← Chapters

အခန်း ၂၀၉

Vol. 21 Ch. 209

အခန်း ၂၀၉

Vol. 21 Ch. 209

အခန်း ၂၀၉ - ကျောက်စိမ်းဖြူခန်းမ

ချီရွှမ်းစုသည် ပေတစ်ရာအမြင့်ကနေခုန်ချလိုက်ရာ ဝုန်းခနဲကျဆင်းပြီး သူ၏ ဘေးပတ်လည်မှာ ဖုန်များတထောင်းထောင်းထသွား၏။ ချီကိုသုံး၍ ကျဆင်းသည့်အရှိန်ကို လျှော့ချခဲ့သော်လည်း သူ့ခြေဖဝါးအောက်မှာရှိသောမြေပြင်က အက်ကွဲသွား၏။

သူ့ဒူး၊ ခြေသလုံးနှင့် ခြေဖဝါးတို့မှ ထိခိုက်မှုတချို့ကို ရှင်းရှင်းလင်းလင်းခံစားလိုက်ရ၏။ သို့သော် သူ၏ တိုးတက်လာသောကိုယ်ကာယနှင့် ပြန်လည်ကုသနိုင်စွမ်းကြောင့် အဲဒါက မြန်မြန်ဆန်ဆန်သက်သာသွားနိုင်၏။ ထို့ကြောင့် သူ၏ တိုက်ခိုက်ရည်အစွမ်းအစအပေါ် သက်ရောက်မှုမရှိပေ။

ထိုသက်ရှိအလောင်းကောင်များက ဤကဲ့သို့သောအမြင့်ကနေ ခုန်မချနိုင်သည့်အတွက် ချီရွှမ်းစုက နောက်ဆုံးမှာ ထူးဆန်းသောလူကိုသာ ပစ်မှတ်ထားနိုင်ပြီဖြစ်၏။

“မင်းဘယ်သူလဲ”

ချီရွှမ်းစုက မေးလိုက်ပြီး သူ့အသံက ကြီးမားသော မြေတွင်းချိုင့်ထဲမှာ ပဲ့တင်ထပ်သွား၏။

ထိုလူက မဖြေဘဲ နောက်ကိုခြေလှမ်းအနည်းငယ်ဆုတ်သွားသည်။ အဂ္ဂိရတ်မီးပြင်းဖို၏ မီးအလင်းရောင်အောက်မှာ သူ့မျက်နှာဖြူဖျော့၍ ဗလာကျင်းနေသော မျက်တွင်းအိမ်ထဲမှာ အနီရောင်အလင်းတဖျတ်ဖျတ်သာရှိနေ၏။ သူသည် စောစောက တွေ့ခဲ့ရသော သက်ရှိအလောင်းကောင်များနှင့် ဆင်တူသော်လည်း သူ့အမူအရာက ငေးငိုင်မနေဘဲ ကြမ်းကြုတ်ခက်ထန်နေ၏။

သူက အလောင်းများကို ကိုင်တွယ်ထိန်းကျောင်းရာမှာ ကျွမ်းကျင်ပိုင်နိုင်သည့် ဂမ္ဘီရဝိဇ္ဇာတစ်ဦးဖြစ်၏။

တိုက်တိုက်ဆိုင်ဆိုင်ပင် ချီရွှမ်းစုမှာ ဂမ္ဘီရဝိဇ္ဇာများကို ဖိနှိမ်နိုင်သည့် ကိုယ်ခံပညာသိုင်းသမားတစ်ဦး၏ သွေးချီရှိနေ၏။

