← Chapters

အခန်း ၉၄

Vol. 10 Ch. 94

အခန်း ၉၄

Vol. 10 Ch. 94

Chapter 94: ဝိညာဉ်ငါးများ နဂါးအသွင် ကူးပြောင်းခြင်း။

သုံးဆယ့်ခြောက်လေး၏လုပ်ရပ်များက အခြားငါးများကိုဆွဲဆောင်သွားခဲ့သည်။

ဤသို့ဖြင့် ငါးလေးဆယ့်ကိုးကောင်လုံးက မသိလိုက်ဘာသာနှင့် ရေတံခွန်အောက်ခြေတွင် စုစည်းသွားကြ၏။

ဤသို့ဖြင့် တစ်ကောင်ပြီးတစ်ကောင် ၎င်းတို့၏မျိုးရိုးများနိုးထလာသည့်အတိုင်း ရေစုန်ကိုဆန်တက်ရန် ကြိုးစားနေကြတော့သည်။

သူတို့၏ကြိုးစားအားထုတ်မှုများမှာ တကယ်ကို စံပြဖွယ်ရာဖြစ်သွားခဲ့လေသည့်အတွက် ရှောင်ချိုက်ကပါ ပါဝင်ပူးပေါင်း၍ ရေတံခွန်ကို ဆန်တက်ရန်ကြိုးစားတော့၏။

သူကတော့ လွယ်လင့်တကူ ရေတံခွန်ထိပ်ထိတက်သွားနိုင်သလို ငွေရောင်ဝင်ပေါက်ဆီပါ ရောက်သွားသော်ငြား ဘာမှဖြစ်မလာပါချေ။

ရှောင်ချိုက်က အနှီအပေါက်ကို လှည့်ပတ်ကြည့်နေလျက် အထဲဝင်လိုက် ထွက်လာလိုက်လုပ်သော်ငြား ဘာမှဖြစ်မလာရာ စုယွမ်ကို ကြောင်တောင်တောင်လေး ပြန်ကြည့်လာ၏။

စုယွမ်က ရယ်မောပြီး ပြန်ပြောလိုက်သည်။

“မင်းက ကိုးရောင်ခြယ်အမတငါးလေ။ မင်းမှာက မျိုးရိုးရှာတွေ့ပြီးပြီကို။ သူတို့ကျတော့ သူတို့ကိုယ်သူတို့ဘာမှန်းမသိသေးဘူးလေ။ ကြည့်ရတာ သူတို့ထဲ နဂါးသွေးနည်းနည်းပါနေတာဖြစ်မယ်။ ဒါသူတို့ရဲ့အခွင့်အရေးပဲ။ မင်း သူတို့ကို စောင့်ကြည့်ပေးထား၊ အရမ်းနာနာကျင်ကျင်တွေမဖြစ်စေနဲ့။”

ရှောင်ချိုက်ကလည်း ပူဖောင်းတစ်လုံး မှုတ်ထုတ်လာပြီး ရေတံခွန်၏အလယ်လောက် ပျံသွား၍ ငါးများ၏လုပ်ရပ်ကို သိချင်စိတ်ဖြင့် စိုက်ကြည့်နေတော့သည်။

ရှောင်လီကလည်း ရှောင်ချိုက်၏ဘေးပျံသန်းလာပြီး ဝိညာဉ်ငါးများကို အားပေးနေ၏။

စုယွမ်လည်း သိချင်စိတ်ဖြင့် စောင့်ကြည့်နေမိသည်ပင်။

သုံးနာရီလောက်ကြာသည်အထိ ဝိညာဉ်ငါးများက အခက်အခဲတွေ့နေရသည်။ အသန်မာဆုံးသုံးဆယ်ခြောက်တောင်မှ ရေတံခွန်၏သုံးပုံတစ်ပုံလောက်ထိသာရောက်သေးပြီး ငွေရောင်ဝင်ပေါက်နှင့် အဝေးကြီးလိုသေး၏။

