← Chapters

အခန်း ၈၄၂

Vol. 80 Ch. 842

အခန်း ၈၄၂

Vol. 80 Ch. 842

အခန်း (၈၄၂) - ‘အစီအရင်နှလုံးသားကူ’ အဋ္ဌမအဆင့်သို့ တက်လှမ်းနိုင်မည့် အခွင့်အရေး၊ ဖေးဟော်လျှို့ဝှက်နယ်မြေနှင့် အစစ်အမှန်ဝိညာဉ်မျိုးနွယ်စု ထျန်းဖန်မျိုးနွယ် (၅) ။

'ထားလိုက်ပါတော့လေ... တစ်ယောက်ပြီးတစ်ယောက် သေချင်နေကြမှတော့ သူတို့ဆန္ဒကို ဖြည့်ဆည်းပေးလိုက်ရုံပေါ့...'

ကျိုးစွေ့၏မျက်နှာက အလွန်တည်ငြိမ်နေ၏။

သူသည် မည်သည့်အရာမျှမဖြစ်ခဲ့သကဲ့သို့ ဟန်ဆောင်ကာ ခြင်နက်မျိုးနွယ်စုကျင့်ကြံသူများ၏ လျှို့ဝှက်အကြံအစည်များကို မသိရှိသည့်အလား မူလနေရာ၌ပင် တိတ်တဆိတ်ရပ်နေလျက် ဖေးဟော်လျှို့ဝှက်နယ်မြေပွင့်လာမည့်အချိန်ကို စောင့်ဆိုင်းနေလေတော့သည်။

မျက်စိတစ်မှိတ်အတွင်း ဆယ့်ငါးမိနစ်ခန့်အချိန် ကုန်လွန်သွား၏။

ဝုန်း...။

ရုတ်တရက် ဖေးဟော်တောင်ထွတ်ထိပ်တွင် ဧရာမအလင်းတံခါးကြီးတစ်ခု ပေါ်ထွက်လာပြီး ၎င်းအပေါ်၌ များပြားလှသောအဆောင်စာလုံးများနှင့် ကြောက်မက်ဖွယ်ကောင်းသောအစီအရင်ပုံစံများ ပေါ်လွင်နေ၏။

ဤအစီအရင်ပုံစံများသည် လေဟာနယ်ထဲသို့ ပေါင်းစပ်ဝင်ရောက်သွားသကဲ့သို့ ဖြစ်နေပြီး ဥပဒေသလမ်းကြောင်းများအလား ယှဉ်ပြိုင်နိုင်စွမ်းကင်းသော အငွေ့အသက်များ ပြန့်လွင့်နေလေ၏။

ဝိုးတဝါး မြင်ရသည်မှာ အလင်းတံခါးပေါ်တွင် ကြိုးကြာပျံတစ်ကောင်၏ ပုံရိပ် ပေါ်လာသကဲ့သို့ ဖြစ်နေကာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများကို ထုတ်လွှတ်နေ၏။ တောင်ထွတ်တစ်ခုလုံးမှာလည်း တဝီဝီမြည်သံများ ထွက်ပေါ်နေပြီး အနည်းငယ် တုန်ခါနေတော့သည်။

ဤအချိန်၌ ထျန်းဖန်မျိုးနွယ်စုမှ ကျင့်ကြံသူအများအပြားလည်း ဤနေရာသို့ ရောက်ရှိလာကြ၏။

ထို့ပြင် ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦးကပင် ဤနေရာ၌ စောင့်ကြပ်နေပြီး ၎င်း၏ခန္ဓာကိုယ်ထဲရှိ ထျန်းဖန်သွေးမျိုးဆက်မှာ အလွန်တရာသန့်စင်မှုများသဖြင့် ပြိုင်ဘက်ကင်းသားရဲငှက်ကြီးတစ်ကောင်နှင့် အလားသဏ္ဌာန်တူပေသည်။

