အခန်း ၈၄၄
Vol. 80 Ch. 844
အခန်း (၈၄၄) - အဋ္ဌမအဆင့် စိတ်ဝိညာဉ်ကြော၊ ကောင်းကင်နှင့်မြေကြီး၏ ဥပဒေသများကို ထိန်းချုပ်ခြင်း၊ ‘ရွှေအလင်းအဆိပ်တစ်ထောင်ကူ’ ၏ စွမ်းပကား (၂) ။
သူတို့သည် ဤလျှို့ဝှက်နယ်မြေကမ္ဘာ၏ ဝင်ပေါက်နှင့် ထွက်ပေါက်ကို ထိန်းချုပ်နိုင်သည့် နည်းလမ်းများကိုသာ သိရှိထားပြီး ဤလျှို့ဝှက်နယ်မြေကမ္ဘာကိုမူ ထိန်းချုပ်ရန် နည်းလမ်းမရှိပေ။
အကယ်၍ ဤနေရာတွင် အတင်းအကျပ်နေထိုင်လိုပါက လျှို့ဝှက်နယ်မြေကမ္ဘာတစ်ခုလုံးရှိ အစီအရင်များ၏ တိုက်ခိုက်မှုကို ခံရမည်ဖြစ်၏။
၎င်းသည် မုချ သေဆုံးရမည့် အခြေအနေပင် ဖြစ်လေသည်။
ထျန်းဖန်မျိုးနွယ်စုအနေဖြင့် ဤတားမြစ်အစီအရင်ကို အတင်းအကျပ် ဖျက်ဆီးလိုပါက ၎င်းသည် ကိုယ်တိုင်ဖျက်ဆီးမှုစနစ်ကို လှုံ့ဆော်ပေးမည်ဖြစ်ပြီး လျှို့ဝှက်နယ်မြေကမ္ဘာတစ်ခုလုံးကို ပေါက်ကွဲစေကာ ကြောက်မက်ဖွယ်ကောင်းသော လေဟာနယ်လှိုင်းတံပိုးများနှင့် လေဟာနယ်မုန်တိုင်းများကို ဖန်တီးပေးမည် ဖြစ်၏။
ထိုအချိန်ရောက်လျှင် မဟာယာနအဆင့် အင်မော်တယ်တစ်ပိုင်းများသာမက၊ အစစ်အမှန်ဝိညာဉ်များဆိုလျှင်ပင် အသက်ရှင်ကျန်ရစ်နိုင်မည် မဟုတ်ပေ။
'မဖြစ်နိုင်တာ။ ဒီအစီအရင်က အစီအရင်ဝိညာဉ်ကိုတောင် မွေးဖွားနိုင်နေပြီလား...’
ကျိုးစွေ့က မျက်လုံးများကို မှေးစင်းလိုက်လေသည်။
သူသည် 'အစီအရင်နှလုံးသားကူ' ထံမှ ပို၍အရေးကြီးသော အချက်အလက်တစ်ခုကို ရရှိခဲ့သည်။ ၎င်းမှာ ဤ 'နှစ်ပါးယင်ယန်ဆွဲငင်အား လျှို့ဝှက်အလင်းအစီအရင်' သည် အစီအရင်ဝိညာဉ်ကို မွေးဖွားနိုင်နေပြီဖြစ်ရာ အစီအရင်အနေဖြင့် ဖေးဟော်မျိုးနွယ်စုနှင့် အခြားမျိုးနွယ်စုများအကြား ကွာခြားချက်ကို ခွဲခြားနိုင်ခြင်း ဖြစ်လေသည်။
အကယ်၍ သက်မဲ့အစီအရင်တစ်ခုသာ ဖြစ်ပါက ထျန်းဖန်မျိုးနွယ်စု အစီအရင်ပညာရှင်များ၏ လှည့်စားမှုကို အလွယ်တကူ ခံရနိုင်သည်။
သို့သော် အစီအရင်ဝိညာဉ်တစ်ခု တည်ရှိနေခြင်းကမူ လုံးဝ ကွာခြားသွားလေသည်။
