အခန်း ၂၈၈
Vol. 29 Ch. 288
အခန်း(288)
ထိုနေ့ညနေပိုင်းတွင် ဒါရိုက်တာဝမ်က ငန်းသားဟင်းကို စားသောက်ခဲ့ပြီးမှသာ နောက်ဆုံး၌ သူ၏ဗိုက်ကို အားရကျေနပ်စွာ ပွတ်သပ်လိုက်ရင်း အိမ်သို့ ပြန်သွားခဲ့လေတော့၏။
သူက စုဝေ့မင်၏ အိမ်ထောင်ပြုရန်အတွက် တိုက်တွန်းချက်များကိုတော့ လွနာခဲ့သောအချိန်များကတည်းက မေ့လျော့နေခဲ့ပြီဖြစ်သည်။
ထို့နောက် သူက တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုရန်အတွက် လီရှန်း၏ ခွင့်တိုင်ကြားမှုကိုလည်း ချက်ချင်း သဘောတူပေးခဲ့လေတော့၏။
အရာရှိကြီး၏ အပြည့်အဝကာကွယ်စောင့်ရှောက်မှုကို ရရှိခဲ့သောကြောင့် နောက်ဆက်တွဲ လေ့ကျင့်ရေးလုပ်ငန်းများက အလွန် ချောမွေ့သွားခဲ့ရလေ၏။
တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ပြန်လည်ကျင်းပတော့မည်ဟူသော အကြောင်းကြားစာကို ရရှိခဲ့သည့် ထိုအချိန်မှစ၍ ဒီဇင်ဘာလ (၉) ရက်နေ့ စာမေးပွဲအကြိုနေ့အထိ သူတို့လူသုံးယောက်လုံးက နေ့ရောညပါ အားသွန်ခွန်စိုက် လေ့လာခဲ့ကြသည်။
အထူးသဖြင့် ကျန်းချောင်ဖြစ်ပေသည်။
သူက သူ့အတွက် ပိုမိုတောက်ပသော အနာဂတ်တစ်ခုကို ပိုင်ဆိုင်နိုင်ရန်အတွက် မျှော်လင့်ချက်ဖြင့် ဤအခွင့်အရေးကို အမှန်တကယ့်ကို အမိအရ ဆုပ်ကိုင်နေခဲ့လေ၏။
သူ ငယ်စဉ်အချိန်တုန်းက ပိုင်မားခရိုင်က အလွန်ပင် ကျယ်ဝန်းပြီး စည်ကားလွန်းသည်ဟု ထင်မှတ်ခဲ့ဖူးသည်။
သူ၏မိဘများနှင့်အတူ ဆက်လက်၍ နေထိုင်နိုင်ပြီး ကျေးလက်ဒေသသို့ ဆင်းစရာမလိုဘဲ စက်ရုံထဲ၌ စာပေသင်ကြားပြီး အလုပ်လုပ်ကိုင်နိုင်ခြင်းကပင် အကောင်းဆုံးအရာ ဖြစ်သည်ဟု တွေးတောခဲ့ဖူး၏။
သို့သော် သူက ကြီးပြင်းလာခဲ့ပြီးနောက် အထူးသဖြင့် ဆေးဝါးစက်ရုံသို့ ဝင်ခွင့်ရရှိခဲ့ပြီးနောက်တွင် သူ၏လုပ်ဖော်ကိုင်ဖက်အားလုံးက ပြည်နယ်မြို့တော်မှ လာရောက်ကြသူများ ဖြစ်နေခဲ့ကြလေသည်။
