတ်ကောင်မွေးမြူကျင့်ကြံရေးကုန်းမြေများသည် ဤနေရာကို အလွန်တရာအန္တရာယ်များလာစေ၏။

အစကတည်းက ဤနေရာမှာ ဖုတ်ကောင်မွေးမြူခြင်းကို ကူညီပံ့ပိုးပေးသည့် သဘာဝအင်အားစုများရှိနေသည်။ ကုန်းမြေတိုင်းကို ဖုန်းရွှေပေါ်အခြေခံ၍ အမျိုးအစားခွဲခြားထား၏။ ဖုတ်ကောင်မွေးမြူရေးကုန်းမြေများသည် လွန်ကဲလွန်းသော ယင်စွမ်းအင်ကြောင့် ကံဆိုးမိုးမှောင်ကျတတ်သည်ဟု ဆိုနိုင်သည်။ တစ်ယောက်ယောက်က ဤကဲ့သို့သောနေရာတစ်ခုမှာ မြှုပ်နှံခံရမည်ဆိုလျှင် ထိုသူ၏ အလောင်းက ပုံမပျက်ဘဲ ရှိနေပေလိမ့်မည်။

အချိန်အတိုင်းအတာတစ်ခုကိုကျော်လွန်ပြီးနောက် အလောင်းသည် ဖုတ်ကောင်အဖြစ်ပြောင်းလဲပြီး အသွေးအသားနှင့်ဖွဲ့စည်းထားသောလူတိုင်းကို လိုက်လံကိုက်ခဲကာ သတ်ဖြတ်ပေလိမ့်မည်။

တစ်ယောက်ယောက်က ဖုတ်ကောင်အဖြစ်မပြောင်းလဲခင် နတ်ဆိုးစိတ်ဝိညာဉ်ဖြင့် ပူးကပ်ခြင်းခံရမည်ဆိုလျှင် ထိုသူက မျက်နှာပေါ်မှာ အမည်းရောင်သွေးပြည်နာများ ပေါ်လာပေလိမ့်မည်။ ဤကဲ့သို့သောကုန်းမြေများမှာ အလောင်းများကိုမြှုပ်နှံထားသောကြောင့် သာမန်ဖုတ်ကောင်များ ပေါ်ထွက်လာတတ်သည်။ သို့သော်လည်း ထိုသဘာဝဖြစ်စဉ်က အချိန်ကြာမြင့်စွာယူရသည်။

လွန်ခဲ့သည့် နှစ်ပေါင်းရာချီက ဖုတ်ကောင်ရှင်းလင်းသုတ်သင်ခြင်းစစ်ဆင်ရေးတစ်ခုအတွင်း တာအိုဂိုဏ်းတော်သည် ဖုတ်ကောင်များကို ထိန်းချုပ်နိုင်မည့်နည်းလမ်းတစ်ခုကို အမှတ်တမဲ့ရှာဖွေတွေ့ရှိခဲ့၏။ သို့သော်လည်း သဘာဝအလျောက်ဖြစ်ပေါ်လာသော ဖုတ်ကောင်များ၏ အရေအတွက်က အတော်လေးနည်းပြီး အချိန်ကြာမြင့်စွာယူရသည်။ ထို့ကြောင့် ဖုတ်ကောင်မွေးမြူရေးနည်းလမ်းများကို တိုးတက်အောင်ပြုလုပ်လာကြခြင်းဖြစ်သည်။

ပြောရမည်ဆိုလျှင် တာအိုဂိုဏ်းတော်သည် နေရာတစ်ခုမှာ ယင်စွမ်းအင်ကို တကူးတကစုစည်းခြင်းနှင့် ထိုနေရာမှာ အလောင်များကိုမြှုပ်နှံခြင်းဖြင့် ဖုတ်ကောင်မွေးမြူရေးကုန်းမြေများကို ဖန်တီးကြသည်။ ထို့နောက် သူတို့က မြေကြီးကို ဝင်္ကပါတစ်ခုနှင့်နှိုးဆွပြီး ဖုတ်ကောင်အဖြစ်ပြောင်းလဲခြင်းဖြစ်စဉ်ကို ပို၍ မြန်ဆန်လာစေပေလိမ့်မည်။

