← Chapters

အခန်း ၂၀၈

Vol. 21 Ch. 208

အခန်း ၂၀၈

Vol. 21 Ch. 208

အခန်း ၂၀၈ - သက်ရှိအလောင်းကောင် (၂)

ချီရွှမ်းစုက နတ်နဂါးပစ္စတိုကို ကျည်ဖြည့်ပြီး လုံးလုံးလျားလျား မလဲပြိုသေးသည့် ဧရာမအလောင်းကောင်ဘေးကို ရောက်လာ၏။

ဤအလောင်းကောင်က အရပ်ရှစ်ပေကျော်မြင့်၍ ကြေးအရေနှင့် သံအရိုးများရှိနေ၏။ ၎င်းသည် ဖုတ်ကောင်တစ်ကောင်အဖြစ် အပြည့်အဝအသွင်ပြောင်းလဲသွားဖို့ နီးစပ်နေပြီဖြစ်၏။ အစစ်အမှန်ဖုတ်ကောင်တစ်ကောင်ဖြစ်လာပြီဆိုလျှင် သာမန် ဓားလှံလက်နက်တို့က ၎င်းကို ထိခိုက်အောင် လုပ်နိုင်တော့မည်မဟုတ်ပေ။

ချီရွှမ်းစုက ဧရာမအလောင်းကောင်ကို အချက်များစွာဆင့်ပြီးရိုက်ချလိုက်၏။ ဤဧရာမအလောင်းကောင်မှာ ကြေးအရေနှင့် သံအရိုးများရှိသော်လည်း နတ်နဂါးမျက်လုံးကျည်ဆန်ကြောင့် အားပျော့သွားပြီဖြစ်ရာ ချီရွှမ်းစု၏ လက်ဝါးရိုက်ချက်များကို ခံနိုင်ရည်မရှိတော့ပေ။ ချီက အလောင်းကောင်၏ ရင်ဘတ်ကို ကြီးမားစွာချိုင့်ဝင်သွားစေပြီး သူ့ကို လုံးဝမလှုပ်ရှားနိုင်စေတော့ပေ။

ချီရွှမ်းစုက အလောင်းကောင်ကို ရှင်းထုတ်ပြီးနောက် ယိုယွင်းပျက်စီးနေသော ခန်းမဆောင်တံခါးနားသို့ ရောက်လာစဉ် နောက်ထပ် သာမန်သက်ရှိအလောင်းကောင်များစွာက ဒီရေလှိုင်းလို သူ့ထံသို့ တိုးဝင်လာသည်ကို တွေ့မြင်လိုက်ရ၏။

ထိုသို့ဖြင့် ချီရွှမ်းစုက ဖီးနစ်မျက်လုံးကျည်ဆန်တစ်တောင့်ကို ပစ်ထုတ်လိုက်ရ၏။

ဘုန်း…

ကြီးမားသော မီးတောက်တစ်ခုက သက်ရှိအလောင်းကောင်များကို ချက်ချင်းပင်လွှမ်းခြုံသွား၏။ တုန်ခါလှိုင်းက လေထဲမှာတွန့်လိမ်၍ ချီရွှမ်းစု၏ အဝတ်များကို တဖျပ်ဖျပ်လွင့်စေကာ ယိုယွင်းနေသော ခန်းမဆောင်ကို လှုပ်ခါသွားစေ၏။

ထျန်ကျိခန်းမ၏ တီထွင်မှုများက တကယ်ကိုအသုံးဝင်လှ၏။ တာအိုဂိုဏ်းတော်သည် ရှေးရိုးစဉ်လာများကို မပစ်ပယ်သော်လည်း ခဲယမ်းလက်နက်များ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် အသုံးဝင်မှုကို လျစ်လျူရှုမထားခဲ့ပေ။ ကျန်းယွဲ့လု ယခင်က ပြောခဲ့သလို တစ်နေ့မှာ မှော်စွမ်းအားများပျောက်ကွယ်သွားမည်ဆိုလျှင် မိမိကိုယ်ကိုယ်ကာကွယ်ဖို့ တခြားသောနည်းလမ်းများကို လိုအပ်လာပေလိမ့်မည်။

