အခန်း ၂၈၆
Vol. 29 Ch. 286
အခန်း(286)
စုရှောင်လော်က အရသာရှိသောအစားအသောက်များကို စားသောက်ချင်သည့် လေသံဖြင့် အော်လိုက်လျှင် စုဝေ့မင်က ချက်ချင်းပင် စိတ်မကောင်းဖြစ်သွားရလေသည်။
သူကိုယ်တိုင်လည်း စားချင်နေမိသည် မဟုတ်ပါလား။
ထိုအဘိုးနှင့် မြေးမလေးနှစ်ဦးလုံးက အပေါ်ထပ်သို့ တက်လာလေလေ သူတို့၏ပါးစပ်ထဲ၌ သွားရည်များ ယိုစီးလာလေလေဖြစ်နေခဲ့ကြသည်။
သို့သော် သူတို့၏ စိတ်ကူးယဥ်အတွေးထဲမှ အစားအသောက်များက အခန်းနားသို့ရောက်ချိန်တွင် ပျောက်ကွယ်သွားခဲ့ရပြီး အံ့ဩမှုများအဖြစ်သို့ ပြောင်းလဲသွားခဲ့ရလေသည်။
သူတို့၏နှာခေါင်းထဲသို့ ဝင်ရောက်လာသော မွှေးကြိုင်လွန်းသည့် အသားဟင်းနံ့မှာ သူတို့၏ အိမ်တံခါးအောက်ခြေမှနေ၍ လျှံထွက်နေခဲ့ခြင်းပင်
သူတို့၏ ခြေလှမ်းများကလည်း ပိုမို၍ မြန်ဆန်သွားခဲ့ရလေသည်။
စုရှောင်လော်က အနောက်မှ အပြေးအလွှား လိုက်ပါလာခဲ့ရရှာ၏။
ထိုမြေးအဘိုးနှစ်ဦးလုံးက သူတို့၏ အိမ်တံခါးဝသို့ ရောက်ရှိသွားခဲ့ကြပြီး နောက် တံခါးကိုတွန်းဖွင့်ကာ အထဲသို့ ဝင်လာခဲ့ကြလေ၏။
အထဲ၌ ကျန်းကျူးရိက ခါးစည်းကို ဝတ်ဆင်ထားဆဲဖြစ်ပြီး သူ၏ လက်ထဲတွင်တော့ ဆားဗူးတစ်ခုကို ကိုင်ဆောင်ထားလျက် စွပ်ပြုတ်အိုးထဲသို့ ဆားများ အနည်းငယ်ဖြူးပေးနေခဲ့ရင်း အမျိုးသမီးနှစ်ဦးကို ရှင်းပြနေခဲ့လေသည်။
“ဒီငန်းသားချက်ကိုတော့ သေသေသာချာ နှပ်ထားရမယ်၊ ဆားကိုတော့ အစောကြီးမခတ်ရဘူး၊ ငန်းသား နူးအိသွားတဲ့ အချိန်ကျမှပဲ ဆားကို ထည့်ရမှာလေ၊
အရသာ မဝင်မှာကိုတော့ စိုးရိမ်နေစရာမလိုဘူး၊ ကျွန်တော်တို့က စောစောကတည်းက ပဲငါးပိရည်ကို ထည့်ထားတာဆိုတော့ အဲဒါကို အငန်အရသာ ရှိနေခဲ့ပြီလေ”
ထိုအမျိုးသမီးနှစ်ဦးလုံးကလည်း သင်ယူလိုစိတ် ပြင်းထန်နေကြသော မျက်နှာအမူအရာများ ရှိနေကြပြီး မှတ်စုစာအုပ်ဖြင့်ပင် လိုက်လံရေးမှတ်တော့မည့်အတိုင်းဖြစ်နေကြလေ၏။
စုဝေ့မင်တစ်ယောက် သူ၏ အိမ်တွင်းရေး ရာထူးအဆင့်အတန်းက အနည်းငယ် လှုပ်ခတ်နေပြီ ဖြစ်ကြောင်းကို ခံစားလိုက်ရလေ၏။
ရဲဘော်လော်ယွီရှို့က လက်ရှိတွင် သူ့ကို လုံးဝ အာရုံမစိုက်သည်ကို ထည့်မပြောလျှင်ပင်၊ သူ၏ ချစ်လှစွာသော မြေးမလေးက ကျန်းကျူးရိကို မြင်တွေ့လိုက်ရသည့် ထိုအချိန်အတောအတွင်းမှာတင် သူ၏လက်ကို လွှတ်ပစ်လိုက်ပြီး ကလေးအသံလေးဖြင့် အလွန်ပင် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်လေသည်။
“အကြီးဆုံးအဘိုး၊ ရှောင်လော်အတွက် အရသာရှိတဲ့ စားစရာတွေ ချက်ပေးနေတာလား”
မွှေးကြိုင်လွန်းသော ရနံ့ကြောင့် စုရှောင်လော်၏ ပါးစပ်ထဲ၌ သွားရည်များပင် ပြည့်လာခဲ့ရလေသည်။
သူမက ကျန်းကျူးရိ၏ ဘေးသို့ ပြေးဝင်သွားခဲ့ကာ ပါးစပ်ကို ဖွင့်ဟလိုက်သည်နှင့် သွားရည်များက
ပင် စီးကျသွားခဲ့ရရှာ၏။
စုဝေ့မင် : “...”
