ကိုယ်တို့တော့ တကယ်သွားပြီ။
Vol. 15 Ch. 147
ထွက်ခွာသွားသည့်ကျောပြင်ကိုကြည့်ရင်း လီနန်ခယ့် ခပ်တိုးတိုးရေရွတ်မိသည်။
"ဒီလောက်ပဲလား။"
ပြင်းထန်သော မုန်တိုင်းတစ်ခုကို မျှော်လင့်ထားခဲ့သော်လည်း လက်ဖက်ရည် အနည်းအကျဥ်းစင်ရုံမျှဖြင့် ပွဲပြီးသွားခဲ့သည်။ သို့သော် သူမ၏ စကားအဓိပ္ပာယ်အရ သူ့ကို ထိုးကျွေးစရာ စစ်တုရင်ရုပ်တစ်ခုအဖြစ် သဘောထားပြီး ဟယ့်ပန်ကျွင်းနှင့် ထိပ်တိုက်တွေ့ချင်ဟန်ရသည်ပင်။
အမျိုးသမီးများဆိုသည်မှာ ပြိုင်ဆိုင်ရသည်ကို အလွန်ဝါသနာပါကြလှချည်လော။
"နန်ခယ့်။"
လိန်ရှင်းနန်သည် အခန်းထဲသို့ဝင်ရောက်လာပြီး ထိုအမျိုးသား၏ကိုယ်ပေါ်တွင် စွန်းပေနေသောလက်ဖက်ရည်များကို ကြည့်ကာ မျက်မှောင်ကြုတ်လျက်ဆို၏။
"ဘာဖြစ်တာလဲ။ အခုလေးတင် မင်းသမီးကြီးထွက်သွားတာ မျက်နှာသိပ်မကောင်းဘူး။"
လီနန်ခယ့်သည် မင်းသမီးကြီးကို ခိုးကြောင်ခိုးဝှက်မြည်းစမ်းခဲ့မိပါသည်ဟု ပြောပြလို့မရနိုင်သဖြင့် အခြေအနေတစ်ခုကိုသာ လုပ်ကြံဖန်တီးပြောလိုက်ရသည်။
"မင်းသမီးကြီးက ကျွန်တော် ထျန်ချုံးဂိုဏ်းကဟယ့်ပန်ကျွင်းနဲ့ တိတ်တဆိတ်ပူးပေါင်းနေတယ်လို့ ထင်ပြီး ဒေါသထွက်သွားတာပါ။"
"အဲ့လိုပူးပေါင်းမှုမျိုး တကယ်ရှိနေတာလား"
လိန်ရှင်းနန်သည် ငတုံးငအမဟုတ်ချေ။ ဟယ့်ပန်ကျွင်းတစ်ယောက် ရုတ်တရတ်ပေါ်ထွက်လာခြင်းမှ သဲလွန်စတချို့မြင်မိခဲ့သည်ပင်။
လီနန်ခယ့် ခါးသက်စွာ ပြုံးလိုက်သည်။
"တုန်းဝမ်ခွင်းကတော့ သေရမှာပဲ။"
လိန်ရှင်းနန်သည် ပုဝါကိုထုတ်ယူကာ သူ့ကိုယ်ပေါ်မှလက်ဖက်ရည်များကိုသုတ်ပေးရင်း လေးနက်စွာသတိပေးလိုက်သည်။
"ထဲထဲဝင်ဝင်မပက်သက်မိစေနဲ့။ ထျန်ချုံးဂိုဏ်းက ဘာပဲဖြစ်ဖြစ် တော်ဝင်တရားရုံးရဲ့ အမြင်မှာတော့ ပုန်ကန်သူတွေပဲ။"
"ကျွန်တော် နားလည်ပါတယ်။"
လီနန်ခယ့် လေးလံနေသောမျက်နှာထားဖြင့် ခေါင်းညိတ်လိုက်သည်။
လိန်ရှင်းနန်သည် သူ့အား တုန်းဝမ်ခွင်း၏ကလဲ့စားချေမှုကို စိုးရိမ်နေသည်ဟု ထင်မှတ်သဖြင့် ညင်သာစွာနှစ်သိမ့်သည်။
