အခန်း ၂၈၇
Vol. 29 Ch. 287
အခန်း(287)
“တတိယသားနဲ့ သူရဲ့ဇနီးတို့က တကယ့်ကို လုပ်ကိုင်နိုင်စွမ်း ရှိကြတယ်၊
ကျန်းချောင်သာ အစွမ်းကုန်စာကျက်ပြီး စာမေးပွဲကို အလေးအနက် ဖြေဆိုမယ်ဆိုရင်တော့ အောင်မြင်နိုင်မယ့် အခွင့်အရေး ရှိပါတယ်”
“ခမည်းခမက်ကြီးရဲ့ ကောင်းမွန်တဲ့ စကားတွေအတွက် ကျေးဇူးတင်ပါတယ်၊
တကယ်လို့ သူသာ တက္ကသိုလ် ဝင်ခွင့်ရခဲ့ရင်တော့ ကျွန်တော် လူတိုင်းအတွက် တကယ့်ကို ကောင်းမွန်တဲ့ စားသောက်ပွဲကြီးတစ်ခုကို ပြင်ဆင်ကျွေးမွေးပါ့မယ်၊
ကျွန်တော်တို့တွေရဲ့ ကျန်းမိသားစုထဲကနေ တက္ကသိုလ်ကျောင်းသားတစ်ဦး ထွက်ပေါ်လာတာက တကယ့်ကို မင်္ဂလာရှိတဲ့ ကိစ္စတစ်ခုပဲမလား”
နိုင်ငံအတွင်း၌ ထိုအုပ်စုငယ်လေး ပြိုကွဲပျက်စီးသွားခဲ့ရပြီးကတည်းက ယခုအချိန်တွင် လူများက ယခင်ကထက် စကားပြောဆိုရာတွင် ပိုမို လွတ်လပ်ခွင့် ရှိလာခဲ့ကြလေ၏။
အနည်းဆုံးတော့ ‘ဘိုးဘွားစဉ်ဆက် သချိုင်းဂူကနေ မင်္ဂလာရှိတဲ့ မီးခိုးငွေ့တွေ ထွက်ပေါ်လာတယ်’ ဟူသော အတွေးမျိုးကို ယခင်က လုံးဝ ထုတ်ဖော်တွေးတောရန်ပင် မဝံ့ရဲခဲ့ကြပေ။
စုဝေ့မင်က ပြုံးပြလိုက်သည်။ သူက ငြင်းပယ်ခြင်း မပြုခဲ့ပေ။
သူသည်လည်း သူ၏ မိသားစုထဲရှိ စာမေးပွဲဖြေဆိုမည့် ကျောင်းသား သုံးယောက်လုံးက တက္ကသိုလ်သို့ အောင်မြင်စွာ ဝင်ရောက်နိုင်ကြပါစေရန်အတွက် မျှော်လင့်မိသည်။
ယခုအချိန်တွင် နိုင်ငံတော်က တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ပြန်လည်ကျင်းပတော့မည်ဆိုသည်က နိုင်ငံတော်တွင် ပါရမီရှင်များကို လိုအပ်နေပြီဖြစ်ကြောင်းကို အသိပေးချက်သာဖြစ်လေ၏။
ထို့အပြင် ယခုနှစ်၏ တက္ကသိုလ်ကျောင်းသားများက ယခင်က အလုပ်သမား၊ လယ်သမား၊ စစ်သားကျောင်းသားများနှင့် မတူညီကြပေ။
သူတို့အားလုံးက သူတို့၏အရည်အချင်းစစ်များဖြင့်သာ ဝင်ခွင့်ရရှိကြခြင်းဖြစ်သည်။
ထို့ကြောင့် သူတို့၏ နောက်ပိုင်းလာမည့် အလားအလာက မဆိုးရွားနိုင်တော့ပေ။
တတိယသားနှင့် သူ၏ဇနီးတို့ကလည်း နောက်ပိုင်းတွင် ကြီးမားသော ကံကောင်းမှုများကို ရရှိနိုင်ကြပေလိမ့်မည်။
