အခန်း ၂၉၀
Vol. 29 Ch. 290
အခန်း(290)
စုဝေ့ဟိုင်မှာ အမေဖြစ်သူ၏ ဒေါသမီးက သူ့ထံသို့ ကူးစက်လာလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့သောကြောင့် ချက်ချင်းပင် အံ့အားသင့်သွားရတော့၏။
သူက တူကို ကိုင်ပြီး ထမင်းပန်းကန်ကိုသာ ငုံ့ကြည့်နေခဲ့လေသည်။
ပြဿနာက သူ၏ထံတွင် ရှိနေခြင်း မဟုတ်ပေ။ ဝူလီကိုယ်တိုင်က ကလေးမယူလိုခြင်းသာဖြစ်ပေသည်။
သို့သော် သူက ဤအိမ်ထောင်ရေးတွင် အကျိုးကျေးဇူးခံစားရသူဖြစ်ပြီး မိသားစုအတွက် ပေးဆပ်မှု နည်းပါးခဲ့သူ ဖြစ်လေ၏။
ထို့ကြောင့် အိမ်ထောင်ရေးနှင့်ပတ်သက်၍ ဝန်ထုပ်ဝန်ပိုးကို သူကသာ ခံယူရပေလိမ့်မည်။
သေချာပေ၏။ အပြစ်အားလုံးကို သူကသာ ခံရပေလိမ့်မည်။
“ဒီကိစ္စကို နောက်မှ ပြောကြတာပေါ့ အမေ၊ ကျွန်တော် အခု အလုပ်တွေ အရမ်းများနေတာ၊
ကလေးကို ဘယ်လိုလုပ်ပြီး ကြည့်နိုင်မှာလဲ၊ ဝူလီကလည်း အခုမှ ရာထူးတက်ထားတာဆိုတော့ သူမလည်း အလုပ်များနေတာပဲလေ”
စုဝေ့ဟိုင်က ကျွမ်းကျင်စွာပင် ဆင်ခြေပေးလိုက်ပြီးနောက် မိခင်ဖြစ်သူ၏ ဆူပူကြိမ်းမောင်းမှုများကို ခံရင်းနှင့်ပင် ရှက်ရွံ့စွာဖြင့် အမြန် ထွက်ပြေးသွားလေတော့၏။
လော်ယွီရှို့က ထိုညက ကောင်းကောင်း မအိပ်နိုင်ခဲ့ပေ။
သို့သော် တစ်ညလွန်သွားပြီးနောက် ထိုအကြောင်းကို မေ့ပျောက်သွားခဲ့လေ၏။
အဓိက အကြောင်းရင်းမှာ စုဝေ့ဟိုင်တစ်ယောက် လော်ယွီရှို့က သူ့ထံသို့ လာရောက် ပြဿနာရှာမည်ကို စိုးရိမ်နေမိသည့်အတိင့ အဝတ်အစားများကို သိမ်းဆည်းပြီး သုတေသနဌာနသို့ ညတွင်းချင်းပင် ပြန်သွားခဲ့ခြင်းကြောင့်ပင်။
သူက တစ်ညသာ နေခဲ့သောကြောင့် လော်ယွီရှို့အနေဖြင့် သူ့ကို ရှာမတွေ့နိုင်တော့ပေ။
တစ်ဖက်တွင် ဇနီးမောင်နှံနှစ်ဦးက တက္ကသိုလ်ဝင်ခွင့် သတိပေးစာများကို တပြိုင်တည်း ရရှိခဲ့ကြသည်။
စုရှောင်လော်က ဝင်ခွင့်စာနှစ်စောင်ကို ကိုင်မြှောက်ပြီး တံခါးစောင့်တဲမှနေ၍ အိမ်တံခါးဝအထိ လမ်းတစ်လျှောက်လုံး အော်ဟစ်လာခဲ့လေ၏။
