အခန်း ၈၄၉
Vol. 80 Ch. 849
အခန်း (၈၄၉) - ဆဋ္ဌမအဆင့် ဓားတာအိုလမ်းစဉ်သို့ တက်လှမ်းခြင်းနှင့် သက်ရှိအားလုံး၏ သတ်ဖြတ်လိုစိတ်ဓားနယ်ပယ် (၂) ။
ကံကောင်းသည်မှာ သူ၏ 'အစီအရင်နှလုံးသားကူ' က ဤနေရာရှိ ကန့်သတ်ချက်အစီအရင်များကို အချိန်ခဏတာ လှည့်စားနိုင်နေပြီ ဖြစ်ခြင်းပင်။
လုံးဝအပြည့်အဝ မထိန်းချုပ်နိုင်သေးသော်လည်း တံခါးပေါက်တစ်ခု ဖွင့်လှစ်ခြင်းသည်ကား သာမန်ကိစ္စလေးတစ်ခုသာ ဖြစ်ပေသည်။
ဝုန်း…။
မျက်စိတစ်မှိတ်အတွင်း 'အစီအရင်နှလုံးသားကူ' ၏ ခြယ်လှယ်မှုအောက်တွင် ရှေ့ရှိ အစီအရင်အတားအဆီး၌ သေးငယ်သော အလင်းတံခါးပေါက်တစ်ခု ချက်ချင်းပေါ်လာခဲ့ပြီးနောက် ကျိုးစွေ့က အတွင်းပိုင်းနယ်မြေအတွင်းသို့ အလွယ်တကူ လျောက်လှမ်းဝင်ရောက်သွားလေ၏။
ကျိုးစွေ့တစ်ယောက် မိမိရှေ့တွင် ကြီးမားလှသော မြို့တော်ကြီးတစ်ခု ပေါ်လာသည်ကို ပထမဆုံး မြင်လိုက်ရသည်။
သံသယဖြစ်ဖွယ်မရှိ၊ ဤရှေးဟောင်းမြို့တော်ကြီးသည် အတိတ်က လူဦးရေ ဘီလီယံနှင့်ချီ၍ နေထိုင်နိုင်ခဲ့လောက်သည်။ မြို့တွင်း၌ ကြီးမားသော ရှေးဟောင်းအဆောက်အအုံကြီးများကို တည်ဆောက်ထားပြီး မြေပြင်ပေါ်တွင်လည်း ကျယ်ဝန်းလှသော စကျင်ကျောက်လမ်းမကြီးများကို အရပ်လေးမျက်နှာသို့ ချိတ်ဆက်ဖောက်လုပ်ထားလေသည်။
ဤမြို့တော်၏ အတိတ်က စည်ကားသိုက်မြိုက်ခဲ့မှုကို ကောင်းစွာ မြင်ယောင်ကြည့်နိုင်ပေ၏။
သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ အရာအားလုံးသည်ကား မျက်စိရှေ့မှ ဖြတ်သန်းသွားသော တိမ်တိုက်များသာ ဖြစ်ခဲ့ခြင်းပင်။
မြို့တော်တစ်ခုလုံး ရုတ်တရက်ပျက်စီးသွားခဲ့ပြီး နေရာအနှံ့အပြားတွင် ပြိုကျနေသော နံရံများသာ ရှိနေတော့သည်။ မြေပြင်ပေါ်တွင် ကြီးမားသော တွင်းနက်ကြီးများ ပေါ်ပေါက်နေပြီး ကျောက်စရစ်ခဲများ ပြန့်ကျဲနေကာ အတိတ်က အကြိတ်အနယ် တိုက်ပွဲကြီးတစ်ခုကို ဖြတ်သန်းခဲ့ရသကဲ့သို့ ရှိလေ၏။
မြေပြင်ပေါ်တွင် ဖေးဟော်မျိုးနွယ်စု ကျင့်ကြံသူများ၏ ရုပ်အလောင်းများပင် ကျန်ရစ်နေသေးသည်။
နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့လျှင်ပင် ဤရုပ်အလောင်းများသည်ကား ဆွေးမြည့်မသွားခဲ့ချေ။ ပတ်ဝန်းကျင်၌ ပြင်းထန်လှသော နာကြည်းချက်များ၊ သတ်ဖြတ်လိုစိတ်များနှင့် မုန်းတီးမှုများ ပျံ့နှံ့နေပြီး မရေမတွက်နိုင်သော ဖေးဟော်မျိုးနွယ်စု၏ တစ္ဆေဝိညာဉ်များက ဤနေရာတွင် စွဲကပ်နေဆဲဖြစ်သည်ဟု ထင်မှတ်ရပေသည်။
နှစ်ပေါင်းမရေမတွက်နိုင်အောင် ကုန်လွန်သွားသော်လည်း ၎င်းတို့သည်ကား ပျောက်ကွယ်သွားရန် ဆန္ဒမရှိကြပေ။
"ပြဿနာပဲ။ ဒါတွေက မရေမတွက်နိုင်တဲ့ တစ္ဆေဝိညာဉ်တွေ...”
