ဖြတ်တောက်ရခက်သော အချစ်ကြိုးမျှင်
Vol. 15 Ch. 149
လော့ချန်းချိုးက ရှင်းပြသည်။
"ဒီရောဂါက ကုသလို့မရတာတော့မဟုတ်ပါဘူး။ မင်းသမီးကြီးရဲ့ ခန္ဓာကိုယ်ထဲက ကူအဆိပ်က 'အရစ်တစ်ရာ ပိုးသားမျှင်များ' လို့ အမည်ရပါတယ်။ အခုလောက်ဆို ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ ပျံ့နှံ့နေပြီးလောက်ပါပြီ။ သူ့ကို အမြစ်ပြတ်အောင်ဖယ်ရှားဖို့က နည်းလမ်းမရှိ ကုစရာဆေးမရှိပါဘူး။ ဒါကြောင့် တခြားကူတစ်မျိုးကို သုံးပြီးတော့ သူ့ရဲ့ဘေးထွက်ဆိုးကျိုးတွေကို ဓာတ်ပြယ်အောင်လုပ်လို့ရပါတယ်။"
"တခြားကူအဆိပ်တစ်မျိုးလား။"
"ဟုတ်ကဲ့။ 'အချစ်ကြိုးမျှင်ဖြတ်တောက်ခြင်း' လို့ခေါ်တဲ့ ကူအဆိပ်တစ်မျိုးရှိပါတယ်။ အဲ့ဒါကိုသောက်သုံးမယ်ဆိုရင် လက်ရှိခံစားနေရတဲ့ ဘေးထွက်ဆိုးကျိုးတွေနဲ့ နာကျင်ခံစားမှုတွေကို ဓာတ်ပြယ်စေနိုင်ပါတယ်။ ဒါပေမဲ့ အခြေခံလိုအပ်ချက်တစ်ခုကတော့ မင်းသမီးကြီးဟာ အမျိုးသားတစ်ယောက်ကို ချစ်ကျွမ်းဝင်မိသွားဖို့လိုပါတယ်။ ချစ်ပြီးခါမှ အဲ့ဒီအချစ်မျှင်တွေကို ဖြတ်တောက်ရှင်းလင်းရမှာပါ။ အဲ့ဒီနောက်မှ ကူအဆိပ်က အာနိသင်ပြလာမှာဖြစ်ပါတယ်။"
"မင်းဘာပြောလိုက်တာလဲ။"
ပိုင်ရူယွဲ့သည် လော့ချန်းချိုးအား ချာခနဲလှည့်ကြည့်လာပြီး မျက်ဝန်းများက ဓားဦးချွန်အလား တစ်ဖက်လူ၏မျက်နှာကို ထိုးစိုက်တော့မတတ် ထက်ရှနေခဲ့သည်။
လော့ချန်းချိုးက စကားဆက်သည်။
"ခရမ်းသွေးဝိညာဥ်ဆီက မင်းသမီးကြီးရဲ့အခြေအနေကို ခဏတာနှိမ်နှင်းပေးထားနိုင်ပေမဲ့ အရှင်းကုစားမပေးနိုင်ပါဘူး။ သူက ပေါက်ဖွားလာတဲ့တဏှာဆန္ဒတွေကို စုပုံဖုံးကွယ်ပေးထားရုံပဲ တတ်နိုင်မှာပါ။ ထပ်မဖုံးကွယ်နိုင်တော့တဲ့ တစ်နေ့ကျရင် အဲ့ဒါတွေ ပေါက်ကွဲထွက်လာပါလိမ့်မယ်။
"အဲ့ဒီအချိန်ကျရင်တော့ မင်းသမီးကြီးမှာ စဥ်းစားဆင်ခြင်ဉာဏ်တွေ အားလုံးပျောက်ဆုံးသွားပြီး ကာမအမှောင်တောမှာ နစ်မွန်းသွားပါလိမ့်မယ်။
ပိုင်ရူယွဲ့သည် သူမ၏ ဖူးယောင်နေသောနှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး ခေတ္တတိတ်ဆိတ်သွားပြီးမှ ထပ်မေးလိုက်သည်။
"မိုးနီရေသောက်မယ်ဆိုရင်ရော ဘယ်လိုအခြေအနေရှိလာမလဲ"
"မင်းသမီးကြီး မိုးနီကို စမ်းသပ်သောက်ကြည့်ခဲ့ဖူးပါပြီလား"
လော့ချန်းချိုးက ထိုမေးခွန်း၏ဆိုလိုရင်းကို ချက်ချင်းဖမ်းဆွဲလိုက်နိုင်သည်။
ပိုင်ရူယွဲ့က ခေါင်းညိတ်လိုက်သည်။
