အခန်း ၉၁
Vol. 10 Ch. 91
Chapter 91: ခုနစ်စဥ်ကြယ်၏အစွမ်း။
စုယွမ်၏ဝတ်ရုံလက်ထဲမှ ဓါးသေတ္တာမှာ ပျံထွက်လာ၏။ စုယွမ်လည်း ဓါးကိုးချောင်းကိုထုတ်၍ သူ၏ဆန်းကြယ်ပကတိချီအနည်အနှစ်တို့ကို ဓါးကိုးချောင်းဆီပို့လိုက်ရာ ဓါး၏အမြူတေတို့ကလည်း ချက်ချင်းကို စုပ်ယူလာကြ၏။
“ဟမ်။”
စုယွမ် အနည်းငယ်အံ့သြသွားရသည်။ ကိုးစဥ်ကြယ်နှီးနွယ်ဓါးရှည်တို့မှာ နှစ်သုံးရာလောက်အားဖြည့်နေခဲ့ရတာ ပြည့်သွားပုံရပြီး အသွင်ကူးပြောင်းတော့မည်ပေ။ စုယွမ်၏ပကတိအဆီအနှစ်များကြောင့် ဓါးကိုးချောင်းတို့မှာ တစ်ချောင်းပြီးတစ်ချောင်း ပိုမိုသန်မာအဆင့်မြင့်တော့၏။
ဓါးများထဲရှိပုန်းအောင်းနေသောစိတ်ဝိညာဥ်မှာ စုယွမ်၏အဆီအနှစ်နှင့်ရောနှောသွားပြီး နောက်ဆုံးတွင် ဥာဏ်ရည်တစ်ခုပိုင်ဆိုင်သောစိတ်ဝိညာဥ်တစ်ခုမှာ အမှန်တကယ်နိုးထလာချေပြီ။
ဓါးကိုးချောင်းမှာ ပျော်ရွှင်မြူးကြွစွာ ဟစ်ကြွေးလာလျက် စုယွမ်ကိုလည်း အရိုအသေပြုလာကြသည်။
စုယွမ်လည်း ပြုံးလိုက်ပြီး ပြော၏။
“အရမ်းကောင်းတယ်၊ အဆင့်မြင့်သွားတာ အချိန်ကိုက်ပဲ။”
“ကြယ်ခုနစ်စင်းခွဲဖြာကျင့်စဥ်၊ စတင်စေ။”
ဓါးကိုးချောင်းမှာပျံသန်းသွားပြီး ခုနစ်စဥ်ကြယ်ပုံစံ အစီအရီနေရာယူလိုက်ကြ၏။
စုယွမ်လည်း ခေါင်းမော့ကာ ကောင်းကင်ထက်ရှိခုနစ်စဥ်ကြယ်ကိုကြည့်လိုက်သည်။
သူ့လက်တွင်ကိုင်ထားသောဆံနွယ်၂ခုမှာ လေထဲသို့ပျံတက်သွားပြီး ပေးပို့ချင်သောနေရာလမ်းညွှန်အနေဖြင့် သတ်မှတ်ခံရလျက် လေထဲအငွေ့ပျံလောင်ကျွမ်းသွား၏။
“ကြယ်ခုနစ်စင်းခွဲဖြာကျင့်စဥ်၊ ရွှေရောင်ဓါးဝိညာဥ်က ကောင်းကင်ကိုလွှမ်း၊ မီးနှင့်သစ်သားက ဝိညာဉ်ကိုထိန်းချုပ်ကာ ခုနစ်စဥ်ကြယ်ခွဲဖြာလို့ ကောင်းကင်မြေပထဝီတုန်ဟီးစေ။”
စုယွမ် ကြယ်ခုနစ်စင်းခွဲဖြာကျင့်စဥ်ကို အသက်သွင်းလိုက်ရာ မီးနှင့်သစ်သား၏အဟုန်မှာ သတ္ထုနိယာမနှင့်ပေါင်းစပ်လျက် လေထဲသို့ ဓါးဆန္ဒအဖြစ်တိုးဝင်သွားတော့သည်။