ကျိုးစွေ့၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။
သူသည်လည်း နှစ်ပေါင်းများစွာအတွင်း ဤနေရာသို့ ခြေချလာသော ပထမဆုံး အခြားမျိုးနွယ်စုမှ ကျင့်ကြံသူတစ်ဦး ဖြစ်ပေသည်။
အတိတ်က ဖေးဟော်လျှို့ဝှက်နယ်မြေအတွင်းသို့ အစစ်အမှန်ဝိညာဉ်တစ်ကောင် ဝင်ရောက်လာခဲ့ဖူးသည်။ တစ်ဖက်လူက တိုက်ရိုက် သတ်ဖြတ်ဝင်ရောက်လာပြီး မိုးကြိုးပစ်သကဲ့သို့ လျင်မြန်သောအဟုန်ဖြင့် ဖေးဟော်လျှို့ဝှက်နယ်မြေတစ်ခုလုံးကို ဖျက်ဆီးပစ်ခဲ့ကာ မရေမတွက်နိုင်သော ဖေးဟော်မျိုးနွယ်စုဝင်များကို သတ်ဖြတ်ခဲ့လေ၏။
ဖေးဟော်မျိုးနွယ်စုမှ မဟာယာနအဆင့် ကျင့်ကြံသူများစွာပင် ထိုနေရာ၌ပင် အသတ်ခံခဲ့ရသည်။
ထိုအရာက ဖေးဟော်မျိုးနွယ်စုကို မျိုးတုံးပျောက်ကွယ်သွားစေခဲ့ခြင်း ဖြစ်ပေသည်။
မှန်ပေသည်၊ မြင်ကွင်း၏ ပကတိအခြေအနေအရ ထိုလျှို့ဝှက်ဆန်းကြယ်သော အစစ်အမှန်ဝိညာဉ်သည်လည်း သက်သာမည် မဟုတ်သည်ကို သိမြင်နိုင်၏။
အဘယ်ကြောင့်ဆိုသော် တကယ်တမ်း အထိအခိုက်မရှိခဲ့ပါက ဖေးဟော်လျှို့ဝှက်နယ်မြေသည်လည်း ကျန်ရစ်နေမည် မဟုတ်ဘဲ ထိုအစစ်အမှန်ဝိညာဉ်၏ ဖျက်ဆီးခြင်းကို ခံလိုက်ရမည် ဖြစ်သောကြောင့်ပင်။
ထိုအစစ်အမှန်ဝိညာဉ်က ဖေးဟော်မျိုးနွယ်စုကို သတ်ဖြတ်ပြီးနောက် ဤနေရာရှိ ရတနာများကိုပင် မယူနိုင်ဘဲ အစောတလျင် ထွက်ပြေးသွားခဲ့ရခြင်း ဖြစ်လောက်ပေသည်။
ထို့ကြောင့်သာ ဖေးဟော်လျှို့ဝှက်နယ်မြေမှာ ယနေ့အချိန်အထိ မပျက်မစီးဘဲ အကောင်းပကတိအတိုင်း ရှိနေခြင်း ဖြစ်လေသည်။
ဤနေရာရှိ အဋ္ဌမအဆင့်အစီအရင်သည်လည်း ယနေ့အချိန်အထိ လည်ပတ်နေပြီး အပြည့်အဝ ပျက်စီးသွားခြင်း မရှိခဲ့ချေ။
သို့သော် အတိတ်က ဖေးဟော်မျိုးနွယ်စုမှ ကျင့်ကြံသူများစွာ သေဆုံးသွားခဲ့လျှင်ပင် ၎င်းတို့၏ နာကြည်းမှု၊ ဒေါသနှင့် မကျေနပ်မှုများကမူ ပျောက်ကွယ်မသွားခဲ့ပေ။
အချိန်ကြာလာသည်နှင့်အမျှ ထိတ်လန့်ဖွယ်ရာ အငြိုးကြီးတစ္ဆေသရဲများအဖြစ် စုစည်းသွားခဲ့လေ၏။
မြို့တော်အတွင်းပိုင်းသည် သရဲစံအိမ်ကြီးတစ်ခုအဖြစ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ယခုအခါ ထိုတစ္ဆေသရဲများက ကျိုးစွေ့ထံမှ ထွက်ပေါ်နေသော အငွေ့အသက်ကို အာရုံခံမိသွားပြီး တစ်ကောင်ပြီးတစ်ကောင် စိတ်လှုပ်ရှားလာကြတော့သည်။ ၎င်းတို့၏ စိတ်တွင်း ဟာလာဟင်းလင်းဖြစ်မှုကို ဖြည့်ဆည်းရန်အတွက် ကျိုးစွေ့၏ အသွေးအသားနှင့် ဝိညာဉ်ကို ဝါးမျိုချင်နေပုံရသည်။
"ရတနာနယ်မြေ။ ဒါက တကယ့်ကို ပြိုင်ဘက်ကင်း ရတနာနယ်မြေကြီးပဲ...”
