← Chapters

ငါလော့ချန်းချိုးကသာ တစ်ဦးတည်းသောဇနီးသည်

Vol. 15 Ch. 145

ငါလော့ချန်းချိုးကသာ တစ်ဦးတည်းသောဇနီးသည်

Vol. 15 Ch. 145

တစ်ဖက်လူ၏ စိန်ခေါ်လိုသောအကြည့်များကို ရင်ဆိုင်နေရသော်လည်း လော့ချန်းချိုး၏ မျက်နှာအမူအရာက ရှေးဟောင်းရေကန်ကြီးအလား မလှုပ်မခတ် ငြိမ်သက်နေဆဲပင်။

မည်သူမျှမျှော်လင့်မထားသည်မှာ နောက်တစ်စက္ကန့်တွင် အမျိုးသားက ရင်ခွင်ထဲရှိအမျိုးသမီးကို ခပ်ပြင်းပြင်းတွန်းထုတ်လိုက်ခြင်းပင်။

မင်းသမီးရှန်းယွမ်မှာ မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားခဲ့ရ၏။

"စိတ်မရှိပါနဲ့။ ငါ့ရဲ့ပထမဆုံးအနမ်းက သူများဆီပါသွားပြီးပြီဆိုပေမဲ့ ဖြူစင်နေသေးတဲ့ ဒီခန္ဓာကိုယ်ကြီးကိုတော့ အိမ်ကဇနီးအတွက်ထိန်းသိမ်းထားရဦးမှာမလို့ အားနာပါတယ်"

လီနန်ခယ့်သည် အမျိုးသမီးက သူ့ကို ထပ်မံဆွဲဆောင်လာမည်ကို စိုးရိမ်သဖြင့် စားပွဲခုံအနောက်သို့ အလျင်အစလို ပုန်းကွယ်လိုက်ရင်း သတိကြီးစွာဖြင့် စိုက်ကြည့်နေခဲ့သည်။

မင်းသမီးရှန်းယွမ်၏ မျက်နှာတွင် အံ့ဩမှုများဖြတ်ပြေးသွားပြီးနောက် တဖြည်းဖြည်းနှင့် အေးစက်သွားတော့၏။

သို့သော် သူမက ရုတ်ချည်းပင် နွေဦးလေညင်းလေးအလား သဘောတကျ ရယ်မောပြန်လေသည်။

"ယောက်ျားတုံးပုံကလည်း ချစ်စရာအကောင်းသား။ အိမ်ကဇနီးဆိုတာ ဒီဇနီးပဲမဟုတ်ဘူးလား"

"ငါ့ဘဝကို ငါကိုယ်တိုင်ဆုံးဖြတ်မှာပေါ့။ ငါမသိတဲ့လူတွေစီစဥ်ပေးထားတဲ့ အိမ်ထောင်ရေးက ငါနဲ့ဘာဆိုင်လို့လဲ"

လီနန်ခယ့်က အေးစက်ပြတ်သားစွာ ပြောလာသည်။

မင်းသမီးရှန်းယွမ်၏ မျက်ဝန်းလှလှများ ထုံထိုင်းဝေဝါးသွားကာ ရေရွတ်လိုက်သည်။

"ကံကြမ္မာကို ယောက်ျားရော ဒီဇနီးပါ ပြောင်းလဲလို့မရနိုင်ပါဘူး"

အမျိုးသားဘက်က ထပ်မံမေးမြန်းခြင်းမပြုမီမှာပင် သူမက စောစောကစကားကို ဆက်ပြောလာသည်။

"အဲ့မိန်းကလေးက ဖအေတူမအေကွဲညီမလေးဆိုပေမဲ့ မင်းသမီးဆိုတဲ့ဘွဲ့ထူးက သူ့အတွက်မဟုတ်ခဲ့ပါဘူး။ အစားထိုးက အစားထိုးနေရာပါပဲ ယောက်ျားရဲ့"