စုယွမ်၏သိုလှောင်လက်စွပ်မှ ဝိညာဉ်ကျောက်တုံးတို့က ပြေးထွက်လာပြီး ရွှေရောင်ဓါးဆန္ဒအတွက် လောင်စာအဖြစ် လောင်ကျွမ်းသွားကြသည်။
ဤတစ်ကြိမ်တွင်မူ သူဟာ ရွှေမှုန်အဆင့်ထက်ပို၍ တစ်ဆင့်ထပ်မံတက်သွားတော့၏။
သူ၏စိတ်ဝိညာဥ်အာရုံကလည်း နတ်ဘုရားအာရုံအဖြစ်ပြောင်းသွားသလို သူ၏ဝိညာဉ်စွမ်းအင်ကလည်း ပကတိအဆီအနှစ်အဖြစ်ပြောင်းလဲသွား၏။ အစစအရာရာပို၍တိုးတက်သွားသောကြောင့် ကြယ်ခုနစ်စင်းခွဲဖြာကျင့်စဥ်ကိုထိန်းချုပ်ရသည်မှာ ပို၍ချောမွေ့လာ၏။
ထိုအချိန်တွင် စုယွမ် အလုပ်နှင့်နားနေဖလှယ်မှုကို အသက်သွင်းလိုက်သည်။
ဤသို့ဖြင့်သုံးရက်တာနားနေချိန်မှာ သုညသို့ပြောင်းလဲသွား၏။
စုယွမ်လည်း ထပ်မံချုံ့လိုက်ရာ အချိန်က လေးဆယ့်ငါးမိနစ်အထိ ကျုံ့သွားသည်။
ကြယ်ခုနစ်စင်းခွဲဖြာကျင့်စဥ်ကို အသက်အသွင်းနေရင်း သူ ကျင့်စဥ်များကို ဆက်လက်မွန်းမံနေလိုက်၏။
မကြာမီတွင် သူ ဝေဟင်ထက်ရှိခုနစ်စဥ်ကြယ်များကို ဆက်သွယ်လိုက်ရာ ကြယ်များကလည်း ပြန်လည်းတုံ့ပြန်လာ၏။ တုံ့ပြန်မှုမှာ အလင်းထက်ပိုမြန်သည်ဖြစ်ရာ ချက်ချင်း သူ့ဆီပြန်ရောက်လာသည်။
ထို့ကြောင့် သူ့အတွက် ခုနစ်ကြယ်၏အစွမ်းထက်မှုကို နေရာရွေးရတာပိုလွယ်ကူသွား၏။
ခုနစ်စဥ်ကြယ်အတွက်မူ ညအခါဖြစ်သရွေ့ ဘယ်နေရာသို့စွမ်းအင်ပေးရသည်ဖြစ်စေ အဆင်ပြေသည်ပင်။
ဆံနွယ်တို့သည်ကား ခုနစ်စဥ်ကြယ်အတွက် နေရာရှာရန် ပိုလွယ်သွားစေပြီး ခဏတွင်းချင်း သစ်တောနက်ထဲရှိ အနှီလူနှစ်ဦးကိုရှာတွေ့သွား၏။
မရေတွက်နိုင်အောက်များပြားလှသောအသိပညာများ၊ အထူးသဖြင့် အဝေးသို့ထိန်းချုပ်မန္တန်များနှင့်ပတ်သတ်သောအသိပညာတို့မှာ အချိန်တိုအတွင်း ဒီရေအလား စုယွမ်၏ဦးနှောက်အတွင်းစီးဝင်ကာ ခဏတွင်းချင်း တတ်ကျွမ်းသွားလေသည်။
စုယွမ်လည်း သေချာတတ်ကျွမ်းသွားပြီးမှ ကောင်းကင်ကိုခေါင်းမော့ကြည့်လိုက်သည်။ ရွှေရောင်ဓါးဆန္ဒကလည်း အထက်ဝေဟင်ကို ပြေးတက်သွားလျက် နောက်ဆုံးတွင် ခုနစ်စဥ်ကြယ်နှင့်အောင်မြင်စွာချိတ်ဆက်နိုင်သွားတော့၏။
