အခန်း ၈၄၈
Vol. 80 Ch. 848
အခန်း (၈၄၈) - ဆဋ္ဌမအဆင့် ဓားတာအိုလမ်းစဉ်သို့ တက်လှမ်းခြင်းနှင့် သက်ရှိအားလုံး၏ သတ်ဖြတ်လိုစိတ်ဓားနယ်ပယ် (၁) ။
"ငါတို့ ထျန်းဖန်မျိုးနွယ်စုနဲ့ ဘာဆိုင်လို့လဲ။ ငါတို့ကိုများ ပြဿနာလာရှာရဲလို့လား...”
"အဲဒါလည်း ဟုတ်တာပဲ။ ငါတို့ကလည်း ဈေးနှုန်းကို အတိအလင်း သတ်မှတ်ထားတာလေ။ အထဲမှာ သေသွားတယ်ဆိုတာက သူတို့ရဲ့ စွမ်းအားက မလုံလောက်လို့၊ ကိုယ့်သေတွင်း ကိုယ်တူးသွားကြတာပဲလေ...”
"နှမြောစရာပဲ၊ နောက်တစ်ကြိမ် ဖေးဟော်လျှို့ဝှက်နယ်မြေ ပွင့်လာဖို့ဆိုတာ နှစ်တစ်ရာကြာမှ ဖြစ်လိမ့်မယ်။ ဘာဖြစ်လို့ ငါတို့ ထျန်းဖန်မျိုးနွယ်စုက အခုအချိန်အထိ ဒီလျှို့ဝှက်နယ်မြေကို အပြည့်အဝ မထိန်းချုပ်နိုင်သေးရတာလဲ...”
"မတတ်နိုင်ဘူးလေ။ ဘာပဲဖြစ်ဖြစ် ဖေးဟော်လျှို့ဝှက်နယ်မြေက အရင်တုန်းက အင်အားကြီး မျိုးနွယ်စုတစ်ခုရဲ့ ဘိုးဘေးနယ်မြေ ဖြစ်ခဲ့တာဆိုတော့ ထိန်းချုပ်ရခက်ခဲတာကလည်း သာမန်ပါပဲ...”
"ဒီတခြားမျိုးနွယ်စု ကျင့်ကြံသူတွေက အသက်အန္တရာယ်ကိုတောင် ဂရုမစိုက်ဘဲ လာကူညီပေးကြလို့ တော်သေးတာပေါ့။ ငါတို့ကိုယ်တိုင် ဖေးဟော်လျှို့ဝှက်နယ်မြေထဲကို သွားရှာစရာမလိုဘဲနဲ့ ရတနာတွေ အများကြီး ရနိုင်တယ်လေ။ နောက်ထပ်လည်း ကျင့်ကြံသူတွေ အများကြီးလာပြီး ကူညီပေးကြပါစေလို့ ဆုတောင်းရမှာပဲ...”
"အိပ်မက်မက်မနေစမ်းပါနဲ့။ ဒီလောကကြီးမှာ ဒီလောက်အရူးတွေ အများကြီး ဘယ်ကလာမှာလဲ...”
ထျန်းဖန်မျိုးနွယ်စုကျင့်ကြံသူ အများအပြားက တီးတိုးပြောဆို ဆွေးနွေးနေကြသည်။
၎င်းတို့အနေဖြင့် ထိုသို့သော မြင်ကွင်းမျိုးကို တွေ့မြင်နေကျဖြစ်၍ အထူးအဆန်း မဟုတ်တော့ချေ။
တစ်ယောက်ပြီးတစ်ယောက်မှာ အခြားမျိုးနွယ်စု ကျင့်ကြံသူများ၏ အကျိုးအမြတ်များကို တက်ကြွဝမ်းသာစွာဖြင့် စစ်ဆေးနေကြလေသည်။
...
