ပူးပေါင်းကြံစည်မှု
Vol. 15 Ch. 141
မင်းသမီးကြီးပိုင်ရူယွဲ့၏ အမိန့်တော်အောက်တွင် ကျန်ရှိနေသော သက်တော်စောင့်များက ရှေ့သို့တစ်လှမ်းတိုးကာ တုန်းဝမ်ခွင်းအား ဝိုင်းရံပိတ်ဆို့ရန် ပြင်လိုက်ကြသည်။
တုန်းဝမ်ခွင်းတစ်ယောက် ရင်ထဲ အေးခနဲဖြစ်သွားရ၏။
ယခုအချိန်မှတော့ သူရုန်းလို့မလွတ်တော့သည်ကို ကောင်းကောင်းသိလိုက်သည်။ ဘယ်လိုပဲ ရှင်းပြရှင်းပြ သူ့အပြစ်က ဆေးကြောသန့်စင်နိုင်တော့မည်မဟုတ်။ သဘောပေါက်သွားသည်နှင့်အတူ ဒေါသအဟုန်က နှလုံးသားမှတစ်ဆင့် လည်ချောင်းနှင့် တစ်ကိုယ်လုံးအထိ လောင်မြိုက်နေပြီး အမုန်းတရားများကို ပိုမိုတောက်လောင်စေခဲ့သည်။
"မင်းတို့အားလုံး ငါ့ကို လုပ်ကြံချင်နေကြတာပဲ။"
"မင်းတို့အားလုံး ငါ့ကို သတ်ချင်နေကြတာ။"
တုန်းဝမ်ခွင်းသည် ရူးသွပ်သွားသည့်အလား ရုတ်တရတ် ခေါင်းကိုလှည့်ပြီး ပိုင်ရူယွဲ့ကိုစိုက်ကြည့်ကာ အော်ဟစ်လေသည်။
"မင်းပါ ငါ့ကို လုပ်ကြံချင်နေတာ"
ထို့နောက် သူ၏ သံချိတ်ကောက်လက်နက်ကို ဝှေ့ယမ်းကာ ပိုင်ရူယွဲ့ဆီသို့ တိုက်ရိုက်ခုန်အုပ်လိုက်တော့၏။
လီနန်ခယ့်သည် ဤမြင်ကွင်းကိုကြည့်ရင်း ဆွံ့အသွားရသည်။ ဘုရားရေ ဒီကောင်ကတော့ သူ့ရဲ့ နောက်ဆုံးကျန်တဲ့ထွက်ပေါက်ကို သူကိုယ်တိုင် လုံးဝပိတ်ဆို့လိုက်ပြီပဲ။
တုန်းဝမ်ခွင်းက မင်းသမီးကြီးကို အမှန်တကယ် လုပ်ကြံရန် ကြိုးပမ်းလာသည်အား မြင်သော် သက်တော်စောင့်များက သူမကို ကာကွယ်ရန် ရှေ့သို့ အလုအယက်တိုးဝင်သွားကြသည်။
နျဲ့ယင်းလည်း ထိတ်လန့်သွားကာ အရှေ့ဆုံးကနေ ပြေးဝင်သွားခဲ့၏။
အကယ်၍ သစ္စာဖောက်ကို ဝိုင်းဝန်းနှိမ်နင်းရာမှ မင်းသမီးကြီးသာ မတော်တဆ ဒဏ်ရာရရှိသွားပါက ဤနေရာတွင်ရှိသူ တစ်ဦးတစ်ယောက်မျှ ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ရမည် မဟုတ်ပေ။
