အခန်း ၉၅
Vol. 10 Ch. 95
Chapter 95 အသွင်ကူပြောင်းခြင်းအနုပညာ။
ရှောက်ချိုက်လေးမှာ စုယွမ်ဘေးရှိရေစပ်တွင် အလွန့်အလွန်မလိုလားလှစွာဖြင့် ငြိမ်သက်နေသည်။
စုယွမ် ၎င်း၏ခေါင်းလေးပုတ်လိုက်သည်။
“ဝမ်းမနည်းပါနဲ့။ မင်း သူတို့အတွက် ပျော်ပေးသင့်တယ်လေ။ သူတို့က အခုဆိုရင် တကယ့်နဂါးတွေဖြစ်သွားကြပြီ။ ပြောရရင် တန်းပြီး တတိယအဆင့်ကိုရောက်သွားတာပဲလေ။ ကြည့်ရတာ သူတို့က နဂါးအုပ်စုဆီရောက်သွားတာနေမှာ။ အဲ့ဒီရောက်မှ သူတို့ စိတ်ဝိညာဥ်ဖွံ့ဖြိုးခြင်းအဆင့်ထိလွယ်လွယ်ကူကူရောက်နိုင်မှာလေ။ နဂါးမျိုးနွယ်စုက အများကြီးအသက်ရှည်တာပဲ၊ တစ်နေ့ကျ ပြန်တွေ့ကြမှာပါ။”
စုယွမ် နှစ်သိမ့်ပေးလိုက်၏။
ရှောင်ချိုက်မှာ ခေါင်းညိတ်လျက် သူမ၏မျက်ဝန်းများထဲ ပထမဆုံးအကြိမ်အဖြစ် ပြင်းပြသောဆန္ဒတစ်ခုဖြစ်ပေါ်လာရလေသည်။
ကျန်ရှိသောဝိညာဉ်ငါး၄၂ကောင်ကလည်း ရှောင်ချိုက်အနားဝန်းရံလျက် ပတ်ပတ်လည်ကူးခတ်လာကြရာ သူမ၏စိတ်အခြေအနေလည်း ဖြေးညင်းစွာ တိုးတက်လာခဲ့၏။
အစက နဂါးအသွင်ကူးပြောင်းမည့်ပုံပြခဲ့သောအနှီငါးတို့မှာ ချက်ချင်း ကိုးရောင်ခြယ်အမတငါး၏မျိုးရိုးကိုရွေးချယ်သွားကြသည်။ ရှောင်ချိုက်၏မျိုးရိုးကလည်း နဂါးမျိုးရိုး၏လွှမ်းမိုးနိုင်စွမ်းထက် မသာလျှင်တောင် မနိမ့်ကျသည်ပေ။
သူတို့ကြားတွင် ရှောင်ကျို့တစ်ကောင်သာလျှင် ထူးဆန်းနေပြီး ငွေရောင်အဖြစ်အလုံးစုံပြောင်းသွားလျက် ပြန်ပြောင်းမည့်ပုံလည်းမပေါ်ပါချေ။
ဤသို့ဖြင့် ဝိညာဉ်ငါးလေးဆယ်ကျော်မှာ ရေကန်ထဲ ပျော်ရွှင်စွာ ကစားနေကြတော့သည်။
ထိုစဥ် စုယွမ်ကတော့ သူသိမှတ်ခဲ့သောနိယာမတို့ကို ပြန်လည်စစ်ဆေးနေ၏။
အချိန်လေးမိနစ်ဟူသည်မှာ အလွန်တိုတောင်းရာ စုယွမ် များစွာကို သဘောပေါက်နားမလည်နိုင်ခဲ့။
ပထမအချက်အနေဖြင့် ကောင်းကင်နှင့်မြေကြီး၏မီးနိယာမနှင့်သစ်သားနိယာအပေါ်နားလည်မှုကတော့ အနည်းငယ်စီ တိုးတက်လာခဲ့သည်။
