← Chapters

မိစ္ဆာဧကရီ

Vol. 15 Ch. 146

မိစ္ဆာဧကရီ

Vol. 15 Ch. 146

မင်းသမီးရှန်းယွမ်၏ ရုပ်အလောင်းမှာ ပျောက်ဆုံးသွားပြန်လေပြီ။

ရုန်းရင်းဆန်ခတ်အဖြစ်အပျက်များ ပြီးဆုံးသွားပြီးနောက် မင်းသမီးကြီးပိုင်ရူယွဲ့သည် သူမ၏ ကိုယ်ရံတော်များအား မင်းသမီးရှန်းယွမ်၏ရုပ်အလောင်းကို ရှာဖွေရန် ချက်ချင်းအမိန့်ပေးခဲ့သည်။ သို့သော်လည်း ခရိုင်တစ်ခုလုံးမကျန် နှံ့နှံ့စပ်စပ်ရှာဖွေသည့်တိုင်အောင် အစအနပင်မတွေ့ခဲ့ပါချေ။

ရုပ်အလောင်းမှာ လေထဲသို့ အငွေ့ပျံပျောက်ကွယ်သွားသည့်အလား ဖြစ်နေလေသည်။

ပိုင်ရူယွဲ့လည်း အလွန်အမင်း စိတ်ဓာတ်ကျသွားရ၏။

ရုပ်အလောင်းကိုသာ ပြန်လည်ရရှိပါက အရာအားလုံးစိတ်ချရပြီဟု အစက ထင်မှတ်ထားခဲ့သော်လည်း တကယ့်အချိန်ကျမှ ထိုမိစ္ဆာကောင် ရုတ်တရက်ပေါ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။

သူမကိုယ်တိုင်လည်း အကြောင်းရင်းကို သဲသဲကွဲကွဲသိထားခြင်း မရှိပါ။

သို့သော် အမျိုးသမီးတစ်ယောက်၏ ဆဋ္ဌမအာရုံအရ ထိုအရာသည် မင်းသမီး၏ ကောလာဟလထွက်နေသော သင်္ချိုင်းလူသား ခင်ပွန်းဖြစ်သူနှင့် သက်ဆိုင်နေနိုင်ကြောင်း ခန့်မှန်းမိသည်။

သို့သော် ဤသည်မှာလည်း တစ်ကိုယ်စာအထင်အမြင်မျှသာဖြစ်သောကြောင့် အမှန်တရားကိုသိဖို့အတွက်တော့ ဆက်လက်လေ့လာစုံစမ်းရပေဦးမည်။

"မင်းသမီးကြီး ကိုယ်ရေးအရာရှိလီ နိုးလာပါပြီ"

အမျိုးသမီးကိုယ်ရံတော်တစ်ဦးက အနားသို့တိုးကပ်လာပြီး တိုးတိုးသာသာ ပြောလိုက်သည်။

"သူနိုးလာပြီလား"

ပိုင်ရူယွဲ့သည် အတွေးကမ္ဘာထဲမှ ရုန်းထွက်လိုက်ပြီး မျက်ခုံးလှလှကို တစ်ဖန်ပြန်ကျုံ့လိုက်သည်။

မကြာသေးခင်က မိစ္ဆာကောင်ပျောက်ကွယ်သွားပြီးနောက် သူတို့သည် အတူပျောက်ဆုံးသွားခဲ့သော လီနန်ခယ့်အား အိမ်ဝင်းအပြင်ဘက်တွင် သတိမေ့မြောလျက် လဲကျနေသည်ကို တွေ့ရှိခဲ့ရသည်။ ကံကောင်းထောက်မစွာဖြင့် သူသည် ဟိုဟိုဒီဒီပစ်ပေါက်ခံရမှုကြောင့် ပွန်းပဲ့ဒဏ်ရာအချို့သာ ရရှိခဲ့ပြီး များများစားစား စိုးရိမ်စရာမရှိသဖြင့် သူ့ကို အနားယူရန် အခန်းထဲသို့ ထမ်းပိုးခေါ်ဆောင်လာခဲ့ကြခြင်း ဖြစ်သည်။

ထိုအမျိုးသားနှင့် ပတ်သက်၍ ပိုင်ရူယွဲ့သည် စိတ်ထဲ အတွေးများစွာဖြင့် နောက်ကျိလေးလံမိရ၏။