သို့သော် မျှော်လင့်မထားဘဲ တုန်းဝမ်ခွင်းက ရုတ်တရတ် နောက်သို့ဆုတ်ခွာသွားခဲ့သည်။ သူသည် ဖိနပ်အောက်ခံကို ကြမ်းပြင်ထက် ပြင်းထန်စွာပွတ်ဆွဲကာ ပဲ့ထွက်လာသော ကျောက်သားအစအနများစွာအား ကန်ထုတ်ပြီး လူအုပ်ကြီးကို လူစုခွဲလိုက်စေပြီးနောက် လက်ထဲမှသံချိတ်ကောက်ကို လိန်ရှင်းနန်ထံသို့ လွှဲရိုက်လိုက်တော့သည်။
သံချိတ်ကောက်သည် လေထုကို ရွှီခနဲဖြတ်သန်းကာ စူးရှသောအသံဖြင့် ပြေးဝင်လာ၏။ လိန်ရှင်းနန်၏ မျက်နှာအမူအရာကတော့ အေးဆေးတည်ငြိမ်နေဆဲပင်။ သူမက လက်ပေါ်တွင် ရေခဲများဖုံးလွှမ်းစေလိုက်ပြီး ထိုလက်နက်ကို အားပြင်းပြင်းဖြင့်ဖမ်းဆုပ်လိုက်ရာ ပြင်းစွာသောအားကြောင့် ခြေလှမ်းများ အနည်းငယ်ယိုင်နဲ့သွားရသည်။
ဤသို့ဖြင့် သူမကျောနောက်တွင် ကွယ်ရပ်နေသောလီနန်ခယ့်လည်း အကာအကွယ်လွတ်သွားတော့လေ၏။
ထိုအခိုက်အတန့်တွင် တုန်းဝမ်ခွင်းက တစ်ဖန်လှုပ်ရှားပြန်သည်။ ထိုသူသည် အံ့ဩစရာကောင်းလောက်အောင် မြန်ဆန်လှသောအရှိန်ဖြင့် လီနန်ခယ့်ထံသို့ ရုတ်တရတ် လှည့်ဝင်လာခြင်းပင်။
သူသည် လက်ချောင်းများကို သိမ်းငှက်လက်သည်းသဏ္ဍာန်ပြုလုပ်လိုက်ပြီး မုန်တိုင်းတစ်ခုအလား ပြေးဝင်လာကာ လီနန်ခယ့်၏မျက်နှာဆီသို့ ချိန်ရွယ်၍ တရစပ်တိုက်ခိုက်လေတော့သည်။
"မင်းကိုငါသတ်မယ်"
တုန်းဝမ်ခွင်း၏ မျက်နှာမှာ ပုံပျက်ပန်းပျက်ဖြစ်နေပြီး ဆံပင်များနှင့် ဝတ်ရုံလက်ဖျားများက လေမတိုက်ဘဲ လွင့်ပျံနေသည်။ သူသည် ရူးသွပ်နေသော မိစ္ဆာတစ်ကောင်ကဲ့သို့ဖြစ်နေပြီး သွေးရဲရဲနီနေသော မျက်ဝန်းများထဲတွင် ရက်စက်ကြမ်းတမ်းမှု၊ အမုန်းတရားနှင့် မျှော်လင့်ချက်မဲ့ခြင်းတို့က အမှောင်ဖုံးလျက်ရှိကြတော့၏။
ယခုအချိန်တွင် သူသည် ထွက်ပြေးစရာလမ်းမရှိတော့ကြောင်း သေချာပေါက်နားလည်သွားပြီးဖြစ်သောကြောင့် မသေဆုံးမီ လီနန်ခယ့်ကို တစ်ပါတည်းဆွဲခေါ်သွားရန် ဆုံးဖြတ်ထားခြင်းပင်။
"နည်းနည်းတော့ လည်သားပဲ။"
ဓားရိုးပေါ်တွင် လက်ကြိုတင်ထားသော လီနန်ခယ့်သည် ထိုပြင်းထန်လှသောတိုက်ခိုက်မှုကို မြင်သော် နှုတ်ခမ်းစွန်းကို အနည်းငယ်တွန့်ရုံမျှ ပြုံးလိုက်၏။
ရွှပ်