သမီးမိန်းကလေးက ဒီလောက်အထိ အစားမက်နေလို့ အဆင်ပြေရဲ့လား။
“ငါ့ရဲ့ မြေးလေး ရောက်လာပြီလား၊ ဒီနေရာက အရမ်းပူလွန်းတယ်၊ အဘွားနဲ့အတူ အပြင်ကို ခဏသွားရအောင်နော်၊
အကြီးဆုံးအဘိုး ငန်းသားချက်တာ ပြီးသွားတဲ့အချိန်ကျရင် သမီးကို ငန်းပေါင်ကြီးတစ်ခုလုံးပေးမယ် ဟုတ်ပြီလား”
ကျန်းကျူးရိက ခြေလှမ်းတစ်လှမ်းကို တိုးလိုက်ရင်း စုရှောင်လော်ကို အိုးနှင့် ဝေးကွာသွားစေရန်အတွက် တားဆီးလိုက်လေသည်။
သူ့အနေဖြင့် ကလေးငယ်က စိတ်လှုပ်ရှားလွန်းသောကြောင့် အိုး
ကို တိုက်မိသွားမည်ကို စိုးရိမ်နေခဲ့သည်။
ကျန်းချောင် ငယ်စဉ်ကလည်း ဤသို့တစ်ခေါက် ချော်လဲဖူးသည်။
ထိုအချိန်က အိုးထဲ၌ ရွာမှ ယူဆောင်လာသော ယုန်သားဟင်းများရှိနေခဲ့လေ၏။
သူက အသားဟင်းနံ့ကို ရရှိသောကြောင့် ပါးစပ်ကို ဟလျက် အိုးအစွန်းကို ကိုက်မိခဲ့သည့်အတွက် သူ၏ ပါးပြင်နှစ်ဖက်လုံးက အပူလောင်သွားခဲ့ရရှာသည်။
ယခုအချိန်အထိ သေသေချာချာ ကြည့်ရှုရလျှင် သူ၏ ပါးပြင်ပေါ်၌ သေးငယ်လွန်းသော အမာရွတ်အရေးအကြောင်းလေးတစ်ခုက ရှိနေဆဲ ဖြစ်လေ၏။
“လိမ္မာပါတယ် ရှောင်လော်၊ အဘွားတို့တွေ မကြာခင် ငန်းသား စားရတော့မှာလေ အပြင်ကိုသွားရအောင်”
ဖန်ချင်းက ခန္ဓာကိုယ်ကို ကိုင်းညွတ်လိုက်ရင်း စုရှောင်လော်ကို ပွေ့ချီကာ ဘေးသို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်လေသည်။
ဤကဲ့သို့ လုပ်ဆောင်ခြင်းအားဖြင့် စုရှောင်လော်က အိုးထဲရှိ အသားဟင်းများကို လုံခြုံသော အကွာအဝေးမှနေ၍ သေသေချာချာ မြင်တွေ့နိုင်ပေလိမ့်မည်။
ထိုကလေးငယ်ကို ဘေးသို့ ခေါ်ဆောင်သွားပြီးမှသာ ထိုနေရာရှိ လူအားလုံးတို့က သက်ပြင်းချနိုင်ကြလေတော့သည်။
စုဝေ့မင်လည်း ဤအချိန်မှသာ ကျန်းကျူးရိနှင့် သူ၏ဇနီးဖြစ်သူတို့ကို နှုတ်ဆက်ရန်အတွက် သတိရမိတော့သည်။
