အခန်း ၈၅၀
Vol. 80 Ch. 850
အခန်း (၈၅၀) - ဆဋ္ဌမအဆင့် ဓားတာအိုလမ်းစဉ်သို့ တက်လှမ်းခြင်းနှင့် သက်ရှိအားလုံး၏ သတ်ဖြတ်လိုစိတ်ဓားနယ်ပယ် (၃) ။
ဆဋ္ဌမအဆင့် ဓားလမ်းစဉ်ဆိုသည်မှာ အဘယ်နည်း။
ယခုအခါ ကျိုးစွေ့သည်လည်း ဓားလမ်းစဉ်နှင့်ပတ်သက်၍ ပိုမိုနက်နဲသော နားလည်မှုကို ရရှိနေပြီ ဖြစ်၏။
အကယ်၍ ပထမအဆင့် ဓားလမ်းစဉ်သည်ကား ဓားပညာရပ်အဆင့်ဖြစ်ပြီး ကျွမ်းကျင်မှုနယ်ပယ်ထဲတွင်သာ ရှိနေသေးသည်ဟုဆိုလျှင်မူ၊ ဒုတိယအဆင့် ဓားလမ်းစဉ်သည် ဓားချီအဆင့်ဖြစ်ကာ ဓားချီအမျိုးမျိုးကို အသုံးပြုသည့် ကျွမ်းကျင်မှုများကို စတင်လေ့ကျင့်ရမည် ဖြစ်သည်။
တတိယအဆင့် ဓားလမ်းစဉ်သည်ကား ဓားဆန္ဒ၊ တစ်နည်း ဓားရည်ရွယ်ချက်အဆင့်ဖြစ်ပြီး ဓားဆန္ဒ၏ စွမ်းအားကို လည်ပတ်အသုံးပြုနိုင်ကာ စွမ်းအားကို နှစ်ဆတိုးလာစေနိုင်သည်။
စတုတ္ထအဆင့် ဓားလမ်းစဉ်သည် ဓားနှလုံးသားအဆင့်ဖြစ်ပြီး ဤအဆင့်သို့ရောက်ရှိပါက ဓားနှလုံးသားကို စုစည်းနိုင်ကာ မိမိပိုင်ဆိုင်သော လမ်းစဉ်ကို ရှာဖွေတွေ့ရှိနိုင်ပြီ ဖြစ်၏။
ပဉ္စမအဆင့် ဓားလမ်းစဉ်မှာမူ ဓားနယ်ပယ်အဆင့်ဖြစ်ပြီး ထိုကဲ့သို့သော ဓားကျင့်ကြံသူတစ်ဦး လက်ဖျောက်တစ်ချက်တီးလိုက်သည်နှင့် ဓားနယ်ပယ်ကို ဖန်တီးနိုင်ကာ အလွန်ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ပိုင်ဆိုင်ပေသည်။
နယ်ပယ်၏ ဖုံးလွှမ်းမှုအောက်တွင် အရာခပ်သိမ်း ညှိုးနွမ်းပျက်စီးသွားမည်သာ။
ဆဋ္ဌမအဆင့် ဓားလမ်းစဉ်ဆိုသည်မှာ ဓားနယ်ပယ်အဆင့်မှ တစ်ဆင့်ထပ်တက်သွားခြင်းဖြစ်ပြီး ၎င်းမှာ ဓားနယ်ပယ်ဓမ္မသဏ္ဌာန်ပင် ဖြစ်ပေသည်။
အမှန်တကယ်တမ်းတွင် ဤသည်မှာ ဓားနယ်ပယ်၏ စွမ်းအားနယ်ပယ်ထဲတွင် ရှိနေဆဲပင်။
သို့သော် ဤသည်မှာ အလယ်အလတ်အဆင့် ဓားနယ်ပယ်ဖြစ်ပြီး ယခင်က အစောပိုင်းအဆင့် ဓားနယ်ပယ်သာ ဖြစ်ချေ၏။ ဤအဆင့်သို့ ရောက်ရှိသွားပါက ဓားနှလုံးသားသည် ဓားနယ်ပယ်အတွင်းသို့ ပေါင်းစပ်သွားပြီး ကောင်းကင်နှင့်မြေကြီး၏ အဆုံးအစမရှိသော စိတ်ဝိညာဉ်စွမ်းအားများကို ဆွဲငင်အသုံးပြုနိုင်ကာ ဓားနှလုံးသားက ရုပ်ဝတ္တုပုံသဏ္ဌာန်ပေါ်လာသည့် အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။