သူတို့၏ ပြည်နယ်မြို့တော်အကြောင်းကို နားထောင်ရချိန်မှသာ ပိုင်မားခရိုင်က အလွန်ပင် ကျဉ်းမြောင်းလွန်းလေသည်ဟူ၍လည်းကောင်း၊ ထိုခရိုင်က လူတစ်ဦး၏ ဘဝတစ်ခုလုံးကို ပိတ်လှောင်ထားနိုင်လောက်သော နေရာတစ်ခုဖြစ်သည်ဟူ၍လည်းကောင်း ကောင်းစွာ နားလည်သဘောပေါက်သွားခဲ့သည်။
သူ ဤကဲ့သို့သော အခြေအနေမျိုးကို လုံးဝ လက်မခံချင်ပေ။
သူ၏အစ်ကိုနှစ်ယောက်လုံးက ယခုဆိုလျှင် စစ်တပ်ထဲ၌ အရာရှိများအဖြစ် ရာထူးတိုးမြှင့်ခံထားရပြီ ဖြစ်၍ လက်ရှိတွင် သူ၏မိဘများက သူတို့အတွက် အိမ်ထောင်ဖက်ရှာရန် လူတွေ့ပွဲများ စီစဉ်ပေးနေခဲ့ကြလေသည်။
အကယ်၍ နောက်ထပ် နှစ်အနည်းငယ်မျှ ထပ်မံ၍ စောင့်ဆိုင်းရလျှင် သူတို့၏ဇနီးများကလည်း စစ်တပ်ထဲသို့ လိုက်ပါနေထိုင်ခွင့် ရရှိကြပေလိမ့်မည်။
သို့သော် သူ၏အခြေအနေက..
သူ သူ၏ဘဝတစ်သက်တာလုံး ပိုင်မားခရိုင်ထဲ၌သာ ဤအတိုင်း ဆက်လက်၍ နေထိုင်သွားရန် တောင့်ခံနိုင်ပါမည်လား။
မဖြစ်နိုင်ပေ။
သူသည့်လည်း သူကိုယ်တိုင်အတွက် ကြိုးစားချင်နေခဲ့သည်။
ယခင်က သူ့တွင် တခြားရွေးချယ်စရာမရှိသောကြောင့် ဆေးဝါးစက်ရုံထဲသို့ ဝင်ရောက်နိုင်ရန်သာ ကြိုးစားခဲ့ရခြင်း ဖြစ်လေ၏။
ယခုအချိန်၌ သူ့တွင် ရွေးချယ်ခွင့်များရှိလာခဲ့ပြီဖြစ်၍ ကောင်းမွန်လွန်းသော တက္ကသိုလ်တစ်ခုသို့ ဝင်ခွင့်ရရှိရန်နှင့် နောက်ပိုင်းတွင် ပိုမို၍ ကောင်းမွန်သော အလုပ်အကိုင်တစ်ခုကို ပိုင်ဆိုင်နိုင်ရန်အတွက် မျှော်လင့်မိလာရသည်။
နောက်ပိုင်း ပြည်နယ်မြို့တော်တွင် ဆက်လက်နေထိုင်ပြီး ထိုနေရာ၌ပင် အိမ်ထောင်ပြုကာ ကလေးမွေးဖွားနိုင်သည်။ သူ၏မိဘများကိုလည်း ပြည်နယ်မြို့တော်သို့ ခေါ်ဆောင်လာနိုင်လိမ့်မည်။
သူက သူတစ်ယောက်တည့် ပိုင်မားခရိုင်မှ ထွက်ခွာချင်ရုံမျှမကဘဲ သူ၏မိဘများကိုပါ ပိုင်မားခရိုင်၏ အပြင်ဘက်သို့ ခေါ်ဆောင်ပြီး အပြင်ကမ္ဘာကြီးက မည်မျှအထိ ကျယ်ဝန်းလွန်းကြောင်းကိုပါ လိုက်လံပြသပေးချင်နေခဲ့မိသည်။
“မင်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိရဲ့လား”