ထိုအချိန်က တရုတ်နှစ်သစ်ကူးကာလ ဖြစ်သောကြောင့် လူတိုင်းက အိမ်တွင် နားနေခဲ့ကြသည်။
သို့သော် ဤအော်ဟစ်သံကြောင့် အဆောင်တစ်ခုလုံးသို့ သတင်းက အလျင်အမြန် ပျံ့နှံ့သွားခဲ့လေတော့၏။
အဆောင်တစ်ခုလုံးက ရုန်းရင်းဆန်ခတ် ဖြစ်သွားခဲ့ရသည်။
စုမိသားစုမှ တတိယသားတို့ ဇနီးမောင်နှံက တက္ကသိုလ်ဝင်ခွင့်ကို ရရှိသွားခဲ့ကြပြီး၊ ထိုတက္ကသိုလ်ကလည်း နိုင်ငံထဲတွင် အကောင်းဆုံး တက္ကသိုလ်ကြီးဖြစ်သော ကျင့်ဟွာတက္ကသိုလ်ပင် ဖြစ်လေသသည်။
သူတို့တွင် အလုပ်အကိုင်ကောင်းများ ရှိနေပါလျက်နှင့် အဘယ်ကြောင့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ဖြေဆိုကြသနည်းဟု မည်သူကမျှ မေးခွန်းမထုတ်ကြပေ။
လူတိုင်းက ထိုဇနီးမောင်နှံက နောက်ပိုင်းအနာဂတ်တွင် သေချာပေါက် ချမ်းသာကြွယ်ဝလာကြလိမ့်မည်ဟုသာ ထင်မှတ်ကြသည်။
ရှုဝမ်ချန်တွင် အတော်လေးဆန်းပြားသော စိတ်ကူးစိတ်သန်းများ ရှိနေခဲ့လေ၏။
စုဝေ့ချင်းနှင့် လီရှန်းတို့က မထွက်ခွာမီအချိန်တွင် သူက ညအမှောင်ကို အခွင့်ကောင်းယူပြီး တိတ်တဆိတ် လာရောက်၍ မေးမြန်းခဲ့လေသည်။
“မင်းတို့နှစ်ယောက်လုံးက တက္ကသိုလ်တက်ရတော့မှာဆိုတော့ ဒီအိမ်ကို စက်ရုံဆီ ပြန်အပ်ရတော့မယ် မလား”
“ဟုတ်ပါတယ်၊ အပ်ရမှာပေါ့”
သူတို့အားလုံးက ထွက်ခွာကြတော့မည်ဖြစ်၍ စက်ရုံ၏အိမ်ရာများကို အဘယ်ကြောင့် ဆက်လက်၍ ယူထားရပါမည်နည်း။
“ဒါဆိုရင် ငါတို့မိသားစုနဲ့ နေရာချင်း လဲကြရအောင်လေ၊ ငါ့သား တာ့ဝေ့က စာကျက်တဲ့နေရာမှာ ငါနဲ့ တူတူပဲ၊
ဉာဏ်သိပ်မကောင်းရှာဘူး၊ ဒါကြောင့် ဒီလို စာတော်တဲ့လူတွေရဲ့အိမ်မှာ နေထိုင်ဖို့က အကောင်းဆုံးပဲ၊ သူလည်း မင်းတို့ရဲ့ ပါရမီတွေကို ကူးစက်ပြီး တက္ကသိုလ်ကျောင်းသားတစ်ဦး ဖြစ်လာနိုင်လိမ့်မယ်”
ရှုဝမ်ချန်က စကားပြောရင်းနှင့်ပင် သူ၏လက်များဖြင့် စုဝေ့ချင်း၏ လက်ကိုလှမ်းကိုင်လိုက်သည်။
သူ၏ ပုံစံက အမျိုးသမီးငယ်တစ်ဦးကို နှောင့်ယှက်နေသော တဏှာရူးတစ်ဦး၏ အမူအရာနှင့်ပင် တူနေခဲ့လေ၏။
စုဝေ့ချင်း : “...”
