အခန်း ၈၄၆
Vol. 80 Ch. 846
အခန်း (၈၄၆) - အဋ္ဌမအဆင့် စိတ်ဝိညာဉ်ကြော၊ ကောင်းကင်နှင့်မြေကြီး၏ ဥပဒေသများကို ထိန်းချုပ်ခြင်း၊ ‘ရွှေအလင်းအဆိပ်တစ်ထောင်ကူ’ ၏ စွမ်းပကား (၄) ။
"ခွေးကောင်..."
ခြင်နက်မျိုးနွယ်စု ကျင့်ကြံသူများ၏ မျက်နှာများမှာ စိမ်းဖန်သွားလေသည်။ ဤကောင်လေးအနီးသို့ ရောက်တော့မည်ဟု ထင်မှတ်ထားသော်လည်း တစ်ဖက်လူက သူတို့နှင့်ထပ်မံ၍ ဝေးကွာသွားလိမ့်မည်ဟု ထင်မထားခဲ့မိပေ။
သို့သော် တစ်ဖက်လူက သူတို့၏ တိုက်ခိုက်မှုနယ်ပယ်မှ လွတ်မြောက်သွားသည်ကို မျက်စိသူငယ်ဖြင့် ကြည့်နေရုံမှလွဲ၍ ဘာမျှ မတတ်နိုင်ခဲ့ချေ။
အမှန်အတိုင်းဆိုရလျှင် သူတို့သည် ဤလူသားကျင့်ကြံသူကို ခြိမ်းခြောက်သတိပေးရုံသာ ရည်ရွယ်ပြီး ဤလူသားကျင့်ကြံသူ အခြေအနေကို နားလည်သဘောပေါက်ရန် မျှော်လင့်ခဲ့ခြင်း ဖြစ်သည်။ သို့သော်ငြား ၎င်းက တစ်ဖက်လူကို သတိပေးလိုက်သကဲ့သို့ ဖြစ်သွားမည်ဟု ထင်မထားခဲ့ကြပေ။
ဝုန်း...။
တစ်စုံတစ်ရာ ထပ်ပြောချင်သေးသော်လည်း ၎င်းတို့၏ မျက်ခွံများမှာ ပို၍ပို၍ လေးလံလာကြောင်း လျင်မြန်စွာ သတိပြုမိသွားကြလေသည်။ နောက်တစ်စက္ကန့်တွင် မြေပြင်ပေါ်သို့ ချက်ချင်း သတိလစ်မေ့မြောကျသွားကာ ဘာကိုမျှ မသိနိုင်တော့ချေ။
တစ်ယောက်ပြီးတစ်ယောက် ဟောက်သံများပေးကာ အိပ်မောကျသွားကြပြီး အချိန်တိုအတွင်း နိုးထလာနိုင်မည် မဟုတ်ပေ။ ယခုအခါတွင် သူတို့သည် အသတ်ခံရန် စောင့်ဆိုင်းနေသော အိမ်မွေးတိရစ္ဆာန်များကဲ့သို့ ဖြစ်နေချေပြီ။
"မဆိုးဘူး၊ မဆိုးဘူး။ ဆဋ္ဌမအဆင့် 'ရွှေအလင်းအဆိပ်တစ်ထောင်ကူ' က တကယ်ကို အစွမ်းထက်တာပဲ...”
"အဆိပ်လမ်းစဉ်က လမ်းစဉ်ခွဲတစ်ခု ဖြစ်ပေမယ့် အစွမ်းသတ္တိ ကြီးမားတဲ့အပြင် အားနည်းသူက အားကြီးသူကိုတောင် အနိုင်ယူနိုင်စွမ်းရှိတယ်...”
"အဆိပ်ကသာ လုံလောက်တဲ့ ပြင်းထန်မှုရှိမယ်ဆိုရင် ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူတွေကိုထားဦး၊ မဟာယာနအဆင့် အင်မော်တယ်တစ်ပိုင်းတွေတောင်မှ ဒုက္ခရောက်သွားနိုင်တယ်...”