တစ်ဖက်လူသည် အထပ်ထပ်ချထားသော တံတိုင်းတံခါး ကိုယ်ရံတော်များကို မည်သို့ကျော်ဖြတ်ကာ သူမအခန်းထဲသို့ ရုတ်တရက်ရောက်ရှိလာခဲ့သည်အား နားမလည်နိုင်ဖြစ်နေရသည်။

မည်သို့ပင်ဆိုစေ ထိုအမျိုးသားမှာ ကျင့်ကြံဆင့်အရာတွင်တော့ အလွန်သာမန်ဆန်လှဟန်ရှိ၏။

သို့သော် မဟာကျန်းမင်းဆက်၏ မင်းသမီးကြီးတစ်ပါးအနေဖြင့် ယောက်ျားတစ်‌ယောက်က မလေးမစား လူလည်ကျသွားသည့်အဖြစ်ကို သည်းခံနိုင်စရာအကြောင်းမရှိ။

ကိုယ်ရံတော်များကို လျှို့ဝှက်စေလွှတ်၍ တိတ်တဆိတ် နှုတ်ပိတ်သတ်ဖြတ်ခိုင်းရလေမလား။

ဒါမှမဟုတ် ဖမ်းချုပ်ထားပြီး သူမဒေါသပြေသည်အထိ ကောင်းကောင်းကြီး ညှင်းပန်းနှိပ်စက်သင့်သလား။

သို့သော်လည်း တစ်ဖက်လူသည် အခန်းထဲသို့ တိတ်တဆိတ်ဝင်ရောက်နိုင်ခဲ့သဖြင့် သူ့တွင် တစ်စုံတစ်ရာသော အထူးစွမ်းရည် ရှိနေနိုင်ပေသည်။ ဝူကျီခန်းမတွင်းသို့ ဝင်ရောက်စုံစမ်းရန် ထိုသူအားစေလွှတ်ပါက အောင်မြင်နိုင်လေမည်လားဟု သူမ အတွေးပေါက်မိပြန်သည်။

ယခုအချိန်အထိ ထိုလျှို့ဝှက်အခန်းထဲတွင် ဘာရှိလို့ရှိမည်မှန်း သူမ အရိပ်အယောင်မျှပင် မသိရသေးပါ။

ဖခင်ဖြစ်သူ ဧကရာဇ်မင်းမြတ်သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိုနေရာသို့ ချဉ်းကပ်ခွင့်မပြုခဲ့ချေ။

သမီးရင်းဖြစ်သူ သူမသည်လည်း အကြွင်းမဲ့ယုံကြည်ရသူများထဲ မပါခဲ့ဟန်တူ၏။

ရှုပ်ထွေးနေသော စိတ်အခြေအနေဖြင့်ပင် ပိုင်ရူယွဲ့သည် အနောက်ခန်းဆီသို့ ရောက်လာခဲ့၏။

အခန်းထဲတွင် လီနန်ခယ့်သည် လိန်ရှင်းနန်နှင့် စကားပြောလက်စဖြစ်သည်။ သို့သော် ပိုင်ရူယွဲ့ အခန်းနားသို့ရောက်လာသည်ကို ဖျတ်ခနဲမြင်လိုက်ရသည်နှင့် ထိုအမျိုးသားသည် ချက်ချင်း ကုတင်ပေါ်ပစ်လှဲကာ မဆိုင်းမတွပင် သတိမေ့ချင်ယောင်ဆောင်လိုက်လေသည်။

သို့သော် ပျာယာခတ်လွန်းသွားကာ သရုပ်ဆောင်မပီပြင်လိုက်သည်ကို သူ့ကိုယ်သူ သတိထားမိသည်ထင့်၊ အားနည်းပျော့ခွေသောဟန်ဖြင့် ပြန်လည်ထထိုင်ကာ ဆိုလိုက်သည်။

"အစ်မလိန် ကျွန်တော်တို့ အိမ်ပဲပြန်နှင့်ကြရအောင်"

"မင်းသမီးကြီး"