"ကျွန်မ အခုလေးတင် ရှင့်ဇနီးကိုတွေ့ခဲ့တယ်။ ဒါပေမဲ့ မင်းသမီးရဲ့ကိုယ်ရံတော်တွေက သူ့ကိုဒီအထဲပေးမဝင်ဘူး။ အပြင်မှာပဲ ရှိနေဦးမယ်ထင်တယ်။ ဘာမှစိုးရိမ်မနေနဲ့။ တုန်းဝမ်ခွင်းက သူ့ကိုပြဿနာသွားမရှာခဲ့ဘူး။ နောက်ပြီး တပ်မှူးနျဲ့ကလည်း လူတွေခေါ်ပြီး သူ့ကိုသွားရှာနေပြီ။
"တုန်းဝမ်ခွင်း"
လီနန်ခယ့်သည် နှုတ်ခမ်းကိုတစ်ချက်တွန့်လိုက်ပြီး သူ၏မျက်နှာထက်တွင် လှောင်ပြုံးတစ်ခုပေါ်လာခဲ့သည်။
ဒီလူတော့ အသက်မဲ့သွားလောက်လေပြီ။
လိန်ရှင်းနန်သည် ခဏမျှစဉ်းစားလိုက်ပြီး ထပ်လောင်းပြောကြားလာ၏။
"အခု မင်းသမီးရှန်းယွမ်ရဲ့ ရုပ်အလောင်းက ပြန်ပျောက်သွားပြန်ပြီ။ ဒီတစ်ကြိမ်တော့ ရှင်ထပ်ပြီးဝင်မပါဖို့ မျှော်လင့်ပါတယ်။ ပြီးတော့ ကျွန်မအခုပဲ သတင်းရတယ်။ မယ်မယ်ကြီးကလည်း တုန်းချီခရိုင်ကိုရောက်လာခဲ့ပေမဲ့ အခုပျောက်ဆုံးနေတယ်တဲ့။ တုန်းချီခရိုင်က လောလောဆယ် အရမ်းရှုပ်ထွေးနေတာမလို့ ရှင် ဂရုစိုက်နေတာအကောင်းဆုံးပဲ။"
မယ်မယ်ကြီး ပျောက်ဆုံးနေတာလား။
လီနန်ခယ့်သည် အံ့အားသင့်သွားခဲ့ရပြီး လွန်ခဲ့သော ရက်အနည်းငယ်က သူနှင့်ခိုက်ရန်ဖြစ်ခဲ့သော ငန်းခိုးမလေးက စိတ်ထဲဖျတ်ခနဲပေါ်လာသည်။
သို့သော် သူသည် ထိုဖြစ်နိုင်ချေကို ချက်ချင်းပင် ဖယ်ထုတ်လိုက်သည်။
ထိုငန်းခိုးသော မိန်းကလေးမှာ အသက် တစ်ဆယ့်ခုနစ် သို့မဟုတ် တစ်ဆယ့်ရှစ်နှစ်အရွယ်မျှသာ ရှိပုံရပြီး မယ်မယ်ကြီးဟူသည်မှာ အမည်နှင့်လိုက်အောင် ဆံဖြူအဘွားအိုကြီးတစ်ဦးသာဖြစ်ပေလိမ့်မည်။ သူတို့နှစ်ဦး သက်ဆိုင်စရာအကြောင်းမရှိချေ။
သူတို့နှစ်ဦးသည် အိမ်ဝင်းငယ်လေးထဲမှ ထွက်ခွာလာခဲ့ကြရာ အပြင်ဘက်တွင် လော့ချန်းချိုးတစ်ယောက် အမှန်တကယ်ပင်စောင့်ဆိုင်းနေခဲ့လေသည်။
သူမသည် ရိုးရှင်းသော အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သစ်ပင်အိုကြီးအောက်တွင် တိတ်ဆိတ်စွာ မတ်တပ်ရပ်နေခဲ့သည်။ အမျိုးသမီးသည် သာမန်ရုပ်ရည်မျှသာ ရှိသော်လည်း ထိုရုပ်ရည်သည် ထူးခြားဆန်းသစ်ပြီး ညင်သာတည်ငြိမ်သော အရှိန်အဝါကိုမူ ဖုံးကွယ်လို့မရနိုင်ခဲ့။
"ရှင်တို့နှစ်ယောက် အရင်ပြန်နှင့်ကြပါဦး"