ကျိုးစွေ့က မေးစေ့ကို ပွတ်သပ်လိုက်သည်။
'ရွှေအလင်းအဆိပ်တစ်ထောင်ကူ' ၏ ကြောက်မက်ဖွယ်ကောင်းမှုကို သူ ပို၍ သဘောပေါက်လာလေသည်။ ၎င်းသည် အဆင့်ကျော်လွန်၍ စိန်ခေါ်နိုင်သော ကောင်းကင်နှင့်မြေကြီး ကူပိုးကောင်တစ်ကောင် ဖြစ်သည်မှာ အသေအချာပင်။
အထူးသဖြင့် ကာကွယ်မှုအားနည်းသော မျိုးနွယ်စုအချို့ကို ရင်ဆိုင်ရာတွင် အကြိမ်ကြိမ် အံ့ဖွယ်ရလဒ်များကို ပြသနိုင်စွမ်းရှိ၏။ သာမန်နည်းလမ်းများဖြင့် ခြင်နက်မျိုးနွယ်စု ကျင့်ကြံသူများကို ရင်ဆိုင်ရန် ခက်ခဲလှသော်လည်း အဆိပ်ခတ်ခြင်းကမူ သူတို့ကို အလွယ်တကူ လဲကျသွားစေနိုင်သည်။
အကယ်၍ အခြားနည်းလမ်းများကို အသုံးပြုမည်ဆိုပါက ခွန်အားအတော်လေး စိုက်ထုတ်ရဖွယ် ရှိသည်။ တချို့သော နောက်ဆက်တွဲ ပြဿနာများကိုပင် ချန်ထားရစ်ခဲ့နိုင်သည်။
ယခုကဲ့သို့ ဤခြင်နက်မျိုးနွယ်စု ကျင့်ကြံသူများကို အဆိပ်ခတ်၍ သတိလစ်သွားစေခြင်းက သူတို့ကို အေးအေးဆေးဆေး ဖြေရှင်းနိုင်စေပြီး မည်သည့်ပြဿနာမျှ ချန်ထားရစ်ခဲ့မည် မဟုတ်ပေ။
"ဒါပေမယ့် နှမြောစရာကောင်းတာက ဆဋ္ဌမအဆင့် တိဟူအမွှေးနံ့အဆိပ်က ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူတွေအပေါ် သိပ်ပြီး အကျိုးသက်ရောက်မှု မရှိတာပဲ...”
"ဘာပဲဖြစ်ဖြစ် ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူတွေရဲ့ ခန္ဓာကိုယ်က အရမ်းကို သန်မာလွန်းတော့ သာမန် တိဟူအမွှေးနံ့အဆိပ်လောက်က သူတို့ကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး...”
"ပြဿနာက ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူတွေကို သေစေနိုင်လောက်တဲ့ သတ္တမအဆင့်အဆိပ်ကို ရှာတွေ့ဖို့ဆိုတာ အဲဒီလောက် မလွယ်ကူလှတာပဲ...”
သတ္တမအဆင့်အဆိပ်ကို ရှာဖွေရသည်မှာ အနည်းငယ် ဒုက္ခများမည်ဟု ကျိုးစွေ့ ခံစားလိုက်ရလေသည်။
သတ္တမအဆင့်အဆိပ်သည် သတ္တမအဆင့် စိတ်ဝိညာဉ်ဆေးပင်များကဲ့သို့ပင် လောကတွင် ရှားပါးကြောင်း ထင်ရှားသည်။ သတ္တမအဆင့်အဆိပ်သည် သတ္တမအဆင့် စိတ်ဝိညာဉ်ဆေးပင်များထက်ပင် ပို၍ ရှားပါးသေး၏။
အဘယ်ကြောင့်ဆိုသော် သတ္တမအဆင့်အဆိပ်များသည် ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူများကို ထိခိုက်စေနိုင်စွမ်း ရှိသောကြောင့်ပင် ဖြစ်၏။ ဤကဲ့သို့သော မဟာဗျူဟာမြောက် အဆိပ်များသည် အပြင်လောကသို့ အလွယ်တကူ ပျံ့နှံ့သွားမည် မဟုတ်သည်မှာ သဘာဝပင်။
ယေဘုယျအားဖြင့် ၎င်းတို့ကို အစစ်အမှန်ဝိညာဉ်မျိုးနွယ်စုများကသာ ထိန်းချုပ်ထားလေ့ရှိသည်။ အခြားကျင့်ကြံသူများအနေဖြင့် ရရှိရန်ဆိုသည်မှာ အိပ်မက်မက်နေသည်နှင့်သာ တူပေမည်။
"ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူတွေကို ထိခိုက်စေနိုင်တဲ့ အဆိပ်ကို ရှာဖို့ဆိုရင် 'ပစ္စည်းရှာဖွေကူ' ရဲ့ အင်အားကို အားကိုးမှပဲ ရတော့မယ့်ပုံပဲ...”