စုယွမ် ခေါင်းခါလိုက်၏။

“တကယ်ကို မလွယ်တာပဲ။”

ကြည့်ရှုနေရင်း စုယွမ် ရုတ်တရက် အချက်တစ်ခုကို သတိထားမိသွားသည်။ နဂါးဝင်ပေါက်သို့ ကူးဖြတ်ရန် အခွင့်အရေးမှာ ငါးများ ချီစုဆောင်းခြင်းအဆင့်သာရှိချိန်တွင် ရတာဖြစ်၏။ ထို့အတွက် ဝိညာဉ်ငါးတို့ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကိုသာရောက်ပါက သူတို့ကိုယ်ထဲရှိနဂါးသွေးမှာလည်း အလုံးစုံဖိနှိပ်ခံလိုက်ရမည်ဖြစ်ပြီး သာမန်ဝိညာဉ်ငါးအဖြစ်သာ ဘဝဆုံးသွားလောက်မည်ပေ။

ထို့အတွက် ယခုတစ်ခေါက်အခွင့်အရေးမှာ အလွန်ရှားပါးသလို လွန်စွာလည်း ခက်လှ၏။

စုယွမ်လည်း တွေးကြည့်လိုက်ပြီး သူတို့ကို နည်းနည်းလောက် ကူညီပေးချင်လာခဲ့သည်။

“ရှောင်ချိုက်က သူတို့ရဲ့ဦးဆောင်လမ်းပြသူပဲ။ ရှောင်ချိုက်ရဲ့မျိုးရိုးလွှမ်းမိုးတာခံလိုက်ရလို့သာအဝါရောင်အဆင့်အဆင့်အထိတက်နိုင်ဖို့အခွင့်ရသွားတာ။ ဒါပေမဲ့ အဲ့ဒီလွှမ်းမိုးမှုကြောင့်ပဲ သူတို့ရဲ့နဂါးသွေးကလည်း ဖိနှိပ်ခံလိုက်တာ။”

စုယွမ် အခြေအနေကို အပြည့်အဝနားလည်သည်။ ရှောင်ချိုက်အကူအညီသာမရှိပါက သူတို့ဟာ ဒီအဆင့်ဒီနေရာတောင် ရောက်လာမည်မဟုတ်ပါပေ။ သို့သော် ယခုတွင်တော့ သူတို့က ပထမအဆင့်ဝိညာဉ်သားရဲတောင်ဖြစ်လာနိုင်သည်။ ဤသည်ကိုကြည့်ပါက ရှောင်ချိုက်၏လွှမ်းမိုးမှုက အနည်းငယ်ထက် ပိုများနေတာကို မြင်နိုင်၏။

စုယွမ် ရှောင်ချိုက်ကို ခေါ်လိုက်သည်။

ရှောင်ချိုက်ကလည်း ပျံသန်းလာ၏။

“ဒီရက်တွေထဲ ရှောင်လီနဲ့ဆော့နေနော်။”

စုယွမ် ပြောလိုက်သည်။

ရှောင်ချိုက်လေးဟာ ခေါင်းညိတ်လာပြီး ထို့နောက်တွင် ရှောင်လီနှင့်သွားဆော့နေတော့သည်။

စုယွမ်လည်း ခုနစ်စဥ်ကြယ်သန့်စင်ကျင့်စဥ်ကို အခြေပြု၍ ဝိညာဉ်ငါးများအတွက် သင့်တော်မည့်ကျင့်စဥ်တစ်ခုဖြစ်အောင် ပြုပြင်နေလိုက်၏။

အနှီကျင့်စဥ်ဟာ ခန္ဓာကိုယ်ထဲရှိမညီမညွတ်မှုများကို ထိန်းညှိပေးပြီး သွေးထဲရှိအသန်မာဆုံးမျိုးရိုးနိုးထာလာစေရန် ကူညီပေးနိုင်သည်။