လိန်ရှင်းနန်၏ မျက်နှာထက်တွင် ရှုပ်ထွေးသောခံစားချက်များ ရှိနေပြီး မျက်ဝန်းထဲမှာ ဝမ်းနည်းမှုအငွေ့အသက်ကို မသိမသာဖုံးကွယ်လျက် ဆိုလာ၏။
"နှစ်ယောက် ကောင်းကောင်းပေါင်းသင်းနေထိုင်ကြပါ။ လင်မယားအချင်းချင်း ဘယ်လောက်ပဲပြင်းထန်တဲ့ ပဋိပက္ခတွေရှိလာလာ စိတ်ရှည်လက်ရှည်နဲ့ မျက်နှာချင်းဆိုင်ထိုင်ပြီး ဖြေရှင်းသင့်တယ်။ အိမ်ကနေ ဆင်းပြေးတာမျိုးလို ကလေးဆန်ပြီး ခေါင်းမာတဲ့အလုပ်တွေကို နောက်ခါမလုပ်ပါနဲ့တော့။"
လိန်ရှင်းနန်၏ လေသံမှာ လူကြီးသူမတစ်ယောက်က လူငယ်စုံတွဲကို ဆုံးမစကားပြောကြားနေသကဲ့သို့ဖြစ်သည်။
ထိုစကားလုံးများကြားတွင် ရောနှောပါဝင်နေသော ခါးသက်မှုကိုမူ ဖျောက်ဖျက်၍မရနိုင်ချေ။
ထို့နောက် သူမသည် လီနန်ခယ့်၏ တုံ့ပြန်မှုကိုပင် မစောင့်တော့ဘဲ လှည့်ထွက်သွားခဲ့သည်။ မထွက်ခွာခင် လော့ချန်းချိုးအား ခေါင်းညိတ်နှုတ်ဆက်ပြသွားခဲ့၏။
လီနန်ခယ့်သည် ရင်ထဲမှ သက်ပြင်းတစ်ချက်ကို အဝေးသို့မှုတ်ထုတ်လိုက်ပြီး ရင်ကိုကော့ ခေါင်းကိုမော့ကာ လော့ချန်းချိုးဆီလျှောက်လှမ်းသွားလိုက်သည်။
"ယောက်ျား"
အမျိုးသမီး၏ မျက်ဝန်းထဲတွင် သိမ်မွေ့သောအပြုံးတစ်ခု ပွင့်လန်းလာခဲ့သည်။
လီနန်ခယ့်သည် သူမ၏ ဦးခေါင်းပေါ်တွင် ကြွေကျနေသော သစ်ရွက်ခြောက်တစ်ခုကို မြင်လိုက်ရသဖြင့် လက်လှမ်းဖယ်ရှားပေးလိုက်ပြီး ဆိုသည်။
"အိမ်ပြန်ကြရအောင်။"
"ဟုတ်"
အမျိုးသမီးက ခေါင်းညိတ်ပြသည်။
ဇနီးမောင်နှံနှစ်ဦးသည် တောင်ခြေရှိအိမ်ဝင်းငယ်လေးဆီသို့ ယှဉ်တွဲလျက် လျှောက်လှမ်းသွားခဲ့ကြသည်။
လီနန်ခယ့်သည် သူမအဘယ်ကြောင့် ဤနေရာသို့ ရောက်နေသနည်းဟု မေးခွန်းမထုတ်ခဲ့သလို လော့ချန်းချိုးသည်လည်း စတင်ရှင်းမပြခဲ့ချေ၊ နှစ်ဦးစလုံး ထိုအကြောင်းကို စကားမဟကြ။
သူတို့သည် မျက်နှာဖုံးများကို ဝတ်ဆင်ထားဆဲဖြစ်သော်လည်း အတိတ်နှင့်နှိုင်းယှဉ်ပါက ယုံကြည်မှု အနည်းငယ် ပိုမိုတိုးပွားလာသည်ဟု ဆိုရမည်ပင်။
"မိန်းမ"
"ဟင်။"
"ဒီညကိုယ့်ကို ဆေးတိုက်ဦးလေ"
"မတိုက်တော့ဘူး။ ကျွန်မနောက်ဆို ယောက်ျားကို ဆေးအတင်းမတိုက်တော့ပါဘူး"
"သောက်လိုက်တာပဲကောင်းပါတယ်။ ကိုယ်နောက်ကျရင် မထိန်းနိုင်မှာစိုးရိမ်လို့ပါ"
"..."