ထိုအချိန်တွင် ဖေးဟော်လျှို့ဝှက်နယ်မြေအတွင်း၌ ရှိနေသော ကိုယ်ပွားကျိုးစွေ့သည်လည်း လိုဏ်ဂူထဲမှ နိုးထလာခဲ့၏။
လွန်ခဲ့သော ခုနစ်ရက်တာကာလအတွင်း သူသည် မိမိကိုယ်ပေါ်ရှိ အငွေ့အသက်များကို ဖုံးကွယ်ထားကာ အိပ်မောကျနေသည့် အခြေအနေ၌သာ ရှိနေခဲ့သည်။
အဘယ်ကြောင့်ဆိုသော အခြားသော ကျင့်ကြံသူများ တွေ့ရှိသွားမည်ကို ရှောင်ရှားရန်အတွက် ဖြစ်လေသည်။
ဝုန်း...။
ဖေးဟော်လျှို့ဝှက်နယ်မြေ ပိတ်သွားချိန်တွင် မျက်စိဖြင့်မမြင်နိုင်သော လေဟာနယ်စွမ်းအားတစ်ခုက လျှို့ဝှက်နယ်မြေကမ္ဘာတစ်ခုလုံးကို ဖြတ်သန်းတိုက်ခတ်သွားပြီး လျှို့ဝှက်နယ်မြေကမ္ဘာ၏ ထောင့်တိုင်းကို အာရုံခံကာ ပြင်ပလူများ ရှိမရှိကို ရှာဖွေနေလေသည်။
အကြိမ်ပေါင်း ဒါဇင်နှင့်ချီ၍ ဖတ်ရှုစစ်ဆေးပြီးနောက်မှသာ ထိုစွမ်းအားက ရပ်တန့်သွားခဲ့၏။
သို့ရာတွင် ကျိုးစွေ့၌ 'အစီအရင်နှလုံးသားကူ' ၏ အကူအညီရှိနေသည်ဖြစ်ရာ အစောကြီးကတည်းက ဒေသခံ နေထိုင်သူတစ်ဦးအဖြစ် ဟန်ဆောင်ထားနိုင်ခဲသည်။ ထို့ကြောင့် ဖေးဟော်လျှို့ဝှက်နယ်မြေ၏ ဖယ်ရှားခြင်းခံရမည်ကို စိုးရိမ်စရာမလိုဘဲ ဤနေရာတွင် ရဲတင်းစွာပင် ထွက်ပေါ်လာနိုင်ခြင်း ဖြစ်လေသည်။
'ကောင်းတယ်၊ နောက်ဆုံးတော့ အားလုံး ထွက်သွားကြပြီပေါ့...’
'အခုက ငါ လှုပ်ရှားရမယ့်အချိန်ပဲ...’
ကိုယ်ပွားကျိုးစွေ့က ပြုံးလိုက်ပြီး အလွန်အမင်း ကျေနပ်သွားတော့သည်။
ဝှစ်...။
ထို့နောက် ကိုယ်ခန္ဓာက လျှပ်တစ်ပြက် လှုပ်ရှားသွားပြီး လိုဏ်ဂူထဲမှ ချက်ချင်း ထွက်ခွာသွားလေသည်။
ယခုအခါတွင် ဖေးဟော်လျှို့ဝှက်နယ်မြေတစ်ခုလုံး၌ သူမှလွဲ၍ မည်သည့်ပြင်ပလူမျှ မရှိတော့သည်ဖြစ်ရာ သူ၏ကိုယ်ပိုင် အထောက်အထားများ ပေါ်ပေါက်သွားမည်ကို စိုးရိမ်စရာ မလိုတော့ချေ။
ရက်အနည်းငယ် ကြာပြီးနောက်…။
ကျိုးစွေ့က ဖေးဟော်လျှို့ဝှက်နယ်မြေကို သေချာစွာ စစ်ဆေးစုံစမ်းကြည့်လိုက်ပြီးနောက် ဤလျှို့ဝှက်နယ်မြေကမ္ဘာနှင့်ပတ်သက်၍ အတိုင်းအတာတစ်ခုအထိ နားလည်သဘောပေါက်သွားခဲ့သည်။
လျှို့ဝှက်နယ်မြေကမ္ဘာတစ်ခုလုံး၏ အချင်းမှာ ကီလိုမီတာ သန်းတစ်ရာခန့် ရှိလေသည်။
ရိုးသားစွာဆိုရလျှင် ဤမျှကြီးမားသော လျှို့ဝှက်နယ်မြေကမ္ဘာမှာ သေးငယ်သည်ဟု မဆိုနိုင်တော့ပေ။
အချို့သော လျှို့ဝှက်နယ်မြေ ကမ္ဘာများဆိုလျှင် ကီလိုမီတာ သန်းဆယ်ဂဏန်းခန့်သာ ရှိတတ်ကြသည်။
မည်သို့ပင်ဆိုစေကာမူ အဋ္ဌမအဆင့် အစီအရင်တစ်ခု လွှမ်းခြုံထားနိုင်သည့် နယ်ပယ်မှာ အကန့်အသတ်ရှိသည်ဖြစ်ရာ အဆုံးအစမရှိ ကြီးမားသည့် ကမ္ဘာတစ်ခုကို ဖန်တီးနိုင်မည် မဟုတ်ပေ။
အကယ်၍ အမှန်တကယ်သာ ဖန်တီးနိုင်ခဲ့မည်ဆိုပါက ၎င်းမှာ လျှို့ဝှက်နယ်မြေကမ္ဘာ မဟုတ်တော့ဘဲ မဟာကမ္ဘာတစ်ခုကို ဖန်တီးလိုက်ခြင်း ဖြစ်သွားပေလိမ့်မည်။