နှစ်ဦးနှစ်ဖက်က တစ်ချိန်တည်းလှုပ်ရှားလိုက်ကြ၏။

ချီရွှမ်းစုက ဓားတိုကိုကိုင်၍ တာယန်စိတ်ဝိညာဉ်ဓားသိုင်းကို အသုံးပြုလိုက်၏။ သူ့ဓားက လျှပ်စီးလို ဖျတ်ခနဲလက်ပြီး တောက်ပသောအလင်းနှင့်အတူ ဓား၏ အနားစောင်းက ဂမ္ဘီရဝိဇ္ဇာရှေ့ကို ရောက်နှင့်သွားပြီဖြစ်၏။ ဂမ္ဘီရဝိဇ္ဇာ၏ ကျင့်ကြံမှုအဆင့်က တစ်ဆင့်နိမ့်မည််ဆိုလျှင် သူက သေချာပေါက်ခေါင်းဖြတ်ခံရပေလိမ့်မည်။

ဂမ္ဘီရဝိဇ္ဇာက သူ့လက်ချောင်းများဖြင့် အပေါ်အောက်နှင့် ဘယ်ညာ မျဉ်းလေးကြောင်းစီဆွဲပြီး သူ့ရှေ့မှာ ချက်ချင်းပင် စတုရန်းကွက်ကိုးကွက်ကို ပေါ်ထွက်လာစေ၏။

ဂမ္ဘီရဝိဇ္ဇာ၏ နဖူးနှင့် ခုနှစ်စင်တီမီတာအကွာမှာ ချင်းယွမ်က ယတိပြတ်ရပ်တန့်သွား၏။

လေထဲမှာ ရုတ်တရက် လှောင်အိမ်တစ်ခုပေါ်ထွက်လာပြီး ချီရွှမ်းစုကို ပိတ်လှောင်လာ၏။ ချီရွှမ်းစု၏ ဓားကလည်း ရပ်တန့်သွား၏။

[အတုအယောင်က အစစ်အမှန်အဖြစ် သရုပ်ဆောင်သည့်အခါ အစစ်အမှန်က အတုအယောင်ဖြစ်လာပုံရသည်။ မှော်ပညာသည် လူတစ်ဘောက်၏ လက်တွေ့အစစ်အမှန်နှင့် စိတ်အာရုံကြား တည်ရှိနေသော ထင်ယောင်ထင်မှား လှည့်စားမှုအနုပညာဖြစ်၏။ ပစ်မှတ်ထားခံရသူက အဲဒါကို ယုံကြည်မှသာ ထိရောက်မှုရှိလေသည်။

မှော်အစီအရင်များကို အကြမ်းဖျင်း အဆင့်သုံးဆင့်ခွဲခြားထားနိုင်သည်။

ပထမအဆင့်သည် အတုအယောင်ကို အစစ်အမှန်အဖြစ် ပြောင်းလဲရခြင်းဖြစ်ပြီး လိမ်ညာလှည့်စားခြင်းနှင့် များစွာမကွာခြားပေ။ ယင်းသည် လူတွေကိုသတ်ဖြတ်ဖို့မဟုတ်ဘဲ လှည့်စားရာမှာသာ သင့်လျော်သည်။ မြေကမ္ဘာပေါ် ဆင်းသက်လာသည့် နတ်များ၏ ပုံရိပ်ယောင်ကို ဖန်တီးဖို့က လွယ်ကူရိုးရှင်းသော်လည်း ဤလှည့်စားမှုက လက်တွေ့တိုက်ပွဲမှာ အသုံးမဝင်ပေ။ ထို့ကြောင့် ကိုယ်ခံပညာသိုင်းသမားတစ်ဦး၏ သွေးချီနှင့် လက်နက်များ၏ ပြင်းထန်ကြမ်းတမ်းသောအော်ရာက အစီအရင်များကို ဖိနှိမ်နိုင်ခြင်းဖြစ်၏။

စွမ်းအားကြီးမားသော တစ္ဆေများက လူများကို ဒုက္ခပေးသည့်အခါ သူတို့အများဆုံးပြုလုပ်လေ့ရှိသည်မှာ ပစ်မှတ်ထားခံရသူ၏ စိတ်ကို ရှုပ်ထွေးသွားစေဖို့ ပုံရိပ်ယောင်များကို ဖန်တီးခြင်းဖြစ်သည်။ နစ်နာသူက အကြောက်လွန်ပြီး သေသွားနိုင်၏။ သို့မဟုတ် သူ့ကိုယ်သူ သတ်မိသွားနိုင်၏။

