← Chapters

အခန်း ၈၄၁

Vol. 80 Ch. 841

အခန်း ၈၄၁

Vol. 80 Ch. 841

အခန်း (၈၄၁) - ‘အစီအရင်နှလုံးသားကူ’ အဋ္ဌမအဆင့်သို့ တက်လှမ်းနိုင်မည့် အခွင့်အရေး၊ ဖေးဟော်လျှို့ဝှက်နယ်မြေနှင့် အစစ်အမှန်ဝိညာဉ်မျိုးနွယ်စု ထျန်းဖန်မျိုးနွယ် (၄) ။

'ခြင်နက်မျိုးနွယ်စုလား...'

ထိုစကားကို ကြားသောအခါ ကျိုးစွေ့မှာ မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး သွေးဝမ်ယန်၏ မှတ်ဉာဏ်များကို ပထမဆုံးအကြိမ်အဖြစ် ကြည့်ရှုလိုက်လေသည်။

ထင်ရှားသည်မှာ ဤသည်မှာ ခွန်ဖန်ပင်လယ်ဒေသအတွင်းရှိ အထူးမျိုးနွယ်စုကြီးတစ်ခု ဖြစ်ပြီး သွေးလမင်းမျိုးနွယ်စုထက် အနည်းငယ်မျှပင် မနိမ့်ကျချေ။ ပြောစမှတ်များအရ ခြင်နက်မျိုးနွယ်စုအတွင်း၌ မဟာယာနအဆင့် ကျင့်ကြံသူ အပါးနှစ်ဆယ်ကျော် ရှိသည်ဟု သိရပေသည်။

၎င်းတို့သည် သွေးလမင်းမျိုးနွယ်စုကဲ့သို့ပင် သက်ရှိများ၏ သွေးများကို စုပ်ယူရသည်ကို နှစ်သက်ကြ၏။ ထို့အပြင် ပို၍ ကြောက်မက်ဖွယ်ကောင်းသည်မှာ ၎င်းတို့၏အမြန်နှုန်းမှာ အလွန် မြန်ဆန်လှခြင်းပင်။

များသောအားဖြင့် ရန်သူများမှာ ဘာဖြစ်သွားမှန်း မသိလိုက်ရခင်မှာပင် ၎င်းတို့၏ ခန္ဓာကိုယ်များ ဖောက်ထွင်းခံရကာ ခန္ဓာကိုယ်ရှိသွေးများ စုပ်ယူခံရပြီး အလောင်းခြောက်များအဖြစ် ပြောင်းလဲသွားတတ်ကြ‌သည်။

ပြောရမည်ဆိုလျှင် သွေးလမင်းမျိုးနွယ်စုနှင့် ခြင်နက်မျိုးနွယ်စုတို့မှာ သေခန်းပြတ် ရန်သူများပင် ဖြစ်ကြသည်။ အဘယ်ကြောင့်ဆိုသော် တူညီသော စားသောက်မှုပုံစံ ရှိသည့် မျိုးနွယ်စုများမှာ ပြိုင်ဘက်မျိုးနွယ်စုများ ဖြစ်ကြပြီး ပြင်းထန်သော ယှဉ်ပြိုင်မှုများ ရှိနေသောကြောင့် ဖြစ်၏။ နှစ်ဖက် တွေ့ဆုံသည်နှင့်တစ်ပြိုင်နက် များသောအားဖြင့် အကြီးအကျယ် တိုက်ခိုက်တတ်ကြသည်။

သို့သော် ဟယ်ဖုန်းကျွန်းဟူသော နေရာမှာ ခြင်နက်မျိုးနွယ်စု၏ ပိုင်နက် မဟုတ်သောကြောင့် ခြင်နက်မျိုးနွယ်စု ကျင့်ကြံသူများ ဤနေရာတွင် ပေါ်လာလေ့ သိပ်မရှိသော်ငြား ရာခိုင်နှုန်းပြည့် မရှိသည်တော့ မဟုတ်ပေ။

တချို့သော ခြင်နက်မျိုးနွယ်စု ကျင့်ကြံသူများမှာ အရပ်ရပ်သို့ လှည့်လည်သွားလာကာ အရင်းအမြစ်များ ရယူရန် နှစ်သက်ကြ၏။ ၎င်းတို့၏ ခြေရာများမှာ ခွန်ဖန်ပင်လယ်ဒေသတစ်ခွင်၌ ပျံ့နှံ့လျက် ရှိလေသည်။

"ကျုပ်က လူသားမျိုးနွယ်က ရွှမ်ဟွမ်တာအိုအရှင်ပါ။ ဒါပေမဲ့ ကျုပ်က တစ်ယောက်တည်း လှုပ်ရှားရတာကိုပဲ သဘောကျတယ်၊ တခြားလူတွေနဲ့ မပူးပေါင်းချင်ဘူး။ ဒါကြောင့် တာအိုရောင်းရင်းရဲ့ စေတနာကိုပဲ ကျုပ် လက်ခံလိုက်ပါရစေ...”