လီနန်ခယ့်သည် ဤမိသားစုဇာတ်လမ်းများကို စိတ်မဝင်စားသဖြင့် သူသိလိုရာကိုသာမေး၏။

"အရင်တုန်းက ငါမိုးနီအိပ်မက်ကမ္ဘာထဲကို ဝင်လာတဲ့အချိန်တိုင်း မင်္ဂလာခန်းဆောင်ရဲ့အမှောင်ထုထဲကနေ ငါ့ကိုစိုက်ကြည့်နေခဲ့တာ မင်းပဲလား"

"ဟုတ်ပါတယ်၊ အဲဒါ ဒီဇနီးပါပဲ။"

မင်းသမီးရှန်းယွမ်က ပြုံးလိုက်ရင်း ဆိုသည်။

"ဒီဇနီးရဲ့ဝိညာဉ်က အဲဒီနေရာမှာ အမြဲရှိနေခဲ့တာပါ။ စောစောကတည်းက ထွက်လာချင်ပေမဲ့ ယောက်ျားရရှိခဲ့တဲ့ မှော်ဆေးလုံးအရေအတွက်က နည်းလွန်းနေခဲ့တယ်။ ကံကောင်းထောက်မစွာနဲ့ ဒီဇနီးရဲ့ရုပ်ကလာပ်ကို မိုးနီအိပ်မက်ကမ္ဘာထဲ ပို့ပေးလိုက်နိုင်လို့သာ ဒီလိုတွေ့ဆုံခွင့်ရတာပါ"

"ရုပ်ကလာပ်ဟုတ်လား။ မင်းပြောချင်တာက မင်းရဲ့ရုပ်ကလာပ်က ဒီနေရာမှာရှိနေတာလား။"

"ယောက်ျား အခုပဲမြင်တွေ့နေရပြီ မဟုတ်လားရှင်။"

အမျိုးသမီးသည် သူမ၏ခန္ဓာကိုယ်ကို တစ်ချက်လှည့်ပြလိုက်ရာ ဝတ်ရုံစများ လွင့်ပျံသွားပုံမှာ နှင်းဆီပွင့်လေး ငွားငွားစွင့်စွင့် ပွင့်အာနေသည့်အလား ဆွဲဆောင်မှုရှိလှ၏။

လီနန်ခယ့် သူ့ခေါင်းသူတစ်ချက်ရိုက်ကာ ပြောလာသည်။

"ငါနည်းနည်း ခေါင်းရှုပ်နေတုန်းပဲ။ မင်းကဘာဖြစ်လို့ ငါ့မိုးနီအိပ်မက်ကမ္ဘာထဲ ရောက်နေရတာလဲ။ ငါ့နှလုံးသားကို ပေါင်းစပ်ယူထားရလို့များလား"

"ဒါကိုတော့ ဒီဇနီးလည်း မသိပါဘူး။"

မင်းသမီးရှန်းယွမ် ခါးသီးစွာ ပြုံးလိုက်၏။

"ဒီဇနီးက ဒီမင်္ဂလာခန်းဆောင်ထဲမှာပဲ တစ်သက်လုံးနေထိုင်ခဲ့ရတာဖြစ်ပြီး လွန်ခဲ့တဲ့နှစ်လကမှ ယောက်ျားကို စတင်မြင်တွေ့ခဲ့ရတာပါ။ ဒါ့အပြင် ဒါက အိပ်မက်ကမ္ဘာမဟုတ်ပါဘူး။ ဒါက တခြားလောကတစ်ခုပါပဲ။ ယောက်ျားလည်း ဒီအကြောင်းကို စစ်ဆေးစုံစမ်းပြီးပြီမဟုတ်လား"

လီနန်ခယ့် သတိရသွားသည်။

"မနေ့ညက ငါ မိုးနီအိပ်မက်ကမ္ဘာထဲမှာ အိပ်မက်ဆိုးဆီတိုက်ခိုက်ခံရတုန်း ငါ့ကိုကယ်ပေးခဲ့တာ မင်းပဲပေါ့"

"မှန်တာပေါ့။"

အမျိုးသမီးက ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။

"ဒီလိုဆိုရင်တော့ ငါတကယ်ပဲ အိမ်ကမိန်းမကို သက်သက်အပြစ်ရှာမိသွားတာပဲ"

