သနားစရာ မိန်းကလေးငယ်
Vol. 15 Ch. 150
နောက်ဆုံးမှာတော့ လီနန်ခယ့်သည် ထိုဖေဖေဆိုသည့်စကားလုံးလေးတွင် ကျရှုံးမသွားအောင် တောင့်ခံထားနိုင်ခဲ့ပါသည်။
မိုးနီကမ္ဘာ၏အန္တရာယ်များကို သူမျက်ဝါးထင်ထင်ကြုံတွေ့ခဲ့ရပြီးနောက် လုံးလုံးလျားလျား စိတ်မချရသေးခင်အထိ လက်လွတ်စပယ် ထပ်မံမစူးစမ်းဝံ့တော့လေပြီ။
သူ၏ အလွန်စပ်စုတတ်သောအကျင့်ကိုတော့ အောင့်ထားလို့ရနိုင်မရနိုင် မသေချာလှသေး။
"မင်းပြောပြောနေတဲ့ မိုးနီရဲ့နှလုံးသားဆိုတာ ဘာကိုပြောတာလဲ"
လီနန်ခယ့်က စိတ်ဝင်တစားမေးလိုက်သည်။
မင်းသမီးရှန်းယွမ်က ကုတင်ပေါ်တွင် လက်တစ်ဖက်ထောက်ကာ စောင်းစောင်းလေး ပျင်းရိစွာလှဲလျောင်းနေခဲ့ပြီး သူမ၏ ပိုးသားကဲ့သို့သော ဆံနွယ်များသည်ကား ရေတံခွန်တစ်ခုကဲ့သို့ ခါးအထိကျဆင်းနေခဲ့သည်။
"ဒီဇနီးလည်း သေချာတော့မသိပါဘူး။ ဒါပေမဲ့ အဲ့ဒီနှလုံးသားက ယောက်ျားနဲ့ကျွန်မတို့ကို ပုံမှန်အတိုင်းပြန်လည်ပေါင်းဖက်နိုင်စေမယ်လို့ ခံစားမိနေတယ်"
"ဒီတော့ မင်းအဲ့ဒါကို မြင်ဖူးတာလား မမြင်ဖူးတာလား"
လီနန်ခယ့်သည် မျက်စိရှေ့မှအမျိုးသမီးကို တဖြည်းဖြည်းနှင့် ယုံကြည်စိတ်ချလို့မရနိုင်တော့သလိုခံစားရ၏။ သူမသည် နတ်ဝင်သည်အလား မှော်ဆရာအလား စကားထာတွေဝှက်လွန်းလှသည်။
မင်းသမီးရှန်းယွမ်ကဆိုသည်။
"ယောက်ျားမရောက်ခင်က ကျွန်မဒီကမ္ဘာကို အသေးစိတ်စုံစမ်းလေ့လာခဲ့တယ်၊ တစ်ခုရှိတာက ကျွန်မကလူကိုယ်တိုင်ထွက်မရဘဲ စိတ်အာရုံကိုပဲအသုံးပြုလေ့လာနိုင်တဲ့အတွက် အကွာအဝေးက အကန့်အသတ်ရှိနေတယ်။ ဒီကမ္ဘာရဲ့အကျယ်အဝန်းနဲ့ယှဥ်ရင် အရမ်းကျဥ်းမြောင်းနေသေးတာပေါ့။ "
"ဒါပေမဲ့ တစ်ခါတုန်းကတော့ လူသားတစ်ယောက်ရဲ့ နှလုံးသားနဲ့ ဆင်တူတဲ့အရာကို မတော်တဆ မြင်ခဲ့ဖူးတယ်။ အဲ့ဒါက လူ့နှလုံးသားထက် ဆယ်ဆလောက်ပိုကြီးပြီး မိုးနီတွေနဲ့ဖွဲ့စည်းထားတာ။ ပြီးတော့ မိုးနီကမ္ဘာရဲ့ မိစ္ဆာကောင်တွေအများကြီးကလည်း အဲ့ဒါကို စောင့်ကြပ်နေကြတယ်။"
"အဲ့ဒါကိုမြင်လိုက်ရချိန်မှာ ကျွန်မ လက်တွေ့ကမ္ဘာကိုပြန်သွားလို့ရနိုင်တော့မလို အရိပ်အယောင်တစ်ခု ကျွန်မခံစားခဲ့လိုက်ရတယ်။ ကံဆိုးတာက အဲ့နှလုံးသားဟာ မြန်မြန်ဆန်ဆန်ပဲပျောက်ကွယ်သွားပြီး နောက်ထပ်လည်းမတွေ့ရတော့ဘူး။ ဒါပေမဲ့ မိုးနီနှလုံးသားက ကျွန်မတို့ကို ပုံမှန်အခြေအနေပြန်ဖြစ်အောင် ကူညီပေးနိုင်မယ်လို့ ကျွန်မယုံကြည်တယ်"