ကျိုးစွေ့က ပြောလိုက်လေသည်။ တစ်ဖက်လူတွင် မည်သည့် ရည်ရွယ်ချက် ရှိနေစေကာမူ ဤတစ်ကြိမ်တွင် မည်သည့် ကျင့်ကြံသူနှင့်မျှ ပူးပေါင်းရန် အစီအစဉ် မရှိချေ။

အဘယ်ကြောင့်ဆိုသော် သူ့ကိုယ်ပေါ်တွင် လျှို့ဝှက်ချက်များ အလွန်များပြားလွန်းလှသဖြင့် အပြင်လူများကို သိခွင့်ပေး၍ မဖြစ်သောကြောင့်ပင်။

"ဒီက တာအိုရောင်းရင်းက ကျုပ်တို့ ခြင်နက်မျိုးနွယ်စုရဲ့ ဖိတ်ခေါ်မှုကို ငြင်းပယ်ရဲတယ်ဆိုတော့ တကယ့်ကို သတ္တိမသေးဘူးပဲ။ ဖေးဟော်လျှို့ဝှက်နယ်မြေက လုံးဝ ဘေးကင်းတဲ့နေရာ မဟုတ်ဘူးဆိုတာ သိထားသင့်တယ်။ အကယ်လို့ တစ်ယောက်တည်း သွားမယ်ဆိုရင် အထဲမှာ အသက်ပျောက်သွားနိုင်တယ်နော်...”

အခြားခြင်နက်မျိုးနွယ်စု ကျင့်ကြံသူတစ်ဦးက ကျိုးစွေ့ကို အထင်သေးစွာ ကြည့်လိုက်ပြီး မျက်လုံးများထဲတွင် လောဘရိပ်များ ဖြတ်ပြေးသွား၏။

၎င်း ကျိုးစွေ့ကို စိုက်ကြည့်နေသည့် အကြည့်မှာ သားကောင်တစ်ကောင်ကို ကြည့်နေသကဲ့သို့ ဖြစ်ရာ အလွန်ပင် စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းလှချေသည်။

"ဒါကတော့ တာအိုရောင်းရင်း စိတ်ပူပေးဖို့ မလိုပါဘူး။ ကျုပ် ကျင့်ကြံခြင်းအဆင့်က အနည်းငယ် အားနည်းပေမဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တဲ့ နည်းလမ်းအချို့တော့ ရှိပါတယ်...”

ကျိုးစွေ့က စိတ်လှုပ်ရှားခြင်းမရှိဘဲ တည်ငြိမ်စွာပင် ပြန်ပြောလိုက်၏။

"စိတ်ဝင်စားစရာပဲ... မင်းက သေရမှာ မကြောက်ဘူးပေါ့။ ငါတို့ ခြင်နက်မျိုးနွယ်စုနဲ့ မပူးပေါင်းချင်ဘူးဆိုတာ ငါတို့အပေါ် အမြင်စောင်းနေလို့လား...”

ထိုခြင်နက်မျိုးနွယ်စုကျင့်ကြံသူက မျက်လုံးများကို မှေးကျဉ်းလိုက်လေသည်။

"ထားလိုက်ပါတော့... ဒီတာအိုရောင်းရင်းက အလိုမရှိမှတော့ ကျုပ်တို့လည်း အတင်းအကျပ် မတောင်းဆိုသင့်ပါဘူး။ သဟဇာတဖြစ်ခြင်းက အကျိုးအမြတ်ကို ဆောင်ယူပေးတာပဲမဟုတ်လား။ လူသားမျိုးနွယ်ဆိုတာ တစ်ခါမှ မကြားဖူးတဲ့ မျိုးနွယ်စုတစ်ခုပဲ…”

“ဒါပေမဲ့ တာအိုရောင်းရင်းရဲ့ ဝင့်ထည်တဲ့ ဟန်ပန်ကို ကြည့်ရတာ တကယ့်ကို ထူးခြားတဲ့ မျိုးနွယ်စုတစ်ခု ဖြစ်မှာ သေချာပါတယ်။ တာအိုရောင်းရင်းအနေနဲ့ ဖေးဟော်လျှို့ဝှက်နယ်မြေထဲမှာ ရတနာတွေ ကောင်းကောင်း ရရှိနိုင်ပါစေလို့ မျှော်လင့်ပါတယ်...”