အထူးသဖြင့် အဓိကသိရှိသွားရသည်မှာ ဝိညာဉ်ငါးခုနစ်ကောင်၏နဂါးအသွင်ကူးပြောင်းကိုခြင်းပေ။
ဤသို့နဂါးအသွင်ကူးပြောင်းကိုခြင်းမျိုးကား သက်ရှိသတ္တဝါ၏ပင်ရင်းလုံးစုံပြောင်းလဲသွားခြင်းမျိုးဖြစ်ရာ အလွန်နက်နဲလှသည့်အတွက် စုယွမ် ၎င်းတို့ကို အချိန်တိုလေးအတွင်း အပြည့်အစုံနားမလည်နိုင်ခဲ့ပါပေ။
သို့သော်ငြား သူ အချို့ထူးခြားသောအချက်များကိုတော့ ဝေဝေဝါးဝါး ဖမ်းဆုပ်မိသွားသည့်အတွက် ထိုမှတဆင့် မန္တန်တစ်ခုဖန်တီးနိုင်ခဲ့သည်။
၎င်းမှာ အသွင်ကူးပြောင်းသည့်မန္တန်ပါပေ။
ဤမန္တန်တွင် သက်ရှိဘဝတစ်ခုလုံးပြောင်းလဲသွားနိုင်သည်မျိုးမပါ၊ ထိုအစား ပြင်ပအချက်အလက်အနည်းအငယ်ကူတော့ ပြုပြင်ပေးနိုင်၏။
အနည်းငယ်သောအချက်များဖြစ်လျှင်တောင် နေ့စဥ်ဘဝတွင်တော့ အသုံးဝင်သေးသည်ပင်။
စုယွမ်၏အတွေးများကြောင့် ရှုပ်ထွေးကာ အံ့သြလောက်ဖွယ်အဆောင်တစ်ခု သူ၏ဒန်ထျန်ထဲပေါ်ပေါက်လာခဲ့သည်။ ဤအဆောင်မှာကား သူနားလည်ခဲ့သော အသွင်ကူးပြောင်းမန္တန်မှဖြစ်တည်လာခြင်းဖြစ်ပြီး အစိတ်အပိုင်းငယ်ခုနစ်ခုဖြင့်ဖွဲ့စည်းထား၏။
အနှီမန္တန်ကိုဖွဲ့စည်းရန် သူသိရှိပြီးခဲ့သောကျင့်စဥ်များအပြင် ခုနစ်စဥ်ကြယ်၏စွမ်းအင်ကိုပါ အနည်းငယ်သုံးစွဲထားခဲ့သည်။
သူ ဖြစ်စဥ်များကိုမှတ်မိလျှင်တောင်မှ မှတ်မိနေခြင်းသက်သက်သာ။ စင်စစ်ကူးပြောင်းသွားရန် လိုအပ်သောအခြေအနေများက သာမန်ဖြစ်စဥ်များထက် များစွာကျော်လွန်နေသည်လေ။
“ခုနစ်စဥ်နဂါးအသွင်ကူးပြောင်းခြင်း။”
စုယွမ်၏ခန္ဓာကိုယ်မှ ခုနစ်စဥ်အလင်းတန်းကထွက်လာလျက် ကောင်းကင်နှင့်မြေကြီး၏စည်းမျဉ်းကိုအနည်းငယ်ရိုက်ခတ်သွားစေသည်။
ထို့နောက် စက္ကန့်အနည်းငယ်အတွင်း စုယွမ်ဟာ ငွေရောင်မြေခွေးတစ်ကောင်အဖြစ် ကူးပြောင်းသွားတော့၏။
“ဟား။”
ရှောင်လီမှာ စုယွမ်၏ဘေးသို့ထွက်ပေါ်လာပြီး လက်သည်းလေးများဖြင့် စုယွမ်၏အမြှီးကို ဆော့ကစားလာသည်။