လီနန်ခယ့် နောင်တကြီးစွာ ညည်းညူလိုက်သည်။

ထိုအချိန်တုန်းက သူတိုက်ခိုက်ခံနေရစဥ် ယောက်ျားဟူသောခေါ်သံကို ကြားလိုက်ရသဖြင့် လော့ချန်းချိုးခေါ်နေခြင်းဖြစ်သည်ဟု တွေးထင်ကာ ထိုညက အိမ်ပြန်ရောက်သောအခါ ဇနီးဖြစ်သူ မသိချင်ယောင်ဆောင်နေသည်အထင်ဖြင့် ဒေါသပေါက်ကွဲခဲ့မိသည်။ ယခုတော့ ဇနီးသည်ခမျာ ထိုအကြောင်းများကို တစ်ခုမှမသိထားခြင်းသာပင်။

ယခင် ရေကန်မိစ္ဆာမ၏တိုက်ခိုက်မှုကို ခံခဲ့ရစဥ်ကလည်း ဤမင်းသမီးသည်သာ သူ့ကိုကယ်တင်ခဲ့ခြင်းဖြစ်ပေမည်။

ထိုအချိန်တုန်းက သူ့မှာ လူရှုပ်လူပွေကြီးလို့တောင် ခေါ်ဆိုခံခဲ့ရသေး၏။

"အဲ့တစ်ယောက်က ယောက်ျားရဲ့ဇနီးသည်အစစ် မဟုတ်ပါဘူး။"

မင်းသမီးရှန်းယွမ်က နောက်တစ်ကြိမ် အလေးအနက်ပြောလာပြန်သည်။

လီနန်ခယ့်က ထိုစကားကို အလေးမထားဘဲ သိလိုရာကိုသာ ဆက်လက်မေးမြန်းသည်။

"ဘာဖြစ်လို့ ငါတစ်ယောက်တည်းပဲ မိုးနီအိပ်မက်ကမ္ဘာထဲ ဝင်ရောက်နိုင်ရတာလဲ။ ပြီးတော့ ဒီရက်ပိုင်းတွေမှာ ငါ့အခြေအနေလည်း အတော်မူမမှန်ဘူး။ မိုးနီအိပ်မက်ကမ္ဘာက ငါ့ကို အငြှိုးတကြီးလိုက်တိုက်ခိုက်နေသလို ခံစားရတယ်။"

မင်းသမီးရှန်းယွမ်၏ မျက်နှာအမူအရာ တည်ကြည်သွားသည်။

"အမှန်အတိုင်းပြောရရင် ဒီဇနီးလည်း မိုးနီအိပ်မက်ကမ္ဘာအကြောင်းကို အများကြီးမသိပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ဒီအခန်းပြင်ပကို ထွက်ခွာခွင့်မရှိလို့ပါ။"

"ဒါပေမဲ့ ဒီဇနီးကို ယောက်ျားကနေတစ်ဆင့် ပေးသနားထားဟန်တူတဲ့ အာရုံခံစွမ်းအင်တချို့ရှိတာကြောင့် လေ့လာစူးစမ်းခဲ့ပါသေးတယ်။ ဒီတော့ ဒီဇနီးနားလည်ထားသလောက်မှာ ဒီမိုးနီအိပ်မက်ကမ္ဘာက ယောက်ျားအပေါ် အလွန်ရန်လိုနေခဲ့တာပါ၊ ဒါ့အပြင် ဒီဇနီးကိုလည်း အတော်မုန်းတီးနေပုံပေါ်ပါတယ်။ ဒီဇနီးဆီမှာ ယောက်ျားရဲ့နှလုံးသားရှိနေလို့ ဒီလိုဖြစ်ရတာလားမသိပါဘူး"

"ဒီဇနီး စွမ်းအင်သုံးပြီး စုံစမ်းစစ်ဆေးခဲ့တာ အကြိမ်ရေဘယ်လောက်မှမရှိပေမဲ့ ဝိညာဥ် အစိတ်စိတ်အမွှာမွှာပြိုကွဲလုနီး နာကျင်ထိခိုက်ခဲ့ရပါတယ်"