ကျိုးစွေ့မှာ အလွန်တရာ လက်မှိုင်ချချင်စိတ် ပေါက်သွားသည်။
စိတ်ဝိညာဉ်ကမ္ဘာ၏ ဧရိယာသည် ကျယ်ဝန်းလှပြီး နယ်နိမိတ်မရှိသလောက် ဖြစ်ပြီး၊ ၎င်းကို အလင်းနှစ်များဖြင့် တွက်ချက်ပါက ဂလက်ဆီတစ်ခုစာမျှ ကျယ်ဝန်းပေသည်။ အရင်းအမြစ်များမှာ ပြောစရာပင်မလို သဘာဝအလျောက် အလွန်ပေါများကြွယ်ဝလှသည်။
ပြဿနာမှာ ထိပ်တန်းအရင်းအမြစ်များက လွန်စွာ ရှားပါးနေဆဲဖြစ်ပြီး အစစ်အမှန်ဝိညာဉ်မျိုးနွယ်စုများ၏ လက်ထဲတွင်သာ လက်ဝါးကြီးအုပ်ခံထားရခြင်း ဖြစ်၏။ သာမန်မျိုးနွယ်စုများအနေဖြင့် ရရှိရန် တွေးတောင် မတွေးရဲကြပေ။
'ပစ္စည်းရှာဖွေကူ' ၏ စွမ်းအားကို အသုံးပြုမှသာလျှင် အစစ်အမှန်ဝိညာဉ်မျိုးနွယ်စုများပင် မရရှိနိုင်သော အဖိုးတန်အရင်းအမြစ်များကို ရှာဖွေနိုင်ပေမည်။
"ထားလိုက်ပါတော့၊ ဒီခြင်နက်မျိုးနွယ်စု ကျင့်ကြံသူတွေကို အရင်ဆုံး ရှင်းပစ်လိုက်တာပဲ ကောင်းပါတယ်...”
ကျိုးစွေ့က မျက်လုံးများကို မှေးကျဉ်းလိုက်သည်။
သွေးလမင်းမျိုးနွယ်စု ကျင့်ကြံသူများ၏ မှတ်ဉာဏ်များအရ ဤခြင်နက်မျိုးနွယ်စု ကျင့်ကြံသူများသည် အလွန်ထူးခြားကြောင်း ထင်ရှားလှသည်။ ၎င်းတို့ကို သတ်ဖြတ်လိုက်သည်နှင့်တစ်ပြိုင်နက် ကျိန်စာသင့်ခံရမည်ဖြစ်ပြီး ခန္ဓာကိုယ်ပေါ်တွင် ကျိန်စာအမှတ်အသားများ ပေါ်လာမည် ဖြစ်၏။
အကယ်၍ ခြင်နက်မျိုးနွယ်စု ကျင့်ကြံသူများသာ အနီးသို့ ချဉ်းကပ်လာပါက ပထမဆုံးအကြိမ်မှာပင် သိရှိနိုင်လေသည်။
ထို့နောက် ပစ်မှတ်ထားခံရသူ မသေမချင်း သူတို့သည် ရေဆုံးမြေဆုံး လိုက်လံသတ်ဖြတ်ကြမည် ဖြစ်သည်။ သို့သော် ပစ်မှတ်ထားခံရသူသည် အလွန်အမင်း အစွမ်းထက်နေပါက ၎င်းတို့သည် ရွေးချယ်မှုအရ လက်လျှော့သွားတတ်ပြီး မည်သည့်အရာမျှ မဖြစ်ခဲ့သကဲ့သို့ ဟန်ဆောင်နေတတ်ကြသည်။
ထို့ကြောင့် ခြင်နက်မျိုးနွယ်စု ကျင့်ကြံသူများကို သတ်ဖြတ်ခြင်း၏ နောက်ဆက်တွဲ အကျိုးဆက်များမှာ အလွန်ကြီးမားလှပေသည်။ သာမန်ကျင့်ကြံသူများက ခြင်နက်မျိုးနွယ်စုကို အလွယ်တကူ ရန်မစရဲကြချေ။
ဤအချက်ကပင် ခြင်နက်မျိုးနွယ်စုအား ခွန်ဖန်ပင်လယ်ဒေသတွင် အဆက်မပြတ် ကြီးထွားလာစေပြီး အရေးပါအရာရောက်သော မျိုးနွယ်စုတစ်ခု ဖြစ်လာစေခဲ့သည်။