တိုးတက်လာသော မွေးမြူရေးနည်းလမ်းတချို့မှာ မျိုးစပ်ခြင်းနှင့် ပွားယူခြင်းတို့ ပါဝင်သည်။ ဤစမ်းသပ်မှုများ၏ ရလဒ်ကတော့ ကြေးချပ်ဝတ်တန်ဆာအလောင်းကောင်ဟုခေါ်ဆိုသော ဖုတ်ကောင်ဘုရင်များဖြစ်ပေါ်လာခြင်းပင်။ ကြေးချပ်ဝတ်အလောင်းကောင်များသည် စစ်မြေပြင်မှာသေဆုံးပြီး ထိုနေရာမှာ မြှုပ်နှံခံခဲ့ရသည်။ စစ်မြေပြင်၏ ပြင်းထန်ကြမ်းတမ်းသော သတ်ဖြတ်ခြင်းအော်ရာနှင့် မကျေမချမ်းမှုများဖြင့် နှစ်ပေါင်းတစ်ရာကျော်ကြာအောင် သန္ဓေအောင်းပြီးနောက် ကြေးချပ်ဝတ်အလောင်းကောင်များက လက်နက်များနှင့်မီးတို့ကို မမှုတော့ပေ။ မကောင်းဆိုးဝါးနှင်အစီအရင်များပင် သူတို့ပေါ်မှာ ထိရောက်မှုမရှိတော့ပေ။

ပထမမြေကမ္ဘာဆရာသခင်သည် ဖုတ်ကောင်မွေးမြူခြင်းမှာ အလွန်တရာကျွမ်းကျင်ပိုင်နိုင်သည့် ပညာရှင်တစ်ဦးဖြစ်ခဲ့သည်။ အရင်တုန်းက သူမသည် သဘာဝအလျောက်ဖြစ်ပေါ်လာသော ကြေးချပ်ဝတ်အလောင်းကောင်ကိုဖမ်းဆီးပြီး သုသေတနပြုခဲ့သည်။ သူမသည် နောက်ထပ် ကြေးချပ်ဝတ်အလောင်းကောင်များကို ဖန်တီးဖို့ ကြိုးစားခဲ့သော်လည်း ထိုသို့ပြုလုပ်ဖို့ တိကျသောချိန်သားကိုက်၊ နေရာဒေသနှင့် လူသားတီထွင်ကြံဆမှုတို့ကို လိုအပ်သည်။ လူလုပ် ကြေးချပ်ဝတ်အလောင်းကောင်များက ကုန်ကျစရိတ်ကြီးမားလွန်းပြီး ဒုတိယမြောက်အကောင်းဆုံးရွေးချယ်စရာမှာ ကြေးချပ်ဝတ်အလောင်းကောင်၏ သွင်ပြင်လက္ခဏာတချို့ကိုလျှော့ချ၍ သူတို့ကို အရေအတွက်များပြားစွာ ထုတ်လုပ်ရန်ဖြစ်သည်။

