← Chapters

အခန်း ၁၀၀

Vol. 10 Ch. 100

အခန်း ၁၀၀

Vol. 10 Ch. 100

Chapter 100: ထိပ်သီးကျင့်စဥ်၏ဆွဲဆောင်မှုများ။

ကျမ်းဂန်းခန်မထဲတွင် ဖြစ်သည်။

ယဲ့ပိဖန်က စင်မြင့်ထက်ထိုင်နေပြီး တပည့်သစ်လေးများကို ပို့ချနေ၏။

သူက ချီစုဆောင်းခြင်းအဆင့်ရှစ်နေပြီဖြစ်ရာ သူ၏ခွန်အားမှာ ချီစုဆောင်းခြင်းအဆင့်၏ထိပ်ဆုံးကိုရောက်နေပြီဖြစ်သည်။ အတွင်းဆောင်၏ထူးချွန်သောတပည့်တစ်ယောက်အနေဖြင့် သူဟာ ကျမ်းဂန်ခန်းမသို့လာရောက် ပို့ချရန် အဆင့်မှီ၏။ သူ စုယွမ်က တောင်သခင်ဖြစ်သွားသည်ဟုကြားတုန်းက တော်တော်အံ့သြသွားခဲ့ရာ တမင်ကို မသေမျိုးမျိုးစေ့တောင်ကြားကိုလာရန်ရွေးခဲ့တာဖြစ်သည်။

သူ မသေမျိုးမျိုးစေ့တောင်ကြားကို ရောက်လာသော်ငြား စုယွမ်၏ပထမဆုံးနေ့က အံ့လောက်ဖွယ်ဖွင့်ပွဲကလွဲပြီး သူ စုယွမ်ကိုမတွေ့ရတော့ပေ။

“ဒီနေ့ရဲ့သင်ခန်းစာကဒီလောက်ပဲ။ မင်းတို့မှာ မေးခွန်းတွေရှိသေးရင် စိတ်ကြိုက်မေးလို့ရတယ်။”

ယဲ့ပိဖန်က အကုန်ပြီးသွားတော့ ပုံမှန်အတိုင်း မေးခွန်းမေးခွင့်ကို ပေးလိုက်၏။

ရုတ်တရက် ပထမတန်းရှိတပည့်များက လက်ထောင်၍ မေးခွန်းများမေးလာကြတော့သည်။

ကောင်းကင်ဘုံအဆင့်ဝိညာဉ်ရင်းမြစ်ရှိသူကုယိုတောင် မေးစရာရှိတာကိုမြင်တော့ သူလည်း ကုယိုကို အရင်ဆုံးရွေးလိုက်၏။

“ဒီတပည့်၊ ဘာမေးချင်တာလဲ။”

“ဆရာယဲ့ကို ဂါဝရပြုပါတယ်။ ကျွန်တော်နာမည်က ကုယိုပါ။”

ကုယိုမေးလိုက်သည်။

“ကျွန်တော်က မန္တန်များကိုနှောင့်နှေးခြင်းမရှိဘဲအဓိကသုံးပြုရမဲ့နည်းလမ်းများဆိုတဲ့စာအုပ်ကိုလေ့လာနေတာပါ။ အဲ့ထဲမှာပြောထားတာက အနိမ့်တန်းအဆင့်မန္တန်တွေတောင် ချက်ချင်းသုံးနိုင်ဖို့လိုပါတယ်။ အတွေးတွေးလိုက်တာနဲ့ချက်ချင်းအစွမ်းထက်လာတာမျိုးပေါ့။ အဲ့ဒီလောက်မှသာ မန္တန်တွေက အသုံးဝင်တယ်ပြောလို့ရတယ်တဲ့။ ဒါပေမဲ့ ဆရာယဲ့က လူတစ်ယောက်က အဆောင်နဲ့လက်နက်တို့ကို ခဏတွင်းသုံးနိုင်သရွေ့ တိုက်ခိုက်လို့ရတယ်ပြောထားတော့။ နည်းနည်းလက်လွတ်စပယ်မဆန်ဘူးလား။”