လိန်ရှင်းနန်က ပိုင်ရူယွဲ့ဘက်သို့လှည့်ကာ ဦးညွှတ်အရိုအသေပြုလိုက်သည်။

မိမိရှေ့ရှိ အမျိုးသမီး၏ မျက်နှာထက်တွင် အထက်လူကြီးနှင့် လက်အောက်ငယ်သား စည်းဘောင်ထက် သိသိသာသာ လွန်ကဲနေသော စိုးရိမ်ပူပန်မှု အရိပ်အယောင်ကို အကဲခတ်ရင်း ပိုင်ရူယွဲ့သည် နှုတ်ခမ်းကိုအသာစေ့ကာ မပြုံးမိအောင်ထိန်းရင်း တည်ငြိမ်စွာဆို၏။

"မင်းအရင်သွားလိုက်ဦး၊ ငါ ကိုယ်ရေးအရာရှိလီကို မေးစရာတချို့ရှိနေလို့"

"ဟုတ်ကဲ့"

လိန်ရှင်းနန်သည် မင်းသမီးကြီးက အမှုအကြောင်းမေးမြန်းလိုသည် အထင်ဖြင့် အများကြီးမစဉ်းစားတော့ဘဲ အခန်းထဲမှ ထွက်ခွာရှောင်ဖယ်ပေးသွားခဲ့သည်။

မင်းသမီးကြီး၏ အချက်ပြမှုအောက်တွင် ကပ်လျက်လိုက်ပါလာသော အမျိုးသမီးကိုယ်ရံတော်သည်လည်း အခန်းပြင်သို့ ရှောင်ထွက်သွားခဲ့၏။

ဂျိန်းခနဲ တံခါးပိတ်သွားသည်နှင့် လီနန်ခယ့်၏ရင်မှာ ဒိန်းခနဲ တုန်ယင်သွားခဲ့ပြီး ခေါင်းကိုတွင်တွင်ငုံ့ကာ သူမကို မော့ကြည့်မလာတော့။

နှစ်ဦးစလုံး စကားမဆိုကြပေ။

တိတ်ဆိတ်နေသောအခန်းထဲတွင် နေရခက်သောလေထုတစ်ခု စီးဆင်းနေပြီး သတ်ဖြတ်ရိုက်ပုတ်လိုဟန် အငွေ့အသက်မရှိပေသည့် ပစ်ခါနီးလေးညှို့ကို တင်းတင်းဆွဲထားသည့်အလား တင်းမာမှုများ ရှိနေသည်။

"ကိုယ်ရေးအရာရှိလီ နေရထိုင်ရအဆင်ပြေရဲ့လား"

နောက်ဆုံးတွင် ပိုင်ရူယွဲ့က တိတ်ဆိတ်မှုကို စတင်ဖြိုခွဲလိုက်သည်။

အမျိုးသမီးသည် စားပွဲဘေးတွင် မတ်မတ်ထိုင်ကာ ကုတင်ဘက်သို့ မျက်နှာမူထားပြီး သူမ၏မျက်ဝန်းများသည် အမျိုးသားထံမှ တစ်စက္ကန့်မျှမခွာဘဲ စိုက်ကြည့်နေခဲ့သည်။

ညှို့ငင်မှုအပြည့်နှင့် လှပသောမျက်နှာထက်တွင် ဝမ်းသာခြင်း သို့မဟုတ် ဒေါသထွက်ခြင်းဟူသော ခံစားချက်တစ်စုံတစ်ရာကို မမြင်တွေ့နိုင်ချေ။

"မင်းသမီးကြီး မစိုးရိမ်ပါနဲ့။ ကျွန်တော့်မှာ ပြင်းထန်တဲ့ဒဏ်ရာမရှိပါဘူး။

လီနန်ခယ့်၏ အကြည့်များမှာ ဇာပဝါအထပ်ထပ်လွှမ်းထားသကဲ့သို့ ဝေဝါးနေပြီး တစ်ဖက်အမျိုးသမီး၏ ထက်မြက်အေးစက်လှသော ခပ်စူးစူးအကြည့်ကို မရင်ဆိုင်ရဲချေ။ သူ့စိတ်ထဲ အပြစ်မကင်းသလိုခံစားနေရသည်ပင်။

အဆင့်မြင့်ဈေးကြီးပင်လယ်စာကို ကိုယ့်အတွက်ပြင်ထားသည်လည်းမဟုတ်ပါဘဲ အလကားစားသုံးလိုက်ရသည့်အတွက် မည်သူမဆို အပြစ်ကင်းသလိုခံစားမိမည်။