ဤကဲ့သို့သော အဆင့်ရှိသည့် အစီအရင်မျိုးကို လှည့်စားရန်မှာ လုံးဝ မဖြစ်နိုင်သောကိစ္စပင် ဖြစ်၏။
ထို့ကြောင့် ထျန်းဖန်မျိုးနွယ်စု၏ အစီအရင်ပညာရှင်များစွာမှာလည်း လက်မှိုင်ချနေရခြင်း ဖြစ်လေသည်။
မှန်ပေသည်၊ ယေဘုယျအားဖြင့် သာမန်အဋ္ဌမအဆင့် အစီအရင်တစ်ခုအနေဖြင့် အစီအရင်ဝိညာဉ်ကို မွေးဖွားနိုင်ရန်မှာ အလွန်ခက်ခဲသော ကိစ္စဖြစ်ပေသည်။
သို့သော် အချိန်ကြာမြင့်စွာ ပြုစုပျိုးထောင်ပြီးနောက်တွင်မူ အစီအရင်ဝိညာဉ် မွေးဖွားနိုင်မည့် အခွင့်အရေး ရှိနေသေး၏။
ထို့ကြောင့် မျိုးနွယ်စုကြီးများ၏ အဋ္ဌမအဆင့် အစီအရင်များစွာကို အစီအရင်ဝိညာဉ်များက ထိန်းချုပ်ထားပြီး ထုတ်လွှတ်လိုက်သော စွမ်းအားမှာလည်း အလွန်ထူးခြားလှပေသည်။
တစ်ချိန်တည်းမှာပင် ထိုမျိုးနွယ်စုများ၏ ခေါင်းဆောင်များသည်လည်း အစီအရင်ဝိညာဉ်ကို ထိန်းချုပ်ခွင့်ရှိပြီး အစီအရင်တစ်ခုလုံးကို သန့်စင်ထားကြလေသည်။
မည်သူမဆို အစီအရင်ကို ထိန်းချုပ်ခွင့်ရရှိပါက ထိုသူသည် ထိုမျိုးနွယ်စု၏ ခေါင်းဆောင်ဖြစ်လာမည်သာ။
'သာမန်ကျင့်ကြံသူတွေက ဒီလျှို့ဝှက်နယ်မြေကမ္ဘာရဲ့ အစီအရင်ဝိညာဉ်ကို မလှည့်စားနိုင်ပေမဲ့ ‘အစီအရင်နှလုံးသားကူ’ကတော့ မတူဘူး...’
'အစီအရင်ဝိညာဉ်ကို မွေးဖွားနိုင်ခဲ့ပေမဲ့ အစီအရင်ဝိညာဉ်တွေမှာလည်း အဆင့်အတန်း ကွာခြားချက်တွေ ရှိတယ်...’
'သိသာထင်ရှားတာက ဒီ နှစ်ပါးယင်ယန်ဆွဲငင်အား လျှို့ဝှက်အလင်းအစီအရင်ရဲ့ အစီအရင်ဝိညာဉ်ဟာ ဉာဏ်ရည်မမြင့်မားသေးဘူး။ အလွန်ဆုံးမှ နှစ်နှစ် သုံးနှစ်အရွယ် လူသားတစ်ယောက်ရဲ့ ဉာဏ်ရည်လောက်ပဲ ရှိတယ်...’
'’အစီအရင်နှလုံးသားကူ’ကသာ ဝင်ရောက်လှည့်စားချင်တယ်ဆိုရင်တော့ အတော်လေး ရိုးရှင်းတယ်...’
'ဒီအစီအရင်ရဲ့ အစီအရင်ဝိညာဉ်ကို တိုက်ရိုက်ဝါးမျိုမယ်ဆိုရင်တောင် အချိန်ပြဿနာပဲ ရှိတယ်...’
‘ဘာလို့လဲဆိုတော့ ဒီလိုအစီအရင်တွေအတွက် ‘အစီအရင်နှလုံးသားကူ’က အပြင်းထန်ဆုံး ဗိုင်းရပ်စ်လို ဖြစ်နေပြီး ဘယ်အစီအရင်မှ မခုခံနိုင်လို့ပဲ...’