ကျင့်ကြံကို ပြုပြင်ရခြင်းဆိုသည်မှာ စုယွမ်အတွက်တော့ တော်တော်လေးရိုးရှင်းရာ ဘာမှတောင်အားမစိုက်ရဘဲ လွယ်လင့်တကူ ပြီးသွား၏။

“ခုနစ်စဥ်သွေးသန့်ကျင့်စဥ်လို့ပဲခေါ်ကြတာပေါ့။”

စုယွမ်လည်း လက်ညှိုးညွန်လိုက်ရာ ဝိညာဉ်စွမ်းအင်၄၉မျှင်က ဝိညာဉ်ငါးတို့၏ကိုယ်ထဲတိုးဝင်သွား၏။

အကျိုးဆက်အနေဖြင့် ဝိညာဉ််ငါးများအားလုံးက ရုတ်တရက်နေရာတွင် ခဏတာရပ်တန့်သွားလျက် ရေကန်၏အောက်ခြေသို့ ပြန်လည်ပြုတ်ကျသွားကြသည်။

စုယွမ်၏အမူအရာမှာ တည်ငြိမ်နေလျက် သူက ရေကန်နံဘေးတွင် ထိုင်သာစောင့်နေလေ၏။

မကြာမီတွင် အချို့ဝိညာဉ်ငါးတို့မှာ ပြန်အသိစိတ်ဝင်လာကြသည်။ သူတို့က ခုနစ်စဥ်သွေးသန့်ကျင့်စဥ်၏အခြေခံကိုရသွားသလိုပင်၊ ကျင့်ကြံနှုန်းကမြန်သွားပြီး ကျင့်စဥ်ကလည်း အလုပ်လုပ်လာသည့်အတွက် ၎င်းတို့ကိုယ်ထဲရှိ မျိုးရိုးကို သန့်စင်တော့သည်။

သုံးဆယ့်ခြောက်ကတော့ ပထမဆုံးနိုးလာသူဖြစ်သည်။ သူက မျက်နှာပြင်ပေါ်တက်လာပြီး စုယွမ်ထံ တရိုတသေဦးညွတ်လာခဲ့၏။ ထို့နောက်တွင် ၎င်းက ချက်ချင်း ရေတံခွန်ကို စုန်ကူးနေသော အုပ်စုထဲ ပြန်ပေါင်းသွားလေသည်။

စုယွမ် ပြုံးလိုက်သည်။ ကြည့်ရသည်မှာ သူနှင့်အနှီငါးများအကြား ဆက်နွယ်မှုတစ်ခုခုကတော့ ရှိသည့်ပုံပါပေ။ ၎င်းတို့က အဝါရောင်အမြင့်တန်းအဆင့်သာရှိသေးသည်တောင်မှ ၎င်းတို့၏ဥာဏ်ရည်မှာ ဆယ့်သုံး၊ဆယ့်လေးနှစ်အရွယ်လူတစ်ဦးကို ယှဥ်နိုင်ရာ ရှောင်ချိုက်ထက် ဥာဏ်ပိုကောင်းကြ၏။ ထို့အပြင် သူပေးလိုက်သောကျင့်စဥ်ကလည်း ငါးများကို တစ်ခုခုပြောင်းလဲသွားစေသည့်ပုံပါပေ။

ရေတံခွန်ပေါ်စုန်ကူးနေရင်း သုံးဆယ်ခြောက်၏ကိုယ်ပေါ်ရှိလေးရောင်ခြယ်အရောင်တို့မှာ အနည်းငယ်မှိန်ဖျော့လာပြီး သွေးထဲရှိနဂါးမျိုးရိုးက အနည်းငယ်ပြန်ကြွလာပုံပေါ်သည်။

ဤသည်မှာ အမြင်မှားခြင်းမဟုတ်၊ အနှီနဂါးဝင်ပေါက်မှုကနေ ရရှိလာသော အကျိုးသက်ရောက်မှုများဖြစ်ရမည်။ဤရေတံခွန်ကလည်း နဂါးသွေးကို သန့်စင်ပေးသည့်သက်ရောက်မှုရှိသည့်ပုံပေ။ အတွင်းအပြင်ပူးပေါင်းသန့်စင်မှုများကြောင့် ဝိညာဉ်ငါးတို့၏အသွင်ပြောင်းမှုမှာ ပို၍သိသာစွာ လျင်မြန်လာခဲ့သည်။