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျိုးစွေ့မှာ အတိုင်းမသိ စိတ်လှုပ်ရှားသွားလေသည်။
အကယ်၍ သာမန်ကျင့်ကြံသူတစ်ဦးသာ ဆိုပါက ဤမျှများပြားလှသော မကောင်းဆိုးဝါးများနှင့် တစ္ဆေဝိညာဉ်များကို မြင်တွေ့ရလျှင် ဘာလုပ်ရမှန်းမသိ ဖြစ်သွားမည်မှာ သေချာလှ၏။
သို့သော် ကျူးရှန်းဓားသိုင်းကို ကျင့်ကြံထားသော သူ့အတွက်မူ ဤသည်ကား အမှန်တကယ် ပြိုင်ဘက်ကင်း ကျင့်ကြံခြင်း ရတနာနယ်မြေကြီးတစ်ခုပင် ဖြစ်လေသည်။
အဘယ်ကြောင့်ဆိုသော် ကျူးရှန်းဓားသိုင်းကို ဆက်လက်တိုးတက်စေချင်ပါက သက်ရှိအားလုံး၏ သတ်ဖြတ်လိုစိတ်၊ မကောင်းသည့်ရည်ရွယ်ချက်နှင့် နာကြည်းမှုများကို စုပ်ယူရန် လိုအပ်သောကြောင့် ဖြစ်ပေသည်။
ဖေးဟော်မျိုးနွယ်စုမှ သေဆုံးသွားသော ကျင့်ကြံသူများထံတွင် ပါဝင်နေသည့် ပြင်းထန်သော နာကြည်းချက်ထက် ပိုမိုများပြားသည့်နေရာဆိုသည်မှာ ရှိမည်မထင်တော့ချေ။
ပြောရမည်ဆိုလျှင် ဤနေရာတွင် ဖေးဟော်မျိုးနွယ်စုတစ်ခုလုံး၏ နာကြည်းချက်များ ပါဝင်နေသည်ဟုပင် ဆိုနိုင်လေ၏။
၎င်းတို့သည် အတိတ်က အင်အားကြီးမျိုးနွယ်စုများ ဖြစ်ခဲ့ကြသည် မဟုတ်ပါလော။
ကျင့်ကြံသူတိုင်းမှာ အားကောင်းပြီး ဝိညာဉ်များကလည်း အလွန်သန်မာကြ၏။
ထို့ကြောင့် ဖြစ်တည်လာသော နာကြည်းမှုနှင့် သတ်ဖြတ်လိုစိတ်များက အတိတ် ကျင့်ကြံခြင်းလောကမှ သာမန်လူများထက် အဆပေါင်းသောင်းမက ပိုမိုပြင်းထန်လှပေသည်။
အကယ်၍ ဤနေရာရှိ မျိုးနွယ်စုတစ်ခုလုံး၏ နာကြည်းမှုနှင့် သတ်ဖြတ်လိုစိတ်များကို အကုန်အစင် ဝါးမျိုနိုင်မည်ဆိုလျှင် ကျူးရှန်းဓားသိုင်း၏ စွမ်းအားက မည်သည့်အဆင့်ထိ တက်သွားမည်ကို သူကိုယ်တိုင်ပင် မသိနိုင်တော့ပေ။ အမှန်တကယ်တမ်း အင်မော်တယ်များကိုပင် သတ်ဖြတ်နိုင်ကောင်း သတ်ဖြတ်နိုင်မည် ဖြစ်၏။
ရွှစ်…။
ထိုသို့တွေးမိပြီးနောက် ကျိုးစွေ့သည်လည်း တွေဝေမနေတော့ဘဲ ထပ်မံ၍ နောက်ဆုတ်ကာ အတွင်းပိုင်းနယ်မြေမှ ထွက်ခွာသွားလေသည်။
ဤအခြေအနေကို မြင်သောအခါ မကောင်းဆိုးဝါးများနှင့် တစ္ဆေဝိညာဉ်များစွာက ဒေါသတကြီးဖြင့် အစီအရင်အတားအဆီးထဲမှ အတင်းထိုးထွက်ရန် ကြိုးစားကြသော်လည်း အချည်းနှီးသာ။