ဆိုလိုသည်မှာ စိတ်ကူးတစ်ချက်ဖြင့် ဓားလမ်းစဉ်နယ်ပယ်အတွင်းရှိ အဆုံးအစမရှိသော ကောင်းကင်နှင့်မြေကြီး စိတ်ဝိညာဉ်ချီများက ဓမ္မသဏ္ဌာန် အမျိုးမျိုးအဖြစ်သို့ စုစည်းသွားနိုင်မည် ဖြစ်သည်။
ဤကဲ့သို့ စွမ်းအားမြင့်တက်လာမှုက အဆပေါင်းများစွာ မကတော့ချေ။
မှန်ပေ၏၊ မတူညီသော ဓားကျင့်ကြံသူများ စုစည်းထားသည့် ဓမ္မသဏ္ဌာန်များသည်လည်း တူညီမည် မဟုတ်ပေ။
'ငါကျင့်ကြံထားတာက ကျူးရှန်းဓားသိုင်း။ ဒီအရာက သန့်စင်တဲ့ သတ်ဖြတ်ခြင်းဓားသိုင်းပဲ...’
'ဒါပေမဲ့ ဒါက ငါ့တစ်ဦးတည်းရဲ့ သတ်ဖြတ်လိုစိတ်တော့ မဟုတ်ဘူး...’
'သက်ရှိအားလုံးရဲ့ သတ်ဖြတ်ခြင်းကို ထမ်းပိုးထားပြီး ကောင်းကင်နဲ့မြေကြီးရဲ့ သတ်ဖြတ်လိုစိတ်ပဲ...’
'ဒီဓားက သက်ရှိအားလုံးရဲ့ သတ်ဖြတ်လိုစိတ်ဓားပဲ...’
'လူအများရဲ့ ကဲ့ရဲ့အပြစ်တင်ရှုတ်ချမှုအောက်မှာဆိုရင် ရောဂါဘယမရှိရင်ကို အဆုံးသတ်သွားရမှာပဲ...’
ကျိုးစွေ့က မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်သည်။
သူ၏သိစိတ်ပင်လယ် နက်ရှိုင်းသောနေရာမှ ဆဋ္ဌမအဆင့် ဓားလမ်းစဉ်နှင့်ပတ်သက်သော အချက်အလက်မြောက်မြားစွာ ထွက်ပေါ်လာလေ၏။
အဘယ်ကြောင့်ဆိုသော် ယခင်ကတည်းက သူ၏ဓားလမ်းစဉ် ကျင့်ကြံမှုကို ဆဋ္ဌမအဆင့် အောက်ခြေအဆင့်သို့ မြှင့်တင်ထားခဲ့ပြီး ဖြစ်သောကြောင့်ပင်။
ဓားနယ်ပယ်ဓမ္မသဏ္ဌာန်၏ စွမ်းအားကို အကြမ်းဖျင်း နားလည်သဘောပေါက်သွားပြီဟု ဆိုနိုင်ပေသည်။
ဖေးဟော်မျိုးနွယ်စု ကျင့်ကြံသူများ သေဆုံးပြီးနောက်မှ ထွက်ပေါ်လာသော နာကြည်းချက်များနှင့် မကောင်းသည့်ရည်ရွယ်ချက်များကို ကျူးရှန်းဓားက မနားတမ်း ဝါးမျိုနေသည်နှင့်အမျှ ကျူးရှန်းဓား၏ စွမ်းအားကလည်း အလွန်လျင်မြန်စွာ မြင့်တက်လာခဲ့၏။