စုဝေ့မင်က သူ၏ သားသုံးယောက်အကြောင်းကို တွေးတောမိလိုက်ချိန်တွင် စိတ်ထဲတွင် အလွန်ပင် ဂုဏ်ယူမိရ၏။
သူက ဖခင်တစ်ဦးအနေဖြင့် ပြည်နယ်မြို့တော်တွင် ဆက်မနေထိုင်ခဲ့ပါသော်လည်း သူ၏ သားများက လင်းယုန်ငှက်ကြီးများကဲ့သို့ ဖြစ်ခာခဲ့ကြပြီး ပိုမိုမြင့်မားလွန်းသော၊ ပို၍ဝေးလံလွန်းသော နေရာလွတ်ဆီသို့ ပျံသန်းသွားနိုင်မည့်သူများ ဖြစ်ပေသည်။
“ကျန်းချောင်က တကယ့်ကို အားကိုးရတဲ့ ကလေးတစ်ဦးပါပဲ..မင်းတို့ရဲ့ ကောင်းမွန်တဲ့ နေ့ရက်တွေက အရှေ့မှာ စောင့်ကြိုနေတုန်းပဲ”
စုဝေ့မင်က ကျန်းကျူးရိ၏ ပုခုံးကို ပုတ်ပြလိုက်ရင်း အရာအားလုံးကို ကြုံတွေ့ဖြတ်သန်းဖူးသောသူတစ်ဦး၏ အရှိန်အဝါမျိုးဖြင့် ထုတ်ဖော်ပြောဆိုလိုက်လေ၏။
သူ၏ စိတ်ထဲတွင် ဂုဏ်ယူဝင့်ကြွားနိုင်ရန်အတွက် အကြောင်းအရင်း ရှိလေသည်။
သူ၏ သားသုံးယောက်လုံးက တစ်ဦးထက်တစ်ဦးက ပိုမို၍ အောင်မြင်မှုများကို ရရှိနေကြသောကြောင့်ပင်။
ငန်းသားဟင်းကို နှပ်ပြီးသွားချိန်တွင် စုဝေ့ချင်းနှင့် တခြားလူများကလည်း အိမ်သို့ပြန်ရောက်ရှိလာခဲ့ကြလေပြီ။
ကျန်းချောင်က မကြာသေးမီက စာမေးပွဲအတွက် စာပေများကို အပြင်းအထန် လေ့လာနေခဲ့ရသောကြောင့် အဓိကအားဖြင့် အလုပ်ဆင်းချိန်၌ အိမ်သို့ ချက်ချင်းပြန်ပြီး စာကျက်လေ့ရှိသည်။
စုဝေ့ချင်းတို့ဇနီးမောင်နှံကတော့ စက်ရုံ၏ နှစ်ချုပ်အစီရင်ခံစာကိစ္စရပ်များဖြင့် အလုပ်ရှုပ်နေခဲ့ကြ၏။
ဤသည်မှာ စီမံခန့်ခွဲမှုအပိုင်းနှင့် သာမန်ရာထူးနေရာတို့အကြားရှိ ခြားနားချက်ပင် ဖြစ်လေတော့သည်။
မကြာသေးမီက ထိုဇနီးမောင်နှံနှစ်ဦးလုံးက သူတို့၏ သက်ဆိုင်ရာ အရာရှိကြီးများနှင့်အတူ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ကိစ္စရပ်များကို တိတ်တဆိတ် ဆွေးနွေးခဲ့ကြဖူး၏။
အတွင်းရေးမှူးရုံး၏ အခြေအနေက အဆင်ပြေသည်။
အတွင်းရေးမှူးရုံး၌ အတွင်းရေးမှူး များစွာရှိကြပြီး သူတို့အားလုံးကလည်း စာပေရေးသားခြင်းအပိုင်းတွင် ထူးချွန်ကြသူများ ဖြစ်ကြလေ၏။
စုဝေ့ချင်းက ပြည်နယ်သတင်းစာတိုက်ကြီး၏ အကြိမ်ကြိမ် လာရောက်ခေါ်ယူခြင်းကို ခံခဲ့ရဖူးသူဖြစ်၍ အရာရှိကြီးများကလည်း သူ့ကို ဤနေရာ၌ အချိန်အကြာကြာ ဆွဲထားနိုင်လိမ့်မည် မဟုတ်ကြောင်းကို အစကတည်းက သိရှိထားခဲ့ကြလေသည်။
