← Chapters

မင်းက လီနန်ခယ့်မိန်းမလား

Vol. 15 Ch. 142

မင်းက လီနန်ခယ့်မိန်းမလား

Vol. 15 Ch. 142

အမျိုးသားမှာ အနည်းငယ် ကြောင်အသွားရသည်။

သို့သော် မသိလိုက်ခင်မှာပင် သူသည် အမျိုးသမီး၏ သွယ်လျသောခါးလေးကို အနောက်မှနေ၍ တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားမိလျက်သား ရှိ၏။

စိတ်ကို လန်းဆန်းပေါ့ပါးစေသော မွှေးရနံ့တစ်ခုသည် လီနန်ခယ့်၏နှာဝသို့ ချက်ချင်းတိုးဝင်လာသည်။ ရင်ခွင်ထဲရှိ နူးညံ့ပြီးနွေးထွေးလှသော ခန္ဓာကိုယ်လေး၏ အထိအတွေ့နှင့် ပေါင်းစပ်လိုက်သောအခါ သူ့နှလုံးသားမှာ မသိမသာတုန်ယင်သွားရ၏။ ကြားတွင် အဝတ်အစားများခြားထားသော်ငြား သူမ၏ ချောမွေ့သောအသားအရည်ကိုတော့ ခံစားနေမိလျက်သားပင်။

အမျိုးသားတစ်ဦးထံမှ ပထမဆုံးအကြိမ် ပွေ့ဖက်ခံလိုက်ရသဖြင့် လိန်ရှင်းနန်၏ခန္ဓာကိုယ်လေး တုန်ယင်သွားကာ ပါးပြင်နှစ်ဖက်စလုံး နီမြန်းသွားပြီး နှလုံးခုန်သံများ မြန်ဆန်လာရသည်။

ကံကောင်းထောက်မစွာဖြင့် အနီရောင်မြူခိုးများက သူတို့ကိုဝန်းရံထားသဖြင့် ဤမြင်ကွင်းကို အခြားသူများ မမြင်နိုင်ကြပေ။

သူမသည် ခံစားချက်များတည်ငြိမ်အောင် အတင်းအကျပ် ချိုးနှိမ်လိုက်ရပြီး လက်ချောင်းလေးများကိုသုံးကာ ပတ်ပတ်လည်တွင် လည်ပတ်နေသော အပြာနှင့်အဖြူရောင် အလံငယ်သုံးခုကို ထုတ်လွှတ်လိုက်သည်။

၎င်းသည် ကာကွယ်ရေးစည်းတစ်ခုကို တည်ဆောက်လိုက်သကဲ့သို့ဖြစ်ပြီး မိစ္ဆာရောက်ရှိလာပါက ကြိုတင်သတိပေးချက် ရရှိနိုင်မည်ဖြစ်သည်။

လိန်ရှင်းနန်သည် တောက်လျှောက်ထွက်ပေါ်နေသော တိုက်ပွဲသံများကို နားစွင့်ရင်း စောစောက တုန်းဝမ်ခွင်းဒဏ်ရာရကာ လဲကျသွားခဲ့သော နေရာဆီသို့ ဂရုတစိုက်ရွှေ့လျားသွားသည်။

ခြေလှမ်းတိုင်းတွင် သူတို့၏ ခန္ဓာကိုယ်များက ပိုမိုနီးကပ်စွာ ဖိကပ်မိနေကြ၏။

လိန်ရှင်းနန်သည် နှုတ်ခမ်းနီနီလေးကို သွားဖြင့်ဖိကိုက်ထားရင်း ပြင်းထန်စွာတုန်ယင်နေသော နှလုံးသားကို ထိန်းချုပ်ကာ ပတ်ဝန်းကျင်မှအန္တရာယ်များကို အာရုံခံစစ်ဆေးနေခဲ့သည်။

မကြာမီပင် သူတို့နှစ်ဦးသည် တုန်းဝမ်ခွင်းလဲကျနေခဲ့သော နေရာသို့ ရောက်ရှိလာကြ၏။

သို့သော် ပတ်ဝန်းကျင်ကို သေသေချာချာ ရှာဖွေပြီးနောက်တွင် စိတ်အစဥ်မှာ လေးလံဖိစီးသွားရ၏။

ထိုသူ မရှိတော့လေပြီ။

တုန်းဝမ်ခွင်းသည် အရှုပ်အထွေးများကြား ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။