စာမေးပွဲခန်းမထဲသို့ မဝင်ရောက်မီအချိန်တွင် ကျန်းချောင်တစ်ယောက် သူ၏အစ်မဖြစ်သူမှ မေးမြန်းလာသောစကားကို ကြားလိုက်ရလေ၏။
ကျန်းချောင် ခေါင်းကို အားပြင်းပြင်းဖြင့် ညိတ်ပြလိုက်လေသည်။ သူ သေချာပေါက်ယုံကြည်မှု ရှိနေခဲ့သည်။
သူက စာမေးပွဲခန်းမထဲသို့ ဝင်ရောက်ခဲ့ပြီး သူ၏ခုံနေရာကို ရှာဖွေကာ ထိုင်လိုက်ပြီးသည်နှင့် ခေါင်းလောင်းသံမြည်လာခဲ့လေ၏။
စာမေးပွဲစောင့်ကြပ်သူ ဆရာက စာမေးပွဲမေးခွန်းလွှာများကို သယ်ဆောင်လျက် ဝင်ရောက်လာခဲ့၏။
မေးခွန်းလွှာများကို ဝေငှပြီးစီးသွားခဲ့ပြီးနောက် သူက ပုစ္ဆာများကို အလောတကြီး တွက်ချက်ခြင်းမပြုသေးဘဲ မေးခွန်းလွှာကို ပထမဆုံးအနေဖြင့် လှန်လှောကြည့်ရှုလိုက်လေသည်။
သူ စာမေးပွဲမေးခွန်းများကို မြင်တွေ့လိုက်ရသည့် အချိန်မှာပင် သူ၏မျက်နှာထက်၌ အပြုံးတစ်ခု ထွက်ပေါ်လာခဲ့ရလေတော့၏။
ဤမေးခွန်းမျိုးတွေကတော့...
သူ၏အစ်မနှင့် ယောက်ဖနှစ်ဦးလုံးက ထိုကဲ့သို့သော မေးခွန်းပုံစံမျိုးအကြောင်းကို သင်ကြားဆွေးနွေးပေးခဲ့ဖူးသည်။
အဆင်ပြေသွားခဲ့လေပြီ။
တိုတောင်းလွန်းသော နှစ်ရက်တာ စာမေးပွဲကြီးက မျက်စိတစ်မှိတ်အတွင်းမှာပင် ကုန်ဆုံးသွားခဲ့ရလေသည်။
စုဝေ့ချင်းနှင့် လီရှန်းတို့မှာ စိတ်လှုပ်ရှားနေခဲ့ကြပါသော်လည်း သူတို့က ကိုယ့်ကိုယ်ကိုယ် အပြည့်အဝ ယုံကြည်မှု ရှိနေခဲ့ကြလေ၏။
ကျန်းချောင်ကတော့ ပိုမို ပင်ပန်းနွမ်းနယ်နေခဲ့ရလေ၏။
လွန်ခဲ့သော နှစ်ရက်အတွင်း စာမေးပွဲဖြေဆိုရခြင်းက အမှန်တကယ်ပင် အလွန်ပင်ပန်းခက်ခဲခဲ့ပုံရသည်။
ထိုစာမေးပွဲဖြေဆိုသူ သုံးယောက်လုံး အိမ်သို့ ပြန်လည်၍ ရောက်ရှိလာချိန်တွင် လော်ယွီရှို့ အလွန်အမင်းဂရုစိုက်ခဲ့သည်။
လွန်ခဲ့သော သုံးရက်တာ ကာလပတ်လုံး သူတို့က စာမေးပွဲကို ကောင်းမွန်စွာ ဖြေဆိုနိုင်ကြစေရန်အတွက် အိမ်၌ အာဟာရပြည့်ဝသော အသားစွပ်ပြုတ်များကိုသာ သောက်သုံးခဲ့ကြရသည်။
စွပ်ပြုတ်သောက်ပြီးနောက်တွင် ကျန်းချောင်က သူ၏အိပ်ချင်စိတ်ကို တောင့်မခံနိုင်တော့ဘဲ အိပ်စက်ရန်အတွက် အခန်းထဲသို့