ထို့ကြောင့် သူတို့က စတင်ကတည်းက သူ့ကို ဝါဒဖြန့်ချိရေး ဆောင်းပါးများကိုသာ ရေးသားခိုင်းခဲ့ပြီး မိန့်ခွန်းရေးသားခြင်း ကိစ္စရပ်များကို တခြားသော အတွင်းရေးမှူးများထံ၌သာ အပ်နှံထားခဲ့ကြလေပြီ။
ထို့ကြောင့် သူက အရာရှိကြီးများထံသို့ သူ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ဝင်ရောက်ဖြေဆိုတော့မည် ဖြစ်ကြောင်းကို ပြောဆိုလိုက်ချိန်တွင် သူတို့က သူ၏ပုခုံးကို ပုတ်ပြလိုက်ကြရင်း အပြုံးတစ်ခုနှင့် ပြောခဲ့ကြလေသည်။
“နောင်တစ်ချိန် ရာထူးတိုးမြှင့်ခံရတဲ့အချိန်ကျရင် ငါ့ကိုတော့ မမေ့နဲ့ဦး”
တစ်ဖက်တွင် ဒါရိုက်တာဝမ်၏ တုံ့ပြန်မှုက ပိုမိုပြင်းထန်နေခဲ့လေ၏။
အကယ်၍ လီရှန်းသာ အိမ်ထောင်ကျခါစ အမျိုးသမီးငယ်တစ်ဦး မဟုတ်ခဲ့လျှင် သူက သူမ၏ ခြေထောက်များကို ဖမ်းကိုင်ထားရင်း အော်ဟစ်ငိုကြွေးမိလိမ့်မည်။
အိမ်ထောင်ကျပြီးနောက် ကွာရှင်းပြဲစဲခဲ့သည့် အချိန်မှစကာ ဒါရိုက်တာဝမ်က ပိုမို၍ အထိန်းအကွပ်မရှိဘဲ ပြုမူလာခဲ့ရုံမျှမက အလုပ်ခွင်တွင်ဖြစ်စေ၊ ကိုယ်ပိုင်ဘဝတွင်ဖြစ်စေ အလွန်ပင် လွတ်လပ်မှုရှိစွာ ဖြတ်သန်းနေခဲ့လေပြီ။
သူ၏မိခင်ဖြစ်သူက သူမ၏သား ကွာရှင်းပြတ်စဲခဲ့ချိန်အချိန်က သေလုမတတ် ခံစားခဲ့ရဖူးသည်။
သို့သော် ယခုအချိန်တွင် သူ့ကို အိမ်ထောင်ပြုရန်အတွက် အတင်းအကျပ် တိုက်တွန်းရန် မဝံ့ရဲရှာတော့ပေ။
ယခုအချိန်တွင် သူက အသက်ကြီးရင့်လာခဲ့ပြီ ဖြစ်သောကြောင့် နောက်ပိုင်းတွင် အိုမင်းလာချိန်၌ အားကိုးနိုင်ရန်အတွက် သူ၏တူဖြစ်သူကို မွေးစားရန်အတွက်သာ တိုက်တွန်းနေခဲ့လေတော့၏။
ဒါရိုက်တာဝမ်၏ မရီးများကလည်း လိုလားကြပေ၏။ သို့သော် ဒါရိုက်တာဝမ်က ငြင်းပယ်ခဲ့လေသည်။
ထို့ကြောင့် ယခုအချိန်တွင် သူတို့နှင့် သူ၏မိသားစုအကြား၌ အနည်းငယ်မျှ မပြေလည်မှုများရှိနေခဲ့ကြလေ၏။
အစ်မလျို့ မထွက်ခွာမီအချိန်ကလည်း ဒါရိုက်တာဝမ်က တအီအီနှင့် ငိုကြွေးနေခဲ့ဖူးသည်။
ယခုအချိန်တွင်တော့ လီရှန်းကလည်း ထပ်မံ၍ ထွက်ခွာသွားတော့မည် ..