မှော်စွမ်းအားများက တစ်နေ့မှာ ဘာ့ကြောင့် ပျောက်ကွယ်သွားရမလဲ ချီရွှမ်းစုစဉ်းစားမရသော်လည်း အဲဒါက ပူဇော်ပသစွမ်းအားကို မဆင်မခြင်သိမ်းယူနေသည့် ရှေးဟောင်းအင်မော်တယ်များနှင့် ပတ်သက်နေလောက်သည်။

မီးတောက်များ ငြိမ်းသေသွားပြီးနောက် မြေပြင်မှာ လောင်ကျွမ်းတူးချစ်နေသောအလောင်းများသာ ကျန်ခဲ့၏။ သူတို့အများစုက ပုံပျက်ပန်းပျက်ဖြစ်နေလေပြီ။ ကျန်ရှိနေသောအနည်းငယ်ကလည်း လောင်ကျွမ်းနီရဲနေ၏။ ပေါက်ကွဲမှု၏ အလယ်ဗဟိုနှင့် နီးကပ်သောသက်ရှိအလောင်းကောင်များက လုံးဝပြာကျသွားခဲ့သည်။

ချီရွှမ်းစုက ယိုယွင်းနေသော ခန်းမဆောင်ထဲသို့ လျှောက်လှမ်းဝင်ပြီး ဘေးဘီဝဲယာကို လှည့်ပတ်ကြည့်ရှုလိုက်၏။ တည်းခိုခန်းကနေ ယခင်စေလွှတ်ခဲ့သူများကလည်း ဤနေရာကို ရောက်ရှိထားဖူးသောကြောင့် အထဲမှာ အသုံးဝင်တာဘာမှမရှိတော့ဘဲ ဗလာကျင်းနေ၏။ သို့သော် ထိုသက်ရှိအလောင်းကောင်များက ဘယ်နေရာကနေ ရောက်လာသည်ကို ချီရွှမ်းစုနားမလည်နိုင်ပေ။ သူတို့က ပေါင်းပင်တွေလို တကယ်ပဲ မြေကြီးထဲကနေ ထွက်လာတာလား။

မြေပြင်အကြောင်းစဉ်းစားရင်း ချီရွှမ်းစုသည် တစ်စုံတစ်ရာကိုအမှတ်ရကာ မြေပုံကိုထုတ်ကြည့်လိုက်၏။ ဤနေရာတွင် မြေအောက်နေရာလွတ်တစ်ခုရှိကြောင်း‌ မြေပုံက ညွှန်ပြနေ၏။ တစ်နည်းအားဖြင့်ဆိုသော် ယိုယွင်းနေသော ဤခန်းမဆောင်က အဝင်အထွက်လုပ်ဖို့အတွက် အမှတ်အသားတစ်ခုမျှသာဖြစ်ပြီး အစစ်အမှန်အဆောက်အအုံက အောက်ဘက်မှာရှိနေ၏။

သူ တွေးလိုက်၏။

‘သက်ရှိအလောင်းကောင်တွေရဲ့အရင်းအမြစ်က ဒီမြေအောက်ခန်းဖြစ်နေမလား။ သူတို့က မြေအောက်မှာ ပုန်းကွယ်နေလို့ ဖီးနစ်မျက်လုံးဗုံးနဲ့ တိုက်ခိုက်ခဲ့တုန်းက လွတ်မြောက်ခဲ့တာလား။’