"ဒါဆိုရင်လည်း ကောင်းပါပြီ"

ပိုင်ရူယွဲ့၏လေသံမှာ အေးစက်တင်းမာနေပြီး ဘာမှထပ်ပြောမလာတော့။

အခန်းထဲတွင် တစ်ဖန်ပြန်လည် တိတ်ဆိတ်သွားပြန်သည်။

အမျိုးသားသည် ခေါင်းကို အနည်းငယ်ငုံ့ထားဆဲဖြစ်ရာ သူ့မြင်ကွင်းတွင် ထိုအမျိုးသမီး၏ တိမ်တိုက်ပုံစံ ပန်းထိုးထားသော ဂါဝန်စနှင့် ကြာပန်းပွင့်ဖတ်လေးများကဲ့သို့ ချွန်ချွန်သွယ်သွယ်ဖြစ်နေသော အရာင်အသွေးဖျော့တော့သည့် ခရမ်းရောင်ပိုးသားဖိနပ်တစ်စုံကိုသာ မြင်တွေ့နေရသည်။

ထိုပိုးသားဖိနပ်များအတွင်း ဝှက်ကွယ်ထားသော ခြေဖဝါးတစ်စုံမှာ မည်မျှသိမ်မွေ့သေးငယ်မည်ကို တွေးကြည့်ရုံဖြင့် သိနိုင်သည်ပင်။

လီနန်ခယ့်သည် ထိုနေ့က ထိုအမျိုးသမီး၏ခန္ဓာကိုယ်ကို မြင်တွေ့ခဲ့ရသည်။

မူးမိုက်နေသောအခြေအနေတွင် သူ သေချာမကြည့်ခဲ့ရသော်လည်း အသားအရည်မှာ အမှန်တကယ်ပင် နူးညံ့အိစက်နေကြောင်း ခံစားသိဖြင့် ပြန်လည်မှတ်မိနိုင်သည်။ ပင်မြင့်စံမင်းသမီးတစ်ပါး ဖြစ်သည့်နှင့်အညီ အဆင့်မြင့် အသားအရည်အလှအပ ထိန်းသိမ်းရေးပစ္စည်းများကို နေ့တိုင်းသုံးနိုင်လိမ့်မည်ပင်။

"မင်း ဟယ့်ပန်ကျွင်းနဲ့ ဘာသဘောတူညီချက်လုပ်ခဲ့တာလဲ"

ထိုအမျိုးသမီးက တိတ်ဆိတ်မှုကို ထပ်မံဖြိုခွဲလိုက်ပြန်သည်။

သို့သော် ယခုအကြိမ် သူမမေးလိုက်သော မေးခွန်းက လီနန်ခယ့်အား အန္တရာယ်အငွေ့အသက်ကို ခံစားစေလိုက်သည်ပင်။

သူသည် ပြုံးစစဖြစ်နေသော ထိုအမျိုးသမီးကို မော့ကြည့်လိုက်ပြီး မသဲမကွဲအမူအရာဖြင့် ခေါင်းကိုကုတ်သည်။

"မင်းသမီးကြီးမေးချင်တာက တုန်းဝမ်ခွင်းနဲ့ ဟယ့်ပန်ကျွင်းတို့ ဘာသဘောတူညီချက် လုပ်ခဲ့လဲဆိုတာလား။ အဲ့ဒါကိုတော့ ကျွန်တော်လည်းသေချာမသိပါဘူး။ တပ်မှူးနျဲ့ကတော့ ရအောင်စုံစမ်းနိုင်မယ်ထင်ပါတယ်"

ပိုင်ရူယွဲ့က သူ့ကို အေးစက်စွာ စိုက်ကြည့်ပြီး လှောင်ပြုံး ပြုံးလိုက်သည်။

"တုန်းဝမ်ခွင်းက တုံးအလှပေမဲ့ ဟယ့်ပန်ကျွင်းကတော့ ငတုံးမဟုတ်ဘူးလေ။ ဒီလှည့်ကွက်က သိပ်ပြီးတော့မသေသပ်လှဘူး။ နျဲ့ယင်းက ရာထူးတက်ချင်လို့ မင်းနဲ့ပူးပေါင်းတာဆိုရင် ဟယ့်ပန်ကျွင်းကရော ဘာလိုချင်လို့ မင်းနဲ့ပူးပေါင်းတာလဲ"