စုယွမ် အံ့သြရသည်မှာ အနှီငါးများထဲ အချို့ကိုယ်ပေါ်ရှိလေးရောင်ခြယ်အရောင်တို့မှာ မှိန်ဖျော့မသွားသည့်အပြင် အနည်းငယ်ပင် ပို၍တောက်ပလာသေးသည်ကိုဖြစ်၏။ ရောင်ခြယ်အရေအတွက်မှာ လေးခုမှ နှစ်ခုသို့ပြန်ကျရင်း ကိုးရောင်ခြယ်အမတငါးသွေးပါရှိသူများကလည်း ဗီဇပြနေလေသည်။

အနှီငါးတို့၏ရေတံခွန်ကိုခုန်ကူးနေသောအရှိန်များမှာ တဖြည်းဖြည်း လျော့သွားကြသော်ငြား သူတို့၏အရှိန်အဝါကတော့ ပိုသန်မာလာခဲ့၏။

ဤအဓိပ္ပါယ်မှာ အချို့ငါးများက သွေးထဲရှိမျိုးရိုးသန့်စင်ဖို့ရွေးချယ်ရာတွင် အတွင်းတွင်ရှိသောနဂါးမျိုးရိုးထက် ပြင်ပကလွှမ်းမိုးသောရှောင်ချိုက်၏မျိုးရိုးကိုရွေးချယ်လိုက်သည်ဟုဆိုလို၏။

စုယွမ်လည်း အံ့သြသံတစ်ခုထွက်သွားရသည်။

ပြင်ပမျိုးရိုးမှာ အတွင်းရှိမျိုးရိုးထက် ပိုအားကောင်းနေပုံပေါ်သည်လေ။ ဤအရရှောင်ချိုက်၏မျိုးရိုးမှာ အချို့နဂါးမျိုးများထက် ပိုကောင်းနေပုံပေါ်ရာ ကိုးရောင်ခြယ်အမတငါးဖြစ်သည်မှာ တကယ်ကို တန်ပေ၏။

ဝိညာဉ်ငါးများအကြားတွင် စုယွမ် ပိုထူးခြားသောတစ်ကောင်ကိုတွေ့လိုက်ရသည်၊ ၎င်းမှာ နံပါတ်ကိုးဖြစ်သော ရှောင်ကျို့ဖြစ်၏။

၎င်းမှာ နဂါးပုံစံလည်းမဟုတ်သလို၊ ကိုးရောင်ခြယ်အမတငါးအဖြစ်လည်း ကူးပြောင်းမနေခဲ့၊ ထိုအစား ၎င်း၏ခန္ဓာကိုယ်မှာ ငွေရောင်ပြောင်းလာပြီး ရေကန်ထဲရှိငွေမှင်တောက်ရေတို့နှင့် တသားတည်းဖြစ်လာခဲ့သည်။ အနှီငါး၏ခန္ဓာကိုယ်ထဲ ငွေမှင်တောက်ရေတို့နှင့် အလွန်လိုက်ဖက်ညီသည့်မျိုးရိုးတစ်ခုခုရှိသည့်ပုံပါပေ။ ပတ်ဝန်းကျင်၏မျက်နှာပေးမှုကြောင့် အနှီမျိုးရိုးက နိုးထလာလေပြီ။

စုယွမ်မှာ အကုန်လုံးကို အံ့သြတကြီး စူစမ်းကြည့်နေမိသည်။

စုယွမ်မှာ ဤအတိုင်း ၂၇ရက်တိုင်တိုင်စောင့်ကြည့်ခဲ့ရ၏။

သူက တစ်လနီးပါးစောင့်ခဲ့ရသည်။

ဝိညာဉ်ငါးတို့မှာ ပိုမိုစိတ်လှုပ်ရှားလာသည်ကို သူ သတိထားမိလိုက်၏။

“အချိန်မလုံလောက်တာလား။”

