← Chapters

အခန်း ၁၇၃

Vol. 18 Ch. 173

အခန်း ၁၇၃

Vol. 18 Ch. 173

အခန်း (၁၇၃) - ဆယ်နှစ်တာ ကာလ (၁)

ညကောင်းကင်ယံထက်တွင် မည်းမှောင်နေသော တိမ်တိုက်များက ဖုံးလွှမ်းနေ၏။

ထိုမှိုင်းညှို့နေသော ကောင်းကင်ယံကြီးမှာ မြေပြင်သို့ ဖိနှိပ်ထားသကဲ့သို့ ရှိနေကာ အေးစိမ့်သော လေကြမ်းများကြားတွင် မိုးဖွဲဖွဲလေးများက ကမ္ဘာမြေပြင်ပေါ်သို့ ကျဆင်းနေလေသည်။

တောရိုင်းမြေရိုင်းထဲတွင် ရှေ့တွင်လည်း ရွာတစ်ရွာမှ မတွေ့ရသလို နောက်တွင်လည်း မြေပြင်ကို မမြင်ရဘဲ နေရာအနှံ့၌ မြက်ပင်များသာ ထူထပ်စွာ ပေါက်ရောက်နေ၏။

ရှေးဟောင်းလမ်းမကြီး တစ်ခုသာ ဝေးလံသော နေရာမှ သွယ်တန်းလာပြီး တစ်ကိုယ်တည်း ဆိတ်ငြိမ်စွာဖြင့် အဝေးတစ်နေရာသို့ ဆက်လက် ရှည်လျားသွားလေသည်။

ညကောင်းကင်ယံမှ မည်းမှောင်နေသော တိမ်တိုက်များကြားတွင် ထစ်ချုန်းသံများ ပဲ့တင်ထပ်နေကာ မြေကမ္ဘာ တစ်ခွင်၌ မိုးသည်းထန်စွာ ရွာသွန်းလာချေပြီ။

လောကကြီးမှာ ငြိမ်သက်အေးစက်နေပြီး လေသံနှင့် မိုးသံမှအပ နေရာတိုင်းမှာ မှောင်အတိ ကျနေ၏။

ထိုရှေးဟောင်း လမ်းမကြီးပေါ်တွင်မူ အထီးကျန်ဆီမီးအိမ်လေး တစ်လုံးမှာ လင်းလက်နေပြီး အလင်းရောင် အနည်းငယ်ကို ထုတ်လွှတ်ပေးထားလေသည်။

ဤသည်မှာ တောရိုင်းထဲရှိ အိမ်ငယ်လေးတစ်လုံး ဖြစ်ပြီး ပိုင်ရှင်မှာ မျိုးရိုးအမည် ဟိုဟုခေါ်သော အသက်လေးဆယ်ကျော် သက်လတ်ပိုင်း အမျိုးသားတစ်ဦး ဖြစ်လေသည်။

သူသည် ဤနေရာမှ တစ်ရက်ခရီး ကွာဝေးသော ရှောင်ချန်းမြို့တွင် မွေးဖွားခဲ့သူ ဖြစ်သည်။ ဤကဲ့သို့ ခြောက်ကပ်သော ရှေးဟောင်းလမ်းဘေးတွင် သူကိုယ်တိုင် အိမ်လေးတစ်လုံး တည်ဆောက်ကာ ခရီးသည်များကို အနားယူရန်နှင့် လက်ဖက်ရည် သောက်နိုင်ရန် နေရာပေးခြင်းဖြင့် ပင်ပင်ပန်းပန်း လုပ်ကိုင်စားသောက်နေခြင်း ဖြစ်လေသည်။

ယခုအချိန်တွင် ဆိုင်ရှင်ဟိုသည် သူ၏ ဆိုင်ကောင်တာ နောက်တွင် ထိုင်နေရင်း အပြင်ဘက်မှ မိုးသက်မုန်တိုင်းသံကို အာရုံစိုက် နားထောင်နေလေသည်။

သူသည် မျက်မှောင် အနည်းငယ် ကြုတ်လျက် သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်မိသည်။ ဤကဲ့သို့ ဆိုးရွားသော ရာသီဥတုမျိုးတွင် မည်သည့် ဖောက်သည်မှ လာတော့မည် မဟုတ်ချေ။

သူ၏ အိမ်ငယ်လေးမှာ ရှောင်ချန်းမြို့နှင့် ကုန်းစွန်းတောင်ကြားတွင် တည်ရှိပြီး ဆိုင်ရှေ့ရှိ ရှေးဟောင်းလမ်းမကြီးမှာ ရှေးယခင်ကတည်းက ကုန်သည်များနှင့် ခရီးသွားများ သွားလာရာ လမ်းမကြီး ဖြစ်သည်။