"တောက်"

လီနန်ခယ့်သည် ရုတ်တရတ်ဝင်ရှုပ်လာသော ထိုမိစ္ဆာကို အငြှိုးထားမိသော်လည်း ယခုအချိန်တွင် အများကြီး တွေးမနေနိုင်တော့ပေ။ သူ လိန်ရှင်းနန်ကိုပြောလိုက်သည်။

"ကျွန်တော်တို့ ဒီနေရာကနေ မြန်မြန်ထွက်သွားရအောင်၊ အိမ်ပြန်ရမယ်။"

လိန်ရှင်းနန် ခေတ္တကြောင်အသွားပြီးမှ ထိုအမျိုးသားသည် သူ့ဇနီးကို စိုးရိမ်နေခြင်းဖြစ်ကြောင်း နားလည်သွားသည်။ နှလုံးသားထဲတွင် ဖုံးလွှမ်းနေခဲ့သော ရှက်သွေးဖြန်းမှုများသည်လည်း ခါးသီးနာကျင်မှုအဖြစ် ပြောင်းလဲသွားကြရ၏။

ဒီတော့ သူ့နှလုံးသားထဲမှာ သူ့ဇနီးတစ်ယောက်တည်းကသာ အရေးကြီးဆုံးပေါ့။

လိန်ရှင်းနန် ခေါင်းညိတ်လိုက်ပြီး လီနန်ခယ့်ကိုခေါ်ထုတ်သွားရန် ပြင်လိုက်သည်။

ဝုန်း

ရုတ်တရတ် ဘယ်ကထွက်လာမှန်းမသိသော ဆန်းပြားလှသည့် အင်အားတစ်ခုက လေထုထဲတွင် မိစ္ဆာနှင့် ထိပ်တိုက်တွေ့သွားသည့်အလား ပြင်းထန်လှသော စွမ်းအင်လှိုင်းကြီးတစ်ခု ရိုက်ခတ်ဆောင့်ထွက်လာရာ ပတ်ဝန်းကျင်ရှိ သက်တော်စောင့်များနှင့် နျဲ့ယင်းတို့ကို လွင့်စင်သွားစေသည်။

လိန်ရှင်းနန်နှင့် လီနန်ခယ့်တို့လည်း ထိုကြီးမားလှသောရိုက်ခတ်အားကြောင့် လွင့်စင်ကာ နံရံတစ်ခုဆီသို့ ဝင်ရိုက်မိသွားကြ၏။

လေဟာနယ်ထဲမှ မိုးခြိမ်းသံကဲ့သို့သော အသံအုပ်အုပ်နိမ့်နိမ့်တစ်ခု ထွက်ပေါ်လာပြီး အလွန်ကြီးမားသော ကြိတ်ဆုံကြီးတစ်ခု လည်ပတ်နေသည့်အလား အသံမျိုးစုံကိုလည်း ကြားနေရသည်။

လူတိုင်း ခေါင်းမော့ကြည့်လိုက်ကြရာတွင် မျက်လုံးအပြူးသားဖြစ်သွားကြရသည်။

မင်းသမီးရှန်းယွမ်၏ ရေခဲခေါင်းတလားသည် လေထုထဲတွင် ဖြည်းညင်းစွာမျောလွင့်နေပြီး ကျယ်ပြောအားကြီးလှသော ရှေးဟောင်းအရှိန်အဝါများဖြင့် သယ်ဆောင်ခြံရံထားသည်အား တွေ့လိုက်ရ၏။

ရေခဲခေါင်းတလားထဲတွင် မင်းသမီးရှန်းယွမ်၏ ရုပ်ကလာပ်သည် မှိန်ဖျော့သော အနီရောင်အလင်းတန်းများကို ထုတ်လွှတ်နေသည်။

မပျက်မစီးရှိသော ထိုခန္ဓာကိုယ်ကား အလွန်တရာ ဆန်းကြယ်လင်းလက်နေလျက်။

သွေးမိစ္ဆာသည် စူးရှစွာအော်ဟစ်လိုက်ပြီး အပေါ်သို့ပျံတက်ကာ တိုက်ခိုက်ရန်ပြင်သော်လည်း သုံးမီတာအကွာတွင် အနီရောင်စွမ်းအင်လှိုင်းတစ်ခုကြောင့် ပိတ်ဆို့ခံလိုက်ရသည်။