အစီအရင်အတားအဆီးက ပြင်ပလူများ ဝင်ရောက်လာခြင်းကို တားဆီးထားသလို၊ တစ်ချိန်တည်းမှာပင် ဤမကောင်းဆိုးများနှင့် တစ္ဆေဝိညာဉ်များ ထွက်လာခြင်းကိုလည်း တားဆီးထားလေ၏။
သို့မဟုတ်ပါက ၎င်းတို့သာလျှင် ဖေးဟော်လျှို့ဝှက်နယ်မြေ၏ ကြောက်မက်ဖွယ်အကောင်းဆုံး တည်ရှိမှုများ ဖြစ်လာပေလိမ့်မည်။
မည်မျှများပြားသော ကျင့်ကြံသူများ ၎င်းတို့လက်ချက်ဖြင့် သေဆုံးရမည်ကို မသိနိုင်တော့ပေ။
…
တစ်ရက် ကုန်လွန်သွားပြန်သည်။
ကျိုးစွေ့၏ မူလခန္ဓာကိုယ်က ဖုန်းရှီးမြို့တော်မှ တိုက်ရိုက် ရွှေ့ပြောင်းလာပြီးနောက် ကျူးရှန်းဓားကိုပါ သယ်ဆောင်လျက် ဖေးဟော်လျှို့ဝှက်နယ်မြေသို့ ရောက်ရှိလာခဲ့၏။
အဘယ်ကြောင့်ဆိုသော် ဤရတနာဓားမှသာလျှင် သက်ရှိအားလုံး၏ သတ်ဖြတ်လိုစိတ်ကို အကန့်အသတ်မရှိ စုပ်ယူနိုင်ပြီး အကန့်အသတ်မရှိ ကြီးထွားလာနိုင်မည် ဖြစ်သောကြောင့်ပင်။
မှန်ပေသည်၊ ယခုအခါ ဖေးဟော်လျှို့ဝှက်နယ်မြေ၏ အစီအရင်ဝိညာဉ်သည်လည်း 'အစီအရင်နှလုံးသားကူ' ၏ အပြည့်အဝ ဖိနှိပ်ခြင်းကို ခံလိုက်ရပြီး အိပ်မောကျနေသည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်လေသည်။
ထို့ကြောင့် သူသည် ဤနေရာတွင် ထုံးလိုချေ၊ ရေလိုနှောက်နိုင်ပြီး မည်သည့် မတော်တဆမှုများ ဖြစ်လာမည်ကို စိုးရိမ်ရန် မလိုအပ်တော့ချေ။
ဝုန်း…။
ထိုသို့တွေးမိပြီးနောက် ကျိုးစွေ့က လက်ဝှေ့ယမ်းလိုက်ပြီး ကျူးရှန်းဓားကို ဖေးဟော်လျှို့ဝှက်နယ်မြေ၏ အတွင်းပိုင်းနယ်မြေအတွင်းသို့ ချက်ချင်း ပစ်သွင်းလိုက်တော့သည်။
ဓားပျံတစ်လက်သည်ကား မြေပြင်ပေါ်သို့ စိုက်ဝင်သွားပြီးနောက် အလွန်ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ်များကို ထုတ်လွှတ်လိုက်လေ၏။
ထိုအခိုက်အတန့်တွင် ကျူးရှန်းဓားသည် အချိန်မည်မျှကြာအောင် ဆာလောင်မွတ်သိပ်နေခဲ့မှန်း မသိသော ဧရာမသားရဲကြီးတစ်ကောင်နှင့် တူနေပေသည်။
အဘယ်ကြောင့်ဆိုသော် ၎င်းသည် ဓားအိမ်မှ မထွက်ရသည်မှာ ကြာမြင့်နေပြီဖြစ်သလို သွေးမမြင်ရသည်မှာလည်း ကြာမြင့်နေပြီ မဟုတ်ပါလော။
သို့သော် ထိုသို့ဖြစ်နေခြင်းက ၎င်း၏ကိုယ်ပေါ်ရှိ သတ်ဖြတ်လိုစိတ်ကို လျော့နည်းသွားစေမည် မဟုတ်ဘဲ ပို၍ပင် ထက်မြက်လာစေမည် ဖြစ်လေသည်။
ဂျီး… ဂျီး… ဂျီး…။