စုယွမ် နားလည်ပေသည်။ သူ ကောင်းကင်ရှိစတင်မှိန်ဖျော့လာသောဝင်ပေါက်ကို မော့ကြည့်လိုက်၏။

နဂါးအဖြစ်ကူးပြောင်းရန်အခွင့်အရေးမှာ သူတွေးထားသည်ထက် အလွန့်အလွန် ရှားပါးခက်ခဲနေလေသည်။ သို့သော် သူလည်း လုပ်ပေးနိုင်သည့်အရာမရှိတော့ပါပေ။ အပြင်လူများက နဂါးဝင်ပေါက်ထဲဝင်နိုင်ရန် ကူညီမပေးသင့်ပေ၊ ကူညီ၍ရတိုင်းသာဆိုပါက နဂါးဖြစ်ရန်မှာ ဒဏ္ဍာရီများက ပြောသကဲ့သို့ ခက်ခဲနေတော့မည်မဟုတ်။

ထိုအချိန်မှာပင် အသန်မာဆုံးဖြစ်သူ သုံးဆယ်ခြောက်လေးမှာ ဆယ်ပုံကိုးပုံကို ဖြတ်ကူးနိုင်ခဲ့ပြီးဖြစ်သော်ငြား ကျန်ရှိသည့်အကွာအဝေးတစ်ပုံမှာ ပိုခက်နေလေ၏။

အခြားငါးများကလည်း ဆယ်ပုံရှစ်ပုံလောက်ရောက်နေကြပြီဖြစ်သည်။ ထိုသို့ရောက်ရန်အရမ်းနီးကာမှ မရရှိနိုင်ခဲ့ပါက သူတို့ဘယ်လောက်တောင် ခံစားရလိမ့်မည်နည်း။

စုယွမ် ဤနေရာကပင် ငါးများ၏မျက်ဝန်းထဲရှိ ကူရာမဲ့မှုများနှင့် ဆန္ဒမရှိမှုများကို ရှင်းရှင်းလင်းလင်း မြင်နေရ၏။

စုယွမ် သက်ပြင်းချလိုက်ပြီး တစ်ခုခုကိုတွေးမိသွားရာ အော်လိုက်သည်။

“မင်းတို့ ပူးပေါင်းကြည့်ကြပါလား။ တစ်ယောက်ကိုတစ်ယောက်တွန်းပေးရင် ပိုမြန်မလားလို့။”

သူ၏စကားများက ရောက်ခါနီးဖြစ်နေသောငါးအုပ်စုကို ခေတ္တရပ်တန့်သွားစေသည်။

ဤသို့ဖြင့် ငါးအုပ်စုမှာ ရေကန်ထဲသို့ပြန်ပြုတ်ကျသွားသော်ငြား တစ်ကောင်နှင့်တစ်ကောင်တိုင်ပင်ကြတော့၏။

နောက်ဆုံးတွင် ငါး၄၉ကောင်လုံးမှာ ထပ်မံစိန်ခေါ်တော့သည်။

ဤတစ်ကြိမ်တွင်တော့ မတူကွဲပြားနေ၏။

ငါးများအားလုံးက တစ်ချိန်တည်းတွင် တပြိုင်တည်းခုန်ကူးခြင်းဖြစ်သည်။

သူတို့အကုန် အကွာအဝေး၏သုံးပုံတစ်ပုံရောက်တော့ ကိုးရောင်ခြယ်အမတငါးမျိုးရိုးရွေးချယ်ထားသောငါးများမှာ စတင်ပင်ပန်းဟန်ပြလာ၏။