တစ်ချိန်တည်းမှာပင် ယခင်က ထျန်းဖန်ရတနာစံအိမ်၏ တာဝန်ခံဖြစ်သော ဖန်ရှန်းသည်လည်း ဤနေရာ၌ ပေါ်လာ၏။

သို့ရာတွင် ကျိုးစွေ့ကမူ ဤထျန်းဖန်မျိုးနွယ်စုကျင့်ကြံသူများကို များစွာ စိတ်မဝင်စားချေ။ ယခုအခါ သူသည် လေဟာနယ်ထဲတွင် ပေါ်လာသော အစီအရင်ပုံစံများကို အရူးအမူး ငေးစိုက်ကြည့်နေတော့သည်။

သူသည် အကျိုးကျေးဇူးများစွာ ရရှိလိုက်ကြောင်း ခံစားမိပြီး မရေမတွက်နိုင်သော အစီအရင်ပညာရပ်ဆိုင်ရာ ဉာဏ်အလင်းများ ပေါက်ကွဲထွက်လာတော့၏။

'အိုး... ဒါက အဋ္ဌမအဆင့်အစီအရင်တဲ့လား... အဋ္ဌမအဆင့်အစီအရင်ရဲ့ ကြီးမားတဲ့ ပုံစံလမ်းကြောင်းတွေက လေဟာနယ်ထဲကို ပေါင်းစပ်ဝင်ရောက်နိုင်ပြီး လေဟာနယ်စွမ်းအားကိုပါ အသုံးချနိုင်တာပဲ... ဒါကြောင့်မို့လို့လည်း ကိုယ်ပိုင်ဖန်တီးထားတဲ့ လျှို့ဝှက်နယ်မြေလောကတစ်ခု အသွင်ပြောင်းနိုင်တာပဲ...”

“မဟာယာနအဆင့် ကျင့်ကြံသူကိုယ်တိုင် ဝင်မပါဘူးဆိုရင် ဘယ်သူမှ အဋ္ဌမအဆင့် အစီအရင်ကြီးကို ချိုးဖျက်ဖို့ မစဉ်းစားနဲ့... မဟုတ်ဘူး... ချိုးဖျက်လို့ မရရုံတင် မကဘူး… ရှာတွေ့ဖို့တောင် မလွယ်ဘူး... လျှို့ဝှက်နယ်မြေလောကရဲ့ အနီးအနားမှာ ရှိနေရင်တောင် ဝင်ထွက်ပေါက်ကို ရှာတွေ့နိုင်မှာ မဟုတ်ဘူး... ဒါက စိတ်ဝိညာဉ်ကမ္ဘာက ထိပ်တန်းမျိုးနွယ်စုကြီးတွေ ရှင်သန်ရပ်တည်နိုင်တဲ့ အခြေခံအုတ်မြစ်ပဲ...'

ကျိုးစွေ့မှာ အံ့ဩချီးကျူး၍ မဆုံးဖြစ်နေမိတော့၏။

သူသည် သတ္တမအဆင့်အစီအရင်ပညာရှင်တစ်ဦး ဖြစ်ရာ သူ၏အစီအရင်ပညာရပ်မှာ အလွန်နက်နဲလှသဖြင့် အဋ္ဌမအဆင့်အစီအရင်၏ ဆန်းကြယ်မှုများကို သဘာဝကျကျ မြင်တွေ့နိုင်စွမ်း ရှိပေသည်။ ၎င်းက သတ္တမအဆင့်အစီအရင်ထက် အဆပေါင်းမည်မျှ ပိုမိုသာလွန်နေသည်ကိုပင် မခန့်မှန်းနိုင်တော့ချေ။