ကျူးရှန်းဓားကိုယ်ထည်ပေါ်မှ ကြောက်မက်ဖွယ်ကောင်းသော မဟူရာ ဓားအလင်းတန်းများ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ တစ္ဆေဝိညာဉ်များကို အဆက်မပြတ် ဝါးမျိုနေချေသည်။
ဖေးဟော်မျိုးနွယ်စုကျင့်ကြံသူ တစ်ဦးချင်းစီ၏ နာကြည်းသံများကို သူ လက်တွေ့ကျကျ ကြားနေရသကဲ့သို့ ရှိလေ၏။
နားကို ပိတ်ထားလျှင်ပင် အသုံးမဝင်ပေ။ ဤသည်မှာ ဝိညာဉ်၏ နက်ရှိုင်းသောနေရာအထိ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်လာသော အသံဖြစ်ချေ၏။
"ဘာဖြစ်လို့လဲ။ အမှန်တကယ် ဘာဖြစ်ခဲ့လို့လဲ...”
"ငါတို့ ဖေးဟော်မျိုးနွယ်စုက ဒီလောကမှာ ခိုကပ်ပြီး အသက်ရှင်ချင်ရုံ သက်သက်ပါ။ တကယ်အသက်ရှင်ချင်ရုံလေးပါပဲ။ ဘာလို့ ငါတို့ ဖေးဟော်မျိုးနွယ်စုကို အသက်ရှင်ခွင့် မပေးရတာလဲ...”
"ဘိုးဘေးတွေက နှစ်ပေါင်း သန်းချီတိုင်အောင် ရုန်းကန်အသက်ရှင်ခဲ့ရတယ်။ မြှောက်ပင့်ဖားယားပြီး ခေါင်းငုံ့လို့ အစစ်အမှန်ဝိညာဉ်တွေကို မှီခိုခဲ့ရတာက အသက်ရှင်ဖို့ လမ်းစလေးတစ်ခုအတွက်ပဲလေ...”
"အစစ်အမှန်ဝိညာဉ်တွေက စိတ်အခန့်မသင့်ဖြစ်ရုံလေးနဲ့တင် ငါတို့မျိုးနွယ်စုကို သတ်ဖြတ်ပစ်ခဲ့ကြတယ်။ နှစ်ပေါင်းသန်းချီ ရုန်းကန်ခဲ့ရသမျှက ဒီနေ့မှာ တစ်ခဏအတွင်း ပျက်စီးသွားခဲ့ရပြီ။ ကောင်းကင်နဲ့မြေကြီးက ဘယ်လောက်တောင် တရားမမျှတလိုက်သလဲ...”
"အစစ်အမှန်ဝိညာဉ်တွေက အင်အားကြီးပြီး အားနည်းသူကို အနိုင်ကျင့်တာကို ငါ မုန်းတယ်။ အစစ်အမှန်ဝိညာဉ် ခွန်ဖန်က လက်ပိုက်ကြည့်နေခဲ့တာကို ငါ နာကြည်းတယ်။ လောကကြီး တရားမမျှတတာကို ငါ ဒေါသထွက်တယ်။ ဖေးဟော်မျိုးနွယ်စု ကံဆိုးတာကို ငါ ဝမ်းနည်းတယ်...”
"မုန်းတယ်။ မုန်းတယ်။ အရမ်းမုန်းတယ်...”
"သတ်…။ သတ်မယ်…. ။ အားလုံးကို သတ်ပစ်မယ်...”
"ငါတို့မျိုးနွယ်စုက အားနည်းရင်တောင်မှ အစစ်အမှန်ဝိညာဉ်ရဲ့ သွေးသားတစ်ဖဲ့ကို ကိုက်ဖြတ်ပစ်ရမယ်...”