တိုက်ပွဲထဲတွင် အမှန်တကယ်အသုံးချနိုင်သည့်အစီအရင်များက ဒုတိယအဆင့်မှာ ပါဝင်သည်။ ဤအစီအရင်များသည် လေ၊ မိုး၊ လျှပ်စီးနှင့် မီးတို့ကို ဆင့်ခေါ်နိုင်စွမ်းရှိပြီး လုံးလုံးလျားလျားပုံရိပ်ယောင်များ မဟုတ်ပေ။ သို့သော် ကွေ့ကျန်းအဆင့် ပညာရှင်များသာလျှင် ဤအစီအရင်များကို ထုတ်ဖော်နိုင်ကြ၏။

တတိယအဆင့်သည် ရာသီဥတုကို ပြောင်းလဲနိုင်စွမ်းရှိသောစွမ်းအားဖြစ်သည်။ ဤအဆင့်မှာ ပုံရိပ်ယောင်များသည် လက်တွေ့အစစ်အမှန်အဖြစ် ကူးပြောင်းသွားနိုင်ပြီး တစ်ခါတလေမှာ အပြင်လောကရှိ ပစ္စည်းများထက်ပင် ပို၍ အင်အားကြီးမားနေနိုင်သည်။

ဤအဆင့်သုံးဆင့်ကို တစ်ဆင့်ချင်းသွားရပြီး နောက်ဆုံးမှာ အတုအယောင်ကို အစစ်အမှန်အဖြစ် ပြောင်းလဲနိုင်မည်ဖြစ်သည်။ ထိုသို့ဖြင့် ကျင့်ကြံခြင်းဟူသောစကားလုံး ပေါ်ထွက်လာ၏။

အစီအရင်များက ဂမ္ဘီရဝိဇ္ဇာလမ်းစဉ်ကို ပို၍ အားပေးထောက်ပံ့ထားသည်။ ကိုယ်ခံပညာသိုင်းသမားများသည် တိုက်ခိုက်ရည်စွမ်းအားတွင် ဂမ္ဘီရဝိဇ္ဇာများကို ဖိနှိမ်နိုင်သည်မှာ အစီအရင်များသည် ယန်စွမ်းအင်ဖြင့် ပြည့်နှက်နေသော သွေးချီဖြင့် ချုပ်ထိန်းခံရသောကြောင့်ဖြစ်သည်။

သို့သော်လည်း အရာအရာတိုင်းမှာ သတ်မှတ်ထားသော အတိုင်းအတာတစ်ခုရှိသည်။ ရေက မီးကို ငြှိမ်းသက်နိုင်သော်လည်း မီးက သန်မာအားကောင်းလွန်းပြီး ရေက အားနည်းနေမည်ဆိုလျှင် မီးက ရေကိုအငွေ့ပြန်စေနိုင်သည်။ ကိုယ်ခံပညာသိုင်းသမားတစ်ဦး၏ သွေးချီနှင့် ဂမ္ဘီရဝိဇ္ဇာတစ်ဦး၏ အစီအရင်ကြားမှာလည်း ထိုနည်းတူစွာဖြစ်သည်။ အစီအရင်က သွေးချီထက် ပိုမိုသန်မာနေမည်ဆိုလျှင် ဂမ္ဘီရဝိဇ္ဇာက ကိုယ်ခံပညာသိုင်းသမားတစ်ဦးကို ဖိနှိမ်နိုင်၏။ ]