ပုံရိပ်ယောင်မဟုတ်၊ အထိအတွေ့အစစ်အမှန်ကို ခံစားလိုက်ရရ၍ ရှောင်လီမှာ မျက်လုံးရော ပါးစပ်ပါ ပြူးကျယ်လျက် လုံးဝထိတ်လန့်သွားရ၏။
“မထိနဲ့။”
စုယွမ်မှာ ကျင့်သားမရဖြစ်၍ အမြှီးကိုပြန်သိမ်းလိုက်သည်။ သူ သူ့ခန္ဓာကိုယ်ရှိအပြောင်းအလဲများကို ခံစားနေရ၏။ အသွေးအသားမှအစ ကိုယ်ထည်နှင့်အတူအရှိန်အဝါအဆုံး သူဟာ ရှောင်လီနှင့်ခပ်ဆင်ဆင်ဖြစ်သွားရသည်။ သို့သော် ကျား၊မကတော့ မပြောင်းလဲပါချေ။
သို့သော် ဤမန္တန်တွင် အားနည်းချက်များသိသိသာသာကိုရှိနေဆဲ၊ သူ၏ပကတိအနည်အနှစ်စွမ်းအင်မှာ အရှိန်အဝါရှိနေဆဲဖြစ်ရာ သူသာ မန္တန်ကျင့်စဥ်များကို ထုတ်သုံးပါက သေချာပေါက် သူ့သရုပ်မှန်ကိုဖော်မိသွားပေမည်။
ရှောင်လီ အံ့သြတကြီးဆိုလိုက်သည်။
“ဘယ်လိုတောင်လုပ်လိုက်တာလဲ။ မင်းက လုံးဝ ငါနဲ့မျိုးစိတ်တူဖြစ်သွားတာပဲ။”
စုယွမ် ပြောလိုက်သည်။
“ခုလေးတင် သုံးဆယ့်ခြောက်လေးနဲ့အခြားကလေးတွေ ကူးပြောင်းသွားတာကြည့်ရင်း အလင်းနည်းနည်းပွင့်သွားလို့ မန္တန်တစ်ခုဖွဲ့စည်းလိုက်တာ။ ဒါက အလုံးစုံအသွင်ပြောင်းတာမျိုးမဟုတ်ဘူး၊ ငါက လူသားမျိုးနွယ်ကဖြစ်နေတုန်းပဲ။ မန္တန်ကြောင့်ဒီပုံပေါက်နေရုံပဲ၊ ငါ မင်းကို အပြည့်အဝအတုခိုးမနိုင်သေးဘူး။”
“ဒါပေမဲ့ အခုတင် တော်တော်မိုက်နေပါပြီ။”
ရှောင်လီကလည်း မှတ်ချက်ပေးလိုက်သည်။
“မင်းကတကယ်အရမ်းလန်းတာပဲ။ အခုလေးမှမြင်ကွင်းလေးတစ်ခုကြည့်လိုက်တာကို မန္တန်တစ်ခုကိုဖန်တီးနိုင်သွားတာတဲ့လား။ အရမ်းတော်တာပဲ။ ဘိုးဘေးဆရာသခင်ရောက်လာရင်တောင် ဒူးထောက်ပြီး မင်းတပည့်ဖြစ်ဖို့ တောင်းဆိုလောက်တယ်။”
“မဟုတ်ပါဘူး။ မဟုတ်တာတွေကွာ။ ငါက ဘိုးဘေးဆရာသခင်နဲ့ အဝေးကြီးလိုပါသေးတယ်။”
စုယွမ် နှိမ့်ချဆိုလိုက်၏။
“မန္တန်ကဘယ်အဆင့်လဲ။ ငါလည်း သင်လို့ရလား။”