ခုနစ်စဥ်ကြယ်တို့ကလည်း စုယွမ်၏ဆန္ဒကို ချက်ချင်းလက်ခံလာကြသည်။
နောက်တစ်ခိုက်တန့်၊ အဝေးတစ်နေရာတွင် ခုနစ်စဥ်ကြယ်တို့မှာ အလွန်လင်းလက်လာလျက် ရွှေရောင်ဓါးဆန္ဒကိုသယ်ဆောင်ထားရင်း အောက်မြေပြင်သို့ဖြာကျလာတော့သည်။
သို့သော် ဖြာကျသောနေရာမှာ စုယွမ်ရှိရာနေရာမဟုတ်ဘဲ သစ်တောနက်အတွင်းဖြစ်သွားလေ၏။
စုယွမ်လည်း စိတ်အာရုံကို ပြန်ဖွင့်လိုက်သည်။
အခြားတစ်ဖက်၊ သစ်တောနက်တွင် ကျူးကောကျန့်လက်ထဲရှိ အဆောင်လက်နက်မှာ တဖြည်းဖြည်းဖျော့လာ၏။
သူတို့ဘေးနားရှိနတ်ဆိုးငါးကောင်မှာ နေရာအသီးသီးယူလျက် အစီအရင်ပုံဖွဲ့စည်းလာကာ ကျူးကောကျန့်တို့၏ပြေးရာထွက်ပေါက်ကို ပိတ်ထား၏။
သူတို့၏ဝိုင်းဝန်းတိုက်ခိုက်မှုကြောင့် ကျူးကောကျန့်၏အဆောင်မှာ ပြိုကွဲသွား၏။ တစ်ခဏချင်းတွင်းတွင် နန်ကုန်းဟော်ယွီလည်း သူမ၏အနီရောင်မီးတောက်ငှက်မွှေးကိုထုတ်၍ လောင်ကျွမ်းစေကာ အကာအရံကိုထပ်မံဖန်တီးလာသည်။
“ဟမ့်၊ ချီစုဆောင်းခြင်းအဆင့်လေးနဲ့၊ ဒီလောက်များတဲ့ရတနာတွေရှိနေတာပဲ။ ကြည့်ရတာ မင်းတို့ရဲ့အနေအထားက သာမန်မဟုတ်လောက်ဘူး။ မင်းတို့က ခုနစ်စဥ်အကြွင်းမဲ့ဂိုဏ်းဥထားတဲ့ပါရမီရှင်လေးတွေများလား။ ကြည့်ကြရအောင်။”
နတ်ဆိုးဝူက ခုနစ်စဥ်အကြွင်းမဲ့ဂိုဏ်းအချက်အလက်များပါဝင်ဟန်တူသော စာအုပ်တစ်အုပ်ကိုထုတ်လာသည်။
သူလည်း အသားကုန်လှန်ရင်းလှန်ရင်း ကျုးကောကျန့်နှင့်နန်ကုန်းဟော်ယွီတို့၏အချက်အလက်များကိုတွေ့သွား၏။
“ဟမ်၊ ကျူးကောကျန့်၊ အတွင်းဆောင်တပည့်အကြီးအကဲ။ နန်ကုန်းဟော်ယွီက အမတအကြီးအကဲနန်ကုန်းရဲ့မျိုးဆက်တဲ့လား၊ နောက်ပြီး အတွင်းဆောင်ရဲ့ဒုတိယအကြီးအကဲလည်းဖြစ်သေးတယ်။ တကယ်ကြီးမင်းတို့၂ယောက်ပဲ။”
နတ်ဆိုးဝူမှာ အော်ဟစ်ရယ်မောလာ၏၊ သူ၏အသံများထဲ စိတ်လှုပ်ရှားမှုတစ်ခုပါဝင်နေလေသည်။
“ဟားဟားဟား။ ငါ၊ နတ်ဆိုးဝူတော့ ချမ်းသာတော့မယ်ဟေ့။”