ထိုအချိန်တွင် ခြင်နက်မျိုးနွယ်စုကျင့်ကြံသူ ဝမ်ကွမ်ကျန်းက ဝင်ရောက် တားမြစ်လိုက်လေသည်။ ၎င်းက ယဉ်ကျေးသိမ်မွေ့သော ပုံစံမျိုးကို ပြသလိုက်ပြီး အငြင်းခံလိုက်ရခြင်းအပေါ် စိတ်ဆိုးပုံမရသလို သူ၏အဖော်ကိုလည်း ဆက်လက် ခြိမ်းခြောက်ခြင်း မပြုရန် တားဆီးလိုက်၏။

"တာအိုရောင်းရင်းက ယဉ်ကျေးလွန်းနေပါပြီ...”

"ကျုပ်က တခြားကျင့်ကြံသူတွေနဲ့ မပူးပေါင်းချင်ရုံ သက်သက်ပါ...”

"ခင်ဗျားတို့အပေါ် အမြင်စောင်းနေလို့ မဟုတ်ပါဘူး...”

ကျိုးစွေ့က လေးနက်သောအသံဖြင့် ပြောလိုက်လေသည်။

"ဒီလိုဆိုမှတော့ တာအိုရောင်းရင်း၊ ငါတို့ ဖေးဟော်လျှို့ဝှက်နယ်မြေထဲမှာပဲ တွေ့ကြတာပေါ့...”

ခြင်နက်မျိုးနွယ်စုကျင့်ကြံသူ ဝမ်ကွမ်ကျန်းက ပြုံးလိုက်ပြီး ကျိုးစွေ့အား နှုတ်ဆက်ကာ အခြားအဖော်များကို ဆက်လက်ရှာဖွေတော့၏။

ပြောရမည်ဆိုလျှင် ပူးပေါင်းချင်သော ကျင့်ကြံသူများ မနည်းမနော ရှိနေသေးပြီး ဤခြင်နက်မျိုးနွယ်စုကျင့်ကြံသူ၏ စည်းရုံးမှုအောက်တွင် လေဟာနယ်သန့်စင်ခြင်းအဆင့်ကျင့်ကြံသူ ဆယ်ယောက်ကျော်ခန့် စိတ်လှုပ်ရှားသွားကာ အတူတကွ ပူးပေါင်းသွားကြပုံရသည်။ အဘယ်ကြောင့်ဆိုသော် ဖေးဟော်လျှို့ဝှက်နယ်မြေမှာ အတော်လေး အန္တရာယ်များလှသောကြောင့် ဖြစ်၏။

ကျင့်ကြံသူများစွာ ပူးပေါင်းလိုက်မည်ဆိုပါက အန္တရာယ်က သဘာဝကျကျပင် အလွန်တရာ လျော့ကျသွားပေလိမ့်မည်။ အဘယ်ကြောင့် မလုပ်ဘဲ နေရပါမည်နည်း။

အဝေးတစ်နေရာတွင် ခြင်နက်မျိုးနွယ်စုကျင့်ကြံသူ ငါးဦး၊ ခြောက်ဦးခန့် စုဝေးနေကြပြီး ၎င်းတို့သည် အချင်းချင်း နတ်ဘုရားအာရုံဖြင့် အသံပို့ဆက်သွယ်နေကြလေသည်။

"လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူ ဆယ်ယောက်လောက်ကိုပဲ လှည့်စားပြီး အဖွဲ့ဖွဲ့နိုင်လိမ့်မယ်လို့ မထင်ထားဘူး။ အရေအတွက်က နည်းလွန်းနေသေးတယ်...”

"ကိစ္စမရှိပါဘူး။ ငါတို့ ဗိုက်ဝဖို့အတွက်တော့ လုံလောက်နေပါပြီ။ ဒီလေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတွေရဲ့ သွေးသားက အကောင်းစား ဟင်းလျာတွေပဲလေ...”

"ဒါပေါ့။ ငါတို့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို နောက်တစ်ဆင့် တက်လှမ်းဖို့အတွက် လုံးဝကို လုံလောက်တယ်။ ဒီလိုမျိုး လုံခြုံတဲ့ အမဲလိုက်ကွင်းဆိုတာ ပေါ်လာဖို့ သိပ်မလွယ်ဘူး...”