ထိုကောက်ချက်က သူ့အတွက် အဓိပ္ပါယ်ရှိလေသည်။ ခန်းမထဲမှာ လှည့်ပတ်ကြည့်ရှုပြီးနောက် မြေအောက်ကို ဆက်သွယ်ထားသည့် လမ်းပေါက်တစ်ခုကို တွေ့လိုက်ရ၏။ ယခင်က ဤလမ်းကို ကာဆီးထားသည့် တံခါးချပ်သည် ဗုံးဒဏ်ကြောင့် လုံးဝပျက်စီးနေပြီဖြစ်ပြီး ဝင်ပေါက်က ရှင်းရှင်းလင်းလင်းပေါ်ထွက်နေ၏။ အမှောင်ထု၏ အနက်ပိုင်းထဲသို့ ဦးတည်နေသော လှေကားထစ်များရှိနေသည်။

ချီရွှမ်းစုက လှေကားထစ်များအတိုင်းဆင်းပြီး မြေအောက်စင်္ကြံလမ်းထဲသို့ ဝင်ရောက်လာ၏။ နံရံ၏တစ်ဖက်တစ်ချပ်စီမှာ တာအိုဂိုဏ်းတော်က ချန်ထားခဲ့သည့် ငြိမ်းသေနေသော ဆီမီးအိမ်များရှိနေ၏။ ချီရွှမ်းစုက ဆီမီးအိမ်တစ်လုံးကိုလှမ်းဆွဲ၍ မီးထွန်းကာ ယူသွားလိုက်၏။ လမ်းတစ်လျှောက်မှာ ကြိုကြားကြိုကြားပေါ်လာသော သက်ရှိအလောင်းကောင်များနှင့် ကြုံတွေ့ရသော်လည်း သူက အလွယ်တကူရှင်းထုတ်ပစ်လိုက်နိုင်၏။ သိပ်မကြာခင် ချီရွှမ်းစုက အကျပ်အတည်းတချို့နှင့် ကြုံတွေ့လာရသည်။

ဤစင်္ကြံလမ်း၏ အဆုံးက ချီရွှမ်းစုတွေးထင်ထားသလို မြေအောက်ခန်းမတစ်ခုဆီ ဦးတည်နေခြင်းမဟုတ်ဘဲ သူက လမ်းလေးခွဆုံတစ်ခုကို ရောက်လာ၏။ သူပေါ့ဆမိလျှင် မြေအောက်ခန်းထဲမှာ လမ်းပျောက်သွားနိုင်သည်။

ချီရွှမ်းစုက ခဏမျှစဉ်းစားပြီးနောက် နံရံပေါ်မှာ အမှတ်အသားတစ်ခုပြုကာ လမ်းသွယ်တစ်ခုကို ရွေးချယ်ပြီး ဆင်းချလိုက်၏။

ဆယ်မိနစ်ခန့် လမ်းလျှောက်ပြီးနောက် သူ့ရှေ့မှာ အလင်းရောင်တစ်ခုဖြာထွက်နေသည်ကို တွေ့လိုက်ရ၏။ သူက ချက်ချင်းပင် ဆီမီးအိမ်ကိုငြှိမ်းပြီး အလင်းရောင်ရှိရာသို့ လျှောက်လှမ်းသွား၏။

အလင်းရောင်ထွက်ပေါ်လာရာဆီကို ရောက်သည်နှင့် သူ၏ မြင်ကွင်းက ကျယ်ပြန့်သွားပြီး အောက်ဘက်မှာ ကြီးမားသော မြေတွင်းတစ်တွင်း ထွက်ပေါ်လာ၏။ တာအိုဂိုဏ်းတော်သည် ဤမြေတွင်း၏ နံရံများတစ်လျှောက်မှာ နွယ်လိမ်လှေကားလမ်းတစ်ခုကို တည်ဆောက်ထားပြီး အောက်ခြေမှာ အဂ္ဂိရတ်မီးပြင်းဖိုတစ်လုံးရှိနေ၏။