လီနန်ခယ့် သူ့ခေါင်းသူကုတ်လိုက်ရင်း ဆွံ့အသွားရသည်။

ငါ့အပေါ်ရန်လိုနေတယ် ဟုတ်လား။

ဒီမိုးနီအိပ်မက်ကမ္ဘာကြီးကို ငါဘယ်တုန်းကများ ချောင်ပိတ်ရိုက်ခဲ့မိဖူးလို့လဲ။

"ယောက်ျား၊ ကျွန်မတို့ဇနီးမောင်နှံ အတူရှင်သန်ချင်တယ်ဆိုရင် ယောက်ျားအနေနဲ့ မိုးနီအိပ်မက်ကမ္ဘာထဲကို ဝင်ရောက်ပြီး မိုးနီနှလုံးသားလို့ ခေါ်တဲ့အရာကို ရှာဖွေရပါလိမ့်မယ်။"

အမျိုးသမီးက ရုတ်တရတ် တည်ငြိမ်စွာ ပြောပြလာသည်။

လီနန်ခယ့် မျက်မှောင်ကြုတ်လိုက်သည်။

"ငါ့ကိုတွေ့ခါရှိသေး တာဝန်တွေထိုးအပ်နေပြီပေါ့။ စိတ်မရှိပါနဲ့၊ ငါစိတ်မဝင်စားဘူး၊ ငါ့အခုဘဝလေးက အတော်လေးအဆင်ပြေပြီး လွတ်လပ်ပေါ့ပါးနေတာမလို့ ဘာမှထပ်မလိုသေးဘူး"

"အဆင်ပြေနေတယ် ဟုတ်လား။"

မင်းသမီးရှန်းယွမ် သက်ပြင်းချလိုက်ရင်း ခေါင်းခါပြလိုက်၏။

"ယောက်ျားနဲ့ ဒီဇနီးက အခုဆိုရင် တစ်သားတည်းပေါင်းစပ်သွားခဲ့ပြီဖြစ်လို့ ဒီဇနီးဖြစ်တဲ့ သင်္ချိုင်းလူသားရဲ့ ဝိသေသလက္ခဏာတွေက ယောက်ျားဆီကိုလည်း ကူးစက်သွားဦးမှာပါပဲ"

"ယောက်ျားလည်း ဆယ်ရက်တစ်ကြိမ် သေဆုံးဖို့လိုအပ်နေပါပြီ။ တကယ်လို့ယောက်ျားအနေနဲ့ ဆယ်ရက်ပြည့်လို့မသေရဘဲ အိပ်မောကျသွားရင် မိုးနီအိပ်မက်ကမ္ဘာထဲကို လုံးဝနစ်မြုပ်သွားပါလိမ့်မယ်။ အဲဒီအချိန်ကျရင် ယောက်ျားကို ပြန်လည်နိုးထခေါ်ထုတ်ဖို့က အလွန်တရာခက်ခဲသွားမှာပါ"

"မင်းငါ့ကို ခြိမ်းခြောက်နေတာလား။"

အမျိုးသားက လှောင်ပြုံးပြုံးလိုက်သည်။

"ဒီဇနီးကိုမယုံဘူးဆိုလည်း သွားမေးလို့ရ..."

"ကောင်းပြီ ဟုတ်ပြီ ငါယုံပါတယ်"

လီနန်ခယ့် အမျိုးသမီး၏စကားကို စိတ်မရှည်စွာဖြင့် ဖြတ်ပြောလိုက်ရင်း ဆိုသည်။

"စိတ်အခြေအနေလိုက်ပြီး လှုပ်ရှားတာပေါ့။ မင်းလည်း ငါ့ကိုဖုံးကွယ်ထားတာတွေ အများကြီးရှိဦးမှာပဲ။ နောက်တော့ အကုန်အစင်ပြောပြနိုင်ဖို့ မျှော်လင့်ပါတယ်"