ကျိုးစွေ့က မေးစေ့ကို ပွတ်သပ်လိုက်လေသည်။
သူသည် နောက်ထပ်လှုပ်ရှားရမည့် အစီအစဉ်ကို စဉ်းစားနေတော့သည်။
မှန်ပေ၏၊ သူသည် ဖေးဟော်လျှို့ဝှက်နယ်မြေတွင် အချိန်ကြာကြာ နေထိုင်ရန် ရည်ရွယ်မထားပေ။
သူ ဖေးဟော်လျှို့ဝှက်နယ်မြေသို့ ဝင်ရောက်လာရခြင်းအကြောင်းရင်းမှာ ဖေးဟော်လျှို့ဝှက်နယ်မြေတွင် ဟင်းလင်းပြင်အမှတ်အသားတစ်ခု ချန်ထားခဲ့ရန် သက်သက်သာ ဖြစ်လေသည်။
ဤသို့ဆိုလျှင် ဖေးဟော်လျှို့ဝှက်နယ်မြေ လုံးဝ ပိတ်သွားသည့်အချိန်တွင် သူသည် 'တည်နေရာပြောင်းကူ' ၏ စွမ်းအားဖြင့် ဖေးဟော်လျှို့ဝှက်နယ်မြေသို့ တိုက်ရိုက် ရောက်ရှိနိုင်မည်ဖြစ်ပြီး ထျန်းဖန်မျိုးနွယ်စု၏ သဘောတူညီချက်ကို လုံးဝ ရယူရန် မလိုအပ်တော့ပေ။
တစ်ချိန်တည်းမှာပင် သူ ဖေးဟော်လျှို့ဝှက်နယ်မြေမှ ဝင်ထွက်ကာ ရရှိလာမည့် ရတနာများထဲမှ ခုနစ်ဆယ်ရာခိုင်နှုန်းကိုလည်း ပေးအပ်ရန် မလိုအပ်တော့ပေ။
သူသည် ထျန်းဖန်မျိုးနွယ်စုကို တစ်ပြားတစ်ချပ်မှပင် ပေးချင်စိတ် မရှိပေ။
လောလောဆယ်တွင် သတ္တမအဆင့် အစောပိုင်း ‘တည်နေရာပြောင်းကူ’ သည် ပုံသေ ဟင်းလင်းပြင်အမှတ် သုံးခုကိုသာ ဖန်တီးနိုင်သည်။ ထိုအထဲမှ ဟင်းလင်းပြင်အမှတ်တစ်ခုကို ဖုန်းရှီးကျွန်းရှိ အမှတ် (၈၈) တာအိုကျောင်းတော်၌ ထားရစ်ခဲ့ပြီးသား ဖြစ်သည်။
ဒုတိယ ဟင်းလင်းပြင်အမှတ်ကိုမူ ဟယ်ဖုန်းကျွန်းအနီးရှိ လူသူကင်းမဲ့သော ကျွန်းငယ်လေးတစ်ကျွန်းပေါ်တွင် ချန်ထားခဲ့၏။
အဘယ်ကြောင့်ဆိုသော် နောက်တစ်ကြိမ် သူ ဟယ်ဖုန်းကျွန်းသို့ လာလိုပါက ဖုန်းရှီးကျွန်းမှနေ၍ လပေါင်းများစွာ အချိန်ယူ ပျံသန်းနေစရာ မလိုတော့ရန်ပင်။ ဤနေရာသို့ တိုက်ရိုက် တည်နေရာရွှေ့ပြောင်းလာရုံသာ မဟုတ်ပါလော။
တတိယမြောက် ဟင်းလင်းပြင်အမှတ်ကိုမူ ‘ဖေးဟော်လျှို့ဝှက်နယ်မြေ’ ထဲတွင် ချန်ထားခဲ့ရန် သူ ရည်ရွယ်ထားသည်။
ဝုန်း...။
ချက်ချင်းပင် ‘တည်နေရာပြောင်းကူ’ သည် ကျိုးစွေ့၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာပြီး လေဟာနယ်ထဲသို့ ပျော်ဝင်သွား၏။ ၎င်း၏ခန္ဓာကိုယ်ထဲမှ လေဟာနယ်ပိုးဥတစ်လုံး ချက်ချင်း ထွက်ပေါ်လာလေသည်။