နတ်ဆိုးဝူလည်း ဤရောင်းရင်းလေးနှစ်ဦးက တကယ်ကို ခုနစ်စဥ်အကြွင်းမဲ့ဂိုဏ်၏ရတနာလေးတွေဖြစ်မှန်းသိရှိသွားသည့်အတွက် သူတို့ပြောတာလည်းမမှားလောက်ကြောင်း နားလည်သွားသည်။ သူတို့၏အနီးအနားတွင်တကယ်ကိုပဲ ဂိုဏ်း၏အကြီးအကဲတစ်ဦးဦးပါလာလောက်၏။ သို့သော် သူမြင်လိုက်ရသလောက်တော့ အနှီသူတို့က အပြောင်းအရွေ့အစီအရင်တစ်ခုကြောင့်ရောက်လာတာဖြစ်ရာ သူတို့အကြီးအကဲနှင့် အခွဲခံလိုက်ရတာလည်း ဖြစ်နိုင်ပေသည်။
“မြန်မြန်လုပ်ကြ၊ ဒီအခွင့်အရေးက ဖြုန်းလို့မဖြစ်ဘူး။”
နတ်ဆိုးဝူမှာ ချက်ချင်းအလေးအနက်ဖြစ်လာပြီး သူ၏တိုက်ခိုက်နှုန်းကလည်း နှစ်ဆပိုမိုအရှိန်ပြင်းလာ၏။ တစ်ချိန်တည်းမှာတင် သူ့မှာ ဘေးပတ်ဝန်းကျင်ကိုသတိထားကြည့်ရှုလျက် ခုနစ်စဥ်အကြွင်းမဲ့ဂိုဏ်း၏ရွှေအမြူတေအဆင့်အကြီးအကဲတစ်ဦးဖြုန်းကနဲရောက်ပြီး သူ့ကိုအသတ်နှုတ်သွားမည်ကိုလည်း သတိထားနေရသည်။
ကျူးကောကျန့်မှာ အတော်လေးကိုလေးနက်သည့်အသွင်အပြင်ဖြစ်လာတော့၏။ သူလည်း နန်ကုန်းဟော်ယွီကိုတစ်ချက်ကြည့်လိုက်ပြီး သူ၏လက်မှာ မသိလိုက်ပါဘဲ နန်ကုန်းဟော်ယွီ၏ဘက်ဘက်လက်ကို သွားရောက်ဆုပ်ကိုင်လိုက်မိသည်။
နန်ကုန်းဟော်ယွီမှာ ရပ်တန့်သွားလေ၏။အနှီအခိုက်အတန့်လေးတွင် သူမ၏အမြဲတစေအေးစက်နေတတ်သောမျက်နှာထက် ရှားရှားပါးပါးရှက်ပြုံးလေးတစ်ခုပေါ်လာလေသည်။
“ဟော်ယွီ၊ မင်း ကိုယ်နဲ့ ဒီကိုလိုက်လာရတာ နောင်တရသလား။”
ကျူးကောကျန့်သက်ပြင်းချလိုက်သည်။
“မင်းမိသားစုက မင်းအတွက် အဆင်ပြေမဲ့အခြေခုအုတ်မြစ်တည်ဖို့ရတနာတွေစုစည်းပေးပြီးပြီဆိုတာ သိတယ်။”
နန်ကုန်းဟော်ယွီက ခေါင်းခါလိုက်ပြီး သူမနှဖူးပေါ်ကျရောက်နေသာဆံနွယ်တို့ကို သပ်တင်လိုက်သည်။ သူမ နူးညံ့စွာ ပြန်ပြောလိုက်ပါ၏။
“နင့်အနားမှာသာ ရှိနေသရွေ့တော့ ဘာဖြစ်ဖြစ်အဆင်ပြေပါတယ်။”
ကျူးကောကျန့်လည်း ပြုံးမိသွား၏။
“အဲ့ဒီလိုဆိုမှတော့ ငါတို့နောက်ဆုံးတစ်ခေါက်လောက် ရေကုန်ရေခမ်းကြိုးစားကြည့်ရအောင်။”