နေဝင်ချိန်အလှတရားမှာ သွေးရောင်ကဲ့သို့ ရဲရဲနီနေပြီး ကောင်းကင်ကြီးမှာ နောက်ကျိနေသော ရေပြင်ထက်တွင် လွင့်မျောနေသော သဲနီများအလား သဏ္ဍာန်ရှိကာ ဖြည်းညင်းစွာဝေးကွာသွားသော ထိုပုံရိပ်နှစ်ခုကို ပြန်လည်နီးစပ်အနည်ထိုင်စေသည်။
...
ပင်မခန်းမဆောင်ထဲတွင် ပိုင်ရူယွဲ့သည် ကိုယ်ရံတော်ကတင်ပြလာသော လက်ရာမြောက် အဖိုးတန်လက်ကောက်လေးကိုကြည့်ရင်း ပျက်ယွင်းမှုန်မှိုင်းနေသောမျက်နှာဖြင့် ဆိုသည်။
"မင်းတို့ ဒါပဲရှာတွေ့ခဲ့တာလား။"
အမျိုးသမီး ကိုယ်ရံတော်က တိုးတိုးလေးဖြေ၏။
"ဒီလက်ကောက်က မယ်မယ်ကြီးရဲ့ပစ္စည်းဖြစ်ပါတယ်။"
"စကားမလွှဲနဲ့၊ ငါ့ကိုအဲ့လောက်တောင်မသိဘူး ထင်နေလား"
လီနန်ခယ့်ထံမှစုပုံလာသော ဒေါသများသည် မထိန်းနိုင်စွာပေါက်ကွဲသွားပြီး သူမ ဒေါသတကြီးဆိုမိသည်။
"လူကဘယ်မှာလဲ။ လက်ကောက်ကိုရှာတွေ့ခဲ့တယ်ဆိုမှတော့ လူက ဘယ်ကိုပျောက်သွားတာလဲ။"
ကိုယ်ရံတော်သည် ခေါင်းကိုငုံ့ထားပြီး စကားတစ်လုံးမျှမဆိုရဲချေ။
ပိုင်ရူယွဲ့သည် ဤကိုယ်ရံတော်များ ပတ်ဝန်းကျင်ကို အသေအချာရှာဖွေခဲ့ကြမည်ကို သိသော်လည်း ရင်ထဲမှ စိုးရိမ်ပူပန်မှုများက ဂနာမငြိမ်စွာတိုးပွားနေကာ လီနန်ခယ့်ကိုထွက်လာသောဒေါသများနှင့်ပေါင်းသော် ငြိမ်ငြိမ်မနေနိုင်တော့။
ယခုအချိန် သူမအကြောက်ဆုံးသတင်းမှာ ပစ္စည်းအစအနများ တစ်ခုပြီးတစ်ခုရှာတွေ့လာပြီး လူပျောက်ဆုံးနေခြင်းပင်။
ထိုသတင်း၏နောက်ကွယ်တွင်ရှိနေမည့် အဓိပ္ပာယ်မှာ စိတ်ကူးကြည့်ရန်ပင်မဝံ့ရဲစရာ။
"လက်ကောက်ပျောက်ဆုံးခဲ့တဲ့ နေရာအနီးမှာ တခြားအိမ်ခြေတွေရှိသေးလား"
"တောင်ခြေမှာ အိမ်တစ်အိမ်ရှိပါတယ်။"
ကိုယ်ရံတော်က ကပျာကယာဆို၏။