မှန်ပေ၏၊ ဖြေရှင်းရန် နည်းလမ်းမရှိသည်တော့ မဟုတ်ပေ။ ၎င်းမှာ ခြင်နက်မျိုးနွယ်စု ကျင့်ကြံသူများကို သတိလစ်အောင် ရိုက်နှက်ပြီး ကန္တာရသားရဲများထံ ပေးအပ်ကာ သတ်ခိုင်းခြင်းပင် ဖြစ်သည်။ ဤနည်းအားဖြင့် ကျိန်စာသည် ကန္တာရသားရဲများထံသို့ ကူးစက်သွားမည်ဖြစ်ပြီး မိမိကိုယ်တိုင် ခြင်နက်မျိုးနွယ်စု၏ လိုက်လံသတ်ဖြတ်ခံရခြင်းမှ အများဆုံး ရှောင်လွှဲနိုင်မည် ဖြစ်လေသည်။
ဝုန်း...။
ထိုအချက်ကို တွေးမိသည်နှင့် ကျိုးစွေ့သည် တုံ့ဆိုင်းမနေတော့ဘဲ နှလုံးသားမျက်လုံး စွမ်းအားကို ဖြန့်ကျက်လိုက်ရာ ကီလိုမီတာ သိန်းနှင့်ချီသော ဧရိယာကို လွှမ်းခြုံသွားလေသည်။ ချက်ချင်းပင် ဤသစ်တောထဲတွင် အစွမ်းထက်သော ကန္တာရသားရဲများ မှီတင်းနေထိုင်ကြောင်းကို သူ အာရုံခံမိလိုက်၏။
ကျင့်ကြံခြင်းအဆင့်များမှာ အနည်းဆုံး နတ်ဘုရားအသွင်ပြောင်းအဆင့်၊ လေဟာနယ်သန့်စင်ခြင်းအဆင့်မှစ၍ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကန္တာရသားရဲများပင် ရှိလေသည်။
ခဏအကြာတွင် သူသည် ဤခြင်နက်မျိုးနွယ်စု ကျင့်ကြံသူများကို လေဟာနယ်သန့်စင်ခြင်းအဆင့် ကန္တာရသားရဲတစ်ကောင်ရှေ့သို့ ပစ်ချပေးလိုက်သည်။
ထိုလေဟာနယ်သန့်စင်ခြင်းအဆင့် ကန္တာရသားရဲကြီးမှာ အလွန်အမင်း ဆာလောင်မွတ်သိပ်နေပြီး ကောင်းကင်မှ ကျလာသော လက်ဆောင်ကဲ့သို့ ဝမ်းသာသွားလေသည်။ ၎င်းသည် အနည်းငယ်မျှ တုံ့ဆိုင်းမနေဘဲ ခြင်နက်မျိုးနွယ်စု ကျင့်ကြံသူများကို တစ်လုတ်တည်း ဝါးမျိုပစ်လိုက်၏။
သနားစရာကောင်းသော ခြင်နက်မျိုးနွယ်စုမှ လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူများမှာ ကန္တာရသားရဲ၏ ပါးစပ်ထဲတွင် အားလုံး သေပွဲဝင်သွားကြရတော့သည်။
ထို့နောက် ၎င်း၏ခန္ဓာကိုယ်ပေါ်တွင် ခြင်တစ်ကောင်နှင့်တူသော အနက်ရောင်အမှတ်အသားတစ်ခု ချက်ချင်း ပေါ်လာသည်။ သို့သော် ၎င်းအနေဖြင့် ဂရုမစိုက်ချေ။
အဘယ်ကြောင့်ဆိုသော် ဤသည်မှာ အမှတ်အသားတစ်ခုမျှသာဖြစ်ပြီး မည်သည့်ထိခိုက်မှုမျှ မရှိသောကြောင့် ဖြစ်၏။
မှန်ပေသည်၊ ထိုခြင်နက်မျိုးနွယ်စု ကျင့်ကြံသူများ၏ ကိုယ်ပေါ်ရှိ သိုလှောင်အိတ်များကို ကျိုးစွေ့က ယူဆောင်လာပြီး အားလုံးကို သိမ်းဆည်းလိုက်သည်။ အတွင်းရှိ ရတနာများကို သေချာစွာ မစစ်ဆေးရသေးပေ။ သို့ရာတွင် ယခု သူ အလျင်စလို လုပ်စရာမလိုချေ။
"အင်း... တော်လောက်ပြီ၊ ဖေးဟယ်လျှို့ဝှက်နယ်မြေကနေ ထွက်ခွာဖို့ အချိန်တန်ပြီ...”