သူတို့ဘေးနားရှိတပည့်အငယ်လေးများမှာ အချင်းချင်း မျက်စပစ်၍အနည်းငယ် အနေခတ်နေကြသည်။
နတ်ဆိုးဝူက နှာမှုတ်လာ၏။
“အခုထိ သေရေးရှင်ရေးအချစ်ဇာတ်လမ်းလေးတွေခင်းနေတုန်းပဲလား။ မင်းတို့က အခုချက်ချင်းပဲ အဆင့်တက်ပြီး နောက်ဆုံးအခိုက်အတန့်မှာ အစွမ်းကုန်ပေါက်ထွက်လာနိုင်မယ်လို့ထင်နေတာလား။ ဟမ့်၊ ဒါပေမဲ့ အဆင့်တက်သွားရင်တောင် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ပဲမလား။ ဘယ်လိုလုပ်ကိစ္စတွေကိုပြောင်းပြန်လှန်ပစ်နိုင်မှာလဲ။ ငါ့ရဲ့နတ်ဆိုးအဖြစ်သာလုပ်လိုက်။ အဲ့ဒါဆိုရင် အခုကစပြီး ငါ့လက်အောက်မှာ စုံတွဲအဖြစ်ပေါင်းသင်းနေထိုင်ခွင့်ပြုမယ်။ ဘယ်လောက်ကောင်းလိုက်လဲ။”
ကျူးကောကျန့်က နတ်ဆိုးဝူကို အေးစက်စက်သာ စိုက်ကြည့်လိုက်၏။
“ကျုပ်ရဲ့အကြီးအကဲတွေနဲ့ဂိုဏ်းတူညီအစ်ကိုတွေက ကျုပ်တို့အတွက် လက်စားချေပေးလာလိမ့်မယ်။ ခင်ဗျားစောင့်နေလိုက်။”
ကျူးကောကျန့် ပြောလိုက်သည်။
သူတို့အရှေ့ရှိ အနီရောင်အကာအကွယ်မှာ ဖျော့သထက်ဖျော့လာပြီပင်။
အထဲရှိလူလေးယောက်ကလည်း ပိုပြီးစိုးရိမ်လာကြလျက် တိုက်ခိုက်ရန်အသင့်ပြင်တော့၏။
မည်သို့ပင်ဖြစ်စေ နတ်ဆိုးဝူကတော့ အနိုင်ယူချင်စိတ်ကြောင့် မိုက်ကန်းမသွားဘဲ ဘေးပတ်ဝန်းကျင်ကို သတိထားစောင့်ကြည့်နေဆဲ။
အထူးသဖြင့် ယခုလိုအချိန်မျိုးတွင် သူ ပို၍သတိထားရပေမည်။ သူ တကယ်ကို ကျူးကောကျန့်၏စကားများကို တစ်ဝက်လောက်ယုံပေသည်လေ။
ရုတ်တရက်၊ ညဥ့်ကောင်းကင်ယံမှာ အနည်းငယ်ပို၍တောက်ပလာလေသည်။
ကျူးကောကျန့်လည်း အပေါ်မော့ကြည့်လိုက်တော့ ခုနစ်ကြယ်အုပ်စုကို တွေ့လိုက်ရရာ မျှော်လင့်ချက်တစ်ရပ် သူ့မျက်ဝန်းထဲဖြတ်ပြေးသွား၏။
နတ်ဆိုးဝူကလည်း အာရုံခံမိသည့်အတွက် အပေါ်မော့ကြည့်လာသည်။
သူ ကောင်းကင်ပေါ်ရှိ ခုနစ်စဥ်ကြယ်အုပ်စုက သိသိသာသာကိုပုံမှန်ထက်ပိုတောက်ပနေတာကိုမြင်လိုက်ရပြီး ရုတ်ချည်း ၎င်းကြယ်များ၏အလင်းတန်းတို့မှာ မြေကမ္ဘာသို့ ပြေးဆင်းလာကြောင်းတွေ့လိုက်ရ၏။