သာမန်မီးပြင်းဖိုထက် အဆများစွာပိုမိုကြီးမားသည့် ပေတစ်ရာမြင့်မားသော အဂ္ဂိရတ်မီးပြင်းဖိုက ဤမြေတွင်း၏ အောက်ခြေမှာရှိနေ၏။ ဤအချိန်မှာ အဂ္ဂိရတ်မီးပြင်းဖိုကို မောင်းနှင်ထားပြီး အထဲမှာလောင်ကျွမ်းနေသော အနီရောင်မီးတောက်များက မြေတွင်း၏ အောက်ခြေကို ထိန်ထိန်လင်းနေစေ၏။

စောစောက ချီရွှမ်းစု မြင်တွေ့ခဲ့ရသည့် အလင်းရောင်သည် ဤမီးပြင်းဖိုကနေ လာခြင်းဖြစ်၏။

အဂ္ဂိရတ်မီးပြင်းဖိုဘေးမှာ လူတစ်ယောက်မတ်တတ်ရပ်နေသော်လည်း အဲဒါက သက်ရှိလူသားလား သို့မဟုတ် သက်ရှိအလောင်းကောင်လား ချီရွှမ်းစု သေချာမပြောတတ်ပေ။ သို့သော် သက်ရှိအလောင်းကောင်က အဂ္ဂိရတ်မီးပြင်းဖိုကို အသုံးပြုနိုင်ပါ့မလား ချီရွှမ်းစုသံသယဝင်မိ၏။

အဲဒါက သက်ရှိလူသားတစ်ဦးဖြစ်မည်ဆိုလျှင် သူ့မှာ အသက်ဓာတ်များစွာ မကျန်တော့ပုံရ၏။

သူက လူသားတစ်ဦးဆိုလျှင် ဤတွင်း၏ အောက်ခြေမှာ ဘာလုပ်နေတာလဲ။ ဒီလူက ဘယ်ကနေရောက်လာတာလဲ။

ဤလူသည် တည်းခိုခန်းမှာမဟုတ်ဟု ချီရွှမ်းစုက အလိုလိုသိနေ၏။

ဤအချိန်မှာ ထိုလူက ချီရွှမ်းစု၏ တည်ရှိမှုကို သတိထားမိသွားပုံရပြီး ရုတ်တရက် ခေါင်းမော့ကာ ကြည့်လိုက်၏။

အဂ္ဂိရတ်မီးပြင်းဖို၏ မီးအလင်းရောင်ကြောင့် ချီရွှမ်းစုက ထိုလူ၏ မျက်နှာကို ရှင်းရှင်းလင်းလင်းတွေ့မြင်ရ၏။ မျက်လုံးများက ဖောက်ထုတ်ခံထားရပြီး မျက်တွင်းအိမ်ထဲမှာ လူတစ်ယောက်၏ ဝိညာဉ်ကို စုပ်ယူနိုင်သည့် အဆုံးမဲ့ရေတွင်းနှစ်တွင်းကဲ့သို့ အနက်ရောင်တွင်းပေါက်နှစ်ပေါက်သာကျန်နေသည်။ မျက်နှာနှင့် အသားအရေက ဖြူဖပ်ဖြူရော်ဖြစ်နေပြီး ထိုလူက သက်ရှိအလောင်းကောင်နှင့်တူနေ၏။

သို့သော်လည်း သူက သက်ရှိအလောင်းကောင်မဟုတ်ဘဲ လူသားတစ်ဦးသာဖြစ်သည်။

နောက်ခဏ၌ ထိုလူက လက်မြှောက်၍ ချီရွှမ်းစုကိုလက်ညှိုးထိုးပြီး နားမလည်နိုင်သောအသံထွက်ဖြင့် တတွတ်တွတ်ရွတ်ဆိုလိုက်၏။