ရှောင်လီက စိတ်အားထက်သန်စွာဆိုသည်။
“အဆင့်ဆိုရင်တော့ အဲ့ဒါကောင်းကင်ဘုံအဆင့်ဖြစ်လောက်မယ်။ နည်းနည်းတော့ခက်လိမ့်မယ်နော်။ ငါ မသင်ပေးချင်တာမဟုတ်ဘူး၊ ဒါပေမဲ့ မင်းအတွက် အရမ်းခက်နေလိမ့်မယ်။”
စုယွမ် သတိပေးလိုက်၏။
“ငါ ကြိုးစားကြည့်ချင်တယ်။”
ရှောင်လီပြောလိုက်သည်။
“ကောင်းပြီလေ။”
စုယွမ် လက်ဆန့်၍ နတ်ဘုရားအာရုံကိုအသုံးပြုကာ မန္တန်ကို ရှောင်လီဆီလွဲပေးလိုက်သည်။
ရှောင်လီမှာ နေရာတွင်ပင်ရပ်၍ကြောင်အနေလျက် အသိစိတ်ပြန်လည်ရန် သုံးနာရီတောင်ကြာမြင့်သွားရ၏။ သတိပြန်ဝင်မှ ရှောင်လီမှာ စုယွမ်ကို အလွန်ထိတ်လန့်အံ့သြနေသောမျက်ဝန်းများဖြင့် ကြည့်လာလေသည်။
“ဒါ၊ဒါ၊ လူသားတစ်ယောက်သင်နိုင်မဲ့အရာလား။ ဒါကနတ်ဘုရားစွမ်းရည်တွေနဲ့ ဘာကွာတော့လို့လဲ။”
ရှောင်လီမှာ အော်ငိုမိမတတ်ပါပေ။
“သေချာပေါက် ကွာတာပေါ့။ ဒါက နတ်ဘုရားစွမ်းရည်မှမဟုတ်သေးတာ။ သီအိုရီအရဆိုရင် သာမန်ရွှေအမြူတေအဆင့်ကျင့်ကြံသူတစ်ယောက်တောင် သင်လို့ရတာပဲ။”
စုယွမ် ပြန်ပြောလိုက်၏။
ရှောင်လီက သက်ပြင်းလိုက်လာ၏။
“ငါ ရှောင်ချိုက်နဲ့ပဲသွားကစားတော့မယ်။”
သူ ချာကနဲလှည့်ထွက်သွားလျက် သိသိသာသာကို စုယွမ်အနားနေချင်တော့ပုံမပေါ်ပါပေ။
စုယွမ်လည်း စွံ့အသွားရ၏။ ဤမန္တန်မှာ စုယွမ်တတ်ကျွမ်းခဲ့သောအဓိကကျသည့်အရာများကိုထည့်သွင်းထားတာဖြစ်သည်။ လူတစ်ယောက်ကသင်ယူချင်ပါက စုယွမ်တတ်မြောက်ခဲ့သမျှအရာအားလုံးကိုလည်း အခြေခံအနေဖြင့် တတ်မြောက်ထားရမည်သာ။ ထိုသည်သာမက နဂါးအသွင်ကူးပြောင်းကိုခြင်း၏နက်နဲလှသောတာအိုပညာကိုနားလည်ဖို့ မြင့်မားသည့်နားလည်နိုင်စွမ်းကိုလည်း လိုအပ်သည်ဖြစ်ရာ ခက်ခဲသည်ဟုဆို၍ရ၏။
“ဒီမန္တန်ကို ဘယ်မှာသုံးရမလဲ။”
စုယွမ်လည်း ခဏမျှတွေးတောနေပြီးမှ သူ ရှောင်လီနှင့်ရှောင်ချိုက်ကို ကြည်စယ်ရန် အသုံးပြုနိုင်ကြောင်း သဘောပေါက်သွားရ၏။ ထိုမှတပါး အခြားအသုံးဝင်ပုံတို့ကို သူတကယ်မစဥ်းစားတတ်ပါပေ။