ဤအချိန်မှာ ဂမ္ဘီရဝိဇ္ဇာဆွဲယူထားသည့် လှောင်အိမ်က ပုံရိပ်ယောင်တစ်ခုဖြစ်သော်လည်း ချီရွှမ်းစုက ပိတ်မိနေသည်ဟု ခံစားရပြီး ရုန်းမထွက်နိုင်ပေ။ ထိုသို့ဖြင့် အတုအယောင်က အစစ်အမှန်အဖြစ် ပြောင်းလဲသွားပြီး ချီရွှမ်းစု၏ သွေးချီက အစီအရင်ကို ဖောက်မထွက်နိုင်ခြင်းဖြစ်၏။ ယင်းသည် နှစ်ဦးနှစ်ဖက်စလုံး၏ အစွမ်းအစများပေါ် မူတည်နေ၏။

ချီရွှမ်းစုက သူ၏ သွေးချီနှင့် ပင်ကိုယ်ချီကို လှည့်ပတ်၍ ကန်ထွက်စေပြီး သူ့ကိုပိတ်လှောင်ထားသည့် လှောင်အိမ်ကို တွန့်လိမ်ကာ ပုံပျက်ပန်းပျက်ဖြစ်သွားစေ၏။ နောက်ဆုံးမှာ ချင်းယွမ်က ရှေ့ကို ဖြည်းဖြည်းချင်းတိုးသွား၏။

ဂမ္ဘီရဝိဇ္ဇာက ဘာမှမလုပ်ဘဲ အသေခံမည်မဟုတ်ပေ။ သူ၏ ရင်ဘတ်မှာ လက်နှစ်ဖက်ဖြင့် စက်ဝိုင်းများရေးဆွဲလိုက်၏။ ထိုစက်ဝိုင်းများကနေ စွမ်းအင်ဝဲဂယက်များဖြာထွက်၍ တစ်ခုပေါ်တစ်ခုထပ်ဆင့်ကာ ကြေးခွံများကဲ့သို့ သူ့ကိုဖုံးအုပ်သွား၏။

ချီရွှမ်းစုနှင့် ဂမ္ဘီရဝိဇ္ဇာက ဘယ်သူအရင်ရှုံးမလဲ သူတစ်ပြန်ကိုယ်တစ်ပြန် ယှဉ်ပြိုင်နေကြသည်။

ဂမ္ဘီရဝိဇ္ဇာက တည်ငြိမ်နေစဉ် ချီရွှမ်းစု၏ မျက်နှာမှာ ချွေးသီးများ ကျဆင်းလာ၏။

လက်ရှိတွင် ချီရွှမ်းစုက အရေးနိမ့်နေသည်မှာသိသာသည်။

ဤအချိန်မှာ ချီရွှမ်းစုက သူ၏ ဒါန်ထျန်ထဲမှာ ချီကို စုစည်းပြီး ဘုရားကျောင်းထဲက ဓမ္မကာကွယ်စောင့်ရှောက်သူလို မျက်မှောင်ကြုတ်ကာ မိုးကြိုးထစ်ချုန်းသံဖြင့် ဟိန်းဟောက်လိုက်၏။

ချီရွှမ်းစု၏ခန္ဓာကိုယ်ထဲကနေ ရုန်းကန်ထွက်လာသည့် တလိပ်လိပ်တက်လာသော သွေးချီစွမ်းအင်က မျက်စိဖြင့်မြင်နိုင်သောစီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွား၏။ ထွက်ပေါ်လာသော ဤအပူလှိုင်းသည် ကွေ့ကျန်းအဆင့် ကိုယ်ခံပညာသိုင်းသမားတစ်ဦးနှင့်ယှဉ်နိုင်၏။

ရလဒ်ကတော့ ဟိန်းဟောက်သံသည် လှောင်အိမ်ကိုပြိုကျသွားစေပြီး ဂမ္ဘီရဝိဇ္ဇာက တုန်လှုပ်သွားရ၏။ သူ၏ နိမိတ်ဖတ်မျက်လုံးများကလည်း အလုပ်ဆက်မလုပ်နိုင်တော့ပေ။