ဤသည်ကိုကြားတော့ ယဲ့ပိဖန်က ပြန်မေးရမိ၏။

“အဲ့ဒါဘယ်သူရေးထားတာလဲ။ ချက်ချင်းထုတ်သုံးနိုင်ဖို့ဆိုတာ ပင်မအောင်မြင်မှုကိုရောက်မှဖြစ်နိုင်မှာ။ လေးငါးနှစ်လောက်မလေ့လာဘဲနဲ့တော့ လူတစ်ယောက်က သာမန်မန္တန်တစ်ခုကိုတောင် ချက်ချင်းသုံးနိုင်မှာမဟုတ်ဘူး။မင်းသာ မန္တန်တစ်ခုကိုအဲ့ဒီလောက်အချိန်ပေးနေရင် ကျင့်ကြံရေးမှာ ပြဿနာတက်လာနိုင်တယ်။”

“စာအုပ်က တောင်သခင်စုရေးသားထားတာပါ။ သူက လက်ရှိမှာရှိတဲ့မန္တန်သုံးထောင်လုံးကိုအမျိုးအစားခွဲထားပြီး မန္တန်တစ်ရာ့ရှစ်ဆယ်ကိုရှင်းပြထားတာပါ။ သူပြောထားတာက လူတစ်ယောက်က မန္တန်တစ်ခုကို လုံးဝကျွမ်းကျင်တာနဲ့ အခြားမန္တန်တွေကိုလည်း အဆင့်တစ်ခုထိနားလည်သွားမယ်လို့ရေးထားပါတယ်။ ကျွန်တော့်အမြင်အရတော့ တောင်သခင်စုပြောတာကမမှားပါဘူး။ နောက်ပြီး ကျွန်တော် ဆရာယဲ့က မန္တန်ဆိုင်ရာတောင်ထိပ်ကလို့ကြားလို့လေ၊ အဲ့ဒီတော့ဆရာက ဒီအကြောင်းတွေကိုပိုသိမှာပေါ့။”

ကုယိုပြောလိုက်၏။

ယဲ့ပိဖန်လည်း တစ်ခဏမျှတိတ်ကျသွားပြီး ရပ်တန့်သွားလေသည်။ သူ ယခင်က ရွှေအမြူတေအဆင့်အကြီးအကဲပေးခဲ့သောသင်ခန်းစာကိုပြန်တွေးကြည့်တော့ ထိုသို့သောအကြောင်းအရာမျိုးကို ပြန်မှတ်မိလိုက်သည်။

သူ ပြန်ပြောလိုက်၏။

“ဒါက ကောင်းကင်နဲ့မြေကြီးရဲ့နက်နဲတဲ့နိယာမတွေနဲ့ဆိုင်သွားပြီ။ ကျင့်ကြံရေးလောကက လက်ရှိမှာ နိယာမတွေကို အဆင့်လေးခုခွဲတယ်။ ကျင့်စဥ်၊ အရှိန်အဟုန်၊ ဆန္ဒနဲ့ဝိညာဉ်တို့ပဲ။ ကျင့်စဥ်အဆင့်ကိုရောက်ဖို့ ကျင့်ကြံသူတွေ မန္တန်တစ်ခုရဲ့တကယ့်အနှစ်ကိုနားလည်တက်မြောက်ဖို့လိုတယ်။ ဒီလိုအဆင့်ကိုရောက်ဖို့ဆိုတာကလည်း အနည်းဆုံးအခြေခံအုတ်မြစ်က အလတ်တန်း၊ မဟုတ်ဘူး၊ အမြင့်တန်း ဒါမှမဟုတ် ပြီးပြည့်စုံတဲ့တာအိုအုတ်မြစ်ရှိမှဖြစ်နိုင်မှာ။”

သူ ခဏရပ်သွားပြီး ဆက်ပြော၏။

“မင်းပြောတဲ့အတိုင်းအရဆိုရင် မန္တန်တစ်ရာ့ရှစ်ဆယ်လောက်ရဲ့ကျင့်စဥ်အဆင့်ကိုရောက်ဖို့ပြောတာလား။ သာမန်လူတစ်ယောက်အတွက်ဆိုရင် မန္တန်တစ်ခုကိုတတ်ကျွမ်းဖို့တောင် ဆယ်စုနှစ်တစ်ခုလိုတာ။ တကယ်လည်းကျွမ်းသွားရော၊ ရလဒ်ကလည်း အနိမ့်တန်းအဆင့်မန္တန်လေးကိုပဲချက်ချင်းသုံးနိုင်မှာလေ။ ဒါက ဝမရှိဘဲဝိလုပ်သလိုဖြစ်မနေဘူးလား။”