အေးစက်ပြီး စူးရှတောက်ပသော ဓားအလင်းတန်းတစ်ခု ပွင့်ထွက်သွားသည်။
ဓားထုတ် ခုတ်လွှဲခြင်း။
အဖြူရောင်လေဖိအားလှိုင်း ကွင်းပြင်ကြီးတစ်ခုသည် ဓားအလင်းတန်းထဲမှ ချက်ချင်း ပေါက်ကွဲထွက်ပေါ်လာ၏။
ဘာတွေလဲ။
တုန်းဝမ်ခွင်း၏ မျက်ဆံများ ကျုံ့ဝင်သွားရသည်။
မတိုင်မီက သူသည် လီနန်ခယ့်၏ ကျင့်စဉ်အဆင့်အတန်းကို အလွန်နိမ့်ကျသည်၊ အလွန်ဆုံးရှိမှ စတင်လေ့ကျင့်ခါစ ကျင့်ကြံသူတစ်ဦးဟုသာ အမြဲတွေးထင်ထားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူ၏ အားအင်အများစုကို ဘေးလူများအားတားဆီးဖယ်ရှားရန် အသုံးပြုခဲ့ပြီး လီနန်ခယ့်ကို ချုံခိုတိုက်ခိုက်ရာတွင်တော့ အားလျှော့သုံးခဲ့လိုက်ခြင်းပင်။
သို့သော် လီနန်ခယ့်က ဤဓားထုတ်ခုတ်လွှဲခြင်းကို ထုတ်သုံးလိုက်သည့်အခိုက်အတန့်တွင် သူမှားသွားပြီဆိုတာကို သိလိုက်ရတော့သည်။
ဒီကောင်က ဝက်ဝံအရေခြုံပြီး ကျားသားစားဖို့ကြံစည်ထားတာပဲ။
အချိန်ပိုင်းအတွင်း တုန်းဝမ်ခွင်းသည် အလျင်အမြန်နောက်ဆုတ်လိုက်သော်လည်း စက္ကန့်ပိုင်းမျှ နောက်ကျသွားခဲ့ရသည်။ သူ့ရင်ဘတ်မှ အဝတ်အစားများ တစ်စစီစုတ်ပြဲသွားကာ သွေးချင်းချင်းနီသော ဒဏ်ရာတစ်ခု ပေါ်လာပြီးနောက် ထပ်ကြပ်မကွာ လိုက်လံတိုက်ခိုက်လာသော လိန်ရှင်းနန်၏ လက်သီးချက်များကြောင့် ထောင့်တစ်နေရာသို့ လွင့်စင်သွားရတော့သည်။
တုန်းဝမ်ခွင်းသည် သွေးတပွက် အန်ထုတ်လိုက်ရပြီး မျက်နှာတစ်ခုလုံး မျှော်လင့်ချက်မဲ့မှုများဖြင့် အသက်မဲ့သွားရ၏။
ထို့နောက် ကျန်သူများပါပေါင်းကာ သူ့ကို အသက်ရှူခွင့်ပင်မပေးဘဲ ဝိုင်းဝန်းတိုက်ခိုက်ကြပြန်လေသည်။
တိရစ္ဆာန်များသည် ချောင်ပိတ်တိုက်ခိုက်ခံရချိန်တွင် အားအကြီးဆုံး၊ အရက်စက်ဆုံး ဖြစ်လာတတ်ပြီး မထင်မှတ်ထားသော ရှင်သန်လိုစိတ်စွမ်းအင်များကိုပါ ထုတ်ဖော်အသုံးပြုနိုင်ကြသည်ဟု ဆိုရိုးရှိသည်။ တုန်းဝမ်ခွင်းသည်လည်း ပိတ်မိနေသော ခြင်္သေ့တစ်ကောင်ကဲ့သို့ စွမ်းအားကုန်ထုတ်သုံးကာ မရမက ခုခံရုန်းကန်နေဆဲပင်။