အမျိုးသား၏ တုံ့ပြန်စကားကြောင့် မင်းသမီးရှန်းယွမ် နည်းနည်းရယ်ချင်မိသွားသည်။

သေချာပေါက်ပင် တစ်ဖက်လူသည်လည်း လော့ချန်းချိုး၏ လျှို့ဝှက်ထားသောဘဝမှန်ကို ရိပ်စားမိသွားလောက်ပြီဖြစ်ပြီး တမင်တကာ ထုတ်မပြောသေးခြင်းသာ။

"အနာဂတ်မှာ ဒီဇနီး အားလုံးကိုရှင်းပြပေးပါ့မယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့မှာ အချိန်တွေအများကြီး ရှိသေးတာပဲလေ"

မင်းသမီးရှန်းယွမ် အနည်းငယ်ပင်ပန်းနွမ်းနယ်စွာဖြင့် ပြောလိုက်သည်။

"ဒီဇနီးရဲ့ ခန္ဓာကိုယ်နဲ့ဝိညာဉ်က အခုမှပေါင်းစပ်ထားတာဖြစ်လို့ ကုစားအနားယူဖို့ လိုအပ်နေသေးတယ်။ ဒါကြောင့် ယောက်ျားကို အရင်ဆုံးပြန်လွှတ်ပေးပါ့မယ်။ အတိုချုပ်ပြောရရင် မိုးနီနှလုံးသားကိုသာ ယောက်ျားရှာတွေ့နိုင်မယ်ဆိုရင် အရင်ဘဝမှန်ကမိဘတွေနဲ့လည်း ပြန်တွေ့ဖို့ အခွင့်အရေးရှိလာနိုင်တာပေါ့"

လီနန်ခယ့် ပုခုံးတွန့်လိုက်ရင်း ဆိုသည်။

"ကိစ္စမရှိပါဘူး ငါကမိဘမဲ့ဂေဟာကလာတာ၊ မိဘမရှိဘူး"

"ဒါက တပ်အပ်ပြောနိုင်တဲ့အရာ မဟုတ်ပါဘူး"

မင်းသမီးရှန်းယွမ် လျှို့ဝှက်ဆန်းကြယ်စွာပြုံးလိုက်ရင်း လက်ကို ညင်သာစွာဝှေ့ယမ်းလိုက်၏။

အမျိုးသား၏ခါးတွင် ချိတ်ဆွဲထားသောသေနတ်က ဖြည်းညှင်းစွာ မျောလွင့်လာပြီး သူ့ခေါင်းဆီသို့ တည့်တည့် ချိန်ရွယ်လိုက်လေသည်။

"ဒီနည်းလမ်းကိုပဲ ထပ်သုံးပြန်ပြီ။ နည်းနည်းလောက် မပြောင်းလဲနိုင်ဘူးလား။"

လီနန်ခယ့် မကျေမနပ်ကြိတ်ဆဲလိုက်သည်။

ဒိုင်း

မင်္ဂလာခန်းဆောင်ထဲတွင် လီနန်ခယ့်၏ပုံရိပ် လုံးဝပျောက်ကွယ်သွား‌ခဲ့လေပြီ။

ယခုအချိန်တွင် မင်းသမီးရှန်းယွမ်နှင့် လော့ချန်းချိုး၊ ဖအေတူမအေကွဲ ညီအစ်မနှစ်ဦးသာ အချင်းချင်းစိုက်ကြည့်ရင်း ကျန်ရစ်ခဲ့တော့သည်။

"ကဲ... နင် လုပ်စရာရှိတာတွေ ပြီးပြီဆိုတော့ သူ့အနားကနေခွာလို့ရပြီ။"

မင်းသမီးရှန်းယွမ်က ရှုပ်ထွေးနေသောမျက်လုံးများကို ဖုံးကွယ်လျက် ပြုံးရင်းဆိုသည်။

"ညီမလေးလည်း တော်တော်ပင်ပန်းသွားမှာပါပဲ"

လော့ချန်းချိုးက ထိုစကားများကို ဘာမှမကြားသည့်အလား ကန်ရေပြင်ကဲ့သို့ တည်ငြိမ်လှပသော မျက်ဝန်းများဖြင့် ပြတင်းပေါက်ပြင်ပတွင် ရွာသွန်းနေသော သွေးမိုးများကိုသာ တိတ်တဆိတ်စိုက်ကြည့်နေခဲ့သည်။