ချီရွှမ်းစု၏ အမူအရာက ပြောင်းလဲသွားပြီး အလျင်အမြန်ထခုန်လိုက်၏။

စောစောက သူရပ်နေသောမြေပြင်မှာ အက်ကွဲကြောင်းတစ်ခုပေါ်လာပြီး ထိုအက်ကွဲကြောင်းထဲကနေ သက်ရှိအလောင်းကောင်တစ်ကောင်က ဖက်တက်လာ၏။ ၎င်းက လက်နှစ်ဖက်ကိုဆန့်ပြီး ချီရွှမ်းစု၏ ခြေချင်းဝတ်ကို ဖမ်းဆွဲဖို့ကြိုးစားနေသည်။

ထိုအလောင်းကောင်က ဘယ်လိုရောက်လာသလဲ ချီရွှမ်းစုမသိပေ။ သူ ထခုန်၍ ပြန်ကျလာစဉ် ချီရွှမ်းစုက သက်ရှိအလောင်းကောင်၏ ဦးခေါင်းကို ဆောင့်နင်းချပြီး ၎င်း၏ ကျောရိုးတစ်ခုလုံးကို ကြေမွသွားစေ၏။ ၎င်းက ချက်ချင်းပင် ငြိမ်သက်သွားသည်။

တစ်ချိန်တည်းမှာပင် သူ့ဘေးပတ်လည်အမှောင်ထုထဲကနေ သန်မာသော သက်ရှိအလောင်းကောင်ရှစ်ကောင်က ထွက်လာကြ၏။ သူတို့က ချီရွှမ်းစုကို တစ်ပြိုင်နက်တည်းတိုက်ခိုက်လာကြသည်။ ရှောင်စရာနေရာမရှိတော့သည့် ချီရွှမ်းစုက ချင်းယွမ်ကိုဆွဲထုတ်ပြီး ကန့်လန့်ဖြတ်လွှဲယမ်းလိုက်၏။ ဓားတိုက လေထုကိုဆုတ်ဖြဲပြီး သက်ရှိအလောင်းကောင်နှစ်ကောင်၏ ဦးခေါင်းများကို ဖြတ်ချလိုက်၏။ ခေါင်းမရှိတော့သည့်အခါ ဤသက်ရှိအလောင်းကောင်များက သာမန်အလောင်းများလို ငြိမ်သက်သွားသည်။ သူတို့က ဆက်လက်၍ မလှုပ်ရှားနိုင်တော့ပေ။

လက်ထဲက ချင်းယွမ်ကိုလှည့်ရင်း ချီရွှမ်းစုက ဆက်လျှောက်နေ၏။ တတိယမြောက် သက်ရှိအလောင်းကောင်ကို ခါးကနေ ဖြတ်ချလိုက်သော်လည်း ၎င်းက လူးလွန့်နေဆဲဖြစ်၏။

မတ်တတ်ရပ်နေသေးသည့် အခြားသော သက်ရှိအလောင်းကောင်နှစ်ကောင်က သူတို့၏ ပါးစပ်များကိုဖွင့်ပြီး သွေးပြည်နှင့်တူသောအရာတစ်ခုကို ထွေးထုတ်လိုက်ကြ၏။

ချီရွှမ်းစုက ထိုအရာကို ရှောင်တိမ်းလိုက်သော်လည်း ၎င်း ဖြတ်သွားရာနေရာတိုင်းမှာ ထိတွေ့မိသောမြေပြင်က တရှဲရှဲအသံဖြင့် အရည်ပျော်ကျသွား၏။ သူက ဆက်လက်၍ လှုပ်ရှားရင်း အခွင့်အလမ်းကိုချိန်ဆကာ သက်ရှိအလောင်းကောင်နှစ်ကောင်ကို သတ်ဖြတ်လိုက်၏။

တစ်ခဏချင်းမှာပင် ချီရွှမ်းစုသည် သက်ရှိအလောင်းကောင်ငါးကောင်ကို ရှင်းထုတ်ပစ်လိုက်၏။ သို့သော် ဤအချိန်မှာ သူ့ကိုတိုက်ခိုက်လာသည့် သက်ရှိအလောင်းကောင်သုံးကောင်ကျန်ရှိနေဆဲပင်။ သူတို့၏ ချိန်သားကိုက်တိုက်ခိုက်မှုကို ခုခံရန် သူ၏ ကိုယ်ကာယခွန်အားအပေါ်သာ မှီခိုလိုက်ရ၏။