စုယွမ်လည်း သူ၏မူလအသွင်ပြန်ပြောင်းလိုက်ပြီး ရေကန်ထဲရှိ ဝိညာဉ်ငါးတို့ကို တစ်ချက်ပြန်ကြည့်၍ လျှို့ဝှက်နယ်မြေမှ တစ်ကိုယ်တည်းပြန်ထွက်လိုက်သည်။
ဤအချိန်မှာ မသေမျိုးမျိုးစေ့တောင်ကြားက ဖွင့်လှစ်တော့မည်ဖြစ်ရာ သူလည်း အလုပ်သွားလုပ်ရတော့ပေမည်။
ကုချင်းကျူးက မသေမျိုးမျိုးစေ့တောင်ကြားတွင် ရှေ့တပြန်နောက်တပြန်လှည့်ရှာဖွေနေသော်ငြား စုယွမ်၏အရိပ်အယောင်ကိုတောင် မတွေ့ရပါချေ။
သူလည်း တောင်ကြား၏အနက်ထဲထိသွားကာ အမတအကြီးအကဲနန်ကုန်းကို ရှာ၍ မေးလိုက်၏။
“အကြီးအကဲ၊ စုယွမ်ဆိုတဲ့ကောင်လေးဘယ်ရောက်သွားလဲသိလား။ သူက ဘာလို့ အခုချိန်မှ ပျောက်နေရတာလဲ။ ကျွန်တော် သူ့ကိုရှာတာနှံ့နေပြီ၊ အခုထိရှာမတွေ့သေးဘူး။”
“သူက လျှို့ဝှက်နယ်မြေထဲမှာလေ။ ငွေဖြူဝိညာဥ်ရေတံခွန်ကို သုံးသပ်နေမှာပေါ့။”
အမတအကြီးအကဲနန်ကုန်း ပြောလိုက်၏။
“ဘယ်လို။ သူက လျှို့ဝှက်နယ်မြေထဲကို ထပ်ဝင်နိုင်တာလား။”
ကုချင်းကျုး အံ့ဩသွားပြီး ပြန်မေးလိုက်မိသည်။
“ဟုတ်တယ်လေ။ ငါ့မျက်လုံးနဲ့ ဆက်ဆက်တွေ့ခဲ့တာ။ သူက ငါးတစ်အုပ်ကိုတောင် အထဲခေါ်သွားသေးတယ်။”
အမတအကြီးအကဲနန်ကုန်းက တည်ငြိမ်စွာဆိုသည်။
“ငါး... “
ဂိုဏ်းချုပ်ကုမှာ မသာယာစရာကောင်းသောမှတ်ဥာဏ်ကို ပြန်တွေးမိသွားရ၏။
အကြီးအကဲနန်ကုန်းက ရုတ်တရက် တောင်ကြားထဲရှိ တစ်နေရာကိုလှည့်ကြည့်လိုက်သည်။
“သူ ထွက်လာပြီ။”
ဂိုဏ်းချုပ်ကု ထိုအခါမှ စိတ်သက်သာရရသွားတော့သည်။
“ဒီကောင်လေးက တစ်ရက်ပဲကျန်တော့မဲ့နေအထိစောင့်နေတာပဲ။ ကောင်းတယ်၊ အရမ်းကောင်းတယ်။ ငါ သူနဲ့စကားပြောမှဖြစ်တော့မယ်။”
“သေချာပေါက် လိုတာပေါ့။အဲ့ကလေးရဲ့အပျင်းထူတဲ့အကျင့်ကို ဖျောက်ပေးဖို့ကိုလိုတာ။’
အမတအကြီးအကဲနန်ကုန်းကလည်း သဘောတူကြောင်း ပြလာသည်။
ထို့နောက်တွင် ဂိုဏ်းချုပ်ကုက အပြေးသွားတော့သည်။