"မိစ္ဆာကောင်တွေအများကြီး စောင့်ကြပ်နေကြတာလား"
ထိုစကားကိုကြားလိုက်ချိန်တွင် လီနန်ခယ့်၏နှလုံးသားမှာ အေးစက်တောင့်တင်းသွားရ၏။
မိစ္ဆာတစ်ကောင်မျှဖြင့် သူတော်တော်လေးခေါင်းကိုက်နေရပြီဖြစ်ရာ မိစ္ဆာကောင်များစွာခြံရံစောင့်ကြပ်နေသော ထိုရတနာကို စူးစမ်းလေ့လာဖို့မှာ အဓိပ္ပာယ်မရှိလှလေပြီ။
"ငါတစ်ခုမေးစရာရှိတယ်။ ဒီမိုးနီကမ္ဘာထဲမှာ ငါသေသွားခဲ့ရင် ပြန်ပြီးအသက်ရှင်လာနိုင်ဦးမလား"
လီနန်ခယ့်က အဓိကအချက်ကိုမေးလိုက်သည်။
မင်းသမီးရှန်းယွမ်ကဆိုသည်။
"ဒီမင်္ဂလာခန်းမလေးက ဒီကမ္ဘာမှာ တစ်ခုတည်းသောလုံခြုံတဲ့နေရာပဲ။ ရှင်ဒီနေရာမှာသေသွားရင်တော့ သေချာပေါက် အပြင်ကမ္ဘာမှာအသက်ပြန်ရှင်မယ်။ ဒါပေမဲ့ အပြင်မှာသေရင်တော့ တကယ်သေရမှာပဲ။ ဒါမှမဟုတ် အရင်ကမ္ဘာကိုပြန်ရောက်သွားတာလည်းဖြစ်နိုင်တယ်။ ဒီဘက်ကမ္ဘာကို ပြန်လာလို့ရနိုင်မရနိုင်တော့ မသေချာဘူး"
လီနန်ခယ့် အသက်ပြင်းပြင်းရှူသွင်းလိုက်မိသည်။
အိမ်ချေးငွေနဲ့ ကားချေးငွေတွေ အပုံလိုက်ကို တစ်ပြားမှမဆပ်ခဲ့ရသေးဘူး။ အရင်ကမ္ဘာကိုပြန်ပို့လိုက်တာက ငရဲပို့တာထက်တောင် ရက်စက်လိမ့်ဦးမယ်။
အနည်းဆုံးတော့ဒီမှာ လုပ်ကျွေးပြုစုမယ့် ဇနီးလိမ္မာလေးရှိနေသေးတယ်လေ။
အစားအသောက် အဝတ်အထည်အတွက် ပူစရာမလိုတဲ့ကမ္ဘာမှာ ဘယ်သူကနေမပျော်မလဲ။
အစစအရာရာ လိုက်ပူပန်ဂရုစိုက်ပေးတဲ့ အထက်လူကြီးလှလှလေးလည်း ရှိနေသေးတယ်။
တော်ဝင်အဆင့် ထိပ်တန်းအလှနတ်သမီးတွေကိုတောင် ရံဖန်ရံခါ မြည်းစမ်းစားသောက်နိုင်သေးတယ်။
ဘာကြောင့် အရင်ကမ္ဘာကို ပြန်သွားချင်ရမှာလဲ။
ဤသို့တွေးမိပြီး လီနန်ခယ့်သည် အလေးအနက်ရှိလှသောမျက်နှာဖြင့် အမျိုးသမီးကိုပြန်လှည့်ကြည့်ကာ ဆို၏။
"မင်းဘာသာ အပြင်ကမ္ဘာကိုပြန်မသွားနိုင်တာက မင်းပြဿနာပဲ။ ငါနဲ့ ဘာမှမဆိုင်ဘူး။ ဒီဘဝမှာ ငါ့အတွက်က ကောင်းကောင်းမွန်မွန်အသက်ရှင်နေသရွေ့ လုံလောက်ပြီ။ မင်းအတွက်ငါ့ကို အသုံချခိုင်းစားဖို့တော့ စဥ်းတောင်မစဥ်းစားနဲ့"