"မိုးနီရေသန့်ကို ပမာဏနည်းနည်းစီ သုံးကြိမ်သောက်ခဲ့ဖူးတယ်။ ဒါပေမဲ့ စတုတ္ထအကြိမ်မှာတော့ ကိုယ့်ကိုယ်ကိုယ်မထိန်းနိုင်တော့သလို ဖြစ်သွားလို့ အဲ့ဒီနောက်ပိုင်းမထိတော့တာ။"
"ကျွန်မလည်း ဒီကိစ္စတော့ မပြောတတ်ပါဘူး။ မိုးနီနဲ့ပက်သက်လာရင်တော့ နားလည်ကျွမ်းကျင်မှု သိပ်မရှိသေးလို့ပါ"
လော့ချန်းချိုးက အားနာဟန်ဖြင့် ဆို၏။
"ဒါပေမဲ့ မိုးနီရဲ့ ဘေးထွက်ဆိုးကျိုးလက္ခဏာတွေအရတော့ လုံးဝရှောင်လိုက်တာ အကောင်းဆုံးပါပဲ"
"မိုးနီဘယ်လောက်ကြောက်စရာကောင်းမှန်း ငါကမသိဘဲနေပါ့မလား"
ပိုင်ရူယွဲ့သည် မတတ်သာသလို သက်ပြင်းချလိုက်ပြီး သာမန်ကာလျှံကာ ဆို၏။
"မင်းပြောတဲ့ 'အချစ်ကြိုးမျှင်ဖြတ်တောက်ခြင်း' ဆိုတာက နားထောင်ရတာ ခက်ခဲသလိုထင်ရပေမဲ့ တကယ်တမ်းတော့ အဲ့လောက်မနက်နဲနိုင်ပါဘူး။ သံယောဇဥ်ကြိုးမျှင်တွေကို ဖြတ်တောက်ရာမှာ ငါ့ကိုယ်ငါယုံကြည်မှုရှိတယ်။ ဒါပေမဲ့ အမျိုးသားတစ်ယောက်ကိုချစ်မိဖို့ကတော့ မဖြစ်နိုင်ဘူး။
"မင်းသမီးကြီး မှားနေပါတယ်။ တစ်စုံတစ်ယောက်ကို ချစ်မိသွားဖို့က အရမ်းလွယ်ကူပါတယ်။ ဒါပေမဲ့ အဲ့ဒီအချစ်ကြိုးမျှင်ကို ဖြတ်တောက်ဖို့ကတော့ ထင်ထားတာထက် အလွန်ခက်ခဲလှပါတယ်"
လော့ချန်းချိုးက ညင်သာစွာ သတိပေးလိုက်သည်။
"ဒါကြောင့် မင်းသမီးကြီးအနေနဲ့ ဒီနည်းလမ်းကိုသုံးမယ်ဆိုရင် သေချာစဉ်းစားသင့်ပါတယ်။"
အမျိုးသမီး၏ သတိပေးချက်ကို ပိုင်ရူယွဲ့က ဂရုမစိုက်ဟန်ဖြင့် လှောင်ပြုံးတစ်ခုပြုံးလိုက်ကာ ဆို၏။
"မင်းအတွက်တော့ ခက်လှချည်ရဲ့ ဖြစ်လောက်မှာပေါ့။ ငါ့အမြင်မှာတော့ အဲ့ဒီ ဖိုမအချစ်နဲ့ သံယောဇဉ်ဆိုတာတွေက ကလေးတွေ အိမ်ဆောက်တမ်းကစားနေကြတာနဲ့ ဘာမှမခြားပါဘူး။"
ပါးနပ်ပြီး မောက်မာလှသော မိစ္ဆာဧကရီ မင်းသမီးကြီးသည် ကလေးကလားဆန်လှသော ထိုအချစ်နှင့် သံယောဇဉ်ကြိုးမျှင်များမှာ ကြောက်မက်ဖွယ်ကောင်းသော သားရဲကြီးများဖြစ်လိမ့်မည်ဟု တစ်ခါမှ မတွေးထင် လက်မခံခဲ့စဖူးပင်။
ချစ်ရမယ်ဆို ချစ်လိုက်တာပေါ့။
မချစ်ရဘူးဆိုတော့လည်း မချစ်လိုက်ရုံပေါ့။
ဒီ့ထက်ရိုးရှင်းတာရှိပါဦးမလား။
တစ်ဖက်လူက မာန်မာနကို တစ်စက်မှမလျှော့မည့်ဟန်မြင်သောအခါ လော့ချန်းချိုးလည်း ထပ်မံဖျောင်းဖျခြင်းမပြုတော့။
သူမ သိမြင်လိုက်ရသည်မှာ ဤမင်းသမီးကြီးသည် စစ်ရေးစစ်ရာ တိုင်းရေးပြည်ရာ နယ်ပယ်တိုင်းတွင် ပါးနပ်ထက်မြက်လှသော်လည်း စိတ်ခံစားချက်များနှင့် ပတ်သက်လာလျှင်မူ အတွေ့အကြုံ မြူမှုန်မျှပင်မရှိသေးသော ကလေးတစ်ယောက်သာ ဖြစ်သည်ဟူ၍။
...