ချီရွှမ်းစု၏ စွမ်းအင်က အထွတ်အထိပ်ကို ခဏမှတက်လာပြီးနောက် လျင်မြန်စွာပြန်လည်ကျဆင်းလာ၏။ သွေးချီကို စတေးခြင်းဖြင့် အစီအရင်များကို အတင်းအကျပ်ချိုးဖျက်ခြင်းသည် အားအင်ကို ကြီးမားစွာကုန်ဆုံးစေ၏။ သို့သော် ချီရွှမ်းစုသည် လှောင်အိမ်ထဲကနေ ထွက်လာပြီးနောက် သူ့ဓားကို ဆွဲကာ ချက်ချင်းပင် ပစ်ထိုးလိုက်၏။

ဂမ္ဘီရဝိဇ္ဇာ၏ အမူအရာက တည်တံ့သွား၏။ သူက အင်္ကျီလက်နှစ်ဖက်ကို တရွှမ်းရွှမ်းမြည်အောင် လွှဲယမ်း၍ ရုတ်တရက်လေပြင်းများထွက်ပေါ်လာပြီးနောက် သေသူရည်စူး ငွေစက္ကူများနှင့် ဆင်တူသော အဖြူရောင်အဆောင်များစွာက လွင့်ပျံထွက်လာ၏။ တစ်ခဏအတွင်း မြေတွင်းထဲမှာ သေသူရည်စူးငွေစက္ကူမိုး ရွာကျကာ အဖြူရောင်အဆောင်များက ဝင်္ကပါတစ်ခုအဖြစ်ပြောင်းလဲသွား၏။

ချီရွှမ်းစုက အဆောင်ဝင်္ကပါထဲ လှမ်းဝင်လိုက်၏။ သူ့ဓားကိုကိုင်ဆွဲ၍ ချာလပတ်လှည့်ပြီး ဓားချီကို အဘက်ဘက်သို့ ပစ်ထုတ်လိုက်၏။ အဆောင်ဝင်္ကပါက မွှေနှောက်ခံရပြီး အဆက်မပြတ်လှုပ်ခါသွားလေ၏။

ရုတ်တရက်ပေါက်ကွဲထွက်ပေါ်လာသော ဓားချီစွမ်းအင်က အဆောင်ဝင်္ကပါကို အပိုင်းပိုင်းဖြတ်တောက်ပစ်လိုက်၏။

ဝင်္ကပါပြိုကွဲပြီးနောက် အပိုင်းပိုင်းပြတ်သွားသော အဆောင်များစွာက လေထဲမှာ လွင့်မျောနေ၏။ ချီရွှမ်းစုက ရပ်တန့်ခြင်းမရှိဘဲ ဓားနှင့်အတူ ရှေ့ကိုဆက်တက်လိုက်၏။

ဂမ္ဘီရဝိဇ္ဇာက လက်နှစ်ချောင်းကြားက စိတ်ဝိညာဉ်အဆောင်ကို ညင်သာစွာလှုပ်ခါရုံနှင့် စိတ်ဝိညာဉ်အဆောင်သည် အပြာရောင်ယင်မီးအဖြစ်ပြောင်းလဲကာ သူ့လက်တံတစ်ဝက်ကို လွှမ်းခြုံသွား၏။ ထိုမီးက သူ၏ အရေပြားနှင့် အင်္ကျီလက်ကို လောင်ကျွမ်းထိခိုက်စေခြင်းမရှိပေ။

သေအံ့ဆဲဆဲလူတစ်ယောက်အော်ဟစ်နေသလို လေက အော်မြည်တိုက်ခတ်လာ၏။ ထို့နောက် ချက်ချင်းပင် လေထဲမှာလွင့်ပျံနေသော အဆောင်အပိုင်းအစများက အရိုးကွဲမတတ် အေးစက်နေသော အပြာရောင်မီးစွဲသွား၏။ အဆောင်များက အပြာရောင်မီးပင်လယ်တစ်စင်းအဖြစ် အလျင်အမြန် ချိတ်ဆက်သွားကြ၏။