ဒါရိုက်တာဝမ်က ထိုနေ့ညနေပိုင်းတွင် လီရှန်းနှင့်အတူ အိမ်သို့ ရောက်ရှိလာခဲ့လေ၏။
“ဒုညွှန်ကြားရေးမှုးစု၊ ရှောင်လီ ထွက်သွားရင်တော့ ကျွန်တော့်ရဲ့ နည်းပညာဌာနက လုပ်ငန်းတွေကို ကောင်းကောင်း မလည်ပတ်နိုင်တော့ပါဘူး၊ ဒါက တကယ့်ကို ဆိုးရွားတဲ့ ကိစ္စတစ်ခုပဲ”
ဒါရိုက်တာဝမ်က စုဝေ့မင်ကို မြင်တွေ့လိုက်ရသည်နှင့် စုဝေ့မင်၏ လက်ကို ဖမ်းကိုင်ထားရင်း အဆက်မပြတ်ညည်းညူနေလေတော့၏။
“အဲဒါက ဘာတွေများခက်ခဲလို့လဲ၊ ရှောင်လီ စက်ရုံကို မဝင်ခင်တုန်းကလည်း မင်းရဲ့ နည်းပညာဌာနက လုပ်ငန်းတွေကို ချောချောမွေ့မွေ့ လည်ပတ်နိုင်ခဲ့တာပဲ မဟုတ်ဘူးလား”
စုဝေ့မင်က ဒါရိုက်တာဝမ်ကို စိုက်ကြည့်လိုက်လေ၏။
သူက ဒါရိုက်တာဝမ်၏ ပျင်းရိပြီး ရည်မှန်းချက်မရှိသော အမူအရာမျိုးကို ကြည့်မရပေ။
သူက သေချာပေါက် လုပ်ကိုင်နိုင်စွမ်း ရှိသူတစ်ဦး ဖြစ်သော်လည်း မြဲတစေ အူကြောင်ကြောင် ပြုမူတတ်ရုံမျှမက အိမ်ထောင်လည်းမပြု၊ ကလေးလည်း မမွေးဖွားပေ။
အကယ်၍ သူသာ ဤအလုပ်ခွင်တွင် ရှိမနေခဲ့လျှင် သူ၏စိတ်က လုံးဝ ရူးသွပ်သွားလောက်လေပြီ။
“အဲဒီအချိန်တုန်းက ကျွန်တော်တို့တွေဆီမှာ အစ်မလျို့ ရှိနေခဲ့တာ မဟုတ်ဘူးလား”
ဒါရိုက်တာဝမ်က ရှက်ကိုးရှက်ကန်းဖြင့် ရယ်မောလိုက်လေ၏။
“မင်းကိုယ်တိုင်ပဲ လုပ်ငန်းတွေကို ပိုပြီးတော့ လုပ်ဆောင်သင့်တာပေါ့”
စုဝေ့မင်က သက်ပြင်းချလိုက်ရင်းပြောလိုက်လေသည်။
“မင်းလည်း အသက်မငယ်တော့ဘူး၊ မင်းရဲ့အမေက မင်းရဲ့ လုပ်ကျွေးပြုစုမှုကို မလိုချင်ဘူးလို့ ပြောလည်း သူမက မင်းကို မွေးဖွားပြီး ကြီးပြင်းလာအောင် ပြုစုခဲ့ရတာလေ၊
အခုအချိန်မှာ သူမကလည်း အသက်ကြီးနေပြီ၊
သူမ အိုမင်းလာတဲ့အချိန်မှာ မင်းအတွက်နဲ့ ထပ်ပြီး ပူပန်အောင် မလုပ်သင့်တော့ဘူး၊
မင်းလည်း အရွယ်ရောက်နေတိုတော့ အိမ်ထောင်ပြုပြီး ကလေးမွေးဖွားဖို့အတွက် အချိန်တန်ပါပြီ”
ဒါရိုက်တာဝမ် : “...”