"မင်းပြောသလို ဆယ်ရက်တစ်ကြိမ် ကိုယ့်ကိုယ်ကိုယ်ပြန်မသတ်ရင် မိုးနီကမ္ဘာထဲမှာ လုံးဝပိတ်မိသွားမယ်ဆိုရင်လည်း ရှင်းရှင်းလေးပါ။ ဆယ်ရက်တစ်ခါ သတ်သေပေးလိုက်ရုံပဲပေါ့။ ဒါဆို အန္တရာယ်ကင်းကင်းနဲ့ ထာဝရ အေးအေးဆေးဆေးနေသွားလို့ရတာပဲ မဟုတ်ဘူးလား။"
မင်းသမီးရှန်းယွမ်သည် ချိုမြိန်စွာပြုံးလိုက်ရာ သူမအပြုံးထဲတွင် လှောင်ပြောင်လိုရိပ်အနည်းငယ်ကို မြင်တွေ့နိုင်ပေသည်။
"ရှင်တစ်သက်လုံး ရှောင်ပြေးပုန်းနေလို့ရမယ် ထင်နေတာလား။ ရှင်ဒီနေရာကို ပြန်ရောက်လာကတည်းက မိုးနီကမ္ဘာက မတည်မငြိမ်စဖြစ်လာခဲ့တာ။ မကြာသေးခင်ကဆိုရင် ရှင့်ကို အပြင်ကမ္ဘာထိတောင် လိုက်ပြီးနှောင့်ယှက်နေနိုင်ပြီလေ။ ရှင်ရောအဲ့ဒါကို သတိမထားမိဘူးလား။
"ကျွန်မရဲ့ ချစ်ယောက်ျားရယ်။ ရှင် မိုးနီဆီကနေ ထွက်ပြေးလို့မရနိုင်ပါဘူး။"
"မိုးနီကမ္ဘာထဲက မိစ္ဆာကောင်တွေက ရှင့်ကိုဘာလို့ ဒီလောက်တောင်မုန်းတီးနေရလဲဆိုတာ ကျွန်မလည်းမသိပါဘူး။ ဒါပေမဲ့ သိသာတာကတော့ ရှင်က သူတို့အတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်မှန်း သူတို့ခံစားနေရလို့ပဲ"
"အဲ့ဒီ သွေးမိစ္ဆာက ကျွန်မရဲ့ရုပ်အလောင်းကို လာလုတာကလည်း ကျွန်မခန္ဓာကိုယ်ထဲမှာရှိနေတဲ့ ရှင့်နှလုံးသားအစိတ်အပိုင်းကို ရချင်လို့ပဲ။ ရှင့်နှလုံးသားအစိတ်အပိုင်းကိုယူပြီး ရှင့်ကိုသတ်ဖို့နည်းလမ်းရှာနေကြတာ သိရဲ့လား။
လီနန်ခယ့်မှာ ထိုစကားအဆုံးတွင် ထုံထိုင်းသွားခဲ့ရသည်။
သို့သော် သေသေချာချာစဉ်းစားကြည့်သောအခါ တစ်ဖက်လူက သူ့ကို အသားလွတ်ခြောက်လှန့်နေခြင်း မဟုတ်ပေ။
ဒီရက်ပိုင်းအတွင်း အခြေအနေများမှာ အတော်လေးကို ပုံမှန်မဟုတ် မတည်မငြိမ်ဖြစ်လာခဲ့ပြီး မိုးနီကမ္ဘာထဲက အိပ်မက်ဆိုးမိစ္ဆာကောင်များပင် သူ့ကို တက်ကြွထက်သန်စွာ တိုက်ခိုက်လာနေကြသည်။
တစ်ခါတရံ သူခေါင်းမူးလာသောအခါ ထိုကြောက်မက်ဖွယ်ကောင်းသော အနီရောင်ကမ္ဘာကြီးကို မျက်စိတစ်ဆုံး မြင်တွေ့ရတတ်၏။
ပိုးကောင်တွေလား၊ ဒါမှမဟုတ် အသားစိုင်တွေကို ပါးပါးလှီးဖုံးအုပ်ထားတာမျိုးလား၊ တစ်ခုခုတော့ တစ်ခုခုပဲ။
ရွံစရာကောင်းလိုက်တာ။