ဤသက်ရှိအလောင်းကောင်များက သာမန်အလောင်းကောင်များနှင့်ကွာခြားသည်။ သူတို့အများစုမှာ အလောင်းအဆိပ် ရှိနေကြ၏။ သူက အလောင်းအဆိပ်နှင့် မတော်တဆထိမိလျှင် သူ့ကိုမသေစေဘူးဆိုလျှင်တောင် လက်ရှိအခြေအနေအရ ဒုက္ခများပေလိမ့်မည်။

ဤအချိန်မှာ ချီရွှမ်းစုက ကျန်းယွဲ့လုသင်ပေးထားသည့် တာယန်စိတ်ဝိညာဉ်ဓားသိုင်းကို အသုံးပြုလိုက်၏။ သူလှုပ်ရှားသည့်အခါ သူ့ခန္ဓာကိုယ်က ရူပဗေဒသဘောတရားကို သွေဖယ်သွားသည်။ ပထမအလောင်းကောင်၏ ဦးခေါင်းကို ဓားဖြင့် အဖြောင့်ပစ်ထိုး၍ ဆွဲလှည့်ကာ ဒုတိယမြောက်အလောင်းကောင်ကို ခါးကနေ ခုတ်ပိုင်းချလိုက်၏။ နောက်ဆုံးမှာတော့ ဓားကို နဂိုနေရာသို့ ပြန်ဆွဲယူပြီး နောက်ထပ် အလောင်းကောင်ကို ပစ်ထိုးလိုက်၏။

ဤလှုပ်ရှားကွက်များက တစ်ဆက်တည်း လျင်မြန်စွာကူးပြောင်းသွား၏။ အခြားတစ်ယောက်က ကြည့်မည်ဆိုလျှင် လူသုံးယောက်က အလောင်းကောင်များကို တစ်ပြိုင်နက်တည်းတိုက်ခိုက်နေသလို တွေ့မြင်ရပေလိမ့်မည်။

သက်ရှိအလောင်းကောင်သုံးကောင်၏ မျက်လုံးထဲကဖြာထွက်နေသော အနီရောင်အလင်းများက ချက်ချင်းပင်မှေးမှိန်သွားပြီး သာမန်အလောင်းကောင်များအဖြစ် ပြောင်းလဲကာ မလှုပ်ရှားနိုင်တော့ပေ။

ဤအလောင်းကောင်များကို ငြိမ်သက်စေပြီးနောက် နောက်ထပ်အနက်ရောင်အရိပ်များစွာက ချီရွှမ်းစုကို ဝိုင်းပတ်လာကြပြန်၏။ ဤအသုတ်မှ အလောင်းကောင်များသည် ပိုမိုမာကျောကြမ်းတမ်းသည့် ကိုယ်ကာယများရှိပြီး ပို၍ ပေါ့ပါးဖျတ်လတ်ကာ စဉ်းလဲကြသည်။ သူတို့မှာ ဉာဏ်အသိစိတ်မရှိသော်လည်း အလိုအလျောက်တုံ့ပြန်မှုနှင့် သူတို့သခင်၏ အမိန့်ကို နာခံမှုရှိလေသည်။ ထို့ကြောင့် သူတို့က အကြောက်အလန့်မရှိဘဲ ချီရွှမ်းစုထံသို့ အုံလိုက်ကျင်းလိုက်ပြေးဝင်လာကြ၏။