ရေခဲခေါင်းတလား၏ မျက်နှာပြင်ပေါ်တွင် အက်ကြောင်းများ စပေါ်လာသည်။

ဖောင်း

ရေတွက်၍မရနိုင်သော ရေခဲအကျိုးအပဲ့များသည် မိုးရေစက်များကဲ့သို့ နေရာအနှံ့လွင့်စင်သွားရာ သူတို့အားလုံး ရရာနည်းဖြင့် မိမိကိုယ်ကို ကာကွယ်လိုက်ကြရ၏။

ထိုကွဲအက်သွားသော ရေခဲအကျိုးအပဲ့များသည် လူအများပေါ်သို့ ကျရောက်မသွားဘဲ အနီရောင်မြူခိုးများအဖြစ် ပြောင်းလဲသွားကာ စက္ကူပေါ်တွင် မင်ရည်များ ‌မှောက်ကျပျံ့နှံ့သွားသကဲ့သို့ လေထုထဲတွင် စိမ့်ဝင်ပျံ့နှံ့သွားခဲ့လေသည်။

ယခုအချိန်တွင် ပတ်ဝန်းကျင်ကိုမြင်နိုင်ရန်မှာ ပိုမိုခက်ခဲသွားပြီး ထူးဆန်းသော အနီရောင်ကမ္ဘာကြီးတစ်ခုထဲရောက်သွားသည့်အလား ခံစားရစေ၏။

ထို့နောက်တွင် စူးရှပြီး သနားစရာကောင်းလှသော အက်ကွဲကွဲအော်ဟစ်သံကြီးတစ်ခု မြည်ဟည်းသွားခဲ့သည်။

အသံကို နားထောင်ရုံဖြင့် ဤသည်မှာ သွေးမိစ္ဆာ၏အော်သံဖြစ်ကြောင်း သိနိုင်သည်။

"လီနန်ခယ့်"

သတိပြန်ဝင်လာသော လိန်ရှင်းနန်သည် နံ‌ဘေးမှအမျိုးသားကို စမ်းသပ်ရှာဖွေသော်ငြား ထိုသူမှာ ဤနေရာတွင်မရှိတော့လေပြီ။

...

ထိုအချိန်တွင် လီနန်ခယ့်သည် မည်သည့်ဆန်းကြယ်မှုကိုမှ ဂရုမစိုက်နိုင်တော့ဘဲ အိမ်သို့ အမြန်ဆုံးပြန်ရန်သာ စိတ်ထဲရှိတော့သည်ပင်။

သူသည် မှတ်ဉာဏ်ကိုအားကိုးကာ ရအောင်လမ်းရှာရင်း အိမ်ဝင်းတံခါးဝသို့ ရောက်ရှိလာခဲ့၏။

သို့သော် သူ့ခြေထောက်က အိမ်ဝင်းတံခါးဆီသို့ လှမ်းလိုက်သည့်အခိုက်အတန့်တွင် မူလက မာကျောနေသော မြေပြင်ကျယ်သည် ရုတ်တရတ် ရေကန်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ အငိုက်မိသွားသော လီနန်ခယ့်သည်လည်း ခြေချော်ကာ အနီရောင်ရေကန်ထဲသို့ စွပ်ခနဲ နစ်မြုပ်သွားခဲ့ရတော့၏။

လီနန်ခယ့်သည် ကမ်းပေါ်သို့ ပြန်တက်ရန် အပြင်းအထန် ရုန်းကန်ကူးခတ်သော်လည်း ရေထဲတွင် ရှိနေသော ဆွဲအားတစ်ခုက သူ့ကို အောက်ဘက်သို့ ဖြည်းဖြည်းချင်းဆွဲနှစ်နေဟန်ရှိ၏။

သို့သော် ထူးဆန်းသည်မှာ ရေနစ်နေသည့်အချိန်အတွင်း သူနည်းနည်းမှ အသက်ရှူကျပ်ခြင်း မရှိခဲ့သည်ပင်။

"ငါ့ကို အပေါ်ပြန်တက်ခွင့်ပေး"

"ငါ့ကို အပေါ်ပြန်တက်ခွင့်ပေးစမ်း"

"..."