မင်းသမီးကြီး ထွက်ခွာသွားပြီးနောက် လီနန်ခယ့်သည် ဇနီးဖြစ်သူအား ဇဝေဇဝါဖြင့် မေးလိုက်၏။
"မိန်းမကဘာလို့ သူ့ရောဂါကို ကူကုပေးချင်နေရတာလဲ"
"အဲ့ဒီအမျိုးသမီးက တော်ဝင်မိသားစုဝင်တစ်ယောက်လား။"
လော့ချန်းချိုးက ပြန်လည်မေးမြန်းလိုက်သည်။
လီနန်ခယ့်သည် ထိုမေးခွန်းတွင် အူကြောင်ကြောင်ဖြစ်သွားပြီးမှ သူမက ပုံတူပန်းချီထဲမှ ပျောက်ဆုံးနေသောအမျိုးသမီးအကြောင်း မေးနေခြင်းဖြစ်သည်ကို သဘောပေါက်လိုက်သည်။ သူ မျက်လုံးနှစ်ဖက်ကိုနှိပ်နယ်ကာ စိတ်ပျက်လက်ပျက်ဆိုမိ၏။
"အရင်ရက်တွေတုန်းကပျောက်သွားတဲ့ မဟာကျန်းမင်းဆက်ရဲ့ တော်ဝင်မယ်မယ်ကြီးတဲ့လေ"
"ဒါဆိုရင်တော့ ပြဿနာအကြီးကြီးတက်ပြီ"
လော့ချန်းချိုး၏ မျက်ခုံးများမှာ ရှားရှားပါးပါးပင် စိုးရိမ်ကြီးစွာကျုံ့ဝင်သွားခဲ့သည်။
ထိုနေ့ကတွေ့ခဲသော စုတ်ပြဲနေသည့် အဝတ်အစားများနှင့် သွေးစွန်းရာအကွက်များကို ကြည့်ခြင်းအားဖြင့် ထိုစဉ်က သူမ၏ခင်ပွန်းနှင့် မယ်မယ်ကြီးတို့ကြားတွင် တစ်စုံတစ်ခုဖြစ်ပျက်ခဲ့မည်မှာ သေချာလှသည်ပင်။
ဤသတင်းသာ အထက်ထိရောက်သွားပါက ခင်ပွန်းသည်သည် မလွဲမသွေ ဒုက္ခကြီးကြီးရောက်ပေတော့လေမည်။
"ဟုတ်ပါပြီ၊ မင်းဘာလို့ မင်းသမီးကြီးကို ကူညီပေးချင်နေရလဲဆိုတာ ကိုယ်နားလည်သွားပါပြီ။
လီနန်ခယ့်သည် သက်ပြင်းချလိုက်ပြီး ဆို၏။
"တကယ်လို့ ဒုက္ခတွေ့တဲ့အခါ ဒီမင်းသမီးကြီးက အတုံ့အလှည့် ကူညီစောင်မပေးချင်စိတ်မရှိမှာကိုပဲ ကိုယ်စိုးရိမ်တာ"
——
ညဉ့်ယံအချိန်တွင် ရေတွက်၍မရနိုင်သော ကြယ်တာရာများသည် ကောင်းကင်ယံ၌ အပြိုင်အဆိုင်တောက်ပနေကြသည်။
ညစာစားပြီးနောက် သူတို့ဇနီးမောင်နှံသည် ကုတင်တစ်ခုတည်းတွင် အတူတူအိပ်စက်ခဲ့ကြ၏။
ဇနီးဖြစ်သူ အိပ်ပျော်သွားပြီးနောက် လီနန်ခယ့်သည် မင်းသမီးရှန်းယွမ်အား သိလိုရာများ ဆက်လက်မေးမြန်းရန် မိုးနီအိပ်မက်ကမ္ဘာထဲသို့ တစ်ဖန်ပြန်လည်ဝင်ရောက်ခဲ့သည်။
မင်္ဂလာဦးခန်းမဆောင်မှာ ယခင်ရောက်နေကျအတိုင်း ဟောင်းနွမ်းပျက်စီးနေခြင်း မရှိတော့ဘဲ အသစ်စက်စက်သာ ဆီးကြိုနေသည်ပင်။
ပွဲလမ်းသဘင်ဆန်လှသော ပျော်ရွှင်မြူးကြွဖွယ်အငွေ့အသက်များကို ထူထပ်စွာခံစားရစေသည့် အဆင်အပြင်မျိုးဖြစ်၏။
