လှံသွားရှင်
Vol. 15 Ch. 143
တုန်းဝမ်ခွင်း၏ မျက်လုံးများထဲ မီးဝင်းဝင်းတောက်နေသော ဒေါသရိပ်များ ဖြတ်ပြေးသွားကာ နားထင်မှ အကြောများထောင်ထသည်အထိ အံကြိတ်လျက် မေးလာလေသည်။
အမျိုးသမီးက ပြန်မဖြေခဲ့ပေ။ သူမသည် အဝတ်အစားများကို ရေစင်အောင်ညှစ်ပြီး မတ်တပ်ရပ်ကာ ဝါးလုံးတန်းဆီသို့ လျှောက်လှမ်းသွားပြီး အဝတ်လှန်းနေလိုက်သည်။
တုန်းဝမ်ခွင်း အနည်းငယ် ဇဝေဇဝါဖြစ်သွားရ၏။
သူပဲ ကိုယ်ပျောက်သွားတာလား။
အဲ့မိန်းမက သူ့ကိုမမြင်ရတာများလား။
"ငါမင်းကိုမေးနေတယ်၊ လီနန်ခယ့်က မင်းယောက်ျားလား"
တုန်းဝမ်ခွင်းက လေသံနက်နက်ဖြင့် ထပ်မေးလာသည်။
လော့ချန်းချိုးကတော့ ဘာမှမကြားရသည့်အလား လုပ်လက်စအလုပ်ကို ဆက်လုပ်နေဆဲ။
သူမသည် ခင်ပွန်းဖြစ်သူ၏အဝတ်အစားများကို ဝါးလုံးတန်းပေါ်တွင်တင်လိုက်ပြီး တွန့်ကြေမကျန်ရစ်စေရန် လက်ကလေးဖြင့် ညင်သာစွာ သေသေချာချာဆန့်ထုတ်ပေးနေခဲ့သည်။
"ဟမ့်၊ မင်းလည်း မင်းယောက်ျားအတိုင်းပဲ လှည့်ကွက်တွေသုံးချင်နေတာကိုး"
တုန်းဝမ်ခွင်းသည် အမျိုးသမီးကို မမှိတ်မသုန်စိုက်ကြည့်နေရင်း တိရစ္ဆာန်တစ်ကောင်ကဲ့သို့ တောက်ပနေသောမျက်ဆံများဖြင့် ဆိုလိုက်သည်။
"မင်းရုပ်ရည်ကသာမန်ဆိုပေမဲ့ ခန္ဓာကိုယ်ကတော့ မဆိုးဘူးပဲ။ နှမြောစရာကောင်းတာက ငါက အမျိုးသမီးတွေကို စိတ်မဝင်စားဘူး။ ဒါပေမဲ့ ကိစ္စမရှိပါဘူး။ ငါမင်းကို အသားတုံးတွေဖြစ်အောင် ခုတ်ထစ်ပိုင်းဖြတ်ပစ်မယ်၊ မင်းယောက်ျားရောက်လာတဲ့အခါ မထင်မှတ်ထားတဲ့လက်ဆောင်တစ်ခုက စောင့်ကြိုနေပြီးသားဖြစ်သွားတာပေါ့"
ထို့နောက် ဓားကိုမြှောက်ကာ ရှေ့သို့လှမ်းပြီး လှုပ်ရှားရန်ပြင်ချိန်တွင် အမျိုးသမီးက ဝတ်ရုံလက်စထဲမှ ကြွေပုလင်းငယ်လေးနှစ်လုံးထုတ်ယူလိုက်သည်ကို မြင်လိုက်ရ၏။
တစ်လုံးကအမည်းရောင် တစ်လုံးကအနီရောင် ဖြစ်သည်။
တုန်းဝမ်ခွင်းသည် အလျင်စလိုပင် လက်မြှောက်ကာ ပါးစပ်နှင့်နှာခေါင်းကို ဖိပိတ်လိုက်ရင်း လှောင်ပြုံးပြုံးလိုက်သည်။