"နင်တကယ်ပဲ သူ့ကိုချစ်မိသွားတာတော့ မဟုတ်ပါဘူးနော်။"

မင်းသမီးရှန်းယွမ်က နှုတ်ခမ်းကိုတင်းတင်းစေ့ကာ မျက်မှောင်ကြုတ်လျက် မေးသည်။

အတန်ကြာမှသာ လော့ချန်းချိုး ခပ်ဖွဖွလေး ပြန်ပြောလိုက်သည်။

"ငါကနင့်နေရာကို အစားထိုးယူတော့မှာလေ"

"နင် ဘာပြောလိုက်တာလဲ။"

မင်းသမီးရှန်းယွမ် မျက်ခုံးပင့်လိုက်မိပြီး ပြုံးယောင်သန်းနေသောမျက်နှာထက် ဇဝေဇဝါအရိပ်အယောင်တချို့ ‌ပေါ်လာသော်ငြား နောက်ကွယ်မှုယုံကြည်မှုနှင့် လှောင်ပြောင်လိုရိပ်ကိုတော့ ခံစားလို့ရနိုင်သေး၏။

လော့ချန်းချိုးက သူမကို တည့်တည့်စိုက်ကြည့်လိုက်ရင်း ပြောသည်။

"စိတ်ဆိုးသွားပြီလား၊ အပြင်ထွက်ပြီး ငါ့ကိုလာရိုက်လှည့်ပါလား။ ဒါနဲ့ နင်အပြင်ရော ထွက်နိုင်လို့လား"

"လော့ချန်းချိုး"

မင်းသမီးရှန်းယွမ်၏ မျက်လုံးများထဲမှ အေးစက်စက်အရှိန်အဝါများ စူးထွက်လာပြီး ဖော်ပြမရနိုင်သော အင်အားတစ်ခုကို ထုတ်လွှတ်နေခဲ့သည်။

"မှတ်ထားပါ။ နင်ကငါ့ရဲ့ အစားထိုးသက်သက်ပဲ"

"ဘယ်သူက ဘယ်သူ့နေရာမှာ အစားထိုးမလဲဆိုတာ မသေချာသေးပါဘူး။"

လော့ချန်းချိုး၏ မျက်နှာဖြူဖြူထက် အပြုံးတစ်ခုက တောက်ပစွာပွင့်လန်းလာသည်။

"ဟုတ်တယ်မလား မမရဲ့"

ဤအပြုံးသည် ညကျန်နှင်းများအရည်ပျော်သွားပြီး နံနက်ခင်း နေပွင့်လာသည့်အလား မင်္ဂလာခန်းဆောင်တစ်ခုလုံးကို တောက်ပရွှင်လန်းသော အရောင်အသွေးများဖြင့် ပြည့်နှက်သွားစေသည်။

မင်းသမီးရှန်းယွမ်၏ မျက်ဝန်းများမှာ နက်ရှိုင်းအေးစက်နေကာ မျက်နှာထက် မည်သည့်စိတ်ခံစားချက်မှ ရှိမနေတော့။

"ကဲ အခုတော့ ငါ့ယောက်ျားကိုသွားရှာရဦးမှာမလို့ နင်နဲ့ကစားမပေးနိုင်တော့ဘူး။ တစ်ယောက်တည်း အရမ်းပျင်းမနေဖို့တော့ မျှော်လင့်ပါတယ်"

လော့ချန်းချိုး၏ပုံရိပ်မှာ တဖြည်းဖြည်းနှင့် မှေးမှိန်သွားခဲ့သည်။

မထွက်ခွာမီ သူမသည် ညင်သာသော်လည်း အလွန်အာဏာစက်ပြင်းလှသော လေသံဖြင့် အလေးအနက် ပြောကြားသွားခဲ့၏။

"ဒီလောကမှာ လီနန်ခယ့်ရဲ့ဇနီးသည်ဆိုလို့ တစ်ယောက်တည်းပဲရှိရမယ်။ အဲဒါ ငါလော့ချန်းချိုးပဲ။"

All Chapters