မင်းသမီးရှန်းယွမ်သည် လှပသစ်လွင်သော အနီရောင်မင်္ဂလာဝတ်စုံကို ဝတ်ဆင်ကာ မင်္ဂလာကုတင်ထက်တွင် တစ်ဦးတည်း ပျင်းရိစွာလဲလျောင်းနေခဲ့သည်။ သူမ၏ ရှည်လျားသောခြေတံများကို ခပ်ကွေးကွေးချိတ်ထားပြီး ဖြူဝင်းကြည်စင်သော ခြေဖဝါးလေးများမှာ ဗလာကျင်းလျက်ရှိကာ မျက်ဝန်းများက အနည်းငယ်မှေးစင်းလျက်ရှိ၏။
အိပ်ပျော်နေတာများလား။
လီနန်ခယ့်သည် မင်္ဂလာကုတင်နားသို့ ချဉ်းကပ်လာပြီး အိပ်ပျော်နေသော အလှနတ်သမီးကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည်။
သူမကိုနှိုးရန် လက်လှမ်းလိုက်သော်လည်း ခေတ္တစဉ်းစားလိုက်ပြီးနောက် ပြန်လည်ရုပ်သိမ်းလိုက်၏။
"ယောက်ျား ကုတင်ပေါ်တက်လာပြီး အတူအိပ်ပါလား"
အမျိုးသမီး၏ နီမြန်းသောနှုတ်ခမ်းလွှာများ ပွင့်ဟလှုပ်ခတ်လာပြီး ထိုစကားကို ခပ်နွဲ့နွဲ့ဆိုလိုက်လေသည်။
လီနန်ခယ့်သည် သူမ၏ မင်္ဂလာဝတ်စုံအောက်မှ လှပနွဲ့ပျောင်းသော ကိုယ်ဟန်အချိုးအစားကို အကဲခတ်ရင်း အထစ်ထစ်အငေါ့ငေါ့ ဆိုမိ၏။
"မင်းခန္ဓာကိုယ်က တကယ်ပဲ အထိအတွေ့ကိုခံစားလို့ရတာလား"
"ယောက်ျားစမ်းကြည့်လိုက်ရင် သိရမှာပေါ့။"
"ငါကကော ခံစားရမှာလား"
"ဒါလည်း ယောက်ျားစမ်းကြည့်လိုက်ရင် သိရမှာပေါ့။"
"..."
လီနန်ခယ့်သည် ရုတ်တရက် ပေါ့ပေါ့ပါးပါးရယ်မောလိုက်ပြီး စားပွဲဘေးသို့လှည့်ထိုင်လိုက်ကာ ဆို၏။
"စိတ်မကောင်းပါဘူး။ ငါကမင်းလို ပေါ့ပေါ့တန်တန် နေလို့ထိုင်လို့ရတဲ့ လူလွတ်မဟုတ်ဘူး။ ယောက်ျားတစ်ယောက်ရဲ့ ပထမဆုံးအကြိမ်ဆိုတာ သိပ်ကိုအရေးကြီးတယ်ကွ၊ အထူးသဖြင့် ငါ့လို သိက္ခာတရားနဲ့ပြည့်စုံတဲ့ ယောက်ျားမျိုးအတွက်ပေါ့"
မင်းသမီးရှန်းယွမ်သည် သူ့စကားကို အလေးမထားစွာပင် ပျင်းကြောဆန့်ကာထထိုင်လိုက်ပြီး ဆို၏။
"ယောက်ျား၊ မိုးနီကမ္ဘာထဲကို နောက်တစ်ခေါက်လောက်ထပ်သွားကြည့်ချင်သေးလား။ အခုမိုးတိတ်သွားပြီလေ"
လီနန်ခယ့်သည် ပြတင်းပေါက်အပြင်ကို တစ်ချက်လှမ်းကြည့်ကာ ခေါင်းခါပြလိုက်သည်။
"ငါအပြင်ထွက်ဖို့ သတ္တိမရှိဘူး။"
"ရပါတယ်။ ဒီအခန်းဆောင်နဲ့ သိပ်မဝေးသရွေ့ ယောက်ျားက ဒီဇနီးရဲ့စိတ်အာရုံစက်ကွင်းထဲမှာပဲရှိနေမှာပါ၊ ကျွန်မရှင့်ကို အန္တရာယ်မဖြစ်စေရပါဘူး"
မင်းသမီးရှန်းယွမ်က အာမခံသည်။
လီနန်ခယ့်ကတော့ ခေါင်းကို ခါမြဲခါသည်။
"မသွားဘူး။ မသွားဘူးဆို မသွားဘူးပဲ။ မင်းငါ့ကို ဖေဖေလို့ခေါ်ရင်တောင် ငါကစိတ်ပြောင်းမှာမဟုတ်ဘူး"
"ဖေဖေ"
"..."