ဤအပြာရောင်မီးတောက်များက ယင်မီးဖြစ်သည်ကို ချီရွှမ်းစုသိရှိထားပြီး အထိမခံရဲဘဲ အလောတကြီးနောက်ဆုတ်လိုက်၏။ ဤအပြာရောင်မီးတောက်များ ချဉ်းကပ်လာသည်ကိုကြည့်ပြီး ချီရွှမ်းစုက ဖီးနစ်မျက်လုံးကျည်ဆန်တစ်ထောင့်ကိုထုတ်ကာ ပစ်ထုတ်လိုက်၏။ အနီရောင်မီးတောက်များက လျင်မြန်စွာပျံ့နှံ့သွားသည်။ ဤသည်မှာ အပြာရောင်ယင်မီးလောက်ပြင်းအားရှိသည့် ခဲယမ်းလက်နက်မှပုံမှန်ယန်မီးဖြစ်သည်။

သို့သော် ဖီးနစ်မျက်လုံးကျည်ဆန်၏ မီးတောက်များက ယာယီမျှသာဖြစ်ပြီး သိပ်ကြာကြာမခံပေ။

ချီရွှမ်းစုက ဘာဆက်လုပ်ရမည်မသိတော့စဉ် ရုတ်တရက် အပြောင်းအလဲတစ်ခု ဖြစ်ပွားလာ၏။ ဆန့်ကျင်ကွဲလွဲနေသောမီးတောက်နှစ်ခုက တစ်နည်းတစ်ဖုံအားဖြင့် ကြီးမားသော အဂ္ဂိရတ်မီးပြင်းဖိုကို အသက်သွင်းမိသွား၏။ ချက်ချင်းပင် အဂ္ဂိရတ်မီးပြင်းဖိုကနေ သန်မာသောစုပ်ယူအားတစ်ခုဖြစ်ပေါ်လာပြီး မီးတောက်များကို ဆွဲယူသွင်းလိုက်၏။

ယင်မီးတောက်များပျောက်ကွယ်သွားပြီးနောက် ဂမ္ဘီရဝိဇ္ဇာက မှင်တက်၍ ထိတ်လန့်တကြားဖြစ်သွားသည်။

လက်ရှိအခြေအနေသည် သန်မာအားကောင်းသောယောကျ်ားတစ်ယောက်နှင့် ပိန်လှီနေသောကောင်လေးတစ်ယောက်ကြား ထိပ်တိုက်ရင်ဆိုင်မှုနှင့်တူသည်။ နှစ်ဦးနှစ်ဖက်စလုံးမှာ သေနတ်များရှိနေသည့်အခါ ကိုယ်ကာယခွန်အားက သိပ်ပြီးအသုံးမဝင်သည့်အတွက် မည်သူကမှ မဆင်မခြင်ပြုမူရဲမည် မဟုတ်ပေ။ အဖြေက သူတို့၏ ခဲယမ်းစွမ်းအားပေါ်မူတည်နေ၏။ သို့သော်လည်း နှစ်ဦးနှစ်ဖက်စလုံးက တစ်ပြိုင်နက်တည်း ကျည်ကုန်သွားမည်ဆိုလျှင် ကိုယ်ကာယပိုမိုသန်မာသည့်သူက အသာစီးရရှိလာပေလိမ့်မည်။

အနီးကပ်တိုက်ခိုက်မှုမှာ ဂမ္ဘီရဝိဇ္ဇာတစ်ဦးသည် ကိုယ်ခံပညာသိုင်းသမားတစ်ဦးကို လုံးဝယှဉ်နိုင်မည်မဟုတ်ပေ။ လေလွင့်ကျင့်ကြံသူများအပါအဝင် လမ်းစဉ်ခြောက်ခုထဲမှ ကိုယ်ကာယာကြံ့ခိုင်မှုပိုင်းတွင် ဂမ္ဘီရဝိဇ္ဇာများက အောက်ဆုံးမှာရှိနေ၏။ ထိုသို့ဖြင့် ချီရွှမ်းစုက ပကတိအသာစီးရရှိလာသည်။