ကြောင်နားရွက်တပ်ထားတဲ့ ကောင်မလေးတစ်ယောက်လောက်ပဲ ပေါ်လာလိုက်ပါတော့လား။
"ဒီမိုးနီကမ္ဘာဆိုတာ တကယ်ပဲဘာကောင်ကြီးလဲ။ ဘယ်ကနေဘယ်လို ဖြစ်ပေါ်လာရတာလဲ"
လီနန်ခယ့်မှာ အတွေးများစွာရှုပ်ထွေးနေဟန်ဖြင့်ညည်းညူလာသည်။
မင်းသမီးရှန်းယွမ်က ခါးသက်သက်အပြုံးဖြင့် ခေါင်းခါပြလာ၏။
"ကျွန်မလည်း သေချာမသိပါဘူး။ သူက အစကတည်းက မတည်ရှိလာသင့်တဲ့ကမ္ဘာတစ်ခု ဖြစ်ပုံရတယ်။ ဒါပေမဲ့ သူက တခြားကမ္ဘာတွေကိုသိမ်းပိုက်ပြီး အစားထိုးနေရာယူဖို့ ကြိုးစားနေတာ။"
"လက်ရှိကမ္ဘာမှာ ပုံမှန်အတိုင်းသေဆုံးသွားတဲ့ လူသေတွေက တကယ်သေသွားတာမဟုတ်ဘဲ မိုးနီကမ္ဘာရဲ့မိစ္ဆာကောင်တွေ ဖြစ်လာကြတာ။ ရှင်ကိုယ်တိုင်လည်း အဲ့အချက်ကိုသိခဲ့ပြီးပြီမဟုတ်လား။"
လီနန်ခယ့်သည် ခေါင်းပြတ်သတို့သမီးကို ပြန်သတိရသွားပြီး ခေါင်းညိတ်ပြသည်။
"အဲ့ဒါတော့တကယ်ပဲ။ ပြီးတော့ အဲ့ဒီမိစ္ဆာကောင်တွေ အသက်ရှင်စဥ်တုန်းကနာမည်ကိုခေါ်လိုက်ရင် သူတို့သေသွားတတ်ကြတယ်"
"မှန်တာပေါ့။ ဒါက ကမ္ဘာနှစ်ခုစလုံးဟာ တစ်ခုနဲ့တစ်ခု လွှမ်းမိုးမှုရှိနေတယ်ဆိုတာကို ပြနေတာပဲ။"
မင်းသမီးရှန်းယွမ်က စိုးရိမ်တကြီးဖြင့် ဆို၏။
"သင်္ချိုင်းလူသားတွေ၊ မိစ္ဆာတွေ၊ အိပ်မက်ဆိုးတွေ ကျွန်မအမြင်မှာတော့ အဲ့ဒါတွေအားလုံးက မိုးနီကမ္ဘာက လက်ရှိကမ္ဘာကို အစားထိုးဖို့အတွက် ပြင်ဆင်ထားတဲ့အရာတွေပဲ။"
"ဒါပေမဲ့ ရှင်ကတော့ တစ်ခုတည်းသော ပြောင်းလဲနိုင်တဲ့အချက်ဖြစ်လာခဲ့တယ်။ ဘာလို့လဲဆိုတော့ ရှင်တစ်ယောက်တည်းပဲ ကမ္ဘာနှစ်ခုစလုံးကို လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာနိုင်လို့ပဲ။"
လီနန်ခယ့်သည် အနည်းငယ် နားလည်သွားခဲ့ပြီဖြစ်သည်။
လူကိုမကောင်းဆိုးဝါးက ဝင်ရောက်ပူးကပ် ခန္ဓာယူသလိုပင်။
မိုးနီကမ္ဘာသည် လက်ရှိကမ္ဘာကို အစားထိုးနေရာယူလိုသည့်အတွက် ထိုကမ္ဘာရှိ လူသားများကို အရင်ဆုံးပြောင်းလဲပစ်ရမည်ဖြစ်သည်။
လွန်ခဲ့သော အနှစ်နှစ်ဆယ်မှ မိုးနီရွာသွန်းခြင်းဖြစ်ရပ်သည် မိုးနီကမ္ဘာ၏ ကျူးကျော်မှု ပထမဆုံးခြေလှမ်း ဖြစ်ခဲ့သည်ပင်။
"ဒါနဲ့ မင်းပေးတဲ့ဆုလာဘ်တွေက ဘာကြီးတွေလဲ။ ငါ့ကို စွမ်းအားကြီးတဲ့မှော်လက်နက်တွေဘာတွေ ပေးလို့မရဘူးလား။"