အမတအကြီးအကဲနန်ကုန်းမှာ ဂိုဏ်းချုပ်ကုတစ်ယောက် စုယွမ်ကို စိတ်အားထက်သန်စွာနှုတ်ဆက်ရင်း အမတမျိုးစေ့တောင်ကြားထဲရှိအဆောက်အအုံများကို အားတက်သရောမိတ်ဆက်ပေးနေတာကို တွေ့လိုက်ရ၏။ စုယွမ်ကို ပြုပြင်မည်ဟူသောစကားမှာ ဘယ်ရောက်သွားသလဲတောင်မသိရ။
သူ၏မျက်ခမ်းစပ်များတော့ တွန့်သွားရလျက် သူ ရုတ်ချည်း ဤဂိုဏ်းချုပ်မှာ အသုံးမဝင်တွေးမိသွားရသည်။
“ဒီဂိုဏ်းကတော့ မင်းတို့လက်ထဲသာအကုန်အပ်ထားလိုက်ရင် အနှေးအမြန်ချက်ချင်းပျက်စီးမှာပဲ။”
အကြီးအကဲနန်ကုန်းမှာ ပြောပြီးတော့မှ သူ၏မျိုးဆက်ဖြစ်သူနန်ကုန်းဟော်ယွီ ယမန်နေ့က လာရောက်ခဲ့သည့်အကြောင်းကို ပြန်လည်သတိရသွားရသည်။
“ဒီကောင်လေးက ကျင့်စဥ်တွေကို အဝေးကိုတောင် ပို့ပြီးထိန်းချုပ်နိုင်တာလား။ ဒါဘယ်လိုစွမ်းရည်မျိုးပါလိမ့်။ ရွှေအမြူတေအဆင့်လောက်နဲ့ ဒီလောက်ကျွမ်းဖို့ဆိုတာ တော်တော်လေးလွန်တာပဲ။ ငါလည်းသင်ချင်လိုက်တာ။ ဒါပေမဲ့ ငါ သူ့ကိုတိုက်ရိုက်သွားမေးရင် မျက်နှာပျက်ရမှာမဟုတ်ဘူးလား။ ဒါပေမဲ့ ဒီကောင်လေးက သူ့အစွမ်းတွေကို တပည့်တွေကို သင်ပေးဖို့ရည်ရွယ်ချက်ရှိပုံရတယ်၊ အဲ့ဒီလိုဆိုမှတော့... “
အမတအကြီးအကဲနန်ကုန်း၏နှုတ်ခမ်းထောင့်မှာ ကွေးတက်သွား၏။ ထို့နောက်တွင် သူ နတ်ဘုရားစွမ်းရည်တစ်ခုကို အသက်သွင်းလိုက်သည်။ ထိုအခါ သူ၏ခန္ဓာကိုယ်မှာ သိသိသာသာပြောင်းလဲသွားပြီး ပြန်လည်ငယ်ရွယ်သွားလေသည်။ သူ၏ဖြစ်တည်မှုတစ်ခုလုံးမှာ မူလပုံစံမှ သက်လက်ပိုင်းပုံစံ၊ ထိုမှတဆင့် ငယ်ရွယ်ပျိုမြစ်မှုတို့ လျံထွက်နေသောဆယ်ကျော်သက်လေးတစ်ယောက်၏အသွင်အပြင်ဆီ ကူးပြောင်းသွားတာ့၏။ သူ့မျက်ဝန်းထဲရှိအကြည့်များကတောင် အတော်လေးသက်ဝင်တတ်ကြွနေလေသည်။
သူ့၏အဝတ်များကလည်း ချက်ချင်း သာမန်ဆင်းရဲသောမိသားစု၏အဝတ်များဖြစ်သွားပြီး အသားအရေမှာလည်း ပိုညိုသွားသလို လက်တွင်လည်း အသားမာများပေါက်လာတော့၏။