အဋ္ဌမအဆင့်အစီအရင် ရှိမှသာလျှင် ထိပ်တန်းမျိုးနွယ်စုကြီးတစ်ခု၏ အခြေခံအုတ်မြစ် ဖြစ်လာနိုင်၏။ ၎င်းက မဟာယာနအဆင့်ကျင့်ကြံသူများစွာ၏ တိုက်ခိုက်မှုများကို ဟန့်တားနိုင်ပြီး တစ်ဖက်လူကို သက်ပြင်းချရုံမှတစ်ပါး ဘာမျှမတတ်နိုင်အောင် ပြုလုပ်နိုင်စွမ်းရှိ၏။

လျှို့ဝှက်နယ်မြေလောကထဲတွင် ရှိနေသရွေ့ အဋ္ဌမအဆင့်အစီအရင်၏ စွမ်းအားကို အသုံးပြုခြင်းဖြင့် သဘာဝကျကျပင် ရှုံးနိမ့်နိုင်စွမ်းကင်းသောနေရာတစ်ခုတွင် ရပ်တည်နိုင်မည် ဖြစ်၏။ ရန်သူက အလွန်စွမ်းအားကြီးနေလျှင်ပင် ရန်သူဘက်မှ မဟာယာနအဆင့်ကျင့်ကြံသူ သက်တမ်းကုန်ဆုံးသွားချိန် သို့မဟုတ် အင်မော်တယ်ကမ္ဘာသို့ တက်လှမ်းသွားချိန်အထိ စောင့်ဆိုင်းပြီးနောက် ၎င်းတို့သည် ပြန်လည်ထွက်ပေါ်လာနိုင်ဆဲ ဖြစ်လေသည်။

အဘယ်ကြောင့်ဆိုသော် လျှို့ဝှက်နယ်မြေလောကထဲတွင် ရှိနေသည့်တိုင် ၎င်းတို့အနေဖြင့် ဆက်လက်ရှင်သန်နိုင်ပြီး ရန်သူများ၏ ဝိုင်းရံပိတ်ဆို့ခံရမည်ကို လုံးဝ စိုးရိမ်ရန် မလိုအပ်သောကြောင့်ပင် ဖြစ်လေ၏။

လူသားမျိုးနွယ်တွင်လည်း ဤကဲ့သို့သော အဋ္ဌမအဆင့်အစီအရင်ကြီးတစ်ခု ရှိသောကြောင့်သာ စိတ်ဝိညာဉ်ကမ္ဘာတွင် နှစ်ပေါင်းသန်းနှင့်ချီ၍ မပြိုလဲဘဲ ရပ်တည်နိုင်ခဲ့ခြင်းပင်။

မှန်ပေသည်၊ ယခင်က ကျင့်ကြံခြင်းလောကတွင်လည်း ဤကဲ့သို့သော လျှို့ဝှက်နယ်မြေလောကမျိုး ရှိခဲ့ဖူး၏။ ပြဿနာမှာ ကျင့်ကြံခြင်းလောကရှိ ထိုလျှို့ဝှက်နယ်မြေလောကများအားလုံးသည် သဘာဝအလျောက် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး နောက်လူများက အသုံးချခဲ့ခြင်းသာ ဖြစ်၏။

သို့သော် စိတ်ဝိညာဉ်ကမ္ဘာရှိ လျှို့ဝှက်နယ်မြေလောကများမှာမူ မတူညီဘဲ မဟာယာနအဆင့် အင်မော်တယ်တစ်ပိုင်းများ ကိုယ်တိုင် ဖန်တီးထားခြင်း ဖြစ်လေသည်။ ၎င်းတို့သည် လူသားတို့ ဖန်တီးထားသော လျှို့ဝှက်နယ်မြေလောကများ ဖြစ်ကြ၏။

ယင်းတို့တွင် ပါဝင်သောစွမ်းအားမှာ သဘာဝအလျောက် ဖြစ်ပေါ်လာသော လျှို့ဝှက်နယ်မြေလောကများနှင့် နှိုင်းယှဉ်၍ မရနိုင်သည်မှာ သဘာဝပင် မဟုတ်ပါလော။

'တကယ်လို့ ‘အစီအရင်နှလုံးသားကူ’က ဒီအထဲကို ပေါင်းစပ်ဝင်ရောက်ပြီး ဖေးဟော်လျှို့ဝှက်နယ်မြေရဲ့ အဋ္ဌမအဆင့်တားမြစ်အစီအရင်ကို အပြည့်အဝ ထိန်းချုပ်နိုင်မယ်ဆိုရင်...”