ဤလျှို့ဝှက်နယ်မြေကမ္ဘာကိုမူ နယ်မြေသုံးခုအဖြစ် ခွဲခြားထားသည်။
၎င်းတို့မှာ အပြင်ဘက်နယ်မြေ၊ အတွင်းပိုင်းနယ်မြေနှင့် အဓိကနယ်မြေတို့ပင် ဖြစ်ကြ၏။
အပြင်ဘက်နယ်မြေဟု ခေါ်ဆိုသောနေရာတွင် တစ်ဆက်တည်း ဖြစ်နေသော တောင်တန်းကြီးများ၊ ကြီးမားသော မြစ်ကြီးများ၊ စိတ်ဝိညာဉ်လယ်ကွင်းများနှင့် ဆေးပင်စိုက်ခင်းများ ရှိနေပြီး ဖေးဟော်မျိုးနွယ်စုဝင်များအား ထောက်ပံ့ကျွေးမွေးရန် တာဝန်ယူထားလေသည်။
အပြင်ဘက်နယ်မြေတွင် ကန္တာရသားရဲများစွာ နေထိုင်နေကြရခြင်းမှာလည်း အကြောင်းပြချက် ရှိပေသည်။
မှန်ပေသည်၊ ဤကန္တာရသားရဲများအားလုံးကို ဖေးဟော်မျိုးနွယ်စုက ဤနေရာတွင် မွေးမြူထားခြင်းဖြစ်ပြီး ၎င်းတို့က ဖေးဟော်မျိုးနွယ်စု၏ အစားအစာရင်းမြစ်များအဖြစ် တာဝန်ယူပေးထားခြင်း ဖြစ်၏။
မည်သို့ပင်ဆိုစေကာမူ ကန္တာရသားရဲများမှာ မျိုးပွားနိုင်စွမ်း အလွန်မြင့်မားကြပြီး ကြီးထွားနှုန်းလည်း မြန်ဆန်ကြသည် မဟုတ်ပါလော။
ထို့အပြင် အစုံစားသတ္တဝါများလည်း ဖြစ်ကြလေသည်။
အသားကိုသာမက မြက်ကိုပါ စားသောက်၍ အသက်ရှင်သန်နိုင်ကြသည်။
၎င်းမှာ ဖေးဟော်မျိုးနွယ်စုအတွက် အကောင်းဆုံးသော အစားအစာရင်းမြစ်များထဲမှ တစ်ခုဖြစ်သည်ဟုပင် ဆိုရပေမည်။
အမှန်တကယ်တွင် ဖေးဟော်မျိုးနွယ်စုသာမက အခြားသော အင်အားကြီး မျိုးနွယ်စုများစွာသည်လည်း ထိုကဲ့သို့ပင် ရန်လိုစိတ် များစွာမပြင်းထန်သော ကန္တာရသားရဲအချို့ကို မွေးမြူကာ ၎င်းတို့၏ နေ့စဉ် အစားအစာများအဖြစ် အသုံးပြုကြလေသည်။
ထို့အပြင် စိတ်ဝိညာဉ်လယ်ကွင်းများတွင် စိတ်ဝိညာဉ်ဆန်များကို စိုက်ပျိုးထားပြီး ဆေးပင်စိုက်ခင်းများတွင်လည်း စိတ်ဝိညာဉ်ဆေးပင်များစွာကို စိုက်ပျိုးထားကြ၏။
ဖေးဟော်လျှို့ဝှက်နယ်မြေမှာ အချိန်ကြာမြင့်စွာ စွန့်ပစ်ခံထားရပြီး မည်သူမျှ ဝင်ရောက်နိုင်ခြင်းမရှိသလောက် ဖြစ်သည်။
ထို့ကြောင့် အတွင်းဘက်တွင် ပိုင်ရှင်မဲ့ စိတ်ဝိညာဉ်ဆေးပင်များစွာ ပေါက်ရောက်နေကြခြင်း ဖြစ်၏။
ဤသည်မှာလည်း အခြားသော မျိုးနွယ်စု ကျင့်ကြံသူများစွာက ဖေးဟော်လျှို့ဝှက်နယ်မြေအတွင်းသို့ ဝင်ရောက်လိုကြသည့် အကြောင်းရင်းများထဲမှ တစ်ခုပင် ဖြစ်လေသည်။
ဖေးဟော်လျှို့ဝှက်နယ်မြေအတွင်းသို့ ဝင်ရောက်ပါက ၎င်းတို့အနေဖြင့် ပဉ္စမအဆင့် စိတ်ဝိညာဉ်ဆေးပင်အချို့၊ သို့မဟုတ် ဆဋ္ဌမအဆင့် စိတ်ဝိညာဉ်ဆေးပင်များကိုပင် ရရှိနိုင်မည့်အခွင့်အရေး ရှိနေသည် မဟုတ်ပါလော။
အတွင်းပိုင်းနယ်မြေမှာမူ ဖေးဟော်မျိုးနွယ်စုဝင်များ နေထိုင်သည့် နေရာဖြစ်လေသည်။
ထိုနယ်မြေတွင် ကြီးမားသော မြို့တော်ကြီးများကို ထောင့်ပေါင်းစုံ၌ ဖြန့်ကျက်၍ တည်ဆောက်ထားကြသည်။