"ခြင်နက်မျိုးနွယ်စု ကျင့်ကြံသူတွေရဲ့ သိုလှောင်အိတ်တွေကို ယူသွားလို့မရဘူး၊ မဟုတ်ရင် ထျန်းဖန်မျိုးနွယ်စု ကျင့်ကြံသူတွေ သေချာပေါက် တွေ့သွားလိမ့်မယ်...”
"ဘာပဲဖြစ်ဖြစ် ဖေးဟယ်လျှို့ဝှက်နယ်မြေကနေ ထွက်ခွာတဲ့အခါ တစ်ယောက်ယောက်က ရတနာအမြောက်အမြားကို ခိုးယူသွားတာမျိုး မဖြစ်အောင် သိုလှောင်အိတ်တွေကို စစ်ဆေးရသေးတာပဲ...”
"ဖေးဟယ်လျှို့ဝှက်နယ်မြေထဲမှာ ကိုယ်ပွားတစ်ခု ချန်ထားခဲ့တာ ပိုကောင်းမယ်...”
ကျိုးစွေ့က ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်လေသည်။
ယခုတစ်ကြိမ် ဖေးဟယ်ကျွန်းသို့ သူ လာရောက်ခဲ့သည်မှာ သေချာပေါက် ကိုယ်ပွားတစ်ခုတည်း မဟုတ်ဘဲ ကိုယ်ပွားပေါင်း ရာနှင့်ချီ၍ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။
မည်သို့ပင်ဆိုစေ သူသည် ကိုယ်ပွားတစ်ခု ရုတ်တရက် ရန်သူများ၏ သတ်ဖြတ်ခြင်းခံရကာ သေဆုံးသွားမည့်အရေးကို ကာကွယ်ရန် လိုအပ်ပေသည်။ ထို့ကြောင့် ကိုယ်ပွားများစွာကို ယူဆောင်လာခြင်းက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားခြင်းပင်။
ဝုန်း...။
ထိုအချိန်တွင် ကိုယ်ပွားတစ်ခုမှာ ဖေးဟယ်လျှို့ဝှက်နယ်မြေထဲတွင် ကျန်ရစ်ခဲ့ပြီး အခြားကိုယ်ပွားတစ်ခုက ဖေးဟယ်အဆောင်ကို မီးရှို့လိုက်သည်။ ထိုခဏတွင် လျှို့ဝှက်နယ်မြေကမ္ဘာ၏ တားမြစ်အစီအရင်ကို လှုံ့ဆော်လိုက်သကဲ့သို့ လေဟာနယ်စွမ်းအားတစ်ခုကို ကျိုးစွေ့ ခံစားလိုက်ရပြီး သူ၏တစ်ကိုယ်လုံးကို ထိုလေဟာနယ်စွမ်းအားက ချက်ချင်း ပို့ဆောင်လိုက်လေသည်။
နောက်တစ်စက္ကန့်တွင် သူသည် ဖေးဟယ်တောင်ထွတ်ပေါ်၌ ထပ်မံ ပေါ်လာတော့သည်။