ချီရွှမ်းစုက ချင်းယွမ်ကိုကိုင်ဆွဲပြီး နှစ်ပေါင်းများစွာကြာအောင် သေဘေးနှင့်မကြုံတွေ့ခဲ့ရသည့် ဂမ္ဘီရဝိဇ္ဇာထံ ပြေးဝင်သွား၏။

ဂမ္ဘီရဝိဇ္ဇာက ပျာပျာသလဲဖြစ်၍ အမှားအယွင်းပြုလုပ်မိပြီး ဤအကျပ်အတည်းကို ဆိုက်ရောက်လာ၏။ အဂ္ဂိရတ်မီးပြင်းဖို၏ ဘေးမှာ ဤကဲ့သို့သောပုံစံဖြင့် ရှုံးနိမ့်ရလိမ့်မည်ဟု သူဘယ်တုန်းကမှ ထင်မှတ်မထားခဲ့ပေ။

ချီရွှမ်းစုက အညှာအတာမဲ့စွာဖြင့် ချင်းယွမ်ကို ဝိုက်ဆွဲလိုက်၏။ ဦးခေါင်းတစ်လုံး လေထဲကို မြောက်တက်သွားပြီးနောက် မလှမ်းမကမ်းမြေပြင်ပေါ်ကို လိမ့်ဆင်းသွား၏။ ၎င်း၏ မျက်တွင်းအိမ်ထဲရှိ အနီရောင်အလင်းကလည်း တဖြည်းဖြည်းပျက်ပြယ်သွားတော့သည်။

ဂမ္ဘီရဝိဇ္ဇာသေဆုံးသွားသည်နှင့် သက်ရှိအလောင်းကောင်များကလည်း ဆက်လက်၍ မလှုပ်ရှားကြတော့ပေ။

ချီရွှမ်းစုက ဂမ္ဘီရဝိဇ္ဇာ၏ ခေါင်းပြတ်အလောင်းနားကိုသွားပြီး ရှာဖွေကြည့်လိုက်၏။ မှော်သိုလှောင်ပစ္စည်းကို ရှာမတွေ့သော်လည်း ဂမ္ဘီဝိဇ္ဇာ၏ အင်္ကျီလက် အိတ်ကပ်ထဲမှာ အသုံးမပြုရသေးသော ပုံထပ်ထားသည့် အဆောင်ပုံနှစ်ပုံကို တွေ့လိုက်ရ၏။ သူတို့ကို စက္ကဖြူဖြင့်ပြုလုပ်ထားသော်လည်း အရည်အသွေးက သာမန်သာဖြစ်၏။ တစ်ခုတည်းသောအားသာချက်မှာ ပေါများသောအရေအတွက်ဖြစ်သည်။

ဒါ့အပြင် ချီရွှမ်းစုသည် ဂမ္ဘီရဝိဇ္ဇာ၏ ခါးမှာ ချိတ်ဆွဲထားသည့် ကျောက်စိမ်းဆွဲသီးတစ်ခုကို ရှာတွေ့၏။ ၎င်းပေါ်မှာ ‘ကျောက်စိမ်းဖြူခန်းမ’ဟုရေးထိုးထားသည်။

ယင်းသည် အစ်မချီရှာစေချင်သောအရာဖြစ်သည်။

ကျောက်စိမ်းဖြူခန်းမကို နေရာတစ်ခုဟုတွက်ပြီး သူက တစ်ချိန်လုံး မှားယွင်းနေခဲ့သည်ကို ချီရွှမ်းစု ချက်ချင်းနားလည်သဘောပေါက်သွား၏။ ဤကျောက်စိမ်းဆွဲသီးအရ ကျောက်စိမ်းဖြူခန်းမသည် နေရာတစ်ခုမဟုတ်ဘဲ အဖွဲ့အစည်းတစ်ခု၏ နာမည်ဖြစ်သည်ကို သူပုံဖော်မိသွား၏။ အဲဒါက တာအိုဂိုဏ်းတော်၏ ထျန်ကန်းခန်းမ၊ ပေချန်ခန်းမနှင့် ဟွာရှန်ခန်းမတို့ကဲ့သို့ပင်။