၎င်းသည် အရှေ့ဘက် အရပ်ရှိ ချန်ဟဲမြို့သို့ သွားရာ လမ်းကြောင်းလည်း ဖြစ်သဖြင့် အချိန်မရွေး ခရီးသွားများနှင့် စည်ကားနေတတ်၏။

ယခုကဲ့သို့ မုန်တိုင်းထန်သော ညတွင်မူ ဤအိမ်ငယ်လေးအတွင်း၌ လေနှင့် မိုးကို ခိုလှုံနေကြသော ဖောက်သည်အချို့မှာ အမှောင်ရိပ်သန်းနေသော အခန်းထဲတွင် တိတ်ဆိတ်စွာ ထိုင်နေကြလေသည်။

ဖောက်... ဖောက်...

ဆိုင်ရှင်ဟို၏ရှေ့ရှိ ဆီမီးခွက်မှ မီးစာမှာ အသံအနည်းငယ် ထွက်ပေါ်လာပြီး ထိုရိုးသားသော သက်လတ်ပိုင်း အမျိုးသားကို အိပ်ငိုက်နေရာမှ နိုးလာစေခဲ့လေသည်။

အပြင်ဘက်မှ မုန်တိုင်းသံများမှာ လှိုင်းတံပိုးများကဲ့သို့ တိုးဝင်လာပြီး ငိုရှိုက်သံများကဲ့သို့ပင် မြည်ဟည်းနေသည်။ ဒီညတော့ ထိုဖောက်သည်များ ပြန်နိုင်ကြတော့မည် မဟုတ်ချေ။

သူသည် တွေးတောရင်း ခေါင်းမော့ကာ ဆိုင်အတွင်းရှိ ဖောက်သည်များကို ကြည့်လိုက်၏။ ရိုးရှင်းသော အိမ်ငယ်လေးထဲတွင် စားပွဲငါးလုံးသာ ရှိပြီး စားပွဲသုံးလုံးတွင် ဖောက်သည်များ ထိုင်နေကြသည်။

ထောင့်အစွန်ဆုံး စားပွဲတွင် အမျိုးသား တစ်ဦးတည်း ထိုင်နေကာ ထိုနေရာမှာ ဆီမီးအလင်းရောင် ကောင်းစွာ မရောက်သည့် မှောင်ရိပ်ကျရာ နေရာ ဖြစ်၏။ ထိုသူမှာ တစ်ကိုယ်တည်း ထိုင်နေသဖြင့် သူ၏ မျက်နှာကိုပင် သဲသဲကွဲကွဲ မမြင်ရချေ။

အနီးအနားရှိ စားပွဲနှစ်လုံးအနက် တစ်လုံးတွင်မူ အမူအရာ ထူးခြားသော အဖိုးအိုတစ်ဦးနှင့် မိန်းကလေးတစ်ဦး ထိုင်နေကြလေသည်။

အဖိုးအို၏ လက်ဘေးရှိ စားပွဲတွင် ဝါးလုံးတစ်လုံးကို မှီထားပြီး ၎င်းတွင် ‘နတ်ဘုရားလမ်းညွှန်’ ဟူသော စာလုံးလေးလုံး ရေးသားထားသည့် အလံတစ်ခု ချိတ်ဆွဲထားလေသည်။ ကြည့်ရသည်မှာ သူသည် ရှေ့ဖြစ်ဟောတစ်ဦး ဖြစ်ပုံရ၏။

နောက်ဆုံး စားပွဲတွင်မူ လူအများဆုံး ထိုင်နေကြပြီး ကုန်သည်လေးဦး ဖြစ်လေသည်။ ၎င်းတို့၏ နောက်ကွယ်ရှိ ထောင့်တွင် ကုန်ပစ္စည်းများကို ပုံထားကာ ယခုအခါ လူငယ်တစ်ဦးမှာ ဆိုးရွားသော ရာသီဥတုကို အသာအယာ ညည်းညူနေလေသည်။

“ကဲ... တော်တော့... မပြောနဲ့တော့။”

ထိုလေးဦးထဲတွင် အသက်အကြီးဆုံး ဖြစ်ပုံရသော လူကြီးက အမိန့်ပေးလိုက်ပြီး ဆိုင်ရှင်ဟိုဘက်သို့ လှည့်ကာ အားနာသော လေသံဖြင့် ပြုံးလျက် ပြောလိုက်၏။

“ဆိုင်ရှင်ဟို... ဒီလောက် မိုးသည်းပြီး လေပြင်းနေတာတောင် ကျွန်တော်တို့ကြောင့် ခင်ဗျားပါ တစ်ညလုံး မအိပ်ဘဲ နေပေးနေရပြီ။”