"ငါမေ့တော့မလို့၊ မင်းကသမားတော်မဟုတ်လား။ ငါ့ကို မေ့ဆေးသုံးပြီး အနိုင်ယူချင်လို့လား"
"မဟုတ်ပါဘူး။"
လော့ချန်းချိုးက နောက်ဆုံးတွင် စကားဆိုလာသည်။ သူမအသံမှာ သာယာနာပျော်ဖွယ်ရှိလှသည်ပင်။
သူမသည် အမည်းရောင်ကြွေပုလင်းကို ရေတွင်းဘေးတွင်ချထားလိုက်ပြီး ရှင်းပြလာ၏။
"ဒါက အလောင်းဖျော်ဆေးမှုန့်ပဲ။ အလောင်းခန္ဓာကို ဘာသဲလွန်စမှမကျန်အောင် အမြန်အရည်ပျော်စေနိုင်တယ်။"
ထို့နောက် သူမသည် အဖြူရောင်ကြွေပုလင်းကိုလည်း ရေတွင်းဘေးတွင် ချထားလိုက်သည်။
"ဒါကတော့ သွေးညှီနံ့တွေကိုဖယ်ရှားပေးတဲ့ အနံ့ပျောက်ဆေးမှုန့်ပဲ။ အတော်လေးထိရောက်ပြီး အချိန်တိုအတွင်း လေထုက သန့်ရှင်းလတ်ဆတ်ကျန်ရစ်လိမ့်မယ်"
တုန်းဝမ်ခွင်း မျက်မှောင်ကြုတ်လိုက်မိ၏။
ထိုအမျိုးသမီး၏ ထူးဆန်းသောတည်ငြိမ်မှုက သူ့ကို မလုံခြုံစေသလို ခံစားရသည်။
သို့သော် ဒေါသနှင့်အမုန်းက စီးနေသည့်အချိန်တွင် သူများများမတွေးနိုင်တော့ဘဲ ပိတ်ပြောလိုက်သည်။
"ဘာလဲ။ မင်းကငါ့ကို သတ်ချင်တာလား။ မင်းတစ်ယောက်တည်းနဲ့လား၊ ဩော် ဟုတ်သားပဲ၊ ဒီငန်းကြီးနဲ့လိပ်ကြီးလည်း ရှိသေးတာပဲ၊ မင်းက သူတို့တွေနဲ့ပေါင်းပြီး ငါ့ကိုသတ်ချင်တာလား။ ဒါမှမဟုတ် ဒါတွေက မင်းကိုယ်မင်းအလောင်းဖျောက်ဖို့အတွက် ပြင်ဆင်ထားတာလား။ အဲဒါတွေမလိုပါဘူး။ မင်းယောက်ျားအတွက် အံ့သြစရာလက်ဆောင်လေးဖြစ်သွားအောင် မင်းအလောင်းကို အိမ်ရှေ့မှာတင် ပေါ်တင်ချထားခဲ့မှာ"
တုန်းဝမ်ခွင်းသည် ရှေ့သို့တစ်လှမ်းတိုးလိုက်ရာ ဓားဖျားက မြေပြင်ပေါ်တွင် ပွတ်ဆွဲမိသွားပြီး နားမခံသာသော ခြစ်သံကြီး ထွက်ပေါ်လာသည်။
လော့ချန်းချိုးကတော့ တည်ငြိမ်သောမျက်နှာအမူအရာကို ဆက်လက်ထိန်းသိမ်းထားဆဲပင်။
လိပ်ဆရာကြီးနှင့် ငန်းမမကြီးတို့ ရှေ့သို့တိုးလာရန်ပြင်သည့် အခိုက်အတန့်မှသာ သူမက ခေါင်းခါပြလိုက်ရင်း အကြည့်တစ်ချက်ဖြင့် နောက်ဆုတ်ရန်အချက်ပြလိုက်သည်။