လီနန်ခယ့်သည် အူကြောင်ကြောင်ပုံစံဖြင့် ဆို၏။

"မင်းသမီးကြီးပြောတာကို ကျွန်တော်နားမလည်ပါဘူး"

"ငါကတော့ ဟယ့်ပန်ကျွင်းနဲ့ တစ္ဆေနတ်ဘုရားလှံသွားရှင်တို့ တိတ်တဆိတ်ပူးပေါင်းပြီး မင်းသမီး ရှန်းယွမ်ရဲ့ရုပ်အလောင်းကို လုယူသွားတာလို့ ထင်ထားခဲ့တာ။ ဒါပေမဲ့ အခုကြည့်ရသလောက် ဒီဇာတ်လမ်းတစ်ခုလုံးကို ဟယ့်ပန်ကျွင်းက စီစဥ်ကပြခဲ့တာပဲ"

ပိုင်ရူယွဲ့၏လေသံမှာ ထုံးစံအတိုင်း တည်ငြိမ်နေသဖြင့် သူမ၏စိတ်ခံစားချက်ကို ခန့်မှန်းရခက်ခဲလှပေသည်။

"အဲ့မိန်းမက အလောင်းအစားဆို သိပ်ဝါသနာပါတယ်။ မင်းက သူဖျောက်ထားတဲ့ရုပ်အလောင်းကို ပြန်ရှာတွေ့ခဲ့တယ်ဆိုတော့ ဒီပွဲမှာ မင်းဘက်ကနိုင်လိုက်တာပဲ။ အဲ့မိန်းမက ဒီအတိုင်းလက်လျှော့မဲ့ထဲတော့ မပါဘူး။ ပွဲပြီးတဲ့အချိန် မင်းတို့နှစ်ယောက်‌ သေချာပေါက်ပြန်ဆုံခဲ့တယ်မဟုတ်လား။ သူ့ဘက်ကလာမတွေ့ရင် မင်းဘက်က သွားတွေ့ကိုတွေ့ရမှာပဲ။ ဘာပဲဖြစ်ဖြစ် တုန်းဝမ်ခွင်းဆိုတဲ့ ချောင်ပိတ်ရိုက်မဲ့ရန်သူကို မင်းဖယ်ရှားချင်ရင် သူ့ကိုမင်းနဲ့ပူးပေါင်းအောင် စည်းရုံးရမှာပဲ။ ဒါပေမဲ့ ဟယ့်ပန်ကျွင်းလိုလူက ခြိမ်းခြောက်တာတွေကို ကြောက်တတ်တဲ့သူမဟုတ်ဘူး။ သူ့ဘက်က လိုလိုလားလားကူညီအောင် မင်းလည်းတစ်ခုခုကို အပေးအယူလုပ်ခဲ့ရတယ်မဟုတ်လား"

လီနန်ခယ့် ဘာတစ်ခွန်းမှ ပြန်မပြောမိ။

သူမ၏ မိစ္ဆာဧကရီဟူသော နာမည်ပြောင်ကိုသာ ပြေးသတိရမိကာ ဤမျှကြောက်မက်ဖွယ်ကောင်းသည့် ပါးနပ်ကျင်လည်မှုကို အံ့သြပြီးရင်းသာ အံ့သြနေရတော့သည်။

နှစ်ရက် သုံးရက်အတွင်းမှာတင် သူသည် မိစ္ဆာဦးနှောက်များပေလားဟု ထင်ရသော အမျိုးသမီးနှစ်ယောက်နှင့် တွေ့ဆုံခဲ့ရသဖြင့် လီနန်ခယ့်မှာ ဖိအားများစွာခံစားနေရသည်။

ထိုအမျိုးသမီးနှစ်ဦးကို သဘောကျနှစ်သက်ကြသော အမျိုးသားများဆိုလျှင် ပို၍ပင် ဖိအားများရှာပေလိမ့်မည်။

ဤသို့ ကြီးကျယ်ထက်မြက်သော အမျိုးသမီးများကို မည်သို့သောနည်းလမ်းဖြင့် အောင်နိုင်စိုးမိုးနိုင်ပါမည်နည်း။