ဝင်ရောက်သွားခဲ့လေတော့၏။
လီရှန်းတို့ဇနီးမောင်နှံက အခြေအနေ ကောင်းမွန်နေခဲ့ပါသော်လည်း အနည်းငယ်တော့ ပင်ပန်းနေခဲ့ကြရသည်။
သူတို့က မည်သည့်စာအုပ်ကိုမျှ သယ်ဆောင်လာခြင်းမရှိကြဘဲ ဆိုဖာ၏ တစ်ဖက်စီတွင်သာ မှီထားကြရင်း ပျင်းရိစွာ လှဲလျောင်းရင်းဖွင့် တံခါး၏ အပြင်ဘက်မှ ကောင်းကင်ယံကြီးကိုသာ ကြည့်ရှုနေခဲ့ကြတော့၏။
ထိုဇနီးမောင်နှံနှစ်ဦးလုံးက တိတ်ဆိတ်နေခဲ့ကြပြီး တစ်ဦးကိုတစ်ဦး မှီထားကြရင်း ငြိမ်းချမ်းသာယာလွန်းသော အချိန်ကို ဖြတ်သန်းနေခဲ့ကြလေသည်။
အချိန်မည်မျှ ကြာမြင့်သွားခဲ့သည်ကို မသိရပါချေ။ အပြင်မှနေ၍ အလောတကြီး ပြေးလွှားလာသော ခြေသံများကို ကြားလိုက်ရလေ၏။
မကြာမီတွင် စုရှောင်လော်၏ သေးငယ်လွန်းသော ခန္ဓာကိုယ်လေးက တံခါးဝတွင် ပေါ်ထွက်လာခဲ့လေသည်။
သူမ၏ အနောက်တွင်တော့ ဆောင်းတွင်းကျောင်းပိတ်ရက်ကို ရရှိခဲ့သောကြောင့် အိမ်၌ ညီမဖြစ်သူနှင့်အတူ ရှိနေခဲ့ကြသော စုချန်နှင့် စုကျွင့်တို့ လိုက်ပါလာခဲ့ကြ၏။
“အမေနဲ့ အဖေ၊ စာမေးပွဲဖြေပြီးသွားကြပြီလား”
စုရှောင်လော်က အိမ်ထဲသို့ပင် မဝင်ရသေးမီကတည်းက စင်္ကြံလမ်းမှနေ၍ လည်ချောင်းကွဲမတတ်အော်ဟစ်လိုက်လေ၏။
ကံကောင်းစွာဖြင့် ယခုအချိန်က အလုပ်လုပ်ချိန် ဖြစ်နေသေးသောကြောင့် စုရှောင်လော်၏ ကျယ်လောင်လွန်းသော အသံကို လူများများ မကြားခဲ့ကြပေ။
သို့မဟုတ်ပါက သူမ အော်ဟစ်နေသော အကြောင်းအရာကို တွေးတောကြည့်လျှင်ဖြစ်စေ၊ လွန်ခဲ့သော ရက်အနည်းငယ်က နိုင်ငံတစ်ဝှမ်းလုံးရှိ လူငယ်များအတွက် အရေးအကြီးဆုံး အချိန် ဖြစ်ခဲ့သည်ဟူသော အချက်ကို တွေးတောကြည့်လျှင်ဖြစ်စေ စုမိသားစု၏ အိမ်ကြီးထဲ၌ အိမ်နီးနားချင်းများဖြင့် ပြည့်နှက်သွားလိမ့်မည်။
“အသံတိုးတိုး ပြောစမ်းပါ”
စုချန်က အသက်ပိုကြီးသူဖြစ်၍ အခြေအနေ၏ လေးနက်မှုကို ကောင်းစွာ သိရှိထားလေသည်။
သူက အမြန်ပင် ခန္ဓာကိုယ်ကို ကိုင်းလိုက်ရင်း လက်တစ်ဖက်ဖြင့် စုရှောင်လော်ကို ပွေ့ချီလိုက်လေ၏။