"ဒါပေမဲ့ အိမ်ထဲမှာ ဘယ်သူမှမရှိပါဘူး။ အိမ်ရှင်တွေ အပြင်သွားနေကြပုံရပါတယ်။ ကျွန်မ လူလွှတ်ပြီး အိမ်ရှင်ပြန်လာတာကို စောင့်ဆိုင်းမေးမြန်းဖို့ လုပ်ထားပါတယ်။"
"မင်းတို့ အထဲဝင်ပြီး မရှာခဲ့ဘူးလား။"
"မရှာရသေးပါဘူး။"
"ဘာလို့ အထဲဝင်ပြီး ချက်ချင်းမရှာခဲ့တာလဲ။"
ပိုင်ရူယွဲ့သည် ထိုစကားကိုကြားပြီးနောက် ဆွံ့အသွားခဲ့ရပြီး မျက်နှာမှာ ဒေါသဖြင့် ချက်ချင်းပြာနှမ်းသွားသည်။
"အခုက ဘယ်အချိန်ရောက်နေပြီလဲ။ မင်းတို့က ဥပဒေတွေ စည်းမျဥ်းတွေကို စဥ်းစားနေတုန်းလား။"
"ကျွန်မလည်း မူလက အိမ်ထဲကိုတိုက်ရိုက်ဝင်ပြီး ရှာဖို့လုပ်ခဲ့တာပါ။ ဒါပေမဲ့"
"ဒါပေမဲ့ ဘာဖြစ်လဲ။"
"ကျွန်မတို့ ငန်းတစ်ကောင်နဲ့ လိပ်တစ်ကောင်ဆီက ကြားဖြတ်တားခြင်းခံလိုက်ရလို့ပါ"
ကိုယ်ရံတော်က မျက်နှာပျက်ပျက်ဖြင့် ပြန်ပြောလာသည်။
"?"
လီနန်ခယ့်တို့ ဇနီးမောင်နှံ အိမ်သို့ ပြန်ရောက်လာချိန် အိမ်ဝင်းအပြင်ဘက်တွင် ဓားကိုင်ဆောင်ထားသော အမျိုးသမီးကိုယ်ရံတော်နှစ်ဦး မတ်တပ်ရပ်စောင့်ဆိုင်းနေသည်ကို တွေ့ရှိခဲ့ကြပြီး အိမ်ဝင်းအတွင်းမှ ၎င်းတို့အား ရန်လိုသောအကြည့်ဖြင့် စူးစိုက်ကြည့်နေသော ငန်းမမကြီးကိုလည်းတွေ့ရ၏။ ကိုယ်ရံတော်နှစ်ဦးမှာ အတော်လေး အကူအညီမဲ့နေဟန်ဖြင့်။
ဟင်
ဒီအမျိုးသမီးတွေက မင်းသမီးကြီးရဲ့ကိုယ်ရံတော်တွေမဟုတ်လား။
တစ်ဖက်လူ၏ ဝတ်စားဆင်ယင်မှုကိုကြည့်ရင်း လီနန်ခယ့်သည် မျက်မှောင်ကြုတ်လိုက်ကာ အရှေ့တိုးသွားပြီး မေးလိုက်သည်။
"ကိစ္စရှိလို့လားခင်ဗျာ။"
"မင်းက ဒီအိမ်ရှင်လား"
ဤကိုယ်ရံတော်နှစ်ဦးသည် လီနန်ခယ့်ကို ယခင်ကမတွေ့ဖူးကြချေ။ အိမ်နားသို့ တစ်စုံတစ်ယောက် ချဉ်းကပ်လာသည်ကို မြင်သည်နှင့် သူတို့မျက်လုံးများ ချက်ချင်းတောက်ပသွားကြကာ အပြေးအလွှားမေးလာကြသည်။
လီနန်ခယ့် ခေါင်းညိတ်လိုက်၏။