သို့သော် မည်သို့ပင်ဖြစ်စေ ထိုအချက်ကိုမသိချင်ယောင်ဆောင်ပြီး ပုံမှန်လူတစ်ယောက်လို ဆက်လက်ဟန်ဆောင်ဆက်ဆံရပေဦးမည်။

"အကယ်၍ မင်းသမီးကြီးက ကျွန်တော်က တပ်မှူးတုန်းကို မဟုတ်မမှန်စွပ်စွဲနေတာလို့ထင်ရင် ကျွန်တော့်ကိုဖမ်းဆီးပြီး စစ်ဆေးမေးမြန်းနိုင်ပါတယ်။"

"ငါမလုပ်ရဲဘူးလို့ ထင်နေတာလား။"

ပိုင်ရူယွဲ့၏ မျက်ခုံးနှစ်ဖက်က ဆတ်ခနဲမြင့်တက်သွားပြီး ကိုယ်ကို အရှေ့သို့ အနည်းငယ်ကိုင်းညွတ်လိုက်သည်။ ပြင်းထန်လှသော တော်ဝင်အငွေ့အသက် အာဏာအရှိန်အဝါသည် ဒီရေလှိုင်းကဲ့သို့ မြင့်တက်လာပြီး အရှေ့မှလူကို အကြည့်တစ်ချက်ဖြင့် ကြောက်သေးပါအောင် ဖိနှိပ်ခြိမ်းခြောက်နိုင်ပေ၏။

ဤအခိုက်အတန့်တွင် မဟာကျန်းမင်းဆက်အမွေခံ မင်းသမီးကြီးတစ်ပါး၏ ခန့်ညားထည်ဝါမှုမှာ အမှန်တကယ် ရုပ်လုံးပေါ်လာခဲ့ပြီဖြစ်သည်။

လီနန်ခယ့်မှာမူ ဒီအခြေအနေထိရောက်မှတော့ မကြောက်နေတော့ချေ။ သူသည် ထိုအမျိုးသမီး၏ ကြည်လင်ပြီး နတ်ဆိုးဆန်သော မျက်ဝန်းစူးစူးများကို တောက်ပသောအကြည့်ဖြင့် ပြန်လည်ရင်ဆိုင်လိုက်ပြီး ခပ်ပြုံးပြုံးဆိုသည်။

"ဖြူစင်သူက ဘယ်လိုအရောင်ဆိုးဆိုး ဖြူစင်ဆဲဖြစ်သလို ညစ်နွမ်းတဲ့သူဟာလည်း ဘယ်လောက်သန့်ရှင်းပါစေ ညစ်နွမ်းမြဲပါပဲ။ ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကိုယ် ဖြူစင်တယ်လို့ယုံကြည်ပါတယ်။"

"ကောင်းပြီ။ ဒါဆိုရင် အခုချက်ချင်းလူလွှတ်ဖမ်းဆီးပြီး စစ်မေးရတာပေါ့"

"ရပါတယ်။ ပြီးတော့ မင်းသမီးကြီးနဲ့ ဖောက်ပြန်ကျူးလွန်မိခဲ့တဲ့ပြစ်ချက်ကိုပါ တစ်ခါတည်းထည့်ပေးလိုက်ပါဦး"

ခေါင်းဖြတ်ခံရတော့မည့်အတူတူ လီနန်ခယ့် စဥ့်တီတုံးပေါ်လည်စင်းပြီးသားအကွက်ကိုသာ ခင်းချလိုက်တော့သည်။

ခွမ်း

လက်ဖက်ရည်ခွက်တစ်ခွက်သည် သူ၏ နားရွက်ဘေးမှ ဖြတ်ပျံသွားပြီး နံရံတွင်ရိုက်ကာ ကွဲကြေသွားခဲ့၏။

မင်းသမီးကြီးသည် ဝုန်းခနဲ မတ်တပ်ထရပ်လိုက်ပြီး သူမ၏ မျက်လုံးအစုံတွင် သတ်ချင်ဖြတ်ချင်စိတ်က ပြည့်နှက်ပြည့်လျှံလာကာ ဂါဝန်စကို ဆုပ်ကိုင်ထားသော လက်ချောင်းများမှာ တင်းကျပ်တုန်ယင်နေပြီး လက်ခုံတွင် အကြောစိမ်းများပင် ကြွတက်လာခဲ့သည်။