လီနန်ခယ့်က မကျေမနပ်ဖြင့် ညည်းတွားလိုက်သည်။
"ပေးရင်လည်း အုတ်ခဲ ဒါမှမဟုတ် ဓားခုတ်ရတဲ့ကျမ်းစာအုပ်တွေ။ နေရာရွှေ့ပြောင်းတဲ့ အဆောင်ကတော့ မဆိုးပါဘူး။ ဒါပေမဲ့ နှမြောစရာကောင်းတာက အကုန်သုံးပစ်လိုက်ပြီးပြီ။ ငါ့ကို အဲ့ဒါလေးတွေ ထပ်ပေးပါဦး။ သေမလိုတွေ ခဏခဏဖြစ်လွန်းလို့"
မင်းသမီးရှန်းယွမ်က ပြုံးလိုက်သည်။
"အဲ့ဒါတွေက ကျွန်မပေးတာမဟုတ်ပါဘူး။"
လီနန်ခယ့်သည် အံ့အားသင့်သွားရသည်။
"မင်းပေးတာမဟုတ်ဘူး ဟုတ်လား။ ဒါဆို ဘယ်သူပေးတာလဲ။"
"ရှင် မင်္ဂလာဦးခန်းဆောင်ကို ပထမဆုံးဝင်လာပြီးတဲ့နောက် အဲ့ဒီ ထူးဆန်းတဲ့သေတ္တာတွေ တစ်ခုပြီးတစ်ခုပေါ်လာခဲ့တာ။ ကျွန်မမှာ အဲ့ဒါကိုထိန်းချုပ်နိုင်တဲ့နည်းလမ်း မရှိပါဘူး။ ရှင့်ကံတရားအပေါ်မူတည်ပြီး ဆုလာဘ်တွေ ပေါ်ပေါ်လာတတ်တာပဲ"
မင်းသမီးရှန်းယွမ်က စိတ်ရှည်လက်ရှည် ရှင်းပြသည်။
ဒါကြောင့်ကိုး။
လီနန်ခယ့်သည် ခေါင်းကိုကုတ်လိုက်ပြီး မင်္ဂလာဦးခန်းဆောင်ကို လှည့်ပတ်ကြည့်ရှုရင်း ပြောစရာစကားမဲ့နေရသည်။
ဒါက မဲနှိုက်နေရတာနဲ့ ဘာထူးလို့လဲ။
မင်းသမီးရှန်းယွမ်သည် သူမ၏ ဖြူဝင်းပြီးဖြောင့်စင်းသော ခြေတံလေးများကို စုစည်းကာ ကုတင်အစွန်းတွင်ထိုင်ရင်း တည်ကြည်သောအမူအရာဖြင့် ပြောလာသည်။
"အဲ့ဒီ သွေးမိစ္ဆာကိုလည်း ကျွန်မသတ်လိုက်နိုင်တာမဟုတ်ဘူး။ ဒဏ်ရာပဲရပြီး ထွက်ပြေးသွားတာ။ ရှင် ဟိုဘက်ကမ္ဘာပြန်ရောက်သွားရင် သူ့ကြောင့်ဒုက္ခမရောက်ရအောင် ညကင်းလှည့်ဌာနနဲ့ ပူးပေါင်းပြီး အမြန်ဆုံး အမြစ်ပြတ်ဖယ်ရှားလိုက်ပါ။"
"အဲ့ဒီမိစ္ဆာအပေါ်မှာရှိနေတဲ့ မိုးနီအငွေ့အသက်က တခြားမိစ္ဆာကောင်တွေထက် ပိုပြီးထူထပ်တယ်။"
"ကျွန်မထင်တာကတော့ သူက မိစ္ဆာဘက်ကို လုံးဝအသွင်မပြောင်းသေးတာ ဖြစ်နိုင်တယ်။ အချိန်ဆွဲလေလေ ကိုင်တွယ်ရပိုပြီးခက်ခဲလေလေ ဖြစ်မှာပဲ"
လီနန်ခယ့် မတတ်သာစွာ သက်ပြင်းချလိုက်မိ၏။
"ငါနားလည်ပါပြီ။"
ငြိမ်းချမ်းသောဘဝလေးတစ်ခုကို နေထိုင်ဖြတ်သန်းဖို့တော့ မဖြစ်နိုင်တော့ပုံရလေသည်။
လီနန်ခယ့်သည် ရုတ်တရက် တစ်စုံတစ်ခုကိုတွေးမိလိုက်ပြီး မျက်လုံးများ တောက်ပလာခဲ့သည်။