"မင်းပြောတာ မှန်တယ်။ ဖေးဟော်လျှို့ဝှက်နယ်မြေထဲ သွားပြီး ရတနာရှာတာထက် တခြားကျင့်ကြံသူတွေကို တိုက်ရိုက် အမဲလိုက် သတ်ဖြတ်တာက ပိုကောင်းသေးတယ်။ ဒီမျိုးနွယ်ခြား ကျင့်ကြံသူတွေဆီမှာ ရတနာအများကြီး ရှိတာပဲ။ ပြီးတော့ ပိုတောင်လုံခြုံသေး...”

"နှမြောစရာပဲ။ ဟိုလူသားမျိုးနွယ် ကျင့်ကြံသူရဲ့ သွေးလှည့်ပတ်မှုက အတော်လေး အားကောင်းပုံရတယ်။ သေချာပေါက် ခန္ဓာကိုယ်သန့်စင်တဲ့ ကျင့်ကြံသူပဲ ဖြစ်ရမယ်။ တန်ဖိုးကြီး ဆေးပင်တွေနဲ့တောင် ညီမျှတယ်။ အဲဒီကောင်က အဲ့လောက် သတိကြီးပြီး ငါတို့ကို တိုက်ရိုက် ငြင်းပယ်သွားလိမ့်မယ်လို့ မထင်ထားဘူး...”

"ကိစ္စမရှိပါဘူး။ ဒီကောင်က ငါတို့ကို ငြင်းလိုက်ရုံနဲ့ ရပြီလို့ ထင်နေတာလား။ ဖေးဟော်လျှို့ဝှက်နယ်မြေထဲ ဝင်ပြီးတာနဲ့ သူ့ရဲ့ ခြေရာကို ချက်ချင်း လိုက်ရှာကြမယ်။ ပြီးတော့ ဒီလူမှာ မိတ်ဆွေလည်း မရှိဘူး။ အထဲမှာ သေသွားရင်တောင် သူ့အတွက် ကလဲ့စားချေပေးမယ့်သူ ရှိမှာမဟုတ်ဘူး...”

"ဒါပေမဲ့ ဒီကောင်က တစ်ယောက်တည်း တိုက်ခိုက်ရဲတယ်ဆိုတော့ စွမ်းဆောင်ရည် မဆိုးလောက်ဘူး။ ပညာစွမ်းမြင့်လို့ ရဲတင်းနေတာမျိုးပဲ...”

"ဟားဟား... ဘယ်လောက်ပဲ စွမ်းစွမ်း သူက လေဟာနယ်သန့်စင်ခြင်း အစောပိုင်းအဆင့်သာသာပဲ ရှိတာလေ။ ငါတို့ ခြင်နက်မျိုးနွယ်ကို ဘယ်လိုလုပ် ယှဉ်နိုင်ပါ့မလဲ...”

"မင်းပြောတာ မှန်တယ်။ သေချာပေါက် အရေးမပါတဲ့ မျိုးနွယ်စုငယ်လေးတစ်ခုပဲ ဖြစ်ရမယ်။ တကယ်လို့ အဲဒီလောက် စွမ်းအားကြီးနေရင် ခွန်ဖန်ပင်လယ်ဒေသမှာ နာမည်ကြီးနေတာ ကြာလှပေါ့။ အခုချိန်ထိ အမည်မသိ ဖြစ်နေစရာ အကြောင်းမရှိဘူး...”

"တကယ်လည်း ဒီလိုပဲ။ ငါတို့ ကျင့်ကြံသူတွေ ဒီလောက်များများ ပူးပေါင်းလိုက်မှတော့ ဒီလူ သေချာပေါက် သေရမှာပဲ...”

ခြင်နက်မျိုးနွယ်စုမှ ကျင့်ကြံသူအများအပြားသည် ဆွေးနွေးတိုင်ပင်ကာ အမျိုးမျိုးသောပရိယာယ်များကို ကြံစည်နေကြလေသည်။ ၎င်းတို့သည် ဖေးဟော်လျှို့ဝှက်နယ်မြေရှိ ရတနာများကို များစွာစိတ်မဝင်စားကြချေ။

ဖေးဟော်လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်လိုရခြင်း၏အကြောင်းရင်းမှာ အခြားကျင့်ကြံသူများကို အမဲလိုက်သတ်ဖြတ်လိုသောကြောင့်ပင် ဖြစ်၏။ ၎င်းတို့အတွက်မူ ဤသည်မှာ အကောင်းဆုံးသော အမဲလိုက်ကွင်းကြီးတစ်ခု ဖြစ်ပေတော့သည်။