နတ်ဆိုးဝူမှာ နိမိတ်မကောင်းသောခံစားချက်တစ်ရပ် နှလုံးသားထဲတွင် ခံစားလိုက်ရသည်။
“တပည့်ရင်းစုလား။”
နန်ကုန်းဟော်ယွီ အံ့သြတကြီးပြောလိုက်မိ၏။
နတ်ဆိုးဝူ၏နားများမှာ တွန့်ခါသွားပြီး သူ၏ခေါင်းထဲတွင်လည်း အသိပေးသံများမြည်လာတော့သည်။ ခုနစ်စဥ်အကြွင်းမဲ့ဂိုဏ်း၏တပည့်ရင်းများဆိုသည်မှာ ရွှေအမြူတေအဆင့်များထဲမှကို အကောင်းတကာ့အကောင်းဆုံးထူးချွန်သူများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပေသည်လေ။
အကယ်၍ရွှေအမြူတေအဆင့်ရှိတပည့်ရင်းတစ်ယောက်သာ ရောက်လာပါက သူတော့ သွားပြီပင်။
နတ်ဆိုးဝူမှာ ကောင်းကင်ပေါ်သို့ အံ့သြမှုတစ်ဝက်၊သံသယတစ်ဝက်ဖြင့် ကြည့်လိုက်မိ၏။ သူ ခုနစ်စဥ်ကြယ်၏အလင်းတို့မှာ ကောင်းကင်မှ မြေပြင်သို့ နီးသထက်နီးလာတာကို ခံစားလိုက်ရသည်။
“မဟုတ်သေးပါဘူး။ အဲ့ဒါတွေက တကယ်ကြီးငါ့ဆီလာနေတာဟ။”
နတ်ဆိုးဝူမှာ အန္တာရယ်ကိုသတိပြုမိသွားပြီးမျက်စံများချက်ချင်း တုန်ခါသွားတော့သည်။
စကားတစ်လုံးမှမဆိုနိုင်ဘဲ သူ့မှာ ချက်ချင်းနောက်ဆုတ်သွားရလျက် သွေးတစ်ပွက်အန်ထုတ်မိသွား၏။
နတ်ဆိုးငါးကောင်မှာ သူ့ဘေးပြန်ရောက်လာပြီး နတ်ဆိုးဝူအတွက် အချိန်ဆွဲပေးထား၏။
စုယွမ်၏နတ်ဘုရားအာရုံမှာ စိတ်အာရုံ၏စွမ်းရည်ထဲရှိနေဆဲဖြစ်သည့်အတွက် ကျူးကောကျန့်နှင့်အခြားသူများကို မြင်နိုင်ပေသည်။
အစကတော့ သူ၏နတ်ဘုရားအာရုံမှာ ဤမြင်ကွင်းအပေါ်ဘာမှမလုပ်နိုင်ပေ၊ ဤနေရာဟာ ဂိုဏ်းနှင်အလွန်ဝေးကွာလွန်းသည်လေ။
သို့သော်လည်း ခုနစ်စဥ်ကြယ်၏အစွမ်းဖြင့် သူ၏ဓါးစိတ်ဆန္ဒက နေရာသို့ ရောက်ရှိသွားပြီဖြစ်ရာ သူ၏နတ်ဘုရားအာရုံနှင့် ပေါင်းစည်းသွားပြီး သူ့တွင် အပြည့်အဝထိန်းချုပ်ခွင့်ရသွားလေတော့၏။
ထို့နောက်ချက်ချင်း သူလည်း ခုနစ်စဥ်ကြယ်
ဓါးကျင့်စဥ်ကို အသက်သွင်းလိုက်တော့သည်။