ဆိုင်ရှင်က ပြုံးလျက် ခေါင်းခါပြလိုက်သည်။ ဤကုန်သည် တစ်စုမှာ ဤလမ်းမကြီးမှ မကြာခဏဖြတ်သန်းသွားလာလေ့ ရှိပြီး သူ၏ ဆိုင်တွင်လည်း မကြာခဏ နားတတ်သဖြင့် ဖောက်သည်ဟောင်းများဟု ဆိုနိုင်ပေသည်။ သူက ချက်ချင်းပင် ပြန်ပြောလိုက်၏။

“ရပါတယ်ဗျာ... ကျုပ်အတွက် တစ်ညလုံး မအိပ်ဘဲ နေရတာက အထူးအဆန်း မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီနေ့ နေ့ခင်းကတည်းက ကောင်းကင်မှာ တိမ်တွေ မှောင်နေတာကို ခင်ဗျားတို့က ဘာလို့ ခရီးဆက်နေကြတာလဲ။”

ထိုလူကြီးမှာ ဆိုင်ရှင်၏ စကားကြောင့် မှင်တက်သွားပြီး သူ၏ အဖော်များနှင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။ ထို့နောက် သူက ခါးသီးစွာ ရယ်မောလျက် ပြောလေသည်။

“တကယ်တော့ ရာသီဥတု ဆိုးနေတာကို ကျွန်တော်တို့ မသိတာ မဟုတ်ပါဘူး။ ဒါပေမဲ့ အိမ်နဲ့ဝေးတဲ့ နေရာမှာ ခရီးသွားနေရတော့ ကျွန်တော်တို့မှာလည်း အခက်အခဲတွေ ရှိလို့ပါ။”

လူကြီးဖြစ်သူက သူ၏ ရှေ့ရှိ ခွက်ကို မကာ တစ်ကျိုက်တည်း သောက်လိုက်ပြီးနောက် ပြောလေသည်။

“ဆိုင်ရှင်ဟို... အခုခေတ်ကာလကြီးက နေရထိုင်ရ ခက်ခဲလွန်းတယ်ဗျ။”

ဆိုင်ရှင်က အံ့အားသင့်သွားပြီး မေးလိုက်၏။

“ဘာတွေ ဖြစ်လို့လဲဗျ။”

ထိုလူကြီးက ခါးသီးစွာ ပြုံးလျက် ပြောလိုက်သည်။

“လွန်ခဲ့တဲ့ ဆယ်နှစ်ကတည်းက ပျောက်ကွယ်နေတာ ကြာပြီဖြစ်တဲ့ နတ်ဆိုးဂိုဏ်းတွေ ရုတ်တရက် ပြန်ပေါ်လာတယ်။”

ချင်းယွင်တောင်မှာလည်း သူတို့တွေက လမ်းမှန်ဂိုဏ်းတွေနဲ့ အကြီးအကျယ် တိုက်ပွဲဖြစ်ခဲ့တယ်လို့ ကြားမိတယ်”

“အဲဒီနောက်ပိုင်း ဆယ်နှစ်အတွင်းမှာ နတ်ဆိုးဂိုဏ်းတွေက အနှိမ်နင်း မခံရတဲ့အပြင် တစ်နေ့ထက်တစ်နေ့ ပိုပြီး အင်အားကြီးလာတယ်။ ဘယ်နေရာသွားသွား သူတို့တွေနဲ့ လမ်းမှန်ဂိုဏ်းတွေ တိုက်ခိုက်နေတာကိုပဲ ကြားနေရတာ။”

ဆိုင်ရှင်ဟိုက တိတ်ဆိတ်စွာဖြင့် သဘောတူလိုက်၏။ လူကြီးက သက်ပြင်းချရင်း ဆက်ပြောလေသည်။

“သူတို့တွေ တိုက်တာကတော့ သူတို့ကိစ္စပေါ့လေ။ ကျွန်တော်တို့လို သာမန်လူတွေကတော့ ဝင်ပါနိုင်တဲ့ အရာမဟုတ်ဘူး။ ဒါပေမဲ့ ဒီတိုက်ပွဲတွေကြောင့် တစ်လောကလုံး ရှုပ်ထွေးကုန်ပြီ”

“အခုဆို ဓားပြတွေနဲ့ သူခိုးတွေက နေရာအနှံ့မှာ သောင်းကျန်းနေကြတယ်။ ခရီးသွားပြီး အလုပ်လုပ်နေရတဲ့ ကျွန်တော်တို့ဆိုရင် ဓားပြနဲ့ တွေ့မလားဆိုပြီး နေ့တိုင်းထိတ်လန့်နေရတယ်”

“ဒါကြောင့်ပဲ ခရီးကို အမြန်နှင်နေရတာ။ မမျှော်လင့်ဘဲ ဒီမုန်တိုင်းကြောင့် ဒီမှာသောင်တင်နေရပြီး ဆိုင်ရှင်ဟိုကို ဒုက္ခပေးသလို ဖြစ်သွားတာပဲ။”

ဆိုင်ရှင်ဟိုက ခေါင်းခါလျက် ပြောလိုက်၏။

“ကိစ္စမရှိပါဘူး... စိတ်ထဲ မထားပါနဲ့...”