သူတို့က ချက်ချင်းပင် သူတို့ကိုယ်သူတို့ နဂါးသွေးကိုရွေးထားသောဝိညာဉ်ငါးများ၏အောက်ကိုပြန်ဆင်းကာ အမြီးများဖြင့် ပင့်တင်ပေးလာကြသည်။

ဖြတ်။ဖြတ်။ဖြတ်။

အမြီးများရိုက်ခတ်သံတို့မှာ ရေကန်တစ်ခွင် ပဲ့တင်နေ၏။ တင်းမားနေသောလေထုကြောင့် ရှောင်ချိုက်နှင့်ရှောင်လီတို့ကလည်း ကစားတာရပ်တန့်သွားကြသည်။

စုယွမ်တွင်လည်း မျှော်လင့်ချက်အပြည့်ဖြစ်လာခဲ့၏။

ငါးအုပ်စုနှစ်ခု၏ပူးပေါင်းမှုမှာ နောက်ထပ်သုံးပုံတစ်ပုံကိုကျော်ဖြတ်သွားစေသည်။

ကိုးရောင်ခြယ်အမတငါးများကလည်း မျိုးရိုးထဲရှိစွမ်းအင်များကို နဂါးသွေးငါးများထံလွှဲပြောင်းပေးလာလျက် အရှိန်မှာ ပိုမိုလျင်မြန်သွားတော့၏။

မကြာမီတွင် ငါးနောက်ထပ်တစ်အုပ်မှာ အရှိန်လျော့လာခဲ့သည်။ အချို့ကတော့ လက်လျော့လိုက်ကျပြီး ပထမအုပ်စုအတိုင်း အမြှီးများကိုခတ်၍ ကျန်ရှိသူများကို အားကုန်တွန်းတင်ပေးလာကြသည်။

ပထမလက်လျော့သွားသည့်အုပ်စုထဲတွင် အကောင်၂၀ပါပြီး ဒုတိယအစုတွင်မူ ၁၅ကောင်ပါရာ လက်ရှိတွင် ဆက်လက်ကြိုးစားနေသူ ၁၄ကောင်သာကျန်ရှိတော့လေ၏။

မကြာမီတွင် သူတို့အကုန် ဆယ်ပုံကိုးပုံအကွာအဝေးထိရောက်ရှိလာကြသည်။ ၎င်းတို့၏အရှိန်မှာ မြန်သထက်ပိုမြန်လာပြီး နဂါးဝင်ပေါက်သို့ရောက်ရန် အစွမ်းကုန်ကြိုးစားနေကြ၏။

သို့သော် နောက်ထပ်ခုနစ်ကောင်မှာ အားလျော့သွားသည့်အတွက် ပြတ်ပြတ်သားသားလက်လျော့ရန် ရွေးချယ်လိုက်သည်။

ဤသို့ဖြင့် အနှီခုနစ်ကောင်က ကျန်ငါးခုနစ်ကောင်ကို အစွမ်းကုန်တွန်းတင်ပေးလာကြ၏။

သုံးဆယ့်ခြောက်လေးမှာ သူ့အောက်ရှိနံပါတ်ခုနစ်ဖြစ်သူ ရှောင်ချီးနှင့် အကြည့်အချင်းဖလှယ်လာသည်။ ဤသို့ဖြင့် ၎င်းတို့၏အကြည့်များမှာ လေထုအလယ်တွေ့ဆုံသွားကြလေ၏။ ရှောင်ချီး၏အကြည့်ထဲ အားပေးမှုနှင့် မျှော်လင့်ချက်တို့ပါဝင်နေပြီး သုံးဆယ့်ခြောက်၏အကြည့်ထဲ၌ ကျေးဇူးတင်မှုနှင့်အတူ မိမိကိုယ်ကိုယုံကြည်မှုတစ်စွန်းတစ်စတို့ထင်ဟပ်နေလေသည်။

ငါးနှစ်ကောင်၏အမြှီးများက ထိရိုက်သွားကြ၏။ သုံးဆယ့်ခြောက်လေးမှာ အနှီအားကိုအသုံးပြုရင်း ချက်ချင်း အထက်သို့ပျံတက်သွားရင်း နောက်ဆုံးတွင် နဂါးဝင်ပေါက်အနီးသို့ရောက်ရှိသွားသည်။