သူက သူ၏ လက်ကို ချက်ချင်းပင် ဆွဲထုတ်လိုက်ပြီး ပြောလိုက်လေသည်။
“မင်း အခုပဲ ရပ်လိုက်တော့၊ ဒါတွေက ရှေးရိုးစွဲ အယူသီးမှုတွေ သက်သက်ပဲ”
“အဆင်ပြေပါတယ်၊ ငါတို့က ဒီအတိုင်း အယူသီးတာလို့ပဲထားပြီး ပြောင်းလိုက်ရအောင်လေ”
စုဝေ့ချင်းက သူကျောင်းတက်ရမည့်အချိန်တွင် မိသားစုအိမ်ရာ၌ မည်သူလာရောက်နေထိုင်မည်ဆိုသည့်အချက်အပေါ် ကန့်ကွက်ရန်မရှိပေ။
ပြဿနာက သူတို့က ဤနေရာတွင် တစ်သက်လုံး နေထိုင်သွားမည်ဟု ထင်မှတ်ထားခဲ့ကြသောကြောင့် လသာဆောင်ကို ကာရံပြီး မီးဖိုချောင်အဖြစ် ပြောင်းလဲထားခဲ့ခြင်း ဖြစ်သည်။
ယခုအချိန်တွင် အကယ်၍ ထိုနေရာနှစ်ခုကို ပြန်လည်၍ ခွဲထုတ်လိုပါက ပြုပြင်မွမ်းမံစရိတ်များ ပါဝင်လာပေလိမ့်မည်။
ထို့အပြင် သူတို့က ရှုဝမ်ချန်၏ အခန်းအတွက်လည်း ငွေနှစ်ဆယ် ပေးချေထားခဲ့ရသေး၏။
ယခုအချိန်တွင် အကောင်းဆုံးသော ဖြေရှင်းနည်းက စုဝေ့ဟိုင်နှင့် သူ၏ဇနီးတို့ကို ဤနေရာသို့ ပြောင်းရွှေ့နေထိုင်စေခြင်းပင် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ စုဝေ့ဟိုင်ရရှိထားသော အိမ်ရာက အမှန်တကယ်ပင် သေးငယ်လွန်း၏။
စုချန်နှင့် စုကျွင့်တို့က အသက်အရွယ်ရလာကြပြီဖြစ်၍ သူတို့ကိုယ်ပိုင် အခန်းတစ်ခန်းစီ ရှိရန်အတွက် လိုအပ်ပေလိမ့်မည်။
သူတို့ကို နှစ်ထပ်ခုတင်ပေါ်တွင်ပင် ဆက်တိုက် အိပ်ခိုင်းထား၍တော့ မဖြစ်နိုင်ပေ။
ယခုခေတ်ကာလတွင် ညီအစ်ကိုချင်း နှစ်ထပ်ခုတင်ပေါ်တွင် အတူအိပ်ကြသည်က အထွေအထူးမဟုတ်ပါချေ။
သို့သော် ထိုအရာက စုမိသားစုတွင်တော့ အနည်းငယ် ထူးဆန်းနေသည်။
“ဒီကိစ္စကို ငါကိုယ်တိုင် မဆုံးဖြတ်နိုင်ဘူး၊ ငါ့အဖေ့ကို မေးရဦးမယ်၊
ငါတို့ ထွက်သွားပြီးရင် လူကြီးတွေကို စောင့်ရှောက်ပေးမယ့်သူ လိုတယ်လေ၊
ငါ့အဖေကတော့ အကြီးဆုံးအစ်ကိုတို့ မိသားစုကိုပဲ ဒီမှာ လာနေစေချင်လိမ့်မယ်လို့ ထင်တာပဲ”
စုဝေ့ချင်းက အနောက်သို့ တစ်လှမ်းဆုတ်လိုက်ပြီး သူ၏ကိုယ်ခန္ဓာ တစာဝက်ခန့်ကိုပင် လီရှန်း၏အနောက်သို့ ရွှေ့လိုက်လေ၏။
ရှုဝမ်ချန်က စိတ်လှုပ်ရှားလာပြီး သူ၏လက်ကို ထပ်မံ၍ ဆုပ်ကိုင်မည်ကို သူက စိုးရိမ်သောကြောင့် ဖြစ်သည်။
သူတို့အားလုံးက ကြီးပြင်းပြီးသား အမျိုးသားများ ဖြစ်ကြသော်လည်း ဤကဲ့သို့သော ခန္ဓာကိုယ်ချင်း ထိတွေ့မှုမျိုးက မသင့်တော်ပေ။
ရှုဝမ်ချန် ခဏမျှ အံ့အားသင့်သွားပြီးနောက် သူ၏ပုခုံးများက တွဲကျသွားခဲ့ပြီး အားငယ်သွားသည့် ပုံစံ ပေါ်ပေါက်နေခဲ့လေသည်။
ဟုတ်ပေသည်။ စုဝေ့ချင်းတွင် စက်ရုံထဲ၌ အကြီးဆုံးအစ်ကိုတစ်ယောက် ရှိနေသေးသည်ကို သူ မည်ကဲ့သို့ မေ့လျော့နေခဲ့ရပါသနည်း။
သူက သုတေသနပညာရှင်တစ်ဦး ဖြစ်သော်လည်း သူ၏သားက ဉာဏ်ကောင်းသည်ဟုတော့ မဆိုလိုပေ။
ထို့ကြောင့် ဤနေရာသို့ ပြောင်းရွှေ့နေထိုင်ပြီး ပညာတတ်အငွေ့အသက်များကို ကူးစက်စေချင်သည်က သဘာဝကျလွန်း၏။
သို့ပေမဲ့...