ထိုအချိန်တွင် ကျိုးစွေ့သည် အဝေးတစ်နေရာ၌ ရပ်နေပြီး သူ၏နှလုံးသားမျက်လုံးထိုးထွင်းသိမြင်ခြင်းစွမ်းအားကို ပတ်ဝန်းကျင်သို့ ဖြန့်ကျက်ထားကာ လှုပ်ရှားမှုတိုင်းကို အာရုံခံနေ၏။

ထိုခြင်နက်မျိုးနွယ်စုကျင့်ကြံသူများသည် ၎င်းတို့၏တိတ်တဆိတ်အသံပို့ဆက်သွယ်မှုမှာ အလွန်လျှို့ဝှက်ပြီး မည်သူမျှမသိနိုင်ဟု ထင်မှတ်နေကြသည်။

သို့ရာတွင် သူ၏နှလုံးသားမျက်လုံးစွမ်းအားက စိတ်နှလုံးအတွင်းရှိ လှုပ်ရှားမှုများကို အာရုံခံနိုင်ပြီး ၎င်းတို့၏ရင်တွင်းစကားများကိုပါ ကြားနိုင်သည်ကိုမူ မသိကြချေ။

ထို့ကြောင့် ဤခြင်နက်မျိုးနွယ်စုကျင့်ကြံသူများ၏ လျှို့ဝှက်အကြံအစည်များနှင့် ယုတ်မာသောရည်ရွယ်ချက်များကို ချက်ချင်းဆိုသလို သိရှိသွားလေသည်။

'ပြင်ပကမ္ဘာက တကယ်ကို အန္တရာယ်များလှတာပဲ... လျှို့ဝှက်နယ်မြေတစ်ခုထဲကို ဝင်ဖို့လုပ်ရုံလေး ရှိသေးတယ်၊ ရန်သူရဲ့ ပစ်မှတ်ထားတာကို ခံလိုက်ရပြီ... ဒါက တကယ့်ကို နေရင်းထိုင်ရင်းကပ်ဘေးဆိုက်တာပဲ...'

ကျိုးစွေ့ခမျာ အလွန်တရာ စိတ်ပျက်လက်ပျက်ဖြစ်သွားရတော့သည်။

အဘယ်ကြောင့်ဆိုသော် သူသည် ဖေးဟော်လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ကာ တိတ်တဆိတ် ရတနာရှာဖွေရန်သာ အလိုရှိသောကြောင့် ဖြစ်၏။ သို့သော် မည်သူက ထင်ထားပါမည်နည်း။ ပထမဆုံးအချိန်မှာပင် အခြားသူများ၏ ပစ်မှတ်ထားခြင်းကို ခံလိုက်ရချေပြီ။

ကျင့်ကြံခြင်းလောကသည် ကျင့်ကြံခြင်းလောကသာဖြစ်ပြီး တကယ့်ကို အမှောင်ထုဖုံးလွှမ်းနေသော တောရိုင်းလူ့အဖွဲ့အစည်းနှင့် အလားသဏ္ဌာန်တူပေသည်။

ယခင်က သူသည် အလွန်လုံခြုံသော ဖုန်းရှီးမြို့တော်ထဲတွင်သာ အမြဲတမ်းနေထိုင်ခဲ့သဖြင့် ပြင်ပလောက၏ အန္တရာယ်များကို သိပ်မကြုံတွေ့ခဲ့ရပေ။ ဖန်လုံအိမ်ထဲတွင် ကြီးပြင်းလာရသော ပန်းပွင့်လေးတစ်ပွင့်ကဲ့သို့ ပြင်ပမှ လေမုန်တိုင်းများနှင့် လျှပ်စီးမိုးကြိုးများကို မကြုံတွေ့ခဲ့ရခြင်း ဖြစ်၏။

သို့ရာတွင် ဤသည်က သူ၏ယခင်ဆုံးဖြတ်ချက်မှာ အလွန်တရာမှန်ကန်ကြောင်း သက်သေပြနေချေ၏။

အကယ်၍ နတ်ဘုရားအသွင်ပြောင်းအဆင့်မျှဖြင့်သာ ပြင်ပသို့ ထွက်ခွာသွားလာမည်ဆိုပါက ရန်သူများ၏ ပစ်မှတ်ထားခြင်းကို အလွယ်တကူခံရနိုင်ပြီး အသက်ဆုံးရှုံးကာ ကျင့်ကြံခြင်းလမ်းစဉ်လည်း ပျက်စီးသွားရပေမည်။

အနည်းဆုံး လေဟာနယ်သန့်စင်ခြင်းအဆင့်သို့ ရောက်ရှိမှသာ မိမိကိုယ်ကိုကာကွယ်နိုင်စွမ်း အတိုင်းအတာတစ်ခုအထိ ရှိပေလိမ့်မည်။

All Chapters