မရေမတွက်နိုင်သော ဖေးဟော်မျိုးနွယ်စု ကျင့်ကြံသူများ၏ အသံများ ထွက်ပေါ်လာသည်။ ၎င်းတို့သည် နာကြည်းမုန်းတီးကာ ဒေါသထွက်နေကြပြီး ငိုကြွေးမြည်တမ်းနေကြ၏။
၎င်းတို့ မသေဆုံးမီအချိန်က မည်မျှတိုင်အောင် မကျေမချမ်း ဖြစ်ခဲ့ရမည်ကို တွေးကြည့်၍ ရနိုင်လေသည်။
ပြင်းထန်သော သတ်ဖြတ်လိုစိတ်များက ဒြပ်ရှိအရာများအဖြစ် စုစည်းသွားကာ ဖေးဟော်မျိုးနွယ်စု ကျင့်ကြံသူများအသွင် ပြောင်းလဲသွားပုံရသည်။ ၎င်းတို့သည် ရတနာအမျိုးမျိုးကို ကိုင်ဆောင်ထားကြပြီး မျက်နှာသွင်ပြင်များက ကြောက်မက်ဖွယ်ကောင်းနေကာ အရာအားလုံးကို ဖျက်ဆီးပစ်တော့မည့်အလား ထင်မှတ်ရပေ၏။
ပတ်ဝန်းကျင်တွင် လေပြင်းများ တိုက်ခတ်နေပြီး နာကြည်းချက်အငွေ့အသက်များက ကောင်းကင်သို့တိုင် ထိုးတက်နေချေသည်။ တစ္ဆေကပ်ဘေးတစ်ခု ဖြစ်ပေါ်လာပြီး ကောင်းကင်နှင့်မြေကြီးကို ဖုံးလွှမ်းသွားတော့မည့်အလား အလွန်တရာ ကြောက်မက်ဖွယ်ကောင်းနေလေသည်။
"ခင်ဗျားတို့ရဲ့ ရင်တွင်းစကားတွေကို ကျုပ် ကြားပါတယ်...”
"ခင်ဗျားတို့ရဲ့ မုန်းတီးမှုနဲ့ သတ်ဖြတ်လိုစိတ်တွေကိုလည်း ကျုပ် ခံစားရပါတယ်...”
"ဒါကြောင့် ခင်ဗျားတို့ရဲ့ သတ်ဖြတ်လိုစိတ်နဲ့ မုန်းတီးမှုတွေကို ကျုပ်ဆီ ပေးအပ်လိုက်ပါ...”
"ခင်ဗျားတို့အတွက် ကျုပ် ကလဲ့စားချေပေးမယ်။ အတိတ်တုန်းက ဖေးဟော်မျိုးနွယ်စုကို ဖျက်ဆီးခဲ့တဲ့ အစစ်အမှန်ဝိညာဉ်တွေကို သတ်ဖြတ်ပေးမယ်...”
ကျိုးစွေ့၏အသံသည်ကား တာအိုစည်းချက်အသံအလား ဖေးဟော်မျိုးနွယ်စုမှ မကျွတ်မလွတ်သော ဝိညာဉ်များအားလုံးထံသို့ ပျံ့နှံ့သွားလေ၏။
ထိုအခိုက်အတန့်တွင် ၎င်းတို့သည် ခဏတာမျှ ကြည်လင်လာပုံရပြီး အဆုံးမဲ့ သတ်ဖြတ်ခြင်းများကြားမှ နိုးထလာသည့်အလား ဖြစ်သွားကြသည်။
"ဓားကျင့်ကြံသူ။ သူက ပြိုင်ဘက်ကင်း ဓားကျင့်ကြံသူတစ်ယောက်ပဲ...”
"ဓားကျင့်ကြံသူ ဖြစ်နေမှတော့ ငါတို့ မင်းကို ယုံကြည်ဖို့ ဆန္ဒရှိတယ်...”