အနှီကျင့်စဥ်၏မူလပုံစံမှာ ဓါးပေါင်းများစွာ ပစ်လွှတ်ရမှာဖြစ်၏။ ယခုအခါတွင်တော့ ကြယ်စွမ်းအင်နှင့်ပါ ထည့်ပေါင်းထားရာ ပြီးပြည့်စုံခြင်းအဆင့်သို့ပါ ရောက်ရှိသွားလေတော့သည်။
ကြယ်အလင်းတန်းတို့မှာ လေထုထဲတွင်ပင် ခုနစ်ဖြာခွဲဖြာသွားပြီး ခုနစ်စဥ်ဓါးပြိုင်ခုနစ်စင်းအဖြစ် ဆင်းသက်လာလေသည်။
ပြင်းပြလှသောဓါးဆန္ဒမှာ မြေပြင်သို့အရင်ဆုံးရောက်လာပြီး နတ်ဆိုးဝူ၏အသိစိတ်ပင်လယ်ထဲဝင်မွှေတော့၏။
နတ်ဆိုးဝူမှာ စိတ်ဝိညာဉ်လည်း တုန်ခတ်သွားလျက် ခန္ဓာကိုယ်လည်း တုန်ယီသွားလေသည်။ သူ၏ရှိန်နှုန်းမြင့်တိုက်ကွက်ကလည်း ချက်ချင်း ရပ်တော့သွားတော့လေသည်။
သူလည်း မြန်မြန်စိတ်ပြန်ထိန်းလိုက်ပြီး လဲကျမသွားအောင် အမြန်ပြန်ထိန်းကာ သူ၏အသက်စောင့်လက်နက်ကို ဆင့်ခေါ်လိုက်၏။
နတ်ဆိုးဝိညာဉ်နဖူးစီးတစ်ခုမှာ သူ့နဖူးထက်ပေါ်လာပြီး အစွမ်းဖြည့်ကာ ခုခံနိုင်ရန်မျှော်လင့်နေလေသည်။
သို့သော်ငြား အရှိန်အဟုန်ကြီးမားလှသောနိယာမများကိုအသုံးချထားသည့်ခုနစ်စဥ်ကြယ်
ဓါးကျင့်စဥ်အတွက်မူ ဤသည်များမှာ ကလေးသာသာအကွက်လေးများပါပေ။
ခုနစ်စင်းသောဓါးတို့မှာ နတ်ဆိုးဝူကို ပိတ်ဆို့လာပြီး ပြိုင်တူထိုးစိုက်လာကြ၏။
နတ်ဆိုးဝိညာဉ်နဖူးစည်းမှာ အနက်ရောင်ရောင်ခြည်တို့ထွက်လျက် ဓါးခုနစ်စင်းနှင့်တွေ့ဆုံသွားလေသည်။ ထို့နောက်တွင်မူ အနက်ရောင်မြူထုမှာ ချက်ချက်ပြိုကွဲသွားပြီး နဖူးကို တိုက်ရိုက်ဝင်ဆောင့်တော့၏။
နဖူးစည်းမှာ အကြီးကြီးပြတ်တောက်သွားပြီး ယင်းနဖူးစည်းနှင့်အသက်ဝိညာဉ်ကို ချိတ်ဆက်ထားသောနတ်ဆိုးဝူမှာ သွေးတစ်ပွက်အန်လိုက်ရ၏။
“သွားကြစမ်း။”
နတ်ဆိုးဝူမှာ အံတင်းတင်းကြိတ်ပြီး နတ်ဆိုးငါးကောင်ကို ရင်ဆိုင်ခိုင်းလိုက်သည်။
နတ်ဆိုးများ၏အလွန်အင်မတန်ခိုင်မာလှသောခန္ဓာကိုယ်တို့မှာ ဓါးရောင်ခြယ်များကြောင့် တစ်စစီပြိုကွဲသွားရပြီး လေထုအလယ်တွင် အံ့လောက်ဖွယ်မြင်ကွင်းကို ဖော်ဆောင်နေတော့၏။