ထို့နောက် တခြားလက်တစ်ဖက်ဖြင့် သူမ၏ ပါးစပ်ကို အုပ်ထားလျက် အထဲသို့ ဝင်ရောက်လာခဲ့လေသည်။
စုကျွင့်ကလည်း တံခါးဘောင်မှနေ၍ အခြေအနေကို သေသေချာချာ စောင့်ကြည့်နေခဲ့လေ၏။
အပြင်တွင် စုရှောင်လော်၏ စကားကိုမည်သူကမျှ မကြားကြောင်းကို အတည်ပြုနိုင်ပြီးမှသာ သူက သက်ပြင်းချနိုင်ပြီး အိမ်ဘက်သို့ ပြန်လှည့်၍ ဝင်လာခဲ့လေသည်။
စုဝေ့ချင်းနှင့် လီရှန်းတို့မှာ ဤစာမေးပွဲကာလအတွင်း အလွန်ပင် တိတ်တဆိတ် ပြုမူနေထိုင်ခဲ့ကြသည်။
မည်သို့ပင်ဖြစ်စေ သူတို့နှစ်ဦးလုံးက စက်ရုံထဲ၌ ကောင်းမွန်လွန်းသော အလုပ်အကိုင်များကို ရရှိထားကြသေးသည်မဟုတ်ပါလား။
ထို့အပြင် အိမ်ခန်းတစ်ခန်းကိုလည်း ချထားပေးခြင်းခံထားရသူများ ဖြစ်ကြလေသည်။
အကယ်၍ တက္ကသိုလ်တက်ရောက်ခွင့်ကို ရရှိမည်ဆိုပါက အလုပ်အကိုင်ကို ဆုံးရှုံးရုံသာမက အိမ်ရာကိုပါ ပြန်လည်၍ သိမ်းဆည်းခြင်းကို ခံရပေလိမ့်မည်။
သူတို့အနေဖြင့်် လက်ရှိလုပ်ငန်းခွင်၏ အစီအစဉ်ဖြင့် တက္ကသိုလ်သို့ တက်ရောက်ခွင့်ရခြင်းမျိုး ဖြစ်မှသာ အိမ်ရာကျန်ရှိပေလိမ့်မည်။
ထိုသို့ဆိုပါက ဘွဲ့ရပြီးနောက်တွင် စက်ရုံသို့ ပြန်လာကာ တာဝန်ကိုဆက်လက်ထမ်းဆောင်ရလိမ့်မည်။
ထိုသို့ဆိုပါက တက္ကသိုလ် တက်ရခြင်း၏ အနှစ်သာရက မရှိတော့ပေ။
မည်သို့ပင်ဖြစ်စေ သူတို့က တက္ကသိုလ် မတက်ဘဲနှင့်ပင် ခေါင်းဆောင်များဖြစ်လာနိုင်သည်မဟုတ်ပါလား။
အဘယ်ကြောင့် ဤမျှအထိ ဒုက္ခခံနေရန် လိုအပ်ပါမည်နည်း။
ထို့ကြောင့် ဆေးဝါးစက်ရုံမှ တိတ်တဆိတ် ထွက်ခွာရန်အတွက် ကြံစည်နေကြသော ထိုလူနှစ်ဦးက တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို လူမသိသူမသိ တိတ်တဆိတ် ဖြေဆိုခဲ့ကြခြင်း ဖြစ်သည်။
သူတို့၏ ခွင့်ရက်က ယနေ့အထိသာ ဖြစ်သောကြောင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မပြီးပြတ်သေးသော အလုပ်များကို အပြီးသတ်နိုင်ရန်အတွက် မနက်ဖြန် မနက်အစောပိုင်းတွင် အလုပ်ခွင်သို့ စောစော ပြန်သွားကြရမည်ပင်။