“ဒါဆိုရင် ‘အစီအရင်နှလုံးသားကူ’ဟာ အဋ္ဌမအဆင့်ကို တက်လှမ်းနိုင်ပြီး သူ့ရဲ့ကျင့်ကြံမှုက အဆပေါင်း ဘယ်လောက်တောင် တိုးတက်သွားမလဲ မသိနိုင်တော့ဘူး... အဋ္ဌမအဆင့်အစီအရင်ပညာရှင်ဆိုတာ လူသားမျိုးနွယ်တစ်ခုလုံးမှာတောင် တစ်ယောက်တည်းပဲ ရှိလောက်မှာ...”

“ထိပ်တန်းမျိုးနွယ်စုကြီးတွေမှာတောင်မှ တကယ့်အဋ္ဌမအဆင့်အစီအရင်ပညာရှင် ဖြစ်လာနိုင်တဲ့ ကျင့်ကြံသူဆိုတာ လက်ချိုးရေလို့ရတဲ့အထိ နည်းပါးလွန်းတယ်...'

ကျိုးစွေ့မှာ အလွန်အမင်း စိတ်လှုပ်ရှားနေမိတော့သည်။

သူ လာရောက်ခဲ့သည်မှာ တကယ်ကို မှန်ကန်ကြောင်း ခံစားနေရ၏။ ဓာတ်ငါးပါးကျောက်နှင့် ရွှီမီကျောက်တုံးများကို ရရှိရန်အတွက် မဟုတ်လျှင်ပင် ဤအဋ္ဌမအဆင့်အစီအရင်ကြီးတစ်ခုတည်းနှင့်ပင် လာရောက်ရကျိုး နပ်ပေ၏။

အခြားကျင့်ကြံသူများအတွက်မူ အဋ္ဌမအဆင့်အစီအရင်ကြီးမှာ လက်လှမ်းမမီနိုင်သလို ရရှိရန်လည်း မဖြစ်နိုင်ပေ။

သို့သော် သူ့အတွက်မူကား ယင်းသည် အတုမရှိသောရတနာတစ်ပါး ဖြစ်ပြီး သူ၏အစီအရင်ပညာရပ်ကျင့်ကြံမှုကို မြှင့်တင်ပေးနိုင်ကာ အကျိုးကျေးဇူးများစွာ ရရှိစေနိုင်လေသည်။

အမှန်အတိုင်းဆိုရလျှင် ယခုအခါ သူသည် အထဲသို့ ဝင်ရောက်ရန်ပင် မစောင့်ဆိုင်းနိုင်တော့လောက်အောင် ဖြစ်နေလေပြီ။

"ကဲ... ဖေးဟော်လျှို့ဝှက်နယ်မြေ ပွင့်သွားပြီ။ ဖေးဟော်အဆောင် ကိုင်ဆောင်ထားတဲ့ ကျင့်ကြံသူတိုင်း အထဲကို ဝင်ရောက်နိုင်ပြီ။ ဒါပေမဲ့ မင်းတို့တွေ အထဲမှာ ခုနစ်ရက်ပဲ နေခွင့်ရှိမယ်…”

“ဆက်ပြီး အတင်းအကျပ် နေဖို့ ကြိုးစားရင်တောင်မှ အထဲမှာရှိတဲ့ တားမြစ်အစီအရင်က မင်းတို့ကို အပြင်ကို အတင်းအကျပ် ပို့ဆောင်ပေးလိမ့်မယ်။ ခေါင်းမာပြီး ခုခံနေမယ်ဆိုရင်လည်း တားမြစ်အစီအရင်ရဲ့ သတ်ဖြတ်တာကို ခံရလိမ့်မယ်။ အားလုံး မှတ်ထားကြ။ လောဘမကြီးကြနဲ့...”