ဤသက်ရှိအလောင်းကောင်များနှင့် ရင်ဆိုင်ရချိန်မှာ ချီရွှမ်းစုက တာယန်စိတ်ဝိညာဉ်ဓားသိုင်းကိုပင် ထပ်သုံးလိုက်၏။ ဓားချက်တစ်ချက်မျှနှင့် ပြေးတက်လာသော သက်ရှိအလောင်းကောင်၏ ဦးခေါင်းကို လှီးဖြတ်ချလိုက်၏။ ထို့နောက် ရှေ့သို့ခုန်ဝင်ကာ နောက်ထပ်သက်ရှိအလောင်းကောင်နှစ်ကောင်ဘေးက‌နေ ဖြတ်သွား၏။ နောက်ခဏ၌ ထိုသက်ရှိအလောင်းကောင်နှစ်ကောင်၏ ခန္ဓာကိုယ်အပေါ်ပိုင်းက ထောင့်ဖြတ်လျှောကျသွား၏။ ချီရွှမ်းစုက ရပ်တန့်မည့်သဘောမရှိပေ။ သူ့ခန္ဓာကိုယ်ကို တွန့်လိမ်လှည့်ပတ်၍ သက်ရှိအလောင်းကောင်နှစ်ကောင်၏ လက်သည်းများကို ရှောင်တိမ်းလိုက်၏။ ထို့နောက် ဓားကိုလွှဲယမ်းပြီး နောက်ထပ် သက်ရှိအလောင်းကောင်နှစ်ကောင်၏ ဝမ်းဗိုက်များကို ဖောက်ထုတ်လိုက်၏။ တစ်ချိန်တည်းမှာ သူလက်ဖဝါးကိုလွှဲပြီး ပင်ကိုယ်ချီကိုသုံး၍ တတိယမြောက်သက်ရှိအလောင်းကို သတ်ဖြတ်လိုက်၏။ ထိုအလောင်းက ဆွေးရိနေသော အသားပုပ်များအဖြစ် ပြောင်းလဲသွား၏။ ထို့နောက် စတုတ္ထမြောက်သက်ရှိအလောင်းကောင်ကို တံတောင်ဖြင့်ပစ်ရိုက်ကာ ၎င်း၏ ရင်ဘတ်ကို ချိုင့်ဝင်သွားစေ၏။

သူက တစ္ဆေတစ်ကောင်လို လျင်မြန်ပြီး ဖမ်းရခက်နေ၏။ ဤသက်ရှိအလောင်းကောင်များက သူ့ကိုသဲကြီးမည်းကြီးတိုက်ခိုက်လာသော်လည်း ထိခိုက်အောင်မလုပ်နိုင်ကြပေ။ ထိုအစား သူဖြတ်သွားရာနေရာတိုင်းမှာ သူတို့၏ ကျိုးပဲ့ပြတ်တောက်သွားသောခြေလက်များက လွင့်ပျံသွား၏။

ချီရွှမ်းစုနှင့် ခြေဆယ်လှမ်းအတွင်းမှာ သက်ရှိအလောင်းကောင်များစွာက လဲပြိုကျသွား၏။ သူ၏လှုပ်ရှားမှုများက ချောမွေ့ပြေပြစ်လွန်းပြီး အခြားတစ်ယောက်က ဘေးကနေရပ်ကြည့်မည်ဆိုလျှင်ပင် ချီရွှမ်းစု ဓားကိုဘယ်လိုသုံးသွားသလဲ သိရလိမ့်မည်မဟုတ်ပေ။

အဂ္ဂိရတ်မီးပြင်းဖိုဘေးမှာ မတ်တတ်ရပ်နေသောလူက အဲဒါကိုသတိထားမိပြီး ချီရွှမ်းစုကို မရမကသတ်ဖြတ်ရန် အမှောင်ထဲမှာပုန်းကွယ်နေသည့် သက်ရှိအလောင်းကောင်များအားလုံးကို ဆင့်ခေါ်လိုက်၏။ နောက်ထပ်သက်ရှိအလောင်းကောင်များစွာက ချီရွှမ်းစုရှိရာသို့ ပြေးဝင်လာကြသည်။ အရေအတွက်က တိုးလာသည်နှင့် ချီရွှမ်းစုက ပိတ်မိသွားလေသည်။