ဤလေဟာနယ်ပိုးဥသည် ထိုလေဟာနယ်ထဲသို့ ပျော်ဝင်သွားကာ ဟင်းလင်းပြင်အမှတ်တစ်ခုအဖြစ် ပြောင်းလဲသွားပုံရသည်။ ဟင်းလင်းပြင်အမှတ် သုံးခုကြားတွင် ပဲ့တင်ခတ်မှု သဲ့သဲ့မျှ ထွက်ပေါ်လာ၏။ တည်နေရာပြောင်းအစီအရင် သုံးခုကဲ့သို့ တစ်ခုနှင့်တစ်ခု အပြန်အလှန် ချိတ်ဆက်သွားခြင်းပင် ဖြစ်ပေသည်။
‘တည်နေရာပြောင်းကူ’ ၏ စွမ်းအားကို အသုံးပြုလိုက်ရုံဖြင့် သူသည် ဤနေရာမှ ချက်ချင်း ထွက်ခွာသွားနိုင်ပြီး ဖုန်းရှီးကျွန်းသို့ ပြန်လည်ရောက်ရှိသွားမည် ဖြစ်သည်။ သို့သော်ငြား သူ့အနေဖြင့် ထိုမျှအထိ မိုက်မဲမည် မဟုတ်ပေ။
အကယ်၍ ထိုသို့သာ လုပ်ဆောင်လိုက်ပါက သူ၏ဇာတ်မြစ်ကို နောက်တစ်ကြိမ် ပြောင်းလဲရတော့မည် ဖြစ်သောကြောင့်ပင်။ သူသည် ဟယ်ဖုန်းကျွန်းတွင် ဆက်လက်နေထိုင်ပြီး ရတနာများ ပိုမိုရယူလိုသေးသည်။
အဘယ်ကြောင့်ဆိုသော် ဤကျွန်းသည် ကုန်သွယ်ရေးကျွန်းဖြစ်ပြီး နေရာအနှံ့အပြားမှ ရတနာများနှင့် ကျင့်ကြံခြင်းဆိုင်ရာ အရင်းအမြစ်များစွာ စုဝေးရာနေရာ ဖြစ်သောကြောင့်ပင်။ ဤနေရာမှလွဲ၍ အခြားနေရာများတွင် အလားတူ ကုန်သွယ်ရေးကျွန်းမျိုးကို ရှာတွေ့နိုင်ရန် အလွန်ခက်ခဲလှ၏။
နောင်တစ်ချိန် ဖုန်းရှီးကျွန်းတွင် ရတနာအမြောက်အမြား လိုအပ်လာပါက ဤနေရာမှပင် ဝယ်ယူရမည် ဖြစ်သည်။ ထို့ကြောင့် သူသည် ဤနေရာမှနေ၍ ဖုန်းရှီးကျွန်းသို့ တိုက်ရိုက် ပြန်သွားရန် မရည်ရွယ်ထားပေ။ ဟယ်ဖုန်းကျွန်းတွင် ဆက်လက်နေထိုင်ပြီး သတင်းအချက်အလက် အမျိုးမျိုးကို စုံစမ်းရန်သာ စဉ်းစားထားလေသည်။
ထိုအကြောင်းကို တွေးမိသည်နှင့် ကျိုးစွေ့သည် ‘ဖေးဟော်အဆောင်’ ကို ချေမွကာ ဤနေရာမှ တိုက်ရိုက်ထွက်ခွာရန် ပြင်လိုက်သည်။ ဤနေရာတွင် အချိန်ကြာမြင့်စွာ နေထိုင်နေပါက ထျန်းဖန်မျိုးနွယ်စု ကျင့်ကြံသူများက သူ ရတနာအမြောက်အမြား ရရှိသွားသည်ဟု ထင်မှတ်သွားမည်ကို ရှောင်ရှားလိုသောကြောင့် ဖြစ်၏။
"ရွှမ်ဟွမ်တာအိုရောင်းရင်း... ခဏလောက် နေပါဦး...”