ချက်ချင်းပင် ပတ်ဝန်းကျင်ရှိ မရေမတွက်နိုင်သော မကောင်းဆိုးဝါးများနှင့် တစ္ဆေဝိညာဉ်များက ဟိန်းဟောက်သံများ ပြုလုပ်ကာ ဤဓားပျံကို ဝိုင်းဝန်းတိုက်ခိုက်ရန် ကြိုးစားကြတော့သည်။
သို့သော် အနည်းငယ်မျှပင် အသုံးမဝင်ခဲ့ပေ။
ဘန်း… ဘန်း… ဘန်း…။
ပုံသဏ္ဌာန်မဲ့သော ဓားချီများက ပေါက်ကွဲထွက်လာပြီး အရာအားလုံးကို သတ်ဖြတ်ဖျက်ဆီးပစ်လိုက်ချေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် အရပ်လေးမျက်နှာရှိ မကောင်းဆိုးဝါးများနှင့် တစ္ဆေဝိညာဉ်များကို အမှုန့်ကြိတ်ပစ်လိုက်ပြီး အသန့်စင်ဆုံးသော မကောင်းသည့်ရည်ရွယ်ချက်များနှင့် သတ်ဖြတ်လိုစိတ်များသာ ကျန်ရစ်နေခဲ့လေ၏။
ထို့နောက်တွင် အဆုံးအစမရှိသော သတ်ဖြတ်လိုစိတ်များနှင့် မကောင်းသည့်ရည်ရွယ်ချက်များကို ကျူးရှန်းဓားက ဝေလငါးတစ်ကောင် ရေသောက်သကဲ့သို့ အငမ်းမရ ဝါးမျိုပစ်လိုက်ပြီး မကောင်းဆိုးဝါးများနှင့် တစ္ဆေဝိညာဉ်များစွာ၏ ကိုယ်တွင်းရှိ စွမ်းအင်များနှင့် သတ်ဖြတ်လိုစိတ်များကို စုပ်ယူလိုက်တော့သည်။
ဤအခိုက်အတန့်တွင် ကျူးရှန်းဓားသည် မိုးခေါင်ရေရှားချိန်၌ မိုးရေနှင့် တွေ့လိုက်ရသကဲ့သို့ တိုးညှင်းသော အသံတစ်သံကို ထုတ်လွှတ်ကာ တဝီဝီ မြည်ဟည်းလာလေ၏။
မြေပြင်ပေါ်တွင် မိုင်ထောင်ချီရှည်လျားသော ဓားချက်ရာများ ရုတ်တရက်ပေါ်ထွက်လာပြီး အလွန်ကြောက်မက်ဖွယ်ကောင်းသော ဓားဆန္ဒနှင့် သတ်ဖြတ်လိုစိတ်များကို ထုတ်လွှတ်နေချေသည်။
ပြိုင်ဘက်ကင်း ဓားသမားတစ်ဦးက ဤနေရာတွင် ဓားသိုင်း အသုံးပြုနေသကဲ့သို့ ရှိပေ၏။
ဆဋ္ဌမအဆင့် အလယ်အလတ် ဓားလမ်းစဉ်၊ ဓားနယ်ပယ်ဓမ္မသဏ္ဌာန်…။
ချက်ချင်းပင် ကျိုးစွေ့၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှုအရိပ်အယောင်များ ထွက်ပေါ်လာသည်။
သက်ရှိအားလုံး၏ သတ်ဖြတ်လိုစိတ် အမြောက်အမြားကို စုပ်ယူပြီးနောက် သူ၏ဓားလမ်းစဉ် ကျင့်ကြံမှုက အလွန်တရာ လျင်မြန်စွာ ကြီးထွားလာသည်ကို အာရုံခံမိလိုက်လေ၏။
တစ်မုဟုတ်ချင်းမှာပင် ဆဋ္ဌမအဆင့်အောက်ခြေ ဓားလမ်းစဉ်အဆင့်မှ ဆဋ္ဌမအဆင့် အလယ်အလတ်ပိုင်းသို့ တက်လှမ်းသွားခဲ့သည်။
ဤကဲ့သို့သော ဆင့်ကဲပြောင်းလဲမှု အရှိန်အဟုန်အရဆိုလျှင် ဆဋ္ဌမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိသွားရန်မှာ အချိန်ကိစ္စမျှသာ ဖြစ်ပေတော့သည်။