အစ်မချီသည် သူ့အား တည်နေရာအတိအကျမပေးနိုင်ခဲ့သည်မှာ အံ့ဩစရာမရှိတော့ပေ။ မည်သို့ပင်ဆိုစေ တည်နေရာတစ်ခုက အတည်တကျရှိသော်လည်း လူများကတော့ ရွေ့လျားသွားလာနေကြသည်။

သူသတ်လိုက်သော ဂမ္ဘီရဝိဇ္ဇာက ကျောက်စိမ်းဖြူခန်းမ၏ အဖွဲ့ဝင်တစ်ဦးဖြစ်၏။ သို့သော် ကျောက်စိမ်းဖြူခန်းမကို အရင်က ချီရွှမ်းစု မကြားဖူးခဲ့ပေ။ ကျောက်စိမ်းဖြူခန်းမသည် တာအိုဂိုဏ်းတော်က ပစ်မှတ်ထားနေသည့် လျှို့ဝှက်အသင်းအဖွဲ့များစာရင်းမှာလည်း မပါဝင်ပေ။ ကျောက်စိမ်းဖြူခန်းမသည် လျှို့ဝှက်အဖွဲ့အစည်းတချို့၏ ပေါင်းစည်းမှုတစ်ခုဖြစ်နေမလားဟု သူစဉ်းစားမိ၏။ သက်ရှိအလောင်းကောင်များကို ထိန်းချုပ်ခဲ့သော ဂမ္ဘီရဝိဇ္ဇာ၏ နည်းလမ်းများအရ ထိုဂမ္ဘီရဝိဇ္ဇာသည် ကံကြမ္မာအယူဝါဒဂိုဏ်းဝင်တစ်ဦးဖြစ်နိုင်သည်။

ဒါ့အပြင် ချင်းဖျင်အသင်းဝင်တစ်ဦးပင်ဖြစ်သော တောင်တစ္ဆေသည် ကျောက်စိမ်းဖြူခန်းမမှာ ဘယ်နေရာကနေ ပါဝင်ပတ်သက်နေသလဲ။ သူကလည်း ကျောက်စိမ်းဖြူခန်းမရဲ့ အဖွဲ့ဝင်တစ်ဦးပဲလား။ ဒါမှမဟုတ် ကျောက်စိမ်းဖြူခန်းမရဲ့ ခေါင်းဆောင်ဖြစ်နေမလား။

အကြွေးတောင်းစရာအပြင် ကျောက်စိမ်းဖြူခန်းမကနေ ချန်ထားခဲ့သည့် ပစ္စည်းတချို့ကိုလည်း ချီရွှမ်းစုက ယူနိုင်ကြောင်း အစ်မချီကပြောခဲ့၏။ တောင်တစ္ဆေ သို့မဟုတ် တခြားသူများကို ယူစေမည့်အစား ဤလက်တိုလက်တောင်းတာဝန်အတွက် စရံငွေအဖြစ် သူမက ချီရွှမ်းစုကို ပေးလိုသည်ဟု ပြောခဲ့၏။

ဒါဆို အစ်မချီကလည်း ကျောက်စိမ်းဖြူခန်းမနှင့် ပတ်သက်မှုရှိနေလား။ အဲဒါက မဟာမိတ်ဖွဲ့ အကျိုးတူပူးပေါင်းမှုတစ်ခုလား သို့မဟုတ် အစ်မချီက သူတို့ထဲက တစ်ယောက်ပဲလား။

All Chapters