အမျိုးသမီးသည် တံခါးဝသို့ ပေါ့ပေါ့ပါးပါးလျှောက်လှမ်းသွားပြီး ထိုနေရာတွင်ထောင်ထားသော ငွေရောင်လှံအပိုင်းနှစ်ပိုင်းကို ကောက်ကိုင်လိုက်သည်။
ထို့နောက် ညင်သာစွာ တစ်ချက်လှည့်လိုက်၏။
ကလစ်
လှံရှည်ကြီးသည် တဖြောင့်တည်း တစ်သားတည်း ဖြစ်သွားခဲ့လေပြီ။
ယခင်က ပိဿာပေါင်းများစွာလေးလံလှသဖြင့် မနည်းရွှေ့ပြောင်းခဲ့ရသော ဤလှံရှည်ကြီးသည် ယခုအခါ သူမလက်ထဲတွင် သစ်ကိုင်းခြောက်လေးတစ်ချောင်းအလား ပေါ့ပါးနေခဲ့၏။
အကယ်၍ လီနန်ခယ့်သာ ဤနေရာတွင်ရှိနေပါက လက်မထောင်ပြရင်း ငါ့မိန်းမတကယ်ကိုသရုပ်ဆောင်ကောင်းတာပဲ ဟု အော်ဟစ်အားပေးမိမှာ အသေအချာပင်။
"ဒါက..."
ရင်းနှီးနေသောလှံရှည်ကြီးကို ကြည့်ရင်း တုန်းဝမ်ခွင်း ခြေလှမ်းများရပ်တန့်သွားကာ မျက်ခွံများ ပြင်းထန်စွာ လှုပ်ခါတုန်ယင်သွားရသည်။
"ဒါက... တစ္ဆေနတ်ဘုရားလှံတော် မဟုတ်လား"
လော့ချန်းချိုး၏မျက်နှာမှာ ရှေးဟောင်းရေကန်ကြီးအလား ငြိမ်သက်နေဆဲဖြစ်ပြီး တုန်းဝမ်ခွင်း၏ ရှေ့ နှစ်လံခန့်အကွာတွင် မတ်တပ်ရပ်နေခဲ့သည်။
သူမ၏စကတ်စသည် လေမတိုက်ဘဲ မှော်ဆန်ဆန်လွင့်ပျံနေသည့်ဟန်မှာ တိမ်တိုက်များ ရွေ့လျားပျံ့လွင့်နေသည့်အလား ထင်ရစေကာ ဆံနွယ်နက်နက်များကလည်း ရေတံခွန်တစ်စင်းအလား ဖြည်းညှင်းစွာ မျောလွင့်နေခဲ့သည်။ ထိုဆံခြည်မျှင်တိုင်းတွင် ရိုင်းစိုင်းကြမ်းတမ်းသော လူသတ်လိုစိတ်များ ကိန်းအောင်းချောင်းမြောင်းနေသကဲ့သို့ ခံစားရစေ၏။
တုန်းဝမ်ခွင်း၏ခန္ဓာကိုယ်သည် အကြောင်းရင်းမရှိဘဲ တုန်ယင်သွားရ၏။
သူ့ရှေ့ရှိ နူးညံ့သိမ်မွေ့လှဟန်ရှိသော အမျိုးသမီးသည် မိစ္ဆာတစ်ကောင်ကဲ့သို့ ခြောက်ခြားဖွယ်ကောင်းလာသည်အား သူတဖြည်းဖြည်း ကျောစိမ့်စွာ ခံစားလာရသည်။
သို့သော် လီနန်ခယ့်တစ်ယောက် သူ့အပေါ် ပြုမူခဲ့သည်များကို ပြန်တွေးမိသောအခါ တောက်လောင်နေသော အမုန်းတရားများက သူ့အသိဉာဏ်နှင့်ကြောက်ရွံ့မှုများကို လွှမ်းမိုးသွားပြီး ဇနီးဖြစ်သူအား ခုတ်ပိုင်းသတ်ဖြတ်ရန် လေးလံလှသောဓားကြီးကို အားအပြည့်ဖြင့်ဝှေ့ယမ်းလိုက်တော့၏။