အမတအကြီးအကဲနန်ကုန်းမှာ သူ၏ဆံပင်ကိုပါ သပ်ရပ်အောင်ပြင်လိုက်၏။ ယခုဆိုလျှင် သူဟာ မသေမျိုးမျိုးစေ့တောင်ကြားကို ယခုမှစတင်ဝင်ရောက်လာသော တပည့်လေးအလားဖြစ်သွားရချေပြီ။
သူက နတ်ဘုရားအာရုံကိုပင်သုံး၍ မသေမျိုးမျိုးစေ့တောင်ကြားက မှတ်တမ်းများကို တိတ်တဆိတ်ပြင်လိုက်သည်။ ဤသို့သော ဖြစ်စဥ်တစ်ခုလုံးမှာ အစီအရင်အစောင့်အရှောက်မှ လွဲ၍မည်သူမှမမြင်လိုက်ပါချေ။
သို့သော် ဤတစ်ခါတွင် အစီအရင်အစောင့်အရှောက်မှာဂိုဏ်းချုပ်ကုတုန်းကကဲ့သို့ ဘာဘာညာညာ ပြန်ခံ၍မပြော။ ၎င်းမှာ အလွန်ကို တိတ်ဆိတ်နေခဲ့ပေ၏။ ၎င်းဟာ သွားမမေးပါက ဘာကိုမှမမြင်ဟူသောမူဝါဒကို စွဲကိုင်၍ တိတ်တိတ်သာနေလေသည်။ လူတွေက တကယ်ပဲ သူ့ကိုတုံးအသည်ဟု မြင်နေကြပါသလား။ မဟုတ်၊ အနှီငတုံးဂိုဏ်းချုပ်တစ်ယောက်သာလျှင် သူ၏ဥာဏ်ပြေးမှုများကို မမြင်နိုင်ခဲ့သည်ပင်။
ဂိုဏ်းချုပ်ကုလည်း တစ်ခုခုကိုခံစားလိုက်ရပြီး ကောင်းကင်ကို ရှုပ်ထွေးစွာမော့ကြည့်လိုက်၏။
“ဘာဖြစ်လို့လဲ။”
စုယွမ် ရှုပ်ထွေးစွာ မေးလိုက်သည်။
“ငါ့ကို တစ်ယောက်ယောက်က ကျိန်ဆဲနေသလိုခံစားရလို့။ အချိန်တိုင်းလိုလို ဒီလိုခံစားချက်ရနေတာ။ ဘာမှတော့မဖြစ်ပါဘူး။ နတ်ဆိုးဂိုဏ်းကကောင်တွေ ငါ့အကြောင်းတွေးနေတာဖြစ်ရမယ်။”
ဂိုဏ်းချုပ်ကုက ခေါင်းခါ၍ ဆိုသည်။
စုယွမ်လည်း နားလည်စွာ ခေါင်းညိတ်လိုက်၏။
“ကြည့်ရတာ ဂိုဏ်းချုပ်က နတ်ဆိုးဂိုဏ်းမှာ နာမည်ကြီးတဲ့ပုံပဲ။”
ဂိုဏ်းချုပ်ကုလည်း ခပ်ဖျော့ဖျော့ပြုံး၍ဆိုသည်။
“ပုံမှန်ပါပဲ။ အဲ့ဒီအချိန်တွေတုန်းက ငါက နတ်ဆိုးဂိုဏ်းကို ခုနစ်ကြိမ်တိုင်တိုင်ဝင်ဖောက်ခဲ့တာ။ စိတ်ဝိညာဉ်ဖွံ့ဖြိုးခြင်းအဆင့်နတ်ဆိုးသုံးကောင်ကိုသတ်ပြီး ရတနာတစ်ခုကိုတောင် ယူလာခဲ့သေးတယ်။ နောက်ပြီး ဝိညာဉ်ကျောက်တုံးအများကြီးကိုရောလေ။ ဟားဟားဟား။”