"တခြား အိပ်မက်လမ်းလျှောက်သူတွေရော ငါ့အိပ်မက်ကနေတစ်ဆင့် မိုးနီကမ္ဘာထဲဝင်လာလို့ရမလား။ ကူညီနိုင်မဲ့ လူအင်အားများအောင်လို့ပေါ့။
"ကျွန်မမသိဘူး။ ရရင်လည်းရမယ်၊ မရရင်လည်း မရဘူး။"
မင်းသမီးရှန်းယွမ်က ဆက်ပြောသည်။
"ကျွန်မရဲ့ ညီမဖြစ်တဲ့ တစ္ဆေနတ်ဘုရားလှံသွားရှင်ကလည်း အိပ်မက်လမ်းလျှောက်သူတစ်ယောက်ပဲ။ သူဆို ဒီမင်္ဂလာဦးခန်းဆောင်ထဲကို ဝင်လာနိုင်ပေမဲ့ မိုးနီကမ္ဘာထဲကိုတော့ ထွက်မသွားနိုင်ဘူး။ မိုးနီတိတ်သွားတဲ့အချိန်မှာတောင် မသွားနိုင်ဘူး။"
"ငါသိပါပြီ။"
လီနန်ခယ့် စိတ်ဓာတ်ကျသွားခဲ့ရသည်။
သို့ဆိုလျှင်ဖြင့် သူတစ်ယောက်တည်းပဲ တိုက်ခိုက်ရတော့မည်။
"ဒါပေမဲ့..."
မင်းသမီးရှန်းယွမ်သည် ရုတ်တရက် ထိုအမျိုးသားကို ထူးဆန်းသောအကြည့်ဖြင့် ဆတ်ခနဲကြည့်လိုက်ပြီး ဆိုလာ၏။
"ယောက်ျားကတော့ လက်ရှိကမ္ဘာကလူတွေကို မိုးနီကမ္ဘာထဲ တိုက်ရိုက်ပို့ပေးလို့ရတယ်"
"တိုက်ရိုက်ပို့ပေးလို့ရတယ် ဟုတ်လား။ ဘယ်လိုလုပ်ရမှာလဲ။"
လီနန်ခယ့်၏ စိတ်ဓာတ်ကျနေသောမျက်လုံးများ တစ်ဖန်ပြန်တောက်ပလာခဲ့သည်။
မင်းသမီးရှန်းယွမ်က ခေါင်းကို ဖြည်းညှင်းစွာခါပြလာ၏။
"နည်းလမ်းကိုတော့ ကျွန်မလည်းမသိဘူး။ ရှင်ကိုယ်တိုင်စူးစမ်းရလိမ့်မယ်။ လွန်ခဲ့တဲ့ရက်ပိုင်းက ရှင် မိန်းကလေးငယ်တစ်ယောက်ကို မိုးနီကမ္ဘာထဲ အောင်အောင်မြင်မြင်ပို့ပေးခဲ့တယ်မဟုတ်လား။"
"ဟုတ်လား"
လီနန်ခယ့်က ခေါင်းတညိတ်ညိတ်နှင့် စဥ်းစားနေသည်။
ထို့နောက် ချက်ချင်းဆိုသလိုပင် သူ၏မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး ဝုန်းခနဲထရပ်လိုက်ကာ ထိတ်လန့်တုန်လှုပ်သောအမူအရာဖြင့် ဆို၏။
"မင်းဘာပြောလိုက်တာလဲ။"
"ယောက်ျား မသိဘူးလား။"
အမျိုးသမီး၏ လှပသော မျက်ခုံးနှစ်သွယ်မှာ တွန့်ချိုးသွားခဲ့ရသည်။
"အဲ့မိန်းကလေးကို ရှင်ပဲ ဒီပို့လိုက်တာမဟုတ်လား"
"အရမ်းလှပြီး ကလေးမျက်နှာနုနုလေးနဲ့ မိန်းကလေးလား။ အရပ်က ဒီလောက်လောက်ရှိပြီး အပြာရောင်မျက်ဆန်ထင်းထင်းနဲ့တစ်ယောက်လား။"
လီနန်ခယ့်သည် မယ်မယ်ကြီး၏ အရပ်အမြင့်ကို လက်ဖြင့်တိုင်းပြပြီး ကပျာကယာမေးလိုက်သည်။
"ဟုတ်တယ်လေ အဲ့မိန်းကလေးပဲ"
"..."
“အိုးးးးးး ရှစ်……….”