ဤသည်ကိုကြားတော့ ကုယို ရုတ်ချည်း သဘောပေါက်သွားရသည်။

“ဒါက ဂိုဏ်းချုပ်ဖူးပြောတဲ့ကျင့်စဥ်အဆင့်လား။ တောင်သခင်စုက တကယ်ကြီး ၁၈၀မျိုးလုံးကို ပိုင်နိုင်နေမယ်လို့ ကျွန်တော် ထင်မထားခဲ့ဘူး။ သင်ရတာအရမ်းခက်နေတယ်ခံစားရတာမအံ့သြတော့ပါဘူး။ ကျွန်တော့်မှာ တစ်ခုစဖို့တောင် ရက်တော်တော်ကြာသွားတာ။”

ယဲ့ပိဖန်က ခေါင်းညိတ်၏။

“မင်းသာနားလည်သရွေ့ ... ဘာ၊ မင်းဘာပြောလိုက်တာလဲ။ မင်းက တစ်ခုရသွားပြီလား။”

ယဲ့ပိဖန်မှာ အလွန်ထိတ်လန့်သွားသည့်ဟန်။

“ဟုတ်။ ကျွန်တော် မန္တန်တစ်ခုကိုနားလည်သွားပြီး အခုနည်းနည်းအနှစ်ကိုရတော့မယ်။ အဲ့ဒါနဲ့ ကျွန်တော် ကျင့်စဥ်အဆင့်နဲ့မရှင်းတာရှိလို့၊ ဆရာယဲ့ကိုလာပြီးမေးလိုက်ရတာ။”

ကုယိုလည်း မေးခွန်းများကို ဆက်မေးရန်ပြင်လိုက်သည်။

သို့သော် ယဲ့ပိဖန်က ချက်ချင်းထရပ်ပြီး ဓါးပျံစီးကာ ခန်းမထဲမှ ထွက်သွားလေ၏။

“ခွင့်ပြုပါဦး။ ငါ့မှာ သွားစရာလေးရှိသေးလို့။ မင်းမေးခွန်းတွေရှိရင် နောက်အတန်းမှမေးပါတော့။”

ကုယိုမှာ ယဲ့ပိဖန်၏ပျောက်ကွယ်သွားသောကျောပြင်ကိုကြည့်ရင်း နှုတ်ခမ်းများတွန့်ပြုံးသွားရသည်။

ရှဲ့ယင်းယင်း နှုတ်ခမ်းဆူလိုက်၏။

“ရှင်တမင်လုပ်တာမလား။ ကိုယ့်ထက်အကြီးတွေကို လှောင်ရတာ ပျော်ဖို့ကောင်းလား။”

ဤသည်ကိုကြားတော့ ကုယို၏အမူအရာမှာ ပြန်တည်သွားလေသည်။

“မင်းဘာတွေပြောနေတာလဲ။ ငါမသိဘူးနော်။ ငါကအခုမှတပည့်အသစ်လေးပဲရှိသေးတာ။ ဒါတွေနားမလည်ဘူးဆိုတာ ပုံမှန်ပဲလေ။”

ရှဲ့ယင်းယင်းလည်း သူ့ကိုလျစ်လျူသာရူလိုက်တော့၏။ သူမက အမတအကြီးအကဲနန်ကုန်းဘက်လှည့်ပြီး သိချင်စွာမေးလိုက်သည်။

“နန်ကုန်းရှန်ယွီ၊ ရှင် ခဏက အဲ့ဒီစာအုပ်ကိုဖတ်နေတာတွေ့တယ်။ ရှင် မန္တန်ရဲ့ဝိသေသလက္ခဏာကို ရပြီလား။”

အမတအကြီးအကဲနန်ကုန်းမှာ ကုယိုကို တစ်ချက်ပြန်ကြည့်ပြီး ဘာသိဘာသာအမူအရာဖြင့် ပြန်ဖြေသည်။

“ငါနည်းနည်းပဲနားလည်သေးတာပါ။ ငါးခုလောက်ပဲ။”

ကုယိုမှာ အံ့သြတကြီးပြန်ကြည့်မိရသည်။

“မင်းလျှောက်ပြောနေတာမလား။”