"ဟားဟားဟား…။ ငါတို့ ဖေးဟော်မျိုးနွယ်စုကို ဖျက်ဆီးခဲ့တဲ့ လူသတ်သမားကို သတ်နိုင်ဖို့သာဆိုရင် ငါတို့ရဲ့ အရာအားလုံးကို ပေးဆပ်ရလည်း ဘာဂရုစိုက်ရမှာလဲ...”
"မင်းကို ပေးမယ်။ အားလုံး မင်းကို ပေးမယ်...”
"မင်းနောက်ကို လိုက်ပြီး အဲဒီအစစ်အမှန်ဝိညာဉ်ကို သတ်နိုင်မယ်ဆိုရင် ငါတို့အရာအားလုံးကို စွန့်လွှတ်ဖို့ ဆန္ဒရှိတယ်...”
"တကယ်လို့ မလုပ်နိုင်ဘူးဆိုရင်တော့ ငါတို့ကလည်း မင်းကို လုံးဝ ခွင့်လွှတ်မှာ မဟုတ်ဘူး...”
များပြားလှသော ဖေးဟော်မျိုးနွယ်စု ကျင့်ကြံသူများ၏ မကျွတ်မလွတ်သော ဝိညာဉ်များက ဟိန်းဟောက်လိုက်ကြလေသည်။
၎င်းတို့သည်ကား တစ်ကောင်ပြီးတစ်ကောင်သည် စိတ်လှုပ်ရှားစွာဖြင့် ကျူးရှန်းဓားအတွင်းသို့ တိုးဝင်သွားကြပြီး ကြီးမားကာ သန့်စင်သော သတ်ဖြတ်လိုစိတ်စွမ်းအင်များအဖြစ် ပြောင်းလဲသွားချေသည်။ ဤသို့ဖြင့် ဓား၏ ထက်မြက်မှုကို ပိုမို၍ ကြောက်မက်ဖွယ်ကောင်းသွားစေတော့၏။
ဓားအလင်းတန်းများသည် လေဟာနယ်ကိုပင် ဖြတ်တောက်နိုင်စွမ်းရှိနေသည်ဟုပင် ဘာသိဘာသာ ခံစားလိုက်ရသည်။
စွမ်းအားမှာ ပြောမပြတတ်အောင် ကြောက်မက်ဖွယ် ကောင်းနေတော့သည်။
ဘန်း… ဘန်း… ဘန်း…။
ဤအခိုက်အတန့်တွင် ကျိုးစွေ့၏ ခန္ဓာကိုယ်မှ ကြီးမားသော ဓားနယ်ပယ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ကီလိုမီတာ သိန်းပေါင်းများစွာအထိ ဖုံးလွှမ်းသွားလေ၏။
ထိုဓားနယ်ပယ်သည် များပြားလှသော အနက်ရောင် ဓားအလင်းတန်းငယ်လေးများအဖြစ် သိပ်သည်းစွာ စုစည်းသွားသည်ကို ဝိုးတဝါး တွေ့မြင်နေရသည်။
ဓားအလင်းတန်း တစ်ခုစီတိုင်းက သေဆုံးသွားသော ဝိညာဉ်တစ်ခုစီနှင့် တူနေ၏။
မရေမတွက်နိုင်သော ဓားအလင်းတန်းများသည် သန်းချီသော သက်ရှိသတ္တဝါများကို ကိုယ်စားပြုနေပေသည်။
ဤသည်မှာ သက်ရှိသတ္တဝါများ ဓားနယ်ပယ်ပင်။
သူသည် ကောင်းကင်နှင့်မြေကြီးရှိ အရာခပ်သိမ်း၏ ဆန္ဒများကို ဆက်ခံကာ သက်ရှိသတ္တဝါများ၏ သတ်ဖြတ်ခြင်းဓားကို ကိုင်ဆောင်ထားသည့်အလား ဖြစ်နေသည်။
သတ္တဝါများ၏ သတ်ဖြတ်လိုစိတ် မည်မျှပြင်းထန်သလဲဆိုသည်အပေါ် မူတည်၍ ဤသတ်ဖြတ်ခြင်းဓား၏ စွမ်းအားကလည်း မည်မျှကြောက်စရာကောင်းမည်ကို ဆုံးဖြတ်ပေးမည် ဖြစ်၏။
ဘုန်း... ဘုန်း... ဘုန်း...