"လီနန်ခယ့်၊ မင်းကိုငါ တကယ်သတ်ပစ်နိုင်တယ်ဆိုတာ သိလား"

လီနန်ခယ့်သည် မကြားချင်ယောင်ဆောင်ကာ လည်ပင်းတွင်စင်သွားသော လက်ဖက်ရည်များကို ခပ်အေးအေးသုတ်လိုက်ပြီး သူ၏ စိုစွတ်နေသော အဝတ်အစားများကို ငုံ့ကြည့်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။

"စိုသွားပြီပဲ"

ရည်ရွယ်ချက်မရှိဘဲ ပြောလိုက်သောစကားဖြစ်သော်ငြား တစ်ဖက်အမျိုးသမီး၏စိတ်ထဲကို ထိုးဖောက်ဝင်ရောက်သွားခဲ့သည်ပင်။

ထိုစကားကိုကြားလိုက်ချိန်တွင် ပိုင်ရူယွဲ့၏ ဖြူဝင်းလှပသောမျက်နှာသည် ချက်ချင်းပင် ရဲရဲနီသွားခဲ့ရပြီး ထို့နောက် သေလူကဲ့သို့ ဖြူဖျော့သွေးဆုတ်သွားရသည်။ ခန္ဓာကိုယ်သည် ပြင်းထန်စွာတုန်ယင်လာကာ သွားဖြူဖြူလေးများကို တင်းနေအောင်ဖိကြိတ်ထားမိ၏။

"မင်းသမီးကြီး။ လျှောက်တင်စရာရှိပါတယ်"

ထိုအချိန်တွင် တံခါးပြင်ပမှ ခြေသံများ ကပျာကယာထွက်ပေါ်လာပြီး အမျိုးသမီးကိုယ်ရံတော်တစ်ဦးက အသံပေးလာသည်။

ဒေါသအမျက် ချောင်းချောင်းထွက်နေသော ပိုင်ရူယွဲ့သည် ထိုကိုယ်ရံတော်အား အရိပ်အချည်မသိလှချည့်ဟု ဆူပူကြိမ်းမောင်းတော့မည့်အပြု ထိုကိုယ်ရံတော်မှာ သူမကိုယ်တိုင် မယ်မယ်ကြီးကို ရှာဖွေရန် တိတ်တဆိတ်တာဝန်ပေးထားသူဖြစ်ကြောင်း ရုတ်တရတ် သတိပြုမိသွားသည်။

မည်သည့်သဲလွန်စမဆို သူမကို မဆိုင်းမတွ လာရောက်သတင်းပေးရန် ညွှန်ကြားထားခဲ့သည်ပင်။

မယ်မယ်ကြီးကို ပြန်ရှာတွေ့ခဲ့ပြီလား။

ပိုင်ရူယွဲ့သည် အသက်ကိုပြင်းပြင်းရှူလိုက်ပြီး တောက်လောင်နေသော ဒေါသများကို အတင်းအကြပ် ဖိနှိပ်လိုက်ကာ လီနန်ခယ့်အား အေးစက်စွာဆို၏။

"ငါ မင်းရဲ့အသက်ကို လောလောဆယ် ချမ်းသာထားပေးမယ်။ ပြီးတော့ ထွက်ပြေးဖို့မစဉ်းစားနဲ့။ မင်းထွက်ပြေးရဲရင် အကျိုးဆက်ကိုလည်း သေချာသိအောင်ပြပေးမယ်။ နောက်ပြီးတော့ ဟယ့်ပန်ကျွင်းက မင်းကို လာဘ်ထိုးချင်လာရင် သဘောတူလိုက်။ အလောင်းအစား သိပ်လုပ်ချင်နေတာမလား။ အဲ့ကစားပွဲထဲ ငါကိုယ်တိုင်ဝင်ပါပေးမယ်လို့"

ထိုသို့ အမိန့်ပေးပြောကြားပြီးနောက် ထိုအမျိုးသမီးသည် အခန်းထဲမှ ထွက်ခွာသွားခဲ့သည်။

All Chapters