သို့သော် လက်နှစ်ဖက်သည် လက်လေးဖက်ကိုယှဉ်ရန် ခက်ခဲလှပေသည်။ ခဏချင်းအတွင်းမှာပင် သူ့ခန္ဓာကိုယ်အနှံ့ ဒဏ်ရာများစွာဖြင့် ရဲရဲနီကာ သွေးများ တရစပ်စီးကျလာခဲ့တော့၏။
ဒီအတိုင်းသာဆိုရင် ဆက်လက်ရှင်သန်ဖို့ မျှော်လင့်ချက်မရှိလေပြီ။
ပြဿနာရှာရန်ရောက်ရှိလာခဲ့သော ထျန်ချုံးဂိုဏ်းသားအနည်းငယ်မှာလည်း ဘယ်အချိန်ကမှန်းမသိ ပျောက်ကွယ်သွားခဲ့ကြပြီ ဖြစ်သည်။ မထွက်ခွာမီ ခရမ်းရောင်ဝတ်စုံဝတ် မျက်နှာဖုံးစွပ်အမျိုးသမီးသည် လီနန်ခယ့်ကို လျှို့ဝှက်စွာ မျက်စိတစ်ချက်မှိတ်ပြပြီး စနောက်ကျီစယ်သွားခဲ့သေး၏။
သို့သော် တစ်ခါတစ်ရံတွင် ပြီးပြည့်စုံလှသည်ဟုထင်ရသော အစီအစဉ်များပင်လျှင် ရုတ်တရတ်ဖြစ်ပေါ်လာတတ်သည့် ကံအပြောင်းအလဲကိုတော့ မတားဆီးနိုင်ပါပေ။
တုန်းဝမ်ခွင်း အသက်ပျောက်လုနီးပါးဖြစ်နေသည့် အရေးပေါ်အချိန်မှာပင် စူးရှလှသော အော်ဟစ်သံကြီးတစ်ခု ရုတ်တရတ် မြည်ဟည်းသွားခဲ့သည်။
အမိုးအုတ်ကြွပ်များ၊ အခန်းတွင်း နံရံပန်းချီများ၊ ပရိဘောဂများနှင့် စက္ကူပြတင်းပေါက်များအားလုံးသည် ထိုရုတ်တရတ်ပေါ်ထွက်လာသော စူးရှရှအော်ဟစ်သံကြောင့် အစိတ်စိတ်အမြွှာမြွှာ ကွဲအက်လွင့်ပါးသွားကြကုန်၏။
ရဲစွေးလှသော အနီရောင်အရိပ်တစ်ခုသည် အိမ်ဝင်းထဲသို့ ခုန်ပျံဝင်ရောက်လာသည်။ သေသေချာချာ ကြည့်လိုက်သောအခါ ရောက်ရှိလာသူမှာ သွေးချင်းချင်းနီလျက် ဆံပင်ဗရပွဖြင့် ခြောက်ခြားဖွယ် နေ့ခင်းတစ္ဆေတစ်ကောင်ကဲ့သို့ ဖြစ်နေပြီး သူ့ခန္ဓာကိုယ်မှ ရေတွက်၍မရနိုင်သော သွေးရောင်ချည်မျှင်များစွာ သက်ဝင်ရုန်းကန်နေသည်ကို မြင်တွေ့နိုင်သည်။
မိစ္ဆာတစ်ကောင် ရောက်ရှိလာသည်လော။
လူတိုင်း အကြီးအကျယ် မျက်နှာပျက်သွားကြသည်။
အတွင်းရေးကိစ္စ ဖြေရှင်းနေချိန်အတွင်း မိစ္ဆာတစ်ကောင် အိမ်ဝင်းထဲအထိ ကျူးကျော်ဝင်ရောက်လာမည်ဟု နှစ်ဖက်လုံးထင်မထားခဲ့။