သူက ပျာပျာသလဲ အရှေ့သို့ တိုးကပ်သွားခဲ့သော်လည်း ကျန်းကျူးရိက လက်ရှိတွင် ဟင်းချက်နေဆဲဖြစ်သောကြောင့် သူနှင့် လက်ဆွဲနှုတ်ဆက်ရန် မတတ်နိုင်ခဲ့ပေ။
“အားနာလိုက်တာ ခမည်းခမက်ကြီး၊ မင်းတို့ လာမယ်ဆိုတာကိုသာ ကြိုသိခဲ့ရင် ကျွန်တော် ပိုပြီးတော့ စောစော ပြန်လာခဲ့မှာ”
“ဘာမှမဖြစ်ပါဘူး၊ ကျွန်တော်တို့ကလည်း အသိမပေးဘဲနဲ့ အတင်းဝင်လာခဲ့ကြတာပဲလေ”
ကျန်းကျူးရိက ဟင်းမွှေယောက်မကို ကျွမ်းကျင်စွာ အသုံးပြုလိုက်ရင်း အိုး၏ အောက်ခြေကို တူးမသွားစေရန်အတွက် လှန်လှောပေးနေခဲ့သည်။
“ကျွန်တော်လည်း လူတိုင်းနဲ့အတူ ဆုံတွေ့ချင်နေတာ ကြာပြီ၊ ကလေးတွေကလည်း စာမေးပွဲအတွက် စာကျက်နေကြတာမဘား”
စုဝေ့မင်က အလေးအနက် ပြောဆိုလိုက်လေ၏။
ခမည်းခမက် သုံးစုထဲတွင် သူနှင့် သူ၏ဇနီးသည်တို့က တတိယသားဇနီးမောင်နှံမှ ခမည်းခမက်များနှင့် ဆက်ဆံရေး အကောင်းဆုံး ဖြစ်ကြသည်။
အကြီးဆုံးသား၏ ဇနီးဖြစ်သူ ဝူလီက မိဘအိမ်သို့ပင် ပြန်လည်၍ လည်ပတ်ရန်အတွက် စိတ်ကူးမရှိရှာပေ။
ပွဲတော်ရက်များသို့ ရောက်ရှိချိန်၌ သူမက ရေနွေးတစ်ခွက်ဘဲ မသောက်တတ်ဘဲ ချက်ချင်းပြန်လာလေ့ရှိသည်။
လွန်ခဲ့သော နှစ်အနည်းငယ်က ဝူမိသားစုဝင်များက အကျိုးခံစားခွင့်များကို တောင်းခံရန်အတွက် သူတို့၏အိမ်တံခါးဝသို့ မကြာခဏရောက်လာလေ့ရှိခဲ့ကြ၏။
သို့သော် လွန်ခဲ့သောနှစ်များအတွင်း ဝူလီတွင် ကလေးမွေးဖွားခြင်း မရှိသေးပေ။
ထို့ကြောင့် ဝူမိသားစုဝင်များကလည်း တဖြည်းဖြည်းချင်း ရောက်လာကြခြင်း မရှိကြတော့ပေ။
စုဝေ့မင်တို့ ဇနီးမောင်နှံအနေဖြင့် အကြီးဆုံးသား၏ ဇနီးတွင် ကလေးထပ်မံ၍ ရှိမရှိ ဆိုသည့်အချက်ကို များစွာ အာရုံမစိုက်ကြပေ။
မည်သို့ပင်ဖြစ်စေ စုဝေ့ဟိုင်တွင် သားနှစ်ယောက် ရှိနေခဲ့ပြီဖြစ်၍ မည်သည့်ချွေးမက ကလေးမွေးဖွားသည်ဖြစ်စေ သူတို့၏ မြေးအရင်းသာ ဖြစ်သည် မဟုတ်ပါလား။