သူ့ဘေးတွင် ကျန်ရှိသောဝိညာဉ်ငါးခြောက်ကောင်ကလည်း လျင်မြန်စွာ ကပ်လိုက်လာကြ၏။

လက်လျော့ခဲ့သောငါးများ၏မျှော်လင့်ချက်တို့ကို သယ်ဆောင်ထားသော ငါးခုနစ်ကောင်မှာ တွန့်ဆုတ်မှုမရှိစွာဖြင့် ရေတံခွန်ထိပ်ထိရောက်ရှိသွားတော့သည်။

နောက်ဆုံးတွင် သူတို့အောင်မြင်ခဲ့ကြလေပြီ။

သုံးဆယ့်ခြောက်လေး၏ခေါင်းမှာ ပထမဆုံးကျော်ဝင်ခဲ့နိုင်တာဖြစ်သည်။ ထို့အခိုက်အတန့်လေးတွင် ကောင်းကင်နှင့်မြေကြီး၏ဆန်းကြယ်သောနိယာမတို့ သက်ဝင်လာကြ၏။

အနှီသေးငယ်သောငါးခေါင်းတို့မှာ နဂါးတစ်ကောင်၏ဦးခေါင်အသွင်ပြောင်းလဲသွားကြသည်။

နဂါးဦးချို၊ ပါးစပ်၊ နှုတ်ခမ်းမွှေး၊ ကြေးခွံအစရှိသည့်ဖြင့် အပြည့်အစုံပေါ်လာကြ၏။

ကြေးခွံတို့ကလည်း ရွှေရောင်တောက်နေပြီး အလွန့်အလွန် ကျက်သရေရှိနေလေသည်။

ယင်းက ရွှေရောင်နဂါးပါပေ။

နဂါးခေါင်းပြီးနောက် နဂါးခန္ဓာကိုယ်၊ နဂါးလက်သည်းခြေသည်းစသည်ဖြင့် အဆင့်ဆင့်ပြောင်းလဲလာကြသည်။ ကူးပြောင်းသည့်နှုန်းတားမှာ အောက်တွင်ကြည့်ရှုနေသူများကို ကောင်းကင်နှင့်မြေကြီး၏နက်နဲဆန်းကြယ်မှုအကြောင်း တွေးတောကာ သက်ဝင်မြတ်နိုးသွားစေခဲ့၏။

စုယွမ်မှာ ရုတ်ချည်းတစ်ခုခုကိုခံစားလိုက်ရသည့်အတွက် သူ၏စွမ်းရည်များကို တုန့်ဆိုင်းမှုမရှိ အသက်သွင်းလိုက်၏။ ဤသို့ဖြင့် ရက်၃၀စာအနားယူချိန်မှာ ၄မိနစ်ကျင့်ကြံချိန်အဖြစ် လျော့ကျသွားတော့၏။

သုံးဆယ့်ခြောက်လေးနှင့်ကျန်ငါးခြောက်ကောင်၏ကူးပြောင်းမှုအမျိုးမျိုးမှာ စုယွမ်၏မျက်ဝန်းများထဲ စွဲထင်စွာ တိုးဝင်လာခဲ့၏။ ကောင်းကင်နှင့်မြေကြီး၏ဆန်းကြယ်သောနိယာမတစ်ခုမှာ ထပ်မံ၍ စုယွမ်ထံ လှစ်ဟာပြလိုက်ချေပြီ။

တာအိုပညာနှင့်သဘာဝစွမ်းရည် အသက်ဝင်သွားသည်။

စုယွမ်၏အနှီဆန်းကြယ်နက်နဲသောနိယာများအပေါ်နားလည်မှုမှာ ပို၍နက်နဲသထက်နက်နဲလာ၏။ မျိုးရိုးပြောင်းလဲခြင်းသဘောတရားများမှာ အထူးသဖြင့် စုယွမ်ကို များစွာထိတ်လန့်သွားစေခဲ့သည်။