လီနန်ခယ့်သည် ဒေါသနှင့် မကျေနပ်ချက်များ စုပေါင်းလောင်မြိုက်နေလျက် ရင်တစ်ခုလုံးပေါက်ကွဲမတတ် အသည်းအသန် အော်ဟစ်နေမိသည်။

ထိုရေကန်သည် မိုင်ပေါင်းများစွာ နက်ရှိုင်းသည့်အလား သူ့အတွက် ပြန်လမ်းပင်မရှိ။

ပတ်ဝန်းကျင်တစ်ခုလုံး သုသာန်တစပြင်အလား တိတ်ဆိတ်နေပြီး ခြောက်ခြားဖွယ်ကောင်းသော မှိန်ဖျော့ဖျော့အလင်းတန်းများ ပျံ့နှံ့နေသည်။

အချိန်မည်မျှကုန်လွန်သွားသည်မသိ၊ သူ့မျက်စိရှေ့တွင် အပြစ်ဆိုဖွယ်မရှိ ကျောက်စိမ်းကဲ့သို့ ဖြူစင်ဝင်းစက်ကာ အပြာရောင်အကြောစိမ်းလေးများ ဖောက်ထွင်းမြင်တွေ့နေရသော ခြေဖဝါးနုနုလေးတစ်စုံ ရုတ်တရတ်ပေါ်လာခဲ့လေသည်။

ထို့နောက်တွင် ထပ်ကြပ်မကွာပေါ်လာသည်မှာ အဖြူရောင်ဝတ်စုံကို ဆင်ယင်ဝတ်စားထားသော လူ့လောကနှင့် နှိုင်းယှဉ်ဖွယ်မရှိ ကုမ္မာရီနတ်သမီးအလား ပြေပြစ်သွယ်နွဲ့သည့် ကျောက်စိမ်းခန္ဓာကိုယ်လေးပင်။

အမှောင်ကမ္ဘာထဲ ပိတ်မိနေသလို ထွက်ပေါက်မရှိသော ရေကန်ကြီးသည် ဤလူသားနတ်သမီးလေး ပေါ်လာသည့်အခိုက်အတန့်တွင် မျက်စိကျိန်းစပ်မတတ် လင်းထိန်သွားသလို ခံစားရစေသည်။

မင်းသမီးရှန်းယွမ်။

သူ့ရှေ့တွင်ပေါ်လာသော နှစ်ယောက်မရှိနိုင်လောက်အောင် လှပလွန်းသည့် မျက်နှာနုနုလေးကိုကြည့်ရင်း လီနန်ခယ့်၏ ဦးနှောက်ထဲတွင် ဝုန်းခနဲမြည်ဟည်းသွားကာ ဝေခွဲမရမှုများဖြင့် အတွေးများစွာပြည့်နှက်သွားလေတော့၏။

ဤအရာအားလုံးက သူကိုယ်တိုင်ပင် စိတ်ကူးယဥ်အမြင်မှားနေခြင်းလား၊ လက်တွေ့ဖြစ်ပျက်နေသည်လား သူလည်းမသိတော့။

သူမသည် ရေခဲခေါင်းတလားထဲတွင် ရှိနေခဲ့သည့်အတိုင်း မျက်လုံးလေးများကို အသာမှေးမှိတ်ထားဆဲဖြစ်ပြီး သက်ရှိလူသားအရိပ်အယောင် စိုးစဥ်းမျှပင်မတွေ့ရပါချေ။

သို့သော် ဤကဲ့သို့သော သက်မဲ့ဆန်လှသည့် တိတ်ဆိတ်မှုကြောင့်ပင် ထိုအမျိုးသမီးသည် ကောင်းကင်ဘုံမှ နက်သက်ကြွေလာသော အေးတိအေးစက် နတ်သမီးလေးတစ်ပါးအလား တောက်ပကျော့ရှင်းကာ မကြာခင်ပင် ကောင်းကင်ဘုံကို ပျံသန်းတက်ရောက်သွားတော့မည့်အလား ထင်မှတ်မှားစေသည်။

လီနန်ခယ့် ကြောင်အအံ့သြနေစဥ်မှာပင် အရှေ့မှအမျိုးသမီးက မျက်လုံးများကို ရုတ်တရတ်ဖွင့်လိုက်သည်။