မျှော်လင့်ချက် လုံးဝမရှိတော့သည်တော့ မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ သုတေသနပညာရှင်များအားလုံးက တခြားသော ဝင်းငယ်တစ်ခုထဲ၌ နေထိုင်ကြသည်မဟုတ်ပါလား။
အကယ်၍ စုဝေ့ဟိုင်က ဤနေရာသို့ မပြောင်းချင်ဘူးဆိုလျှင်..။
ရှုဝမ်ချန်က မျှော်လင့်ချက်ကို ဆုပ်ကိုင်ထားဆဲဖြစ်သောကြောင့်ပြောလိုက်လေသည်။
“တကယ်လို့ မင်းအဖေက သဘောတူတယ်ဆိုရင် ငါ့ကို သေချာပေါက် ပြောပြဦးနော်၊ စိတ်မပူပါနဲ့၊
မင်း တက္ကသိုလ်တက်နေတဲ့ အချိန်မှာ ငါ အိမ်မှာ ငါတို့ရဲ့အဖေကို ကူညီပြီး စောင့်ရှောက်ပေးပါ့မယ်”
စုဝေ့ချင်း : “...”
ဘယ်သူက မင်းကို “ငါတို့အဖေ”လို့ ခေါ်ခိုင်းလို့လဲ။ မင်းကတော့ တကယ်ကို အရှက်မရှိတဲ့သူပဲ။
ရှုဝမ်ချန်က ဥက္ကဌယို၏ အဖိုးတန်လက်အောက်ငယ်သားတစ်ဦးဟူသောနာမည်နှင့်အညီ သူ၏ အရှက်မရှိမှုကလည်း အံ့ဩစရာကောင်းလောက်အောင် တူညီလွန်း၏။
သူက စုဝေ့ချင်းက ခေါင်းကိုညိတ်ပြသည်အထိ အတင်းအကျပ်ပူဆာနေခဲ့သည်။
ထို့နောက် နောက်ဆုံးတွင် စုဝေ့ချင်းက ခေါင်းကို ညိတ်ပြလိုက်သည့် အချိန်မှသာ သူက ကျေနပ်အားရစွာဖြင့် အိမ်သို့ ပြန်သွားခဲ့လေတော့၏။
နှမြောစရာကောင်းစွာဖြင့် ရှုဝမ်ချန်၏ စိတ်ကူးက မည်သည့်အချိန်မျှ ဖြစ်မြောက်မလာခဲ့ပေ။
စုဝေ့ဟိုင်က စုဝေ့ချင်း၏ စကားကို ကြားသိရသည်နှင့် ချက်ချင်းပင် သဘောတူလိုက်လေသည်။
မည်သို့ပင်ဖြစ်စေ ဤအိမ်က တက္ကသိုလ်ကျောင်းသားဇနီးမောင်နှံနှစ်ဦးလုံးပိုင်ဆိုင်ခဲ့ဖူးသော အိမ်ဖြစ်လေ၏။
ထိုအိမ်က ခရိုင်တစ်ခုလုံးရှိ ပိုင်မားခရိုင်တွင် တစ်အိမ်တည်းသာ ရှိနိုင်သောကြောင့် နိုင်ငံတော်အဆင့် ရတနာကဲ့သို့ပင် ရှားပါးလွန်းသည်။
ထို့အပြင် စုဝေ့ဟိုင်၏ အိမ်ကလည်း အမှန်တကယ်ပင် သေးငယ်လွန်း၍ ငြင်းပယ်ရန် အကြောင်းပြချက် မရှိပေ။
သုတေသနဌာန၏ အိမ်ရာဝင်းထဲမှ ပြောင်းရွှေ့ရန် အကြောင်းပြချက်ကလည်း အဆင်သင့် ရှိနေခဲ့လေသည်။
သူတို့၏မိဘများက အသက်အရွယ်ရလာကြပြီဖြစ်ပြီး တခြားသောသားသမီးများကလည်းအနားတွင် မရှိကြပေ။
ထို့ကြောင့် စုဝေ့ဟိုင်က မိဘများကို ကူညီစောင့်ရှောက်ရန်အတွက် အိမ်သို့ ပြန်လာရခြင်း ဖြစ်သည်။