"ဟုတ်ပါတယ်။ ဘာကိစ္စများရှိလို့လဲခင်ဗျာ။"
"မေးပါရစေ။ မင်းတို့ အမျိုးသမီးတစ်ယောက်ကိုများ မြင်မိသေးလား။"
အမျိုးသမီးကိုယ်ရံတော်တစ်ဦးက ပုံတူပန်းချီတစ်ခုကို ထုတ်ယူကာ လီနန်ခယ့်ထံကမ်းပေးရင်း မေးမြန်းလိုက်သည်။
လီနန်ခယ့်သည် ပုံတူကို တစ်ချက်ကြည့်ရှုလိုက်ပြီးနောက် ခေါင်းခါပြလိုက်၏။
"မမြင်မိပါဘူး။"
"တကယ်ပဲ မမြင်မိဘူးလား။"
လီနန်ခယ့်နှင့် လော့ချန်းချိုးတို့၏ မျက်နှာအမူအရာကို သေချာစိုက်ကြည့်အကဲခတ်နေကြသော အမျိုးသမီးကိုယ်ရံတော်နှစ်ဦးသည် အနည်းငယ် စိတ်ပျက်သွားကြဟန်ဖြင့် အသေအချာထပ်မေးလာသည်။
လီနန်ခယ့်သည် ခေါင်းကို ခါပြမြဲခါပြလျက် ဆို၏။
"တကယ်ပဲမမြင်မိပါဘူး။ ခင်ဗျားတို့ရှာနေတဲ့အမျိုးသမီးက ဘယ်သူလဲဆိုတာလည်း မသိဘူး။ အလိုရှိခံရတဲ့ ရာဇဝတ်ကောင်လား။ ဪ ဒါနဲ့ အမျိုးသမီးတို့၊ ကျွန်တော်က တုန်းချီခရိုင်ရုံးတော်ရဲ့ ကိုယ်ရေးအရာရှိ လီနန်ခယ့်ဖြစ်ပါတယ်။ တစ်ခုခုကူညီပေးနိုင်တာများ ရှိမလားမသိဘူး"
တစ်ဖက်လူမှာ ကိုယ်ရေးအရာရှိတစ်ဦးဖြစ်ကြောင်း ကြားသိရသဖြင့် ထိုကိုယ်ရံတော်နှစ်ဦး၏ သံသယအကြည့်များ လုံးဝပျောက်ကွယ်သွားတော့၏။
"နှောင့်ယှက်မိတဲ့အတွက် အားနာပါတယ်။"
အမျိုးသမီးကိုယ်ရံတော်နှစ်ဦးသည် ပုံတူပန်းချီကို ပြန်လည်သိမ်းဆည်းလိုက်ပြီး အိမ်ဝင်းငယ်လေးမှ ထွက်ခွာသွားခဲ့ကြသည်။
သူတို့၏ နောက်ကျောပုံရိပ်များ လုံးဝပျောက်ကွယ်သွားသည်နှင့် လီနန်ခယ့်သည် ဇနီးဖြစ်သူ၏လက်ကို အသည်းအသန်ဆွဲကာ ဆိုလိုက်၏။
"မိန်းမ၊ ကိုယ်တို့ ပစ္စည်းတွေကိုမြန်မြန်သိမ်းပြီး ထွက်ပြေးကြရအောင်။ ဒီတစ်ခါတော့ ကိုယ်တို့ ဒုက္ခအကြီးအကျယ်တွေ့ပြီ"
"အဲ့တစ်ယောက်က ဘာလို့ ဒီလောက်ငယ်နေရတာလဲ"
"သွားပြီ ကိုယ်တို့တော့ တကယ်သွားပြီ"
"..."