သို့သော် ဝူမိသားစုဝင်များ၏ သူတို့၏သမီးဖြစ်သူကို အိမ်သို့ ပြန်လည်၍ နှင်ထုတ်မည်ကို စိုးရိမ်နေကြသော အမူအရာမျိုးက သူတို့အား ဝူလီအပေါ် အနည်းငယ် သနားစိတ် ဖြစ်ပေါ်စေခဲ့၏။
ကလေးများအတွက် ဤကဲ့သို့သော ဆိုးရွားလွန်းသည့် မိဘမျိုး ရှိနေခြင်းက အမှန်တကယ့်ကို ကံဆိုးမှုတစ်ခုပင် ဖြစ်လေသည်။
ဒုတိယချွေးမဖြစ်သူ ကျန်းဝမ်ကျန့်၏ မိသားစုနှင့်ကတော့ ဆက်သွယ်မှု ပိုမိုနည်းပါးလွန်းလေ၏။
မည်သို့ပင်ဖြစ်စေ တစ်ဦးက ပြည်နယ်မြို့တော်တွင် နေထိုင်ပြီး တခြားတစ်ဦးက ခရိုင်မြို့ငယ်လေးတွင် နေထိုင်သည်မဟုတ်ပါလား။
ထို့အပြင် ကျန်းဝမ်ကျန့်က သူမ၏ခင်ပွန်းနှင့်အတူ စစ်တပ်တွင် ရှိနေခဲ့သောကြောင့် မိဘအိမ်သို့ သိပ်ပြီးလေ့မရှိပေ။
သူမ၏ မိခင်ဘက်မှ ညီအစ်ကိုများက ပွဲတော်ရက်များသို့ ရောက်ရှိချိန်မှသာ လက်ဆောင်ပစ္စည်းများကို လာရောက်ပေးလေ့ရှိကြသည်။
ထိုသို့ရောက်လာခြင်းမှလွဲ၍ သူတို့ကြား၌ ဆက်ဆံရေးဟူ၍ မရှိသလောက်ပင် ဖြစ်လေ၏။
ထို့ကြောင့် သဘာဝကျကျ တွေးကြည့်လျှင် သူနှင့် ခရိုင်မြို့တစ်ခုတည်းတွင် နေထိုင်ပြီး သူတို့၏သမီးဖြစ်သူကိုလည်း ချစ်မြတ်နိုးသော ဤခမည်းခမက်များနှင့်သာ ပိုမို၍ ရင်းနှီးကျွမ်းဝင်လာခဲ့သည်။
သူတို့က ယခုကဲ့သို့ အတူဆုံတွေ့ပြီး ထမင်းလက်ဆုံစားကြခြင်းက ပထမဆုံးအကြိမ်တော့ မဟုတ်တော့ပေ။
ထို့ကြောင့် လူတိုင်းက အလွန်ပင် သက်တောင့်သက်သာ ရှိနေခဲ့ကြလေ၏။
စုဝေ့မင်က ထမင်းဟင်းချက်ပြုတ်ခြင်းကို မပြုနိုင်သော်လည်း ကျန်းကျူးရိ၏ ရှေ့တွင် အားနည်းချက်ကိုမပြချင်သောကြောင့် လော်ယွီရှို့၏ ဘေးသို့ လျှောက်လှမ်းသွားခဲ့ပြီး သူ၏တံတောင်ဆစ်ဖြင့် သူမကို အသာ တွန်းလိုက်ရင်းပြောလိုက်လေသည်။
“မင်း သွားပြီး ခမည်းခမက်ဖန်ကို အဖော်ပြုပေးလိုက်ဦးလေ၊ ငါ ခမည်းခမက်နဲ့ စကားပြောလိုက်ပါ့မယ်”
လော်ယွီရှို့ : “...”