ဤအချိန်မှာ ချီရွှမ်းစုက သူ့လက်ဖဝါးကိုမှောက်၍ အင်္ကျီလက်ထဲကနေ ပုတီးစေ့တစ်စေ့ကို ထုတ်ယူလိုက်၏။ ပုတီးစေ့က ညိုမှောင်နေသောအရောင်ရှိသော်လည်း အလယ်မှာ သူငယ်အိမ်နှင့်ဆင်တူသော မီးတောက်နီရောင်အကွက်တစ်ကွက်ရှိနေ၏။ အဲဒါက ဖီးနစ်မျက်လုံးကျည်ဆန်ဖြစ်၏။

အရင်တုန်းက ချီရွှမ်းစုသည် ထျန်ကျိခန်းမခွဲကနေ ဖီးနစ်မျက်လုံးကျည်ဆန်ငါးတောင့်ကို ဝယ်ယူလာခဲ့သည်။ ကျိုးဝါတောင်ကုန်းမှာ ယန်ကျိုးဝေကို တားဆီးဖို့ ကျည်ဆန်တစ်တောင့်ကိုသုံးခဲ့ပြီး စောစောက ယိုယွင်းနေသောခန်းမဆောင်ရှေ့မှာ နောက်ထပ်ကျည်ဆန်တစ်ထောင့်ကိုသုံးခဲ့ရ၏။ ဤအချိန်မှာ သူ့တွင် ဖီးနစ်မျက်လုံးကျည်ဆန်သုံးတောင့်သာကျန်တော့၏။

ကျည်ဆန်ကိုပစ်ထုတ်လိုက်ပြီးနောက် ဆယ်ပေကျော်မြင့်မားသော မီးတောက်များထွက်ပေါ်၍ မီးမိုးများကျဆင်းလာ၏။ အနီးနားပတ်လည်မှာရှိသော သက်ရှိအလောင်းကောင်များစွာက ရိတ်ဖြတ်ခံလိုက်ရသော စပါးပင်များလို လဲပြိုကျသွား၏။

မီးက လျင်မြန်စွာဖြန့်ကြက်၍ မီးစွဲခံထားရသော သက်ရှိအလောင်းကောင်များက တစ်ကောင်နှင့်တစ်ကောင်ပစ်တိုက်ပြီး ဤမြေအောက်ခန်းကို မီးလောင်ကွင်းပြင်တစ်ခုအဖြစ် လျင်မြန်စွာပြောင်းလဲသွားစေ၏။ သူတို့၏ မီးစွဲနေသောခန္ဓာကိုယ်များက အရူးအမူးယမ်းခါပြီးနောက် မီးတောထဲမှာ ကျဆင်းပျောက်ကွယ်သွား၏။

ဤတိုက်ခိုက်မှုများကိုတားဆီးဖို့အတွက် သူတို့၏ သခင်ကို ဖမ်းဆီးရမည်ဖြစ်ရာ သူက သက်ရှိအလောင်းကောင်များနှင့် ဆက်လက်၍ မတိုက်ခိုက်တော့ဘဲ မြေတွင်း၏ အစပ်ကို လျင်မြန်စွာရောက်ရှိလာ၏။ ကြီးမားသောမြေတွင်းက ပေတစ်ရာကျော်နက်သော်လည်း ဝေဟင်ပျံသင်္ဘောပေါ်ကနေ ပြုတ်ကျခဲ့သည့် အတွေ့အကြုံကို ရရှိပြီးနောက် ချီရွှမ်းစုက ဤမျှအမြင့်ကိုမကြောက်ရွံ့တော့ပေ။ ထို့ကြောင့် ပေတစ်ရာကျော်အမြင့်ကနေ အောက်ကိုခုန်ဆင်းလိုက်၏။

All Chapters