သို့သော်လည်း ထိုမြို့တော်ကြီးများအားလုံးမှာ ယိုယွင်းပျက်စီးနေသော အပျက်အစီးများအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး အတွင်းဘက်ရှိ ဖေးဟော်မျိုးနွယ်စု သက်ရှိများအားလုံးမှာလည်း အစောကြီးကတည်းက သေဆုံးသွားခဲ့ကြပြီ ဖြစ်၏။
အဓိကနယ်မြေနှင့် ပတ်သက်၍မူ ၎င်းမှာ ဖေးဟော်မျိုးနွယ်စုမှ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူများနှင့် မဟာယာနအဆင့် ကျင့်ကြံသူများ နေထိုင်သည့်နေရာဖြစ်ပေသည်။
အတွင်းဘက်တွင်မူ ကြီးမားခမ်းနားသော နန်းတော်ကြီးများ ရှိနေလေသည်။
ရိုးသားစွာဆိုရလျှင် ယခင်က ထျန်းဖန်မျိုးနွယ်စုအနေဖြင့် အပြင်ဘက်နယ်မြေများကိုသာ ရှာဖွေစူးစမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။
အတွင်းပိုင်းနယ်မြေနှင့် အဓိကနယ်မြေများကိုမူ ဝင်ရောက်နိုင်ရန် နည်းလမ်းလုံးဝ မရှိခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် ထိုနယ်မြေများကို ကြီးမားလှသော အစီအရင်များဖြင့် လွှမ်းခြုံထားကာ ဧရာမအစီအရင် အကာအကွယ်အတားအဆီးများအဖြစ် ဖန်တီးထားသောကြောင့်ပင် ဖြစ်လေသည်။
အကယ်၍ အတင်းအဓမ္မ ဝင်ရောက်ရန် ကြိုးစားပါက အစီအရင်များ၏ ကွင်းဆက် တုံ့ပြန်မှုများကို ဖြစ်ပေါ်စေမည် ဖြစ်၏။
ထျန်းဖန်မျိုးနွယ်စု ကျင့်ကြံသူများက ဤနယ်မြေများရှိ အစီအရင်များကို ချိုးဖျက်ရန် ကြိုးစားခဲ့ကြသော်လည်း ယနေ့တိုင်အောင် ရလဒ်ကြီးကြီးမားမား မရရှိခဲ့ကြချေ။
ဤအချက်ကပင် ထျန်းဖန်မျိုးနွယ်စုကို အပြင်ဘက်နယ်မြေမှသာ ရတနာအချို့ ရရှိစေရန် အကြောင်းဖန်လာခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ဤလျှို့ဝှက်နယ်မြေကမ္ဘာကို အပြည့်အဝ ဖော်ထုတ်နိုင်ခဲ့ခြင်း မရှိပေ။ သို့ရာတွင် ထျန်းဖန်မျိုးနွယ်စုကလည်း အလောတကြီး မရှိလှချေ။
မည်သို့ပင်ဖြစ်စေ ဤလျှို့ဝှက်နယ်မြေမှာ ၎င်းတို့၏လက်ထဲသို့ ကျရောက်နေပြီဖြစ်ရာ အတွင်းဘက်ရှိ ရတနာများမှာလည်း ထွက်ပြေးသွားနိုင်မည် မဟုတ်ပေ။
၎င်းတို့တွင် အချိန်တွေ အများကြီး ရှိနေလေသည်။
နှစ်ပေါင်း သန်းထောင်နှင့်ချီ၍ တည်ရှိလာခဲ့သော အစစ်အမှန်ဝိညာဉ်မျိုးနွယ်စုတစ်ခု ဖြစ်သည့်အားလျော်စွာ ၎င်းတို့၌ သည်းခံနိုင်စွမ်း မကင်းမဲ့ချေ။
နှစ်သန်းပေါင်းများစွာ အချိန်ယူ၍ ဖော်ထုတ်ရမည်ဆိုလျှင်ပင် ဘာဖြစ်မည်နည်း။ ၎င်းတို့အနေဖြင့် လုံးဝ ဂရုစိုက်မည်မဟုတ်ပေ။
မည်သို့ပင်ဆိုစေကာမူ ထျန်းဖန်မျိုးနွယ်စုက ထိန်းချုပ်ထားသော လျှို့ဝှက်နယ်မြေကမ္ဘာမှာ ဖေးဟော်လျှို့ဝှက်နယ်မြေ တစ်ခုတည်းသာ မဟုတ်ပေ။
ဤသည်မှာ ၎င်းတို့ထဲမှ တစ်ခုသာလျှင် ဖြစ်ပေတော့သည်။
"ဓာတ်ငါးပါးကျောက်နဲ့ ရွှီမီကျောက်တုံးတွေက အတွင်းပိုင်းနယ်မြေထဲမှာ ရှိနေတယ်...”