ကျွန်မ ငန်းသားချက်နည်းသင်ယူနေတာကို ရှင်မမြင်ဘူးလား။
“သွားလိုက်လေ၊ ငါ မင်းအတွက် ကူညီပြီး သင်ယူပေးလိုက်ပါ့မယ်”
စုဝေ့မင်က လော်ယွီရှို့၏ နောက်ကျောကို တွန်းလွှတ်လိုက်ရင်း သူမကို ဧည့်ခန်းမကြီးထဲသို့ ခေါ်ဆောင်သွားခဲ့သည်။
ထို့နောက်တွင် သူကိုယ်တိုင်ကတော့ မီးဖိုခန်းထဲသို့ ပြန်ဝင်ရောက်လာခဲ့လေ၏။
ထို့ကြောင့် တစ်ဦးက ထမင်းဟင်းချက်ပြုတ်နေခဲ့ပြီး တခြားတစ်ဦးက လက်နှစ်ဖက်ကို အိတ်ကပ်ထဲသို့ ထည့်သွင်းထားလျက် ဘေးနားမှရပ်ကာ ဟင်းချက်သည်ကို စောင့်ကြည့်နေခဲ့သည်။
သူတို့က ခရိုင်မြို့ထဲတွင် မကြာသေးမီက ဖြစ်ပွားခဲ့သော အခြေအနေများအကြောင်းကို ဆွေးနွေးခဲ့ကြလေ၏။
တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကြီးက နီးကပ်လာခဲ့ပြီ ဖြစ်သောကြောင့် နေရာအနှံ့အပြားတွင် လှုပ်ခတ်သက်ဝင်နေသော အရှိန်အဝါများက ရှိနေခဲ့သည်။
ယခုအကြိမ် စာမေးပွဲဝင်ရောက်ဖြေဆိုသူ ဦးရေက စိတ်ကူးယဉ်ကြည့်၍ပင် မရနိုင်လောက်အောင် များပြားလွန်းလိမ့်မည်။
ကျန်းကျူးရိက စိုးရိမ်ပူပန်နေသော လေသံဖြင့်ပြောလိုက်လေသည်။
“ကျွန်တော့်ရဲ့ သား ကျန်းချောင်တစ်ယောက် စာမေးပွဲ အောင်မြင်နိုင်မလားဆိုတာကိုတော့ မသိပါဘူး၊
ဒါပေမဲ့ မိဘတွေအနေနဲ့တော့ သူ စာမေးပွဲဖြေမယ့်အရေးကို တားဆီးလို့ မရဘူးလေ၊
အဲလိုမဟုတ်ရင် နောက်ပိုင်းကျရင် ကျွန်တော်တို့တွေရဲ့ လူနေမှုဘဝက မကောင်းမွန်ခဲ့ရင် သူက မိဘတွေက စာမေးပွဲဖြေခွင့် မပြုခဲ့လို့ပါဆိုပြီး လာပြီး အပြစ်တင်နေပါဦးမယ်၊
သူ စာမေးပွဲ သွားဖြေတာကလည်း ကောင်းပါတယ်၊ အဲဒါက သူရဲ့ စာပေသင်ကြားရေးအပေါ် စိတ်လျှော့နိုင်စေတာပေါ့”
“တကယ်တော့ ရှောင်ချောင်ရဲ့ စာမေးပွဲအဆင့်အတန်းက အတော်လေး ကောင်းမွန်ပါတယ်၊
မကြာသေးခင်က တတိယသား နဲ့ သူရဲ့ဇနီးတို့က သူ့ကို စာပေတွေ သင်ကြားပေးနေခဲ့ကြတာ မဟုတ်ဘူးလား”
ယခုမှသာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ဝင်ရောက်ဖြေဆိုမည့် စုဝေ့ချင်းနှင့် နှိုင်းယှဉ်ပါက စုဝေ့မင်က ထိုအချိန်ကာလတုန်းက စစ်မှန်သော တက္ကသိုလ်ကျောင်းသားတစ်ဦး ဖြစ်ခဲ့ဖူးသည်။
သို့သော် ထိုလှုပ်ခတ်ဆူညံလွန်းသော ခေတ်ကာလများထဲ၌ သူ၏ တိုတောင်းလွန်းသော တက္ကသိုလ်ကျောင်းသားဘဝက မတူညီသော နေရာအနှံ့အပြားသို့ လှည့်လည်၍ သွားလာခဲ့ရခြင်း ဖြစ်လေသည်။
ထို့ကြောင့် ခရီးသွားရင်း ပညာသင်ကြားခဲ့ရသော တက္ကသိုလ်ဘဝ ဖြစ်ခဲ့ရရှာ၏။
ထို့ကြောင့် သူက စာပေများကို အလွန်ပင် အလေးအနက် လေ့လာခဲ့ရခြင်းဖြစ်လေသည်။
ယခုအချိန်တွင် သူအနေဖြင့် လက်ရှိကျောင်းသားများအတွက်စာပေများကို ပြန်လည်၍ကြည့်ရှုမိလြှင် ခက်ခဲသည်ဟု အနည်းငယ်မျှ မခံစားရပေ။
ထိုအချက်ကြောင့် ထိုအချိန်က သင်ယူခဲ့ဖူးသော အသိပညာများကို ယခုထက်တိုင် မေ့လျော့ခြင်းမရှိသေးကြောင်း သိနိုင်သည်။
*