လီနန်ခယ့်က ကျိန်ဆဲလိုက်ရင်း "တုန်းဝမ်ခွင်းကို အရင်သတ်" ဟု အော်ပြောလိုက်ကာ သူကိုယ်တိုင် ရှေ့သို့ပြေးဝင်ရန် ပြင်လိုက်သည်။
သို့သော် လိန်ရှင်းနန်က သူ့ကို သူမဘေးသို့ အားဖြင့်ဆွဲခေါ်ထား၏။
လီနန်ခယ့် မတ်တပ်ရပ်နေခဲ့သောနေရာတွင် ထက်ရှလှသော အနီရောင်သွေးချည်မျှင်တစ်ခု ကျရောက်သွားရာ လိန်ရှင်းနန်သာမဆွဲလျှင် သူအနာတရဖြစ်မည်မလွဲပေ။
ယခုအချိန်တွင် တုန်းဝမ်ခွင်းကို မည်သူမျှ ဂရုမစိုက်နိုင်တော့ပေ။ လူတိုင်းက မင်းသမီးကြီးကို မိစ္ဆာရန်မှ ကာကွယ်ရန်အတွက် သူမ၏ဘေးပတ်လည်တွင် တင်းတင်းကြပ်ကြပ် ဝိုင်းရံလိုက်ကြပြီး ကာကွယ်ရေးမန္တန်ဒိုင်းများဖြင့် ပိတ်ဆို့ကာဆီးထားလိုက်ကြသည်။
လိန်ရှင်းနန်သည် လီနန်ခယ့်တစ်ယောက်ကို အနီးကပ်ကာကွယ်ပေးရင်း ထောင့်တစ်နေရာသို့ရွှေ့သွားကာ လက်မခန့်အထူရှိသော ကျည်တောက်တစ်ခုကို ဆွဲလိုက်၏။
အချက်ပြမီးတစ်ချက် ကောင်းကင်သို့ပျံတက်သွားပြီး ပေါက်ကွဲသွားလေသည်။
ဤသည်မှာ ညကင်းလှည့်တပ်ဖွဲ့မှ အခြားသူများကို အမြန်ဆုံးရောက်ရှိလာရန် အရေးပေါ်ဆင့်ခေါ်ခြင်းပင်။
သို့သော် ထိုမိစ္ဆာသည် ဤနေရာတွင်ရှိနေသူများကို အန္တရာယ်ပြုဖို့ စိတ်ဝင်စားပုံမရဘဲ အလယ်ဗဟိုတွင် မတ်တပ်ရပ်နေရင်း သူ၏ သွေးရောင်ချည်မျှင်များကိုသာ ရူးသွပ်စွာ တိုးပွားနေစေခဲ့၏။
ဗြန်း
ရုတ်တရတ် မိစ္ဆာ၏ခန္ဓာကိုယ်သည် ရေပူဖောင်းပေါက်ကွဲသည့်အလား အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားခဲ့၏။
သူ့ခန္ဓာကိုယ်တွင်းမှ ပေါက်ထွက်လာသောသွေးရည်များသည် အလွန်ပါးလွှာသေးမျှင်သော ရေဘဝဲလက်တံများအဖြစ် ပြောင်းလဲသွားကာ အရပ်ရပ်သို့ ပျံ့နှံ့သွားသည်။ ထိုအရာများသည် လူတိုင်းကို မထိမခိုက်ကျော်ဖြတ်ပြီး အိမ်ဝင်း၏ ထောင့်စွန်းများဆီသို့ တိုးဝင်သွားခဲ့သည်မှာ တစ်ခုခုကို အသည်းအသန်ရှာဖွေနေသည့်အလား။
သူ ဘာကိုရှာနေတာလဲ။
ဤသည်မှာ လူတိုင်းတွေးနေကြသော မေးခွန်းပင်။
မကြာမီ မိစ္ဆာသည် တစ်ခုခုကို အာရုံခံမိသွားပုံရပြီး အနောက်ဘက်အခန်းဆောင်ဆီသို့ ပြေးဝင်သွားတော့၏။