အမတအကြီးအကဲနန်ကုန်းက တည်ငြိမ်စွာ လက်ဖြန့်ပြလိုက်သည်။ သူ့လက်ချောင်းထိပ်ရှိဝိညာဥ်စွမ်းအင်တို့မှာ တောင်တစ်လုံးအသွင်ဖွဲ့စည်းသွား၏၊ ပြီးလျှင် ငှက်လေးတစ်ကောင်၊ တဖန် ကြွေလွှင့်လာသောသစ်ရွယ်ငယ်လေးတစ်ခုအတိုင်း ပြောင်းလဲသွား၏။ သုံးစွဲထားသောဝိညာဥ်စွမ်းအင်တို့မှာ ပေါ်ကြွယ်ဝပြီး စာအုပ်ထဲတွင်ဖော်ပြထားသောစတင်ကျင့်ကြံသူတို့၏ပုံစံနှင့်ကိုက်ညီပေ၏။

“မင်း ... “

ကုယို၏မျက်နှာပေါ်ရှိခပ်ဖျော့ဖျော့အပြုံးမှာ အေးခဲသွားရသည်။ သူ နန်ကုန်းရှန်ယွီကို မယုံကြည့်နိုင်စွာပြန်ကြည့်မိသည်၊ သူ၏အမူအရာမှာ ပထမဆုံးအကြိမ်အဖြစ် အတည်လေးနက်လာတော့၏။

“နောက်ထပ်ပါရမီရှင်တစ်ယောက်ရှိနေမယ်လို့ထင်မထားဘူး။”

ကုယိုက နန်းကုန်းရှန်ယွီကို စိုက်ကြည့်ရင်းဆိုသည်။

အမတအကြီးအကဲနန်ကုန်းကမူ တည်ငြိမ်စွာ ထပ်ဆိုလာ၏။

“ငါ့ကိုပဲကြည့်မနေနဲ့။ ယင်းယင်းလည်း သုံးခုတောင်နားလည်ပြီးသွားပြီ။”

“ဘာ။”

ကုယိုက ရှဲ့ယင်းယင်းကိုပြန်ကြည့်မိသည်၊ သူမဟာ မျက်လုံးလေးအဝိုင်းစားနှင့် ဘာမှမသိသည့်အတိုင်း။

ရှဲ့ယင်းယင်း၏မျက်ဝန်းများထဲ မွေးရာပါပါရှိလာသောမီးတောက်များမှာ အချိန်နှင့်အမျှပေါ်လိုက်ပျောက်လိုက်ဖြစ်နေရာ အတော်လေးဆန်းကြယ်နေပုံပေါက်၏။ သူမမှာ ဤစကားကိုကြားတော့ ရပ်တန့်သွားပြီး ပြန်မေးလိုက်သည်။

“ကျွန်မက ဘယ်သုံးခုကိုနားလည်တာလဲ။ ကျွန်မဖြင့် အဲ့စာအုပ်ကိုသေချာဖတ်တောင်မဖတ်ရသေးတာကို။”

“မင်းရဲ့ဝိညာဉ်စွမ်းအင်တွေကို မီးငှက်ရယ်၊ မီးတောင်ပုံရယ်၊ မီးတောက်ပုံရယ်ဖွဲ့စည်းကြည့်လိုက်။”

အမတအကြီးအကဲနန်ကုန်း ပြောလိုက်၏။

“အင်း... “

ရှဲ့ယင်းယင်းလည်း တုန့်ဆိုင်းနေပြီးမှ လက်ဖြန့်လာသည်။ ဝိညာဉ်စွမ်းအင်တို့မှာ သူမ၏လက်ချောင်းထိပ်များမှပေါ်လာပြီး အမတအကြီးအကဲနန်ကုန်းပြောသည့်အတိုင်းလိုက်လုပ်လိုက်၏။ သူမ ပုံဖော်သည်များက အားနည်းဖျော့တော့နေသော်ငြား တစ်ခုပြီးတစ်ခုတော့အောင်မြင်သွားလေသည်။

၎င်းက ရှဲ့ယင်းယင်းတစ်ယောက် အနှီသုံးခုကို ကျင့်စဥ်အဆင့်အထိ အောင်မြင်နိုင်သွားကြောင်းသက်သေပါပေ။

ကုယိုမှာ ရုတ်တရက် ထရပ်ပြီး အပြင်သို့ အလျင်လိုနေပုံဖြင့် မြန်မြန်ထွက်သွားတော့သည်။

“သူထွက်ပြေးသွားတာက ဆရာယဲ့နဲ့တောင်တူသေးတယ်။”