“အမေ၊ စာမေးပွဲတွေ ဖြေပြီးပြီဆိုတော့ ဘယ်တော့ တက္ကသိုလ်ကို သွားရမှာလဲ”
အစ်ကိုနှစ်ဦး၏ အမူအရာကြောင့် စုရှောင်လော်ကလည်း သူမ၏ ပါးစပ်လေးကို ဖောင်းအိနေသော လက်လေးများဖြင့် ပိတ်လိုက်ပြီး အသံခပ်တိုးတိုးဖြင့် မေးရှာ၏။
“ဆရာမက ဘယ်တက္ကသိုလ်ကို သွားရမယ်လို့ ပြောလဲ၊ အဘွားကတော့ သမီးတို့ ပေကျင်းကို သွားရမယ်လို့ ပြောတာပဲ၊ အဲဒါ တကယ်ပဲလား”
ပေကျင်း ဟုတ်လား။
လော်ယွီရှို့က အိပ်မက်မက်ရာတွင် အတော်လေးပင် ရဲတင်းလွန်းသည်။
သို့သော် နင်ရှပြည်နယ်ထဲရှိ မည်သည့်တက္ကသိုလ်ကမှ ပထမဆုံးနှစ်တွင် လူထုအတွက် ဖွင့်လှစ်ထားခြင်း မရှိပေ။
ထို့ကြောင့် သူမနှင့် စုဝေ့ချင်းတို့က သေချာပေါက် တခြားပြည်နယ်တစ်ခုရှိ တက္ကသိုလ်သို့ သွားရောက် ပညာသင်ကြားကြရပေလိမ့်မည်။
သူတို့၏ ပန်းတိုင်က ပေကျင်းမြို့တော်ကြီးဖြစ်ပြီး၊ တစ်ဦးက ထိပ်တန်းတက္ကသိုလ်ကြီးတစ်ခုကို ရည်မှန်းထားကာ ကျန်တစ်ဦးက ဆေးတက္ကသိုလ်ကို ပန်းတိုင်အဖြစ် သတ်မှတ်ထားလေ၏။
သူမအနေဖြင့် နောက်ထပ် နှစ်နှစ်ကြာမှ ဆေးတက္ကသိုလ်တွင် သင်ခန်းစာများကို ပြန်လည်၍ စတင်နိုင်လိမ့်မည်
သို့သော ထိုတက္ကသိုလ်တွင် နှစ်နှစ်ကြာ ဆရာဝန် လေ့ကျင့်ရေးအစီအစဉ်ရှိသည့် ရိုးရာအစဉ်အလာ ရှိလေ၏။
သူမက ကျောင်းသားအဖြစ် စာရင်းသွင်းထားဆဲ ကာလအတွင်းမှာပင် ထိုဆရာဝန် လေ့ကျင့်ရေးအစီအစဉ်ကို တက်ရောက်နိုင်ပေလိမ့်မည်။
နောက်ထပ် နှစ်နှစ်ကြာ၍ သင်ခန်းစာများကို ပုံမှန် ပြန်လည်၍ စတင်သည့် အချိန်တွင် စာမေးပွဲအသစ် အောင်မြင်ထားသော ကျောင်းသားသစ်များကဲ့သို့ နှစ်နှစ်ကြာ လေ့ကျင့်ရေး ထပ်မံ၍ ဆင်းစရာမလိုပေ။
သူမက တရားဝင် ဆေးပညာရပ် သင်ခန်းစာများကို တိုက်ရိုက် တက်ရောက်နိုင်မည် ဖြစ်သည်။
ဆေးတက္ကသိုလ်ဘက်ကလည်း ထိုကဲ့သို့သော အစီအစဉ်မျိုး ရှိနေခဲ့ခြင်းကြောင့်သာ နောက်ထပ် နှစ်နှစ်ကြာမှ သင်ခန်းစာများကို ပုံမှန် ပြန်လည်၍ စတင်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်နိုင်၏။
*