"မင်းကို ငါသတ်မယ်။"
စူးရှတောက်ပသော ဓားအလင်းတန်းသည် သွေးချင်းချင်းနီလျက် လူသတ်လိုစိတ်များဖြင့် မာန်ဖီထွက်ပေါ်လာရာ လေထုကြီးပင် ဆုတ်ဖြဲခုတ်ပိုင်းခံလိုက်ရသည့်အလား။
တစ်ချိန်တည်းမှာပင် အမျိုးသမီးကလည်း လှုပ်ရှားလာသည်။
လှံဝှေ့သံတစ်ချက်က လေမုန်တိုင်းတိုက်သကဲ့သို့ ထင်ရ၏။
လေထုထဲတွင် ရှည်လျားလှသော အဖြူရောင်လိုင်းတစ်ခု ကွေ့ဝိုက်ပေါ်ထွက်သွားပြီး နေမင်းကို ထိုးဖောက်ထွန်းလင်းလာသော သက်တံ့တစ်ခုအလား မျက်စိတစ်မှိတ်အတွင်း ရန်သူ၏ခန္ဓာကိုယ်ကို ဖောက်ထွင်းဖြတ်သန်းသွားခဲ့လေသည်။
သူတို့နှစ်ဦး လွှဲခုတ်ချက်တစ်ချက်စီဖြင့် နေရာလဲသွားကြ၏။
ထိုအခိုက်တွင် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားရတော့သည်။
ငြိမ်သက်နေသော ကန်ရေပြင်ထက် လှိုင်းကြက်ခွပ်တစ်ချက်မျှ ပေါ်မလာခဲ့ပေ။
တုန်းဝမ်ခွင်းသည် သူ၏လက်စွဲတော်ဓားကြီးကို ကိုင်မြှောက်ထားလျက်သားဖြင့် လှုပ်ရှားမှုမရှိတော့ပေ။
သူ့ကိုကျောခိုင်းထားသော လော့ချန်းချိုးသည်လည်း တိတ်ဆိတ်စွာပင် ရပ်နေခဲ့သည်။ သူမ၏လက်ထဲမှ လှံရှည်ကြီးမှာမူ အသစ်အတိုင်း တောက်ပသစ်လွင်နေဆဲဖြစ်ပြီး သွေးတစ်စက်မျှ စွန်းထင်နေခြင်း မရှိပေ။
လှံရှည်ကြီးသည် တဆတ်ဆတ်တုန်ခါနေပြီး ၎င်းပေါ်တွင် ထွင်းထုထားသော ရွှေရောင်နဂါးကြီးသည် အလိုအလျောက် အသက်ဝင်လာသည့်အလား အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားကာ အမျိုးသမီး၏ ပတ်ပတ်လည်တွင် ဝဲပျံနေပြီးနောက် ငွေရောင်လှံပေါ်သို့ ပြန်လည်ရစ်ပတ်စွဲထင်သွားတော့၏။
နဂါးဟိန်းသံကြီးသည် အချိန်အတော်ကြာသည့်တိုင်အောင် ပျောက်ကွယ်မသွားခဲ့ပေ။
တုန်းဝမ်ခွင်း ဖြည်းညင်းစွာ ခေါင်းငုံ့ကြည့်လိုက်ရာ သူ့ရင်ဘတ်ပေါ်တွင် သွေးများဖြန်းပက်ထားသည့်အလား စိုရွှဲနေသည်ကိုမြင်သော် မယုံကြည်နိုင်စွာ မျက်လုံးများပြူးကျယ်သွားရသည်။