ရှေးဟောင်းမှတ်တမ်းများက ယခင်အတွေ့အကြုံများကို အခြေခံ၍ ပထမမြေကမ္ဘာဆရာသခင်သည် ထိုဖြစ်စဉ်ကို အောင်မြင်အောင်ပြုလုပ်နိုင်ခဲ့သည်။ သူမသည် ကိုယ်ခံပညာသိုင်းသမားတစ်ဦးအလောင်းကို အမျိုးမျိုးသော အစီအရင်များ၊ ဆေးဝါးများ၊ မန္တန်များနှင့် ပြုပြင်ပြောင်းလဲ၍ ထူးခြားသော သံချပ်ဝတ်တန်ဆာတစ်ခုကို အလောင်းမှာ ဝတ်ဆင်ပေးပြီးနောက် ဖုတ်ကောင်မွေးမြူရေးကုန်းမြေမှာ မြှုပ်နှံခဲ့သည်။ အလောင်းနှင့်ချပ်ဝတ်တန်ဆာက ပေါင်းစပ်သွားပြီးနောက် သံအလောင်းကောင်ဟုခေါ်သော ကြေးချပ်ဝတ်အလောင်းကောင်၏ တစ်ဆင့်နိမ့်သောပုံစံကို ဖြစ်ပေါ်လာစေခဲ့သည်။

နောက်ပိုင်းမှာ ပထမမြေကမ္ဘာဆရာသခင်သည် သံအလောင်းကောင်ကို အခြေခံ၍ ရှေးဟောင်းအင်မော်တယ်များ၏ နည်းလမ်းများကို သုံးကာ ရက္ခိုသ်၊ ယက္ခ၊ အသူရာ၊ မဟာအသူရာ၊ အသူရာဘုရင်နှင့် သက္ကတို့အပါအဝင် တခြားသော ဖုတ်ကောင်အမျိုးအစားများကို အောင်မြင်စွာဖန်တီးလာနိုင်ခဲ့သည်။

ဒဏ္ဍာရီအရ သက္ကသည် မိုးခေါင်ရေရှားမိစ္ဆာနှင့်ယှဉ်နိုင်သည်။ ၎င်းသည် တစ်ခါက တစ္ဆေအင်မော်တယ်တစ်ပါးနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်အနိုင်ယူပြီး တာအိုဂိုဏ်းတော်၏ ပထမအဆင့် ထျန်ကျန်းတာအိုအကြီးအကဲများနှင့် ယှဉ်နိုင်ခဲ့သည်။

ထိုသို့ဖြင့် ပထမမြေကမ္ဘာဆရာသခင်ချန်ထားခဲ့သော ဖုတ်ကောင်မွေးမြူရေးကုန်းမြေများ ရှိလေသည်။ ဤနေရာများထဲမှာ ဆောဝမ်ပူ၊ ကျုံးကျိုးက ပေမန်တောင်၊ ရှုကျိုးက ပိုင်သီဂူဗိမာန်၊ ရှီကျိုးက တာရွှယ်တောင်နှင့် လောလန်မြို့တို့ပါဝင်သည်။ ဤနေရာများမှာ အင်မော်တယ်လမ်းစဉ်၏ လျှို့ဝှက်ချက်များရှိနေသည်ဟု နောက်ပိုင်းမျိုးဆက်များက ထင်မြင်ယူဆကြသည်။

အလောင်းပျိုးထောင်ကုန်းမြေများဟုလည်းခေါ်သော ဤဖုတ်ကောင်မွေးမြူရေးကုန်းမြေများကို တာအိုဂိုဏ်းတော်က ဖျက်ဆီးခြင်း သို့မဟုတ် လုံးဝချိပ်ပိတ်ခြင်းများပြုလုပ်ခဲ့သည်။ ထို့ကြောင့် ဤနေရာများမှာ လျှို့ဝှက်ချက်များရှိနေသည်ဟု အပြင်လူများက ပို၍ယုံကြည်လာကြသည်။ ထို့သို့ဖြင့် တည်းခိုခန်းသည် ဤနေရာကို ပေါင်းသင်ရှင်းလင်းရန်အတွက် ဤမျှများပြားသောလူသူအင်အားနှင့် အရင်းအမြစ်များကို သုံးစွဲလာခြင်းဖြစ်၏။

သို့သော်လည်း ဤအရာများအားလုံးက ချီရွှမ်းစုနှင့် ဘာမှမသက်ဆိုင်ပေ။

All Chapters