ထိုအခိုက်အတန့်တွင် တောက်ပလှသောအလင်းတန်းများစွာ စီးဆင်းပြန့်ကျဲလာတော့၏။

——

တောင်လေက ညင်သာစွာတိုက်ခတ်နေပြီး တောအုပ်ကြီးက တိတ်ဆိတ်လျက်ရှိရာ အိမ်ငယ်လေးမှာ သီးသန့်ဆန်ကာ အေးချမ်းလှပေသည်။

ဖြူစင်သန့်ပြန့်သော အမွေးအတောင်များဖြင့် ငန်းမမကြီးသည် ရေကန်ဘေးတွင် ကျော့ရှင်းစွာ မတ်တပ်ရပ်ရင်း သူမ၏ အမွှေးအတောင်များကို ညီညာချောမွေ့အောင် ပြင်ဆင်နေသည်။ ရေကန်ရေပြင်တွင် သူမ၏ ဆွဲဆောင်မှုရှိသောပုံရိပ်က ရောင်ပြန်ဟပ်နေပြီး ‌ငွေငန်းတစ်ကောင်ကဲ့သို့ မြင့်မြတ်သောအရောင်အဝါကို ပေးစွမ်းလေသည်။

လိပ်ဆရာကြီးသည်လည်း လွန်ခဲ့သောနှစ်ပေါင်းထောင်ချီကတည်းက မပျက်ပြားလေသောပုံစံအတိုင်း တံခါးဝတွင် နေပူစာလှုံနေမြဲဖြစ်၏။

လော့ချန်းချိုးသည် ခင်ပွန်းဖြစ်သူ မနေ့ညက လဲလှယ်သွားခဲ့သော အဝတ်ဟောင်းများကို လျှော်ဖွပ်နေသည်။

ထိုအဝတ်အစားများပေါ်တွင် အခြားအမျိုးသမီးတစ်ဦး၏ ရနံ့ စွဲကပ်နေခဲ့သည်။

လိန်ရှင်းနန်ကို အနီးကပ်ဆေးလူးနှိပ်နယ်ပေးသည်မှာ ရက်အတန်ကြာလှပြီဖြစ်သဖြင့် ဤရနံ့သည် သူမ၏ရနံ့ဖြစ်ကြောင်း လော့ချန်းချိုး မှတ်မိပါ၏။

နှင်းဆီပန်းတစ်ပွင့်၏ စူးနင့်လှိုက်သည်းသော ရနံ့အလား။

အေးစက်ပြီးမြင့်မြတ်ကာ စူးရှလှသော်လည်း အမျိုးသားများကို တမ်းတစေလောက်အောင် ဆွဲဆောင်မှု ရှိလှပေသည်။

လော့ချန်းချိုးသည် ခါးသီးပြီး ချဉ်စုတ်စုတ်နိုင်သော စိတ်ခံစားချက်လေးကို ထိန်းချုပ်လိုက်ရင်း အစွန်းအထင်းများကို ဖယ်ရှားပေးနိုင်သော အထူးဆေးဖက်ဝင်ဆပ်ပြာများကို အများအပြားထည့်ကာ ခင်ပွန်းဖြစ်သူ၏ အဝတ်အစားများပေါ်မှ အခြားအမျိုးသမီး၏ရနံ့ကို ကုန်စင်အောင်လျှော်ဖွတ်ရန် အပြင်းအထန် ကြိုးစားနေခဲ့သည်။

ယခုအချိန်တွင် သူမသည် အနည်းငယ် စိတ်ဆိုးစိတ်ကောက်နေသော အိမ်ထောင်ဦးသစ် ဇနီးငယ်လေးတစ်ဦးနှင့်တူနေသော်လည်း ထိုဝမ်းနည်းမှုနှင့် မကျေနပ်မှုများကို ရင့်ကျက်စွာ နှလုံးသားထဲ သိမ်းဝှက်ထားရမည့်အရွယ် ရောက်နေလေပြီ။

မနေ့ညက အကြောင်းအရာအားလုံးကို ပြန်တွေးမိသောအခါ လော့ချန်းချိုး မျက်နှာလေးညှိုးသွားရသည်။

သူတို့နှစ်ဦးကြားရှိ သံသယအက်ကြောင်းက လွယ်လွယ်ကူကူပြေလည်သွားမည်မဟုတ်သော်လည်း အနည်းဆုံးတော့ နှစ်ဦးစလုံး တစ်ယောက်ကိုတစ်ယောက် အလျော့ပေးရန် ဆုံးဖြတ်ခဲ့ကြပြီးဖြစ်၏။