ကျိုးစွေ့က မျက်လုံးများကို မှေးကျဉ်းလိုက်၏။
'ပစ္စည်းရှာဖွေကူ' ၏ အချက်အလက်များအရဆိုလျှင် သူရယူချင်သော ဓာတ်ငါးပါးကျောက်နှင့် ရွှီမီကျောက်တုံးတို့သည် အတွင်းပိုင်းနယ်မြေတွင် ရှိနေပေသည်။
မှန်ပေသည်၊ ဤနယ်မြေတွင် မည်သည့် သတ္တုကြောမှ မရှိဘဲ ယခင်က ဖေးဟော်မျိုးနွယ်စု နေထိုင်ခဲ့သည့် နေရာပင် ဖြစ်လေသည်။
သို့သော်ငြား ဖေးဟော်မျိုးနွယ်စုသည် အလွန်တရာ အင်အားကြီးမားသည့် မျိုးနွယ်စုတစ်ခုဖြစ်ရာ ၎င်းတို့၏မြို့တော်တွင် ရှားပါးပစ္စည်းမြောက်မြားစွာ သိုလှောင်ထားခြင်းမှာ အလွန်ပင် သာမန်ကိစ္စတစ်ခု ဖြစ်ပေ၏။
ထိုအထဲတွင် ဓာတ်ငါးပါးကျောက်နှင့် ရွှီမီကျောက်တုံးတို့လည်း ရှိနေမည်သာ။
ထို့ကြောင့်ပင် 'ပစ္စည်းရှာဖွေကူ' က ဤရတနာများ၏ တိကျသောတည်နေရာကို အာရုံခံမိခြင်း ဖြစ်လေ၏။
ရွှစ်…။
ထိုသို့တွေးမိပြီးနောက် ကျိုးစွေ့သည်လည်း တွေဝေမနေတော့ဘဲ 'ပစ္စည်းရှာဖွေကူ' ၏ လမ်းညွှန်ချက်အရ အတွင်းပိုင်းနယ်မြေအနီးသို့ တိုက်ရိုက်ရောက်ရှိသွားသည်။
ပတ်ဝန်းကျင်တစ်ခုလုံးကို ကြီးမားသော အစီအရင်အတားအဆီးတစ်ခုက ဖုံးလွှမ်းထားသည်ကို တွေ့လိုက်ရပြီး အရပ်မျက်နှာအနှံ့တွင် သိပ်သည်းလှသော လေဟာနယ်ကန့်သတ်ချက်များ ပေါ်ထွက်နေချေသည်။
အကယ်၍သာ အနီးသို့ ချဉ်းကပ်သွားပါက ကန့်သတ်ချက်အစီအရင်ကို လှုံ့ဆော်မိသွားမည်ဖြစ်ပြီး ဖျက်ဆီးနိုင်စွမ်းရှိသော စွမ်းအင်များ ပေါက်ကွဲထွက်လာမည် ဖြစ်၏။
ထိုအချိန်ကျလျှင် လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူများသာဆိုလျှင် ပြောစရာပင် မလိုတော့ပေ။ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများနှင့် မဟာယာနအဆင့် ကျင့်ကြံသူများပင်လျှင် အပြင်းအထန် ဒဏ်ရာရသွားရပေမည်။