ဝိညာဉ်ငါးများ၏ကူးပြောင်းမှုမှာ စင်စစ်တွင် အချိန်တိုလေးတွင်းတွင် ဖြစ်ပေါ်နေပြီး မိနစ်အနည်းငယ်များတင် ပြီးမြောက်သွားခဲ့၏။

ကူးပြောင်းခြင်းအောင်မြင်သွားချေပြီ။

နဂါးဝင်ပေါက်ကို ဖြတ်သန်းနိုင်သွားသည့်အခိုက်အတန့်မှာပင် ၎င်းတို့၏အရှိန်အဝါမှာ တတိယအဆင့်မှပထမအဆင့်သို့ ချက်ချင်းခုန်လွှားသွားလေ၏။

ဤသည်မှာ ဝိညာဉ်ငါးခုနစ်ကောင်လုံးအတွက် အောင်ပွဲခံစရာ အဖြစ်အပျက်ပါပေ။ သို့သော်ငြား သုံးဆယ့်ခြောက်လေးမှာ အလုံးစုံကူးပြောင်းပြီးသည့်အချိန်တွင် ခေါင်းလှည့်၍ ရေကန်နံဘေးရှိ စုယွမ်နှင့်ရှောင်ချိုက်ကို ပြန်ကြည့်လာသည်။နဂါးမျက်ရည် နှစ်ကြောင်းမှာ နဂါးမျက်လုံးများထံမှ စီးကျလာလျက်၊ တစ်စုံတစ်ခုကိုပြောချင်သည့်အတိုင်း ပါးစပ်ဖွင့်ဟသွား၏။

သို့သော် သူ၏ခန္ဓာကိုယ်မှာ တဖြည်းဖြည်း အလင်းဖောက်ထွင်းမြင်နိုင်သည်အထိ ကြည်လင်လာခဲ့သည်။

ကျန်ရှိသောငါးတို့လည်း မိုးပြာနဂါး၊ နဂါးဝါစသဖြင့်ကူးပြောင်းနေကြရင်း ခေါင်းလှည့်ကာ ပြန်ကြည့်လာပုံမှာ မျက်ဝန်းများထဲ မလိုလားမှုနှင့်အတူတုန့်ဆုတ်မှုများကအပြည့်ပါပေ။

သူတို့ပုံရိပ်များမှာ တဖြည်းဖြည်း ကွယ်ပျောက်လာလျက် နောက်ဆုံးတွင် တစိုးတစိမှ အကြွင်းအစတောင် မကျန်ရစ်လေဘဲ လုံးဝပျောက်ကွယ်သွားတော့၏။

သိသိသာသာကို အနှီနဂါးဝင်ပေါက်မှာ နဂါးအဖြစ်ကူးပြောင်းသွားသောအသစ်ကလေးများကို အတင်းအကြပ်နေရာရွေ့စေသော အစီအရင်ဖြင့်တည်ဆောက်ထားသည့်ပုံပင်။

စုယွမ် သက်ပြင်းဖွဖွချလိုက်မိ၏။

“ကလေးတွေဆိုတာ လက်လွှတ်ပေးရမဲ့အချိန်ရောက်လာတာပဲ။ အခုကစပြီး မင်းတို့ကိုယ်မင်းတို့ပဲအားကိုးရတော့မယ်။”

စုယွမ် လက်ဖြန့်လိုက်တော့ လက်ဖဝါးပြင်ပေါ်သို့ နဂါးမျက်ရည်ဆယ့်လေးလုံးမှာ အပေါ်မှ ကျဆင်းလာခဲ့သည်။ သူလည်း ရောင်စုံဖြစ်နေသောထိုအရာများကိုသုံးကာ ပုတီးစေ့ဆယ့်လေးလုံးအသွင်ပြောင်းလဲလိုက်တော့သည်။

All Chapters