လွန်ခဲ့သောနှစ်လကျော်အတွင်းက အဖြစ်အပျက်များကို အသေးစိတ် ပြန်လည်တွေးတောမိရင်း သူမကိုယ်တိုင် လုပ်ကြံဖန်တီးထားသော စိတ်ကူးယဉ်အိမ်ထောင်ရေးဘဝကြီးမှာ တဖြည်းဖြည်းနှင့် လက်တွေ့ဆန်လာခဲ့ပြီး သူမသည်လည်း အိမ်ရှင်မအခန်းကဏ္ဍထဲတွင် သဘာဝကျကျ ပျော်ဝင်နေပြီဖြစ်ကြောင်း သတိပြုမိလိုက်သည်။

"လင်ယောက်ျားနဲ့ ဇနီးမယား..."

"တကယ်ကို ကောင်းကင်ကဖန်ဆင်းပေးတဲ့ ကြမ္မာဖက်စုံတွဲပါပဲ"

အမျိုးသမီး၏ အတွေးများက လွင့်ပျံနေသော်လည်း ထိုအချိန်တွင် အေးဆေးအနားယူနေသော ငန်းမမကြီးသည် ရုတ်တရတ် ခါးကိုမတ်အောင်ရပ်လိုက်ကာ အမျိုးသမီးနားသို့ တည်ငြိမ်စွာလျှောက်လှမ်းလာခဲ့သည်။

လိပ်ဆရာကြီးသည်လည်း တစ်ခုခုကို အာရုံခံမိသွားပုံရပြီး တိတ်တဆိတ်ပင် ဘေးသို့တွားသွားလာသည်။

လော့ချန်းချိုး၏ အဝတ်လျှော်နေသောလက်များ ရပ်တန့်သွားပြီး စိုစွတ်နေသော အဝတ်အစားများကို လက်နှစ်ဖက်ဖြင့် တင်းတင်းညှစ်ကိုင်မိလိုက်ရင်း ညည်းတွားလိုက်သည်။

"ယောက်ျားဆီမှာ မတော်တဆတစ်ခုခုဖြစ်သွားပုံပဲ"

ထိုစဥ် ရုတ်ချည်းထွက်ပေါ်လာသော ခြေလှမ်းသံများက ပိုမိုနီးကပ်လာခဲ့ပြီး အိမ်ဝင်းလေး၏ ရှေ့တွင် ရပ်တန့်သွား၏။

အမျိုးသားတစ်ဦးသည် အသက်ကို ပြင်းစွာရှိုက်ရှူနေရင်း အိမ်ငယ်လေးကို ဝေ့ကြည့်လိုက်ပြီးနောက် နောက်ဆုံးတွင် ရက်စက်ကြမ်းကြုတ်လှသော သားရဲတစ်ကောင်လို အကြည့်များက ထိုင်နေသောအမျိုးသမီး၏ ပုံရိပ်လှလှလေးပေါ်သို့ ကျရောက်သွားခဲ့သည်။

ထိုအမျိုးသား၏ နှုတ်ခမ်းစွန်းတွင် သွေးအေးအေးအပြုံးတစ်ခုပေါ်လာကာ အကြည့်များက ရင့်သီးရိုင်းစိုင်းလှ၏။

"တွေ့ပြီ၊ ငါနောက်ဆုံးတော့ မင်းကိုရှာတွေ့ပြီ၊ ဟီးဟီး"

ထိုအမျိုးသားသည် လက်ထဲတွင် ဓားတစ်လက်ကိုကိုင်ဆောင်ထားရင်း အိမ်ဝင်းထဲသို့ ယိမ်းထိုးဝင်ရောက်လာခဲ့သည်။

ထိတ်လန့်ဖွယ်ကောင်းသော ဒဏ်ရာကြီးများက ထိုသူ၏ ခန္ဓာကိုယ်တစ်ခုလုံးထက် ပြည့်နှက်နေသည့်ပုံမှာ ငရဲမှလွတ်မြောက်ထွက်ပြေးလာသော မိစ္ဆာတစ်ကောင်အလား ထင်ရပေ၏။

"မင်းက လီနန်ခယ့်ရဲ့ မိန်းမလား။"

All Chapters