ထိုစဉ် ဘေးဘက်မှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာလေသည်။ စကားပြောလိုက်သူမှာ ခြင်နက်မျိုးနွယ်စု ကျင့်ကြံသူ ဝမ်ကွမ်ကျန်းပင် ဖြစ်၏။ သူသည် ဤနေရာသို့ မည်သည့်အချိန်ကတည်းက ရောက်ရှိနေမှန်း မသိရပေ။
၎င်းအနီးတွင်လည်း ခြင်နက်မျိုးနွယ်စု ကျင့်ကြံသူ လေးငါးယောက်ခန့် ပါလာလေသည်။ ၎င်းတို့အနက် သုံးယောက်မှာ လေဟာနယ်သန့်စင်ခြင်း အစောပိုင်းအဆင့်ဖြစ်ပြီး နှစ်ယောက်မှာ လေဟာနယ်သန့်စင်ခြင်း အလယ်အလတ်အဆင့်များ ဖြစ်ကြသည်။ ဖိတ်ကြားခံခဲ့ရသော အခြားကျင့်ကြံသူများမှာမူ ပျောက်ကွယ်သွားကြပြီ ဖြစ်၏။ သေသည်ရှင်သည်အား မသိရချေ။
"ရှေ့ထပ်တိုးမလာနဲ့...”
"မဟုတ်ရင် ကျုပ်ကို ရိုင်းတယ်လို့ အပြစ်မတင်နဲ့...”
ကျိုးစွေ့က ထိုခြင်နက်မျိုးနွယ်စု ကျင့်ကြံသူများကို အေးစက်စွာ ကြည့်လိုက်သည်။ ဤခြင်နက် ခြောက်ကောင်ထံမှ သွေးနံ့များနှင့် ကြမ်းကြုတ်ရက်စက်သော အငွေ့အသက်များကို သူ ခံစားမိနေ၏။
၎င်းတို့နှင့်အတူ ‘ဖေးဟော်လျှို့ဝှက်နယ်မြေ’ ထဲသို့ ဝင်ရောက်လာသော ကျင့်ကြံသူများမှာ သေဆုံးသွားပြီး သွေးများ စုပ်ယူခံလိုက်ရပြီ ဖြစ်ကြောင်း သိသာလွန်းလှသည်။
၎င်းတို့ထံမှ မကောင်းဆိုးဝါး အငွေ့အသက်များ ထွက်ပေါ်နေခြင်းက မိမိကို ပစ်မှတ်ထားနေကြောင်း အထင်အရှား ပြသနေချေသည်။
ဝုန်း...။
ရုတ်တရက် လေဟာနယ်ထဲမှ အလင်းနက်တစ်တန်း ရုတ်ခြည်း ထွက်ပေါ်လာပြီး အသံတိတ် တိုက်ခိုက်လာ၏။ အမြန်နှုန်းမှာ ယုံကြည်နိုင်စရာ မရှိလောက်အောင် မြန်ဆန်လွန်းလှသည်။
ဤသည်မှာ ခြင်နက်မျိုးနွယ်စု၏ သွေးမျိုးဆက်နတ်ဘုရားစွမ်းရည် ဖျက်ဆီးခြင်းအလင်းနက်ပင် ဖြစ်ပေသည်။
၎င်းတွင် ဖျက်ဆီးခြင်းစွမ်းအားများ ပါဝင်နေသည်။ သာမန် ကာကွယ်ရေးရတနာများနှင့် နတ်ဘုရားစွမ်းရည်မန္တန်များ၏ ကာကွယ်မှုများက ၎င်းကို မဟန့်တားနိုင်ဘဲ အလွယ်တကူ ထိုးဖောက်ခံရမည် ဖြစ်၏။ ဤသည်က ခြင်နက်မျိုးနွယ်စု၏ အကျွမ်းကျင်ဆုံး တိုက်ကွက်လည်း ဖြစ်လေသည်။