ထို့အပြင် သူ၏သားကလည်း အသက်ကြီးလာခဲ့ပြီဖြစ်၍၊ ဝူလီက မည်မျှပင် စိတ်သဘောထားကောင်းသော်လည်း မိထွေးတစ်ဦးသာ ဖြစ်သည်။
လင်ပါသားနှင့် မိထွေးအကြားတွင် အမြဲတစေ အနေရခက်မှုတချို့ ရှိနေမြဲပင်။
အကယ်၍ သူတို့သာ အတူပြောင်းရွှေ့နေထိုင်ကြမည်ဆိုပါက ကလေးနှစ်ယောက်အနေဖြင့် တစ်ခုခုကို လိုအပ်လျှင် မိထွေးကို အားနာစွာ တောင်းဆိုနေမည့်အစား စုဝေ့မင်ကို တိုက်ရိုက်ပြောဆိုနိုင်ပေလိမ့်မည်။
စုဝေ့မင်နှင့် သူ၏ဇနီးတို့ကလည်း ဝမ်းသာသွားကြရလေ၏။
တတိယသားထွက်ခွာသွားသော်လည်း အကြီးဆုံးသားက ရောက်ရှိလာမည်ဖြစ်၍ မီးဖိုချောင်ကို ပြန်လည်၍ ဖျက်ဆီးရန် မလိုအပ်တော့ပေ။
အကယ်၍ စိတ်မပျော်ရွှင်သူ ရှိမည်ဆိုပါက ဝူလီသာ ဖြစ်ပေလိမ့်မည်။
သူမက အိမ်ထောင်ကျကတည်းက သူမ၏ ကိုယ်ပိုင်ဘဝလေးဖြင့် သီးခြားနေထိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခုအချိန်တွင် ယောက္ခမ၏ အိမ်ဘေးသို့ပြောင်းရွှေ့ရတော့မည်။
ထိုသို့နေထိုခြင်းက သူမအပေါ် မည်မျှအထိ ဖိအားများကို ဖြစ်ပေါ်စေမည်ကို စိတ်ကူးကြည့်နိုင်လေ၏။
ထို့အပြင် ဤနှစ်များအတွင်း ဝူလီက စုဝေ့မင်တို့ဇနီးမောင်နှံနှစ်ဦးက သူမထက်စာလျှင် လီရှန်းကို ပို၍ မျက်နှာသာပေးသည်ဟု အမြဲ
ခံစားနေခဲ့ရသူ ဖြစ်သည်။
သူတို့က မပြောင်းရွှေ့ရသေးမီ အချိန်ကတည်းကပင် ယောက္ခမနှင့် မည်သို့အဆင်ပြေအောင် နေထိုင်ရမည်နည်းဟူသော အချက်ကြောင့် သူမက ခေါင်းခဲနေခဲ့ရ၏။
“ကောင်းတဲ့အရာတွေက ဝေးလံတဲ့နေရာမှာပဲ ရှိတတ်ပြီး၊ မကောင်းတဲ့အရာတွေကတော့ အနားနားကနေပဲ ရောက်လာတတ်တာမျိုးပဲ”
နောက်ပိုင်းကျရင် ယောက္ခမဖြစ်သူက သူမအပေါ် ပြဿနာရှာမလားဆိုသည်ကို သူမက မတွေးဘဲ မနေနိုင်ခဲ့ပေ။
စုမိသားစုက အိမ်တွင်းရေးအရ အိမ်ကိစ္စကို ဖြေရှင်းပြီးနောက် မည်သည့်ဆူညံသံမျှ ထွက်ပေါ်အောင် မပြုလုပ်ခဲ့ကြပေ။
နောက်ပိုင်းရက်များတွင် လူတချို့က အိမ်ကိစ္စနှင့် ပတ်သက်၍ လာရောက်ပြောဆိုကြသော်လည်း စုဝေ့မင်တိုဇနီးမောင်နှံနှစ်ဦးက ခေါင်းညိတ်ခြင်းလည်း မပြု၊ ခေါင်းခါခြင်းလည်း မပြုဘဲ နေခဲ့ကြလေ၏။
မကြာသေးမီက ဝင်းထဲရှိ အကြီးဆုံးသော သတင်းအကြောင်းအရာက စုမိသားစုမှ စုဝေ့ချင်းတို့ဇနီးမောင်နှံ၏ အိမ်ကိစ္စပင် ဖြစ်နေခဲ့လေသည်။