ဘာဖြစ်လို့ အခုချိန်ကျမှ အိမ်ထောင်ပြုဖို့အတွက် ဖိအားပေးတာကို ထပ်ပြီးရင်ဆိုင်နေရပြန်တာလဲ။
“ထားလိုက်ပါတော့၊ ကျွန်တော် ထပ်ပြီး ပြဿနာတွေ မရှာတော့ပါဘူး”
သူက သူ၏ဘေးနားသို့ တိုးကပ်လာသော စုရှောင်လော်၏ ဆံပင်များကို ခပ်ဖွဖွ ပွတ်သပ်ပေးလိုက်ရင်း ပြောဆိုလေသည်။
“ဒီမှာ ရှောင်လော် ရှိနေတာပဲ မဟုတ်ဘူးလား၊ ကျွန်တော် သူမကို သမီးအဖြစ် မွေးစားလိုက်ရင် ရတာပဲ မဟုတ်ဘူးလား”
“မင်း ငါ့အိမ်က သမီးလေးဆီကနေ အခွင့်ကောင်းလာမယူနဲ့ဦး၊ မင်းက အသက်ကြီးလွန်းနေပြီ”
ဒါရိုက်တာဝမ်က စုဝေ့မင်ကို မျက်နှာတစ်ခုလုံးက မေးခွန်းထုတ်နေသော အမူအရာဖြင့် လှမ်းကြည့်လိုက်လေသည်။
သူက သူ၏မျက်နှာကို လက်ညှိုးထိုးပြလျက် မယုံကြည်နိုင်လောက်သော လေသံဖြင့် ပြောလိုက်လေသည်။
“ကျွန်တော်တို့တွေက အသက်အရွယ် ကွာခြားမှုရှိနေတဲ့ကြားက သူငယ်ချင်းတွေ ဖြစ်ကြတာနော်၊
ကျွန်တော်က ဝေ့ဟိုင်ထက် အသက်နည်းနည်းပဲ ကြီးတာ”
စုရှောင်လော်ကို သမီးအဖြစ် မွေးစားတာက ဘာမှားလို့လဲ။
သူကိုယ်တိုင်ဆိုလျှင် ဤမျှအထိ ချစ်စရာကောင်းပြီးဥာဏ်ကောင်းလွန်းသော သမီးမိန်းကလေးမျိုးကို မွေးဖွားနိုင်လိမ့်မည် မဟုတ်ပေ။
“ဟုတ်သားပဲ၊ မင်းက ဝေ့ဟိုင်ထက် အသက်ကြီးတယ်ဆိုတာ မင်းကိုယ်တိုင်လည်း သိတာပဲ မဟုတ်ဘူးလား၊
ဝေ့ဟိုင်ရဲ့ သားက အခုဆိုရင် အသက်ဘယ်လောက်တောင် ရှိနေပြီလဲ”
ဒါရိုက်တာဝမ်က ညှိုးနွမ်းသွားသော ပန်းလေးတစ်ပွင့်ကဲ့သို့ နံရံကို မှီထားမိရ၏။
သူ့အနေဖြင့် လီရှန်းမှ သူ့ကို ကူညီရန်အတွက် ဌာနထဲ၌ အတင်းအကျပ် ဆွဲထားရန်အတွက် တွေးတောခြင်း မရှိခဲ့ပေ။
မည်သို့ပင်ဖြစ်စေ လီရှန်း ထွက်ခွာသွားခဲ့လျှင်ပင် သူ၏ ဌာနထဲ၌ ဖန်ထုံ၊ ကျန်းချောင်နှင့် လီဟွား.. စသည့် ပါရမီရှင်များက ရှိနေဆဲ ဖြစ်သည်။