ရှဲ့ယင်းယင်းက ရယ်၍ဆိုလာသည်။

ထိပ်တန်းအဆင့်ဝိညာဥ်ရင်းမြစ်ပိုင်ရှင်တော်တော်များများက ဤမြင်ကွင်းကိုကြည့်နေကြသည်ဖြစ်ရာ ချက်ချင်းခေါင်းများပြန်ငုံ၍ တတ်နိုင်သမျှ မြန်မြန်ပြန်လေ့ကျင့်ရန် ပြေးသွားကြတော့သည်။ ပြေးသွားပုံများမှာ မသိလျှင် သူတို့နောက် သရဲသဘက်လိုက်နေလေသည့်အတိုင်း။

အမတအကြီးအကဲနန်ကုန်းက ပြုံး၍ ပြန်လာထွက်ခဲ့လိုက်သည်။

“ရှန်ယွီ၊ ကျွန်မကိုစောင့်ဦးလေ။”

ရှဲ့ယင်းယင်းက အမတအကြီးအကဲနန်ကုန်းနောက်ပြေးလိုက်ပြီး မေးလာ၏။

“ရှင်ဘယ်လိုလုပ် ကျွန်မသုံးခုလုံးတတ်သွားတာကိုသိလဲ။ ကျွန်မကိုယ်ကျွန်မတောင်မသိတာကို။”

“မင်း မသိဘူးလား... “

အမတအကြီးအကဲနန်ကုန်းမှာ တွန့်ပင်သွားရသည်။

“မင်း ပုံမှန်ဆိုရင်လည်း ငါ့ရှေ့ကြွားဝါနေတာပဲလေ။ ဝိညာဉ်စွမ်းအင်ကိုလှည့်စားပြီး ဟိုပြဒီပြလုပ်ပြနေတာပဲလေ။”

“ဟမ်၊ အဲ့ဒါတွေက ဒီအတိုင်းလျောက်ဆော့ပြနေရုံပဲလေ။”

“ငါကတော့ မင်းလေ့ကျင့်ပြနေတာထင်တာ။”

“အဲ့ဒီလိုလား။ ဟုတ်ပါတယ်လေ၊ ကျွန်မကလည်း သေချာလေ့ကျင့်တာပါပဲ။”

အမတအကြီးအကဲနန်ကုန်းက ခေါင်းကိုသာ ခါ၍ စာကြည့်တိုက်ဆီသွားရာ ရှဲ့ယင်းယင်းကလည်း နောက်ကလိုက်လာ၏။

“ငါ့နောက်လိုက်မလာနဲ့။”

“ဟီးဟီး၊ ကျွန်မသွားမဲ့လမ်းနဲ့တူနေရုံပါနော်။”

စာကြည့်တိုက်သို့ရောက်ချိန်တွင် အနိမ့်တန်းဝိညာဥ်ရင်းမြစ်ပိုင်ရှင်များက စုဝေးနေလေသည်။ သူတို့မှာ ဘေးပတ်ဝန်းကျင်ကိုဂရုမစိုက်နိုင်၊ ထိုအစား သူတို့လက်ထဲရှိစာအုပ်ကိုသာ သဲကြီးမည်းကြီးဖတ်နေလေ၏။

ထိုသူတို့ထဲ ယဲ့ပိဖန်ရှိနေပြီး လက်ထဲတွင်မူ မန္တန်များကိုနှောင့်နှေးခြင်းမရှိဘဲအဓိကသုံးပြုရမဲ့နည်းလမ်းများစာအုပ်ကို ကိုင်ထားပြီး မျက်မှောင်ကြုတ်၍ အသဲအသန်ဖတ်နေ၏။ သူ့နဖူးထက်တွင်မူ ချွေးအေးတစ်လွှာဖုံးနေလေသည်။

“ဒါကိုစုယွမ်ရေးထားတာတဲ့လား။ မဖြစ်နိုင်တာ။ သူက အရင်တုန်းက ငါ့ထက်နည်းနည်းပဲသာတာပါ၊ အခုလောက်ကြီး ကွာမသွားသင့်ဘူးလေ။ တကယ်ပဲ၊ ဘယ်သူက ထိပ်တန်းအဆင့်ဝိညာဥ်ရင်းမြစ်ပိုင်ရှင်လဲ။ ငါ သူရေးထားတာတွေတစ်အုပ်တောင်နားမလည်နိုင်တာ။ သူက အုပ်ရေရာချီတောင်ရေးထားသေးတယ်။”

ယဲ့ပိဖန်မှာ အေးခဲနေလျက် သူ့ဘဝသူ ပြန်မေးခွန်းထုတ်နေမိတော့၏။

All Chapters