ထိုထျန်းဖန်မျိုးနွယ်စုမှ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူက ပြောလိုက်၏။

သူ၏အသံမှာ ခေါင်းလောင်းကြီးတစ်လုံးကဲ့သို့ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး ကျင့်ကြံသူတိုင်း၏သိစိတ်ပင်လယ် နက်ရှိုင်းရာဆီသို့ အလွန်ပြတ်သားစွာ ရောက်ရှိသွား၏။ စကားလုံးတစ်လုံးချင်းစီက ဦးနှောက်ထဲသို့ ဝင်ရောက်သွားသကဲ့သို့ပင် ဖြစ်တော့သည်။

"နားလည်ပါပြီ...”

ကျင့်ကြံသူအများအပြားက ခေါင်းညိတ်လိုက်ကြ၏။

၎င်းတို့သည် ဖေးဟော်လျှို့ဝှက်နယ်မြေနှင့်ပတ်သက်၍ အလွန်ရင်းနှီးကျွမ်းဝင်နေသည်မှာ ကြာပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကျင့်ကြံသူအများစုမှာ တစ်ကြိမ်၊ နှစ်ကြိမ်လာဖူးရုံမျှ မဟုတ်ဘဲ အကြိမ်ပေါင်းများစွာ လာရောက်ခဲ့ဖူးသောကြောင့် ဖြစ်လေ၏။

ဝုန်း...

စကားသံဆုံးသည်နှင့်တစ်ပြိုင်နက် ထိုအဖြူရောင်အလင်းတံခါးကြီးမှာ ချက်ချင်းပွင့်သွားပြီး အတွင်းရှိလေဟာနယ်လမ်းကြောင်းတစ်ခု ရုတ်တရက် ပေါ်လာတော့သည်။

ရွှစ်... ရွှစ်... ရွှစ်...

မျက်စိတစ်မှိတ်အတွင်း ကျင့်ကြံသူအများအပြားမှာလည်း တုံ့ဆိုင်းနေခြင်းမရှိဘဲ အလင်းတံခါးထဲသို့ အသီးသီး ဝင်ရောက်သွားကြ၏။

ကျိုးစွေ့သည်လည်း ချွင်းချက်မဟုတ်ပေ။ သူသည် လူအုပ်ကြီးနောက်သို့ လိုက်ပါကာ ဖေးဟော်လျှို့ဝှက်နယ်မြေထဲသို့ အတူတကွ ဝင်ရောက်သွားပြီး မည်သည့်အခါမျှ ထင်ပေါ်အောင်မလုပ်ဘဲ အမည်မသိလူတစ်ယောက်အဖြစ်သာ နေထိုင်လေသည်။

တစ်ခဏချင်းပင် တောင်ထွတ်ပေါ်၌ ထျန်းဖန်မျိုးနွယ်စုကျင့်ကြံသူတစ်စုသာ ကျန်ရစ်နေခဲ့တော့၏။

"အကြီးအကဲဖန်ကျန့်ဖုန်း... ဖေးဟော်လျှို့ဝှက်နယ်မြေ ပွင့်လာတာက ဒီလောက်များပြားတဲ့ တခြားမျိုးနွယ် ကျင့်ကြံသူတွေကို ဆွဲဆောင်နိုင်လိမ့်မယ်လို့ မထင်ထားဘူး...”