၎င်းသည် မင်းသမီးရှန်းယွမ်၏ရုပ်ကလာပ် ထားရှိရာအခန်းပင်။
ပိုင်ရူယွဲ့က အမြန်ဆုံး အသိစိတ်ကပ်ကာ အလျင်အစလိုအော်ပြောလိုက်သည်။
"သူ့ကိုတားကြ"
သက်တော်စောင့်များသည် မင်းသမီးကြီးကိုကာကွယ်ရန် အဓိကထားနေကြသော်လည်း ပိုင်ရူယွဲ့၏အမိန့်တော်ကို မလွန်ဆန်ရဲသဖြင့် လူအင်အားအချို့ခွဲထုတ်ကာ မိစ္ဆာကို သွားရောက်ပိတ်ဆို့တားဆီးကြသည်။
ဝုန်း
ထိုစဥ် ချည်မျှင်ကဲ့သို့ သွေးလက်တံများက ချက်ချင်း ပေါက်ကွဲထွက်သွားပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို အနီရောင်မြူခိုးများဖြင့် ပြည့်နှက်သွားစေသည်။
သူတို့အားလုံး တစ်ယောက်ကိုတစ်ယောက် မမြင်နိုင်တော့သည်အထိ ထူထပ်စွာဖုံးလွှမ်းသွားခြင်းပင်။
ဆန့်ကျင်ဘက်အနေဖြင့် မိစ္ဆာနှိမ်နင်းရေးပညာရှင်တစ်ဦးဖြစ်သော လိန်ရှင်းနန်ကတော့ မင်းသမီးရှန်းယွမ်၏ရုပ်ကလာပ်ကို လုံးဝ ဂရုမစိုက်ပေ။ သူမသည် လီနန်ခယ့်ကို ကာကွယ်ရန်အတွက်သာ အာရုံအပြည့်စိုက်ထားပြီး စောစောက တုန်းဝမ်ခွင်းတစ်ယောက် သူကာထားသည့်ကြားမှ ရအောင်ချုံခိုတိုက်ခိုက်နိုင်ခဲ့သည်အား အားမလိုအားမရဖြစ်ဆဲ။
"တုန်းဝမ်ခွင်းကိုသတ်"
လီနန်ခယ့်သည် တစ်ခုခုကို အလွန်အမင်း စိုးရိမ်ပူပန်နေဟန်ရပြီး ထိုလူကိုသတ်ပစ်ရန်သာ အဆက်မပြတ်ပြောနေခဲ့သည်။
ဤကဲ့သို့သော သေရေးရှင်ရေး အခြေအနေကြားတွင် အဓိကရန်သူ လွတ်မြောက်သွားပါက နောက်ပိုင်း မည်သည့်အကျိုးဆက်များဖြစ်လာနိုင်မည်မှန်း မည်သူမျှ အာမမခံရဲကြ။
အတိတ်က လင်ကျောက်ယွဲ့အမှုကဲ့သို့ပင် ရန်သူအား ရှင်သန်ခွင့်ကို တစ်သောင်းပုံလို့တစ်ပုံမျှပင် မချန်ထားရစ်သင့်။
လိန်ရှင်းနန်သည် ထိုအမျိုးသား၏စိုးရိမ်မှုကို နားလည်သော်လည်း လီနန်ခယ့်ကို အကာအကွယ်မရှိ ဤနေရာတွင်ချန်ထားခဲ့ရန် စိတ်မချနိုင်ပေ။ သူမ စဉ်းစားပြီးနောက် အံတင်းတင်းကြိတ်ကာ ပြောလိုက်သည်။
"ကျွန်မကိုအနောက်ကနေ တင်းတင်းဖက်ထားလိုက်"
ခင်ဗျာ။