"ဒီတော့... မင်းက တကယ့်... တစ္ဆေနတ်ဘုရားလှံသွားရှင်ပေါ့။"
ဝုန်း
ထိုစကားအဆုံးတွင် ရန်သူသည် မြေပြင်ပေါ်သို့ လဲကျသွားတော့၏။
——
မင်းသမီးရှန်းယွမ် သူမ၏မျက်လုံးများကို ဖွင့်ဟလိုက်သည့်အချိန်တွင် လီနန်ခယ့်မှာ ဦးရေပြားကို အပ်ဖျားပေါင်းများစွာဖြင့် စိုက်ထိုးခံလိုက်ရသလို ခံစားလိုက်ရသည်။
ပြင်းစွာသောနာကျင်မှုက သူ၏အသိစိတ်များကို နေရာတွင်ပင် ရိုက်ချိုးပစ်လိုက်သကဲ့သို့။
သူမျက်လုံးပြန်ပွင့်လာသောအခါ သူရှိနေသောကန်ရေပြင်သည် ဂျယ်လီကဲ့သို့ တဖြည်းဖြည်း ပျစ်နှစ်ခဲသက်လာသည်အား တွေ့မြင်လိုက်ရ၏။
သို့သော် နောက်တစ်စက္ကန့်တွင်တော့ ပျံ့လွင့်နေသောပြာစများဖြင့် လောင်ကျွမ်းပြာကျပြန်လေတော့သည်။
တောက်လောင်နေသော မီးတောက်များအောက်တွင် တရိပ်ရိပ်ပေါ်နေသော အဖြူအမည်းရိပ်များ တဖြည်းဖြည်းမှေးမှိန်သွားပြီး အနီရောင်တောက်တောက်များက ပတ်ဝန်းကျင်တွင် နေရာယူလာကာ အရာဝတ္ထုများက တဖြည်းဖြည်းဖွဲ့စည်းပုံပေါ်လာကြ၏။
နောက်ဆုံးတွင် သူသည် အခေါက်ပေါင်းမြောက်များစွာ ရောက်ခဲ့ဖူးသော မင်္ဂလာခန်းမဆောင်ထဲသို့ ပြန်လည်ရောက်ရှိလာကြောင်း သတိပြုလိုက်မိသည်။
သို့သော် ယခုအချိန်တွင် မင်္ဂလာခန်းဆောင်သည် ဟောင်းနွမ်းမနေဘဲ ဆန့်ကျင်ဘက်အနေဖြင့် အသစ်စက်စက်ဖြစ်နေခဲ့သည်။
၎င်းသည် အခုလေးတင်မှ ပြင်ဆင်မွမ်းမံထားသည့်အလား။
အနီရောင်ဖယောင်းတိုင်များနှင့် မင်္ဂလာအလံများက အခန်းတစ်ခုလုံးကို နွေးထွေးပြီး ပျော်ရွှင်စရာကောင်းသော အငွေ့အသက်များဖြင့် ပြည့်နှက်နေစေသည်။
လီနန်ခယ့် ရုတ်တရတ်ငုံ့ကြည့်လိုက်ရာ သူ့ခန္ဓာကိုယ်ပေါ်မှ အဝတ်အစားများသည်လည်း တောက်ပလန်းဆန်းသော အသစ်စက်စက် သတို့သားဝတ်စုံအဖြစ် ပြောင်းလဲသွားခဲ့ပြီ။
ဘာတွေဖြစ်ကုန်တာလဲ။
နောက်ထပ် မိုးနီအိပ်မက်ကမ္ဘာတစ်ခုလား။
သူ သေချာမစဉ်းစားနိုင်ခင်မှာပင် ညင်ညင်သာသာ ခြေလှမ်းသံလေးများ ဖြည်းညင်းစွာထွက်ပေါ်လာသည်။