ရလဒ်အနေဖြင့် နတ်ဆိုးများ၏သေဆုံးမှုမှဖြစ်ပေါ်လာသောပေါက်ကွဲမှုမှာ ဓါးအလင်းတန်းငါးခုကို ပြိုကွဲသွားစေလေသည်။
သို့သော်ငြား ဓါးအလင်းနှစ်ခုကတော့ ကျန်ရစ်နေလေဆဲပင်။
နတ်ဆိုးဝူမှာ ရတနာအကာအကွယ်တစ်ခုကိုထုတ်၍ခုခံလိုက်သည်။ အနှီရတနာမှာ ဓါးအလင်းတစ်ခုကိုခုခံနိုင်လိုက်သော်ငြား ချက်ချင်းပေါက်ကွဲထွက်သွားလေ၏။
သို့သော် နောက်ဆုံးကျန်ရှိသောဓါးအလင်းကိုတော့ ဘာမှလုပ်မရတော့သည်ဖြစ်ရာ နတ်ဆိုးဝူကို တိုက်ရိုက်ထိမှန်တော့လေသည်။
နတ်ဆိုးဝူမှာ တတ်နိုင်သမျှရှောင်ရှားလိုက်ပါသော်ငြား သူ၏ခြေထောက်နှစ်ချောင်းမှာ ပြတ်တောက်သွားလေ၏။
နတ်ဆိုးဝူ လက်သင်္ကေတတစ်ခုကိုလုပ်လိုက်သည်။ အနှီပြတ်တောက်သွားသောခြေထောက်များမှာ လေထုထဲတွင် လောင်ကျွမ်းသွားပြီး သူ့ပတ်ပတ်လည်တွင် သွေးနီရောင်အလင်းတစ်ခုအဖြစ် ဖွဲ့စည်းသွားပြီး သူ၏ကျန်ရှိသောခန္ဓာကိုယ်ကိုအားဖြစ်စေလျက် ချက်ချင်းထွက်ပြေးသွားတော့လေသည်။
မျက်စိတစ်မှိတ်အတွင်းတွင်ပင် နတ်ဆိုးဝူလည်း အစအနတောင် မကျန်ဘဲ ပျောက်ကွယ်သွားလေ၏။ နတ်ဆိုးဝူက တော်တော်လေးပြင်းပြင်းထန်ထန်ဒဏ်ရာရသွားသည်တောင်မှ ကျူးကောကျန့်နှင့်အခြားသူတို့မှာ သူ့နောက်လိုက်မဖမ်းရဲပါပေ။
ကျူးကောကျန့်လည်း ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်လျက် အော်ဟစ်တော့သည်။
“အစ်ကိုစု၊ ခင်ဗျားဘယ်မှာလဲ။”
မည်သည့်တုံ့ပြန်မှုမှမရှိပါပေ။
နန်ကုန်းဟော်ယွီက ကောင်းကင်ရှိခုနစ်စဥ်ကြယ်ကြည့်ပြီး ပြောလိုက်သည်။
“တပည့်ရင်းစုက ကြည့်ရတာ ဂိုဏ်းထဲမှာပဲထင်တယ်။”
“ဘာ။”
ကျူးကောကျန့်က နန်ကုန်းဟော်ယွီကို ထိတ်လန့်တကြားပြန်ကြည့်လာ၏။
နောက်ဆုံးတွင် သူ ကောင်းကင်ကိုမော့ကြည့်လိုက်၏။ ကောင်းကင်ယံရှိခုနစ်စဥ်ကြယ်မှာမူ ပုံမှန်အလင်းအတိုင်းပြန်ဖြစ်သွားလေပြီ။ မသိလျှင် မည်သည့်ကိစ္စမှတောင် မဖြစ်ပျက်ခဲ့လေသည့်အတိုင်း။
သို့သော်ငြား သူတို့သာလျှင် အနှီကြယ်များထံမှ အကယ်ခံလိုက်ရကြောင်း သိပေသည်ပင်။