ဂိုဏ်းချုပ်ကုမှာ ပြန်တွေးရင်း အူမြူးနေလေ၏။
စုယွမ်လည်း ခေါင်းညိတ်လိုက်သည်။
“တော်တော်လေး အထင်ကြီးစရာပဲ။”
ဂိုဏ်းချုပ်ကုက မိမိကိုယ်ကိုနှိမ့်ချသလိုလေးသာ ပြုံး၏။
“ထားပါတော့၊ အခု မသေမျိုးမျိုးစေ့တောင်ကြားအကြောင်းအကုန်နီးပါးပြောပြီးသွားပြီ။ မင်းက မင်းရဲ့စွမ်းရည်တွေကို ဆက်ခံနိုင်လောက်မဲ့သူတွေကို ရှာလိုက်ဦး။ အသစ်ဝင်လာတဲ့ကလေးတွေဆိုတာ ပုံသွင်းလို့လွယ်တယ်။ နောက်ပြီး ဒီတစ်ခေါက်အသုတ်ကလည်း တော်တော်ကောင်းတယ်။”
“ရပါတယ်။ ကျွန်တော်လည်း ကျင့်စဥ်နည်းနည်းလောက်ကို သူတို့ကိုခွဲပေးပြီး ဘယ်သူဘယ်လောက်ကျင့်ကြံနိုင်မလဲစောင့်ကြည့်လိုက်မယ်။”
စုယွမ်ဟာ ဤကိစ္စအပေါ် မျှော်လင့်ချက်များစွာမထားပါချေ။
“ဟားဟား၊ ပြောရရင် ရိုးတော့သိပ်မရိုးဘူး။ အခုဆိုရင် ဂိုဏ်းထဲက အကြီးပိုင်းတွေမှန်သမျှက မင်းအကြောင်းသိနေပြီ။ အဲ့ဒီတော့ သူတို့ရဲ့တပည့်ပါရမီရှင်လေးတွေလည်းပို့လိုက်လောက်တယ်။”
ဂိုဏ်းချုပ်ကုက စုယွမ်၏ပုခုံးကိုပုတ်၏။
“မင်း စိတ်လှုပ်ရှားနေသလား။”
“မရှားပါဘူး။ ဘယ်သူလာလာ လာသင်လို့ရတယ်။ တတ်သွားဖို့ဆိုရင်တော့ အရည်အချင်းလေးတစ်ခုပဲလိုတယ်။”
စုယွမ် ပြောလိုက်သည်။
“အဲ့ဒီကျရင်တော့ ဒါ သူတို့ကိစ္စဖြစ်သွားပြီ။”
ဂိုဏ်းချုပ်ကုက ခေါင်းခါ၍ ဆိုသည်။
“သူတို့သာ မတတ်ရင် သူတို့တုံးလို့ပဲလေ။ ဒါတွေက ဘယ်သူ့ကိုမှ အပြစ်တင်လို့မရဘူး။”
ဂိုဏ်းချုပ်ကုလည်း ပြောပြီးတော့ သူ၏နှလုံးသားမှာ ရုတ်တရက်တင်းကြပ်သွားရ၏။ သူ ကောင်းကင်ကိုမော့ကြည့်ရင်း ဆိုသည်။
“စုယွမ်၊ ငါ သွားတော့မယ်။ ဝိညာဉ်အသွင်ကူပြောင်းခြင်းအဆင့်နတ်ဆိုးတစ်ကောင်က ငါ့ကိုဆဲနေသလိုခံစားရတယ်။ ငါ ပြန်သွားပြီး ကြည့်ဦးမှပဲ။စောက်ကျိုးနည်း၊ နတ်ဆိုးလေးသုံးကောင်သတ်မိတာပါကွာ။ ဘာလို့ အခုထက်ထိ အဆဲခံနေရသေးတာလဲ။”
ကုချင်းကျုးမှာ ပွစိပွစိပြောရင်း ထွက်သွားတော့လေ၏။