သူ၏ နည်းပညာဌာနထဲ၌ ပါရမီရှင် ချို့တဲ့ခြင်း မရှိပေ။
လီရှန်း၏ အဆင့်အတန်းက ပိုမို၍ လုံခြုံမှုရှိသောကြောင့် သူမရှိနေခြင်းက သူ့ကို ပြဿနာများစွာ သက်သာစေရုံမျှမက အမြဲ စောင့်ကြပ်ကြည့်ရှုနေရန် မလိုအပ်သောကြောင့်သာ ဖြစ်ပေသည်။
“တကယ်လို့ ကျွန်တော် ရှောင်လော်ကို သမီးအဖြစ် မွေးစားလိုက်ရင် ကျွန်တော့်မှာလည်း အသက်ကြီးတဲ့ သမီးတစ်ယောက် ရှိလာတာပဲ မဟုတ်ဘူးလား”
စုဝေ့မင်က သူ့ကို တားဆီးလေလေ ဒါရိုက်တာဝမ်က သူမကို မွေးစားချင်သော စိတ်ဆန္ဒများ ပိုမို၍ ပြင်းထန်လာလေလေ ဖြစ်လေ၏။
သူက စုရှောင်လော်ကို အမြဲပင် ချစ်စရာကောင်းပြီး ဥာဏ်ကောင်းသူတစ်ဦးအဖြစ်တွေးခဲ့ဖူးသည်။
ယခုအချိန်တွင် စုဝေ့မင်၏ ရန်စစကားကြောင့် သူက ဤကလေးမလေးမှာ သူ စိတ်ကူးယဉ်ခဲ့ဖူးသော သမီးမိန်းကလေးမျိုး ဖြစ်ကြောင်းကို ပိုမိ ခံစားလိုက်ရလေသည်။
“ခင်ဗျားကို ပြောနေလည်း ဘာမှထူးမှာ မဟုတ်ပါဘူး၊ ကျွန်တော် သွားပြီး ဝေ့ချင်းနဲ့ ရှောင်လီတို့ကို သွားရှာလိုက်ဦးမယ်”
ဒါရိုက်တာဝမ်က စုဝေ့ချင်းတို့ဇနီးမောင်နှံထံမှ ပြောဆိုရန်အတွက် ဆုံးဖြတ်လိုက်လေသည်။
ရဲဘော်လီရှန်း၏ ချစ်လှစွာသော အရာရှိကြီးတစ်ဦးအနေဖြင့် သူက သမီးမွေးစားရန် ထုတ်ဖော်ပြောဆိုခြင်းက အကြောင်းပြချက် မရှိဖြစ်နေမည် မဟုတ်ပေ။
စုဝေ့ချင်းနှင့် လီရှန်းတို့ကလည်း သေချာပေါက် ခွင့်ပြုခဲ်ကြလေသည်။
မွေးစားအဖေတစ်ဦး ရှိလာခြင်းက ကြီးမားသည့် ကိစ္စရပ်တစ်ခု မဟုတ်ပေ။
သို့သော် ဒါရိုက်တာဝမ်သာ ဤကိစ္စအတွက် စားသောက်ပွဲကြီးတစ်ခုကို တရားဝင် ပြင်ဆင်ကျွေးမွေးချင်သည်ဆိုလျှင်တော့ ထိုကိစ္စက တခြားသော အကြောင်းအရာတစ်ခု ဖြစ်သွားပေလိမ့်မည်။
*