လေဟာနယ်သန့်စင်ခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူ ဖန်ရှန်းက သက်ပြင်းချကာ ပြောလိုက်၏။

အနီးရှိခန္ဓာပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူမှာကား ထျန်းဖန်မျိုးနွယ်စု၏ ခန္ဓာပေါင်းစည်းခြင်း အစောပိုင်းအဆင့် အကြီးအကဲ ဖန်ကျန့်ဖုန်းပင် ဖြစ်၏။ တစ်ချိန်တည်းမှာပင် ဤကျွန်း၏အာဏာပိုင်များထဲမှ တစ်ဦးလည်း ဖြစ်ပေသည်။

"ဒါက သာမန်ပါပဲ... ဖေးဟော်လျှို့ဝှက်နယ်မြေ ဆိုတာ အရင်တုန်းက ထိပ်တန်းမျိုးနွယ်စုကြီး ဖြစ်ခဲ့တဲ့ ဖေးဟော်မျိုးနွယ်ရဲ့ ဘိုးဘေးနယ်မြေဖြစ်တော့ အဲဒီအထဲမှာ လျှို့ဝှက်ချက်တွေ မရေမတွက်နိုင်အောင် ရှိတယ်... မရေမတွက်နိုင်တဲ့ ဆေးဝါးပင်တွေ ပေါက်ပွားနေရုံတင် မကဘူး၊ တွင်းထွက်သတ္တုကြောတွေ အများကြီးနဲ့ ရတနာတွေလည်း မရေမတွက်နိုင်အောင် ကျန်ရစ်ခဲ့တယ်...”

“တချို့နေရာတွေဆိုရင် ငါတို့မျိုးနွယ်စုရဲ့ မဟာယာနအဆင့် အင်မော်တယ်တစ်ပိုင်းတွေ ဝင်သွားရင်တောင် သတိမလွတ်ရဲကြဘူး... တစ်ချိန်တည်းမှာပဲ အထဲမှာရှိတဲ့ တားမြစ်ချက်တွေကို သွားထိမိပြီး ငါတို့မျိုးနွယ်စုရဲ့ မဟာယာနအဆင့် အင်မော်တယ်တစ်ပိုင်းတွေ ကျဆုံးသွားမှာကိုလည်း ကြောက်ရသေးတယ်...”

“အဲလိုသာဆို ရတာနဲ့ ဆုံးရှုံးရတာက မတန်သလို ဖြစ်သွားလိမ့်မယ်... ဖေးဟော်လျှို့ဝှက်နယ်မြေကို ဖွင့်ပေးရတဲ့ အကြောင်းရင်းက ဝင်ကြေး လက်မှတ်ခတွေ ရှာချင်တာ၊ မျိုးနွယ်ခြား ကျင့်ကြံသူတွေကို ငါတို့အတွက် အမှားအမှန်ကို ကူညီစုံစမ်းခိုင်းပြီး ရတနာတွေ ရယူချင်တာအပြင် နောက်ထပ် လျှို့ဝှက်အကြောင်းရင်း တစ်ခုလည်း ရှိသေးတယ်...”

“အဲဒါကတော့ ဖေးဟော်မျိုးနွယ်စုရဲ့ သွေးမျိုးဆက်တွေ လာရောက်ဖို့ မျှော်လင့်တာပဲ... ဘာပဲဖြစ်ဖြစ် ဒါက ဖေးဟော်လျှို့ဝှက်နယ်မြေလေ... ဖေးဟော်မျိုးနွယ်စုရဲ့ သွေးဆက်တွေက ဒီလျှို့ဝှက်နယ်မြေရဲ့ လျှို့ဝှက်ချက်တွေကို ဆုပ်ကိုင်နိုင်ကောင်း ဆုပ်ကိုင်နိုင်လိမ့်မယ်..."

ထျန်းဖန်မျိုးနွယ်စု အကြီးအကဲ ဖန်ကျန့်ဖုန်းက ဂရုမစိုက်စွာ ရှင်းပြလိုက်တော့သည်။

All Chapters