မျက်စိတစ်မှိတ်အတွင်း ပတ်ဝန်းကျင်ရှိ တောင်ကြီးများသည် ချက်ချင်း ပြိုကျပျက်စီးသွားပြီး မရေမတွက်နိုင်သော ဓားချီများ၏ ထိုးဖောက်မှုကြောင့် အပေါက်အပြဲများ ဖြစ်သွားလေသည်။
တစ်ခဏတာ အချိန်အတွင်း ကီလိုမီတာ သိန်းပေါင်းများစွာ ကျယ်ဝန်းသော တောင်တန်းများသည် မြေပြင်ညီအဖြစ် ပြန့်ကျဲသွားတော့သည်။
မြေကြီးပေါ်တွင်လည်း ကြောက်မက်ဖွယ်ကောင်းသော ဓားချက်ရာများ ပေါ်လာကာ မိုင်ပေါင်းသောင်းချီ၍ ရှည်လျားနေ၏။
နှစ်ပေါင်းသောင်းချီ ကြာမြင့်သွားလျှင်ပင် ဤဓားဆန္ဒများ ပျောက်ကွယ်သွားမည် မဟုတ်သကဲ့သို့ ရှိပေသည်။
"တကယ်ကို ရတနာမြေပဲ...”
ကျိုးစွေ့က မျက်လုံးများကို ဖွင့်လိုက်ရာ ကြောက်မက်ဖွယ် အလင်းရောင်တစ်ခု ထွက်ပေါ်လာပြီး အလွန်အမင်း စိတ်လှုပ်ရှားနေလေ၏။
သူ၏ ဓားတာအိုကျင့်ကြံမှုမှာ အလွန်လျင်မြန်စွာ တိုးတက်လာပြီး ကျူးရှန်းဓားသိုင်း၏ စွမ်းအားမှာလည်း အဆပေါင်းများစွာ မြင့်တက်လာခဲ့သည်။
အရာအားလုံးသည် ဖေးဟော်မျိုးနွယ်စု ကျင့်ကြံသူများ သေဆုံးပြီးနောက် ချန်ရစ်ခဲ့သော သတ်ဖြတ်လိုစိတ်နှင့် နာကြည်းချက်များကို ဝါးမျိုလိုက်ခြင်းကြောင့် အကျိုးကျေးဇူး ရရှိခဲ့ခြင်း ဖြစ်၏။
မှန်ပေသည်၊ ဤနေရာမှာ ဖေးဟော်လျှို့ဝှက်နယ်မြေအတွင်းရှိ မြို့တစ်မြို့သာ ဖြစ်သေးသည်။
အလားတူမြို့များသည် ဖေးဟော်လျှို့ဝှက်နယ်မြေ တစ်ခုလုံးတွင် အနည်းဆုံး ရာနှင့်ချီ၍ ရှိနေသေးသည်။
ထို့ကြောင့် ဤနေရာရှိ သတ္တဝါများ၏ သတ်ဖြတ်လိုစိတ် အားလုံးကို ဝါးမျိုရန်အတွက် အချိန်အတော်ကြာ ယူရဦးပေမည်။
သို့သော် ဝါးမျိုမှု ပြီးဆုံးသွားပါက ကျူးရှန်းဓားသိုင်း၏ စွမ်းအားက တစ်ဆင့် ပိုမို မြင့်တက်လာမည်မှာ သေချာပေတော့သည်။