ရန်သူ၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားသည်နှင့် ရန်သူကို ပြင်းထန်စွာ ဒဏ်ရာရစေပြီး သွေးများကို စုပ်ယူပစ်မည် ဖြစ်သည်။ ဤတိုက်ကွက်သည် မည်သည့်အခါမျှ လွဲချော်ခဲ့သည်မရှိဟု ဆိုနိုင်ပေသည်။
ရှေးဟောင်းလိပ်နက်ပညာရပ်…။
ချက်ချင်းပင် ကျိုးစွေ့၏ ခန္ဓာကိုယ်ပေါ်တွင် လိပ်နက်အကာအကွယ် လေးထပ် ထွက်ပေါ်လာပြီး ပတ်ပတ်လည်တွင် သိပ်သည်းလှသော လိပ်ခွံပုံစံ အရေးအကြောင်းများ ဖုံးလွှမ်းသွား၏။ ၎င်းက သူ၏ ခန္ဓာကိုယ်ပေါ်တွင် ရှေးဟောင်းလိပ်နက် အခွံလေးခုကို ဝတ်ဆင်ထားသကဲ့သို့ ဖြစ်နေလေသည်။ ဤသည်မှာလည်း အစွမ်းအထက်ဆုံး ကာကွယ်ရေး နတ်ဘုရားစွမ်းရည်တစ်ခုပင် မဟုတ်ပါလော။
ဒုန်း...။
နောက်တစ်စက္ကန့်တွင် ထိုဖျက်ဆီးခြင်းအလင်းနက်က လိပ်နက်အကာအကွယ် သုံးလွှာကို ဆက်တိုက် ထိုးဖောက်သွားခဲ့သည်။ သို့သော် စတုတ္ထမြောက် လိပ်နက်အကာအကွယ်သို့ ရောက်သောအခါ ရှေ့ဆက်မတိုးနိုင်တော့ဘဲ ရပ်တန့်သွားလေတော့သည်။
"ဒါက ဘယ်လို ကာကွယ်ရေး နတ်ဘုရားစွမ်းရည်လဲ။ ငါတို့ ခြင်နက်မျိုးနွယ်စုရဲ့ ဖျက်ဆီးခြင်းအလင်းနက်ကိုတောင် တားဆီးနိုင်တယ်ပေါ့လေ...”
ထိုအခါ ခြင်နက်မျိုးနွယ်စု ကျင့်ကြံသူများ၏ မျက်လုံးများ ကျုံ့ဝင်သွားကြရသည်။ မူလက လှောင်ပြောင်နေသော မျက်နှာအမူအရာများမှာ ချက်ချင်း ပျောက်ကွယ်သွားပြီး လေးနက်တည်ကြည်သော အမူအရာများဖြင့် အစားထိုးသွားလေသည်။
ဤပင်လယ်ပြင်ကြီးထဲတွင် ဖျက်ဆီးခြင်းအလင်းနက်ကို တားဆီးနိုင်သည့် နတ်ဘုရားစွမ်းရည် မန္တန်များနှင့် ရတနာအချို့ ရှိနေသည်မှာ မှန်ပေသည်။
သို့သော် ထိုသို့သောအရာများကို အလွန်ကြီးမားသော မျိုးနွယ်စုကြီးများနှင့် အစစ်အမှန်ဝိညာဉ် မျိုးနွယ်စုများကသာ အဓိက ပိုင်ဆိုင်ထားကြခြင်း ဖြစ်၏။
သာမန် အားနည်းသော မျိုးနွယ်ငယ်များမှ သက်ရှိများအနေဖြင့် ဤမျှအထိ လုပ်ဆောင်နိုင်စွမ်း မရှိကြချေ။