လီနန်ခယ့်မော့ကြည့်လိုက်ရာ တောက်ပလှသော အနီရောင်မင်္ဂလာဝတ်စုံကို ဆင်ယင်ထားသည့် နှိုင်းယှဉ်ဖွယ်မရှိ လှပလေသော အမျိုးသမီးတစ်ဦးသည် သူ့ကို အပြုံးလှလှဖြင့် စိုက်ကြည့်နေပြီး သူမ၏ လပြည့်ဝန်းကဲ့သို့ မျက်ဝန်းလေးများထဲတွင် သံယောဇဥ်နှောင်ကြိုးများနှင့် လွမ်းရိပ်လွမ်းငွေ့တို့အား ခံစားသိမြင်နိုင်၏။
"ယောက်ျား"
ထိုအမျိုးသမီးသည် သွယ်လျချောမွေ့သောလက်ကလေးကို ဆန့်ထုတ်လိုက်ရင်း စမ်းရေစီးကဲ့သို့ ညင်သာလှသောအသံလေးဖြင့် ခေါ်လိုက်ပါသော်ငြား အရင်းအမြစ်မသိရသော လျှို့ဝှက်နက်ရှိုင်းမှုတို့အား ခံစားနေရသလို။
"နှစ်ပေါင်းနှစ်ဆယ်ကျော် ကြာပြီးတဲ့နောက် ရှင်နဲ့ကျွန်မ ပြန်ဆုံခဲ့ရပြီပေါ့"
ဝုန်း
လီနန်ခယ့်၏ဦးနှောက်မှာ မိုးကြိုးပစ်ခံလိုက်ရသည့်အလား ဗလာကျင်းသွားရတော့သည်။
သူ့အတွေးပုံရိပ်များ ဝေဝေဝါးဝါးဖြစ်နေစဉ်မှာပင် မျက်စိရှေ့ရှိ မင်္ဂလာဝတ်စုံဝတ် မင်းသမီးရှန်းယွမ်သည် အနီရောင်မင်္ဂလာစောင်ဖြင့် ရစ်ပတ်ထားသော ကလေးမလေးတစ်ဦးအဖြစ် ပြောင်းလဲသွားခဲ့၏။
ပြီးတော့ သူသည်လည်း ယောကျာ်းလေးရင်သွေးငယ်တစ်ဦး ဖြစ်သွားခဲ့ပြန်သည်။
အချိန်စီးကြောင်းနှင့်ကမ္ဘာမြေ ထပ်တူကျသွားချိန်တွင် မှတ်ဉာဏ်များ ရှုပ်ထွေးကုန်ရ၏။ အတိတ်နှင့် ပစ္စုပ္ပန်မှ ရှုပ်ထွေးရစ်ငင်သော ကံကြမ္မာအစွဲအလမ်းများသည် သွေးတို့ပေကျံစိုရွှဲနေသည့် အနီရောင်ချည်မျှင်များအဖြစ် ပြောင်းလဲသွားကာ သူတို့နှစ်ဦးကို တင်းတင်းကြပ်ကြပ် ရစ်ပတ်နှောင်ဖွဲ့ထားပုံရသည်။
အမျိုးသမီးသည် သူ့ဆီသို့ ကျော့ရှင်းစွာ လျှောက်လှမ်းလာခဲ့သည်။
အေးစက်နူးညံ့သော လက်ကလေးတစ်ဖက်က အမျိုးသား၏ မျက်နှာဘေးတစ်ဖက်ကို ညင်သာစွာ ပွတ်သပ်ပေးနေခဲ့ပြီး အပြုံးမှာလည်း သိမ်မွေ့လှဟန်ရှိသော်ငြား ရက်စက်မှုများ ကိန်းအောင်းနေခဲ့သည်။
“ယမမင်းက ရှင့်ကို မိုးသောက်ချိန်ထိ အသက်ရှင်သန်ခွင့်ပေးထားပေမဲ့ ဒီချစ်ဇနီးကတော့ ရှင့်ကို သန်းခေါင်ယံမှာပဲ အသက်ခြွေရလိမ့်မယ်"