သူ စကားပြောနေစဉ်မှာပင် ထောင့်စွန်းမှ အေးစက်သော အသံတစ်သံ ထွက်ပေါ်လာလေသည်။

“ဒါဆို ခင်ဗျား ပြောပုံအရ အခုလောကကြီးမှာ ဖြစ်ပျက်နေတဲ့ ရှုပ်ထွေးမှုတွေ၊ ဓားပြတွေ သောင်းကျန်းနေတာတွေ အားလုံးက နတ်ဆိုးဂိုဏ်းတွေကြောင့်လို့ပဲ ခင်ဗျား ယုံကြည်နေတာလား။”

ထိုလူကြီးမှာ အံ့အားသင့်သွားပြီး ဘာမှ ပြန်မပြောနိုင်ခင်မှာပင် ရှေ့စားပွဲရှိ ဗေဒင်ဆရာနှင့် မိန်းကလေးတို့မှာလည်း လှည့်ကြည့်လာကြ၏။ ထိုမိန်းကလေး၏ မျက်လုံးများမှာ တောက်ပနေပြီး ချစ်စဖွယ်ကောင်းသော ပါးချိုင့်လေးများ ရှိနေလေသည်။

သူမက ရုတ်တရက် ပြုံးလိုက်ပြီး ကုန်သည်ကြီးကို ခေါ်လိုက်လေသည်။

“ဦးလေးကြီး..”

လူကြီးက သူမကို ကြည့်ကာ မေးလိုက်သည်။

“ဘာကိစ္စလဲ သမီးလေး။”

မိန်းကလေးက အသာအယာ ပြောလေသည်။

“ဦးလေးကြီးရဲ့ မျက်နှာက ပိန်ပြီး အရေးအကြောင်းတွေ များပေမဲ့ မျက်နှာကျကတော့ မပျက်စီးသေးဘူး”

“ဒါဟာ ဦးလေးရဲ့ ဘဝမှာ အနိမ့်အမြင့်တွေ အများကြီးရှိခဲ့ပေမဲ့ အသက်အန္တရာယ် မရှိဘဲ ဘေးကင်းမှာကို ပြနေတာပဲ။ ဒါပေမဲ့ နဖူးအလယ်ကနေ ဘေးဘက်ကို ခြောက်မှတ်လောက် အကွာမှာ အမာရွတ်သေးသေးလေး တစ်ခု ရှိနေတယ်”

“အဲဒါက ဦးလေးရဲ့ ဇာတာလမ်းကြောင်းကို ပိတ်ဆို့နေတာပဲ။ ဒါဟာ ဦးလေး အသက်ကြီးလာတဲ့အခါ ဘေးဒုက္ခကြီးတစ်ခု ကြုံရနိုင်တယ်လို့ ဆိုလိုတာပဲ။ ဦးလေးရဲ့ အသက်အရွယ်အရဆိုရင် စကားကို နည်းနည်း လျှော့ပြောတာက ဘေးဒုက္ခကို လျော့ပါးစေပါလိမ့်မယ်။”

ကုန်သည်တစ်စုလုံး မျက်နှာပျက်သွားကြ၏။ လူကြီးဖြစ်သူမှာ မတ်တပ်ရပ်လျက် ထိုအဖိုးအိုနှင့် မိန်းကလေးကို စိုက်ကြည့်နေသော်လည်း ၎င်းတို့ နှစ်ဦးမှာမူ ဘာမှ မဖြစ်သကဲ့သို့ တည်ငြိမ်နေကြသည်။

ခဏအကြာတွင် လူကြီးမှာ တွေးတောနေဟန်ဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီးနောက် ပြန်ထိုင်ကာ မိန်းကလေးကို လက်အုပ်ချီလျက် ပြောလိုက်၏။

“လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မိန်းကလေး။”

သူ ပြန်ထိုင်လိုက်သည်နှင့် ဆိုင်လေးအတွင်း ချက်ချင်း တိတ်ဆိတ်သွားလေသည်။ ထောင့်ရှိ လျှို့ဝှက်ဆန်းကြယ်သော လူမှာလည်း ထပ်မံစကားမပြောတော့ချေ။

သို့သော် ညတာမှာ ရှည်လျားလွန်းသဖြင့် အချိန်အတော်ကြာပြီးနောက် ကုန်သည်များမှာ ပြန်လည် စကားပြောလာကြပြန်သည်။

၎င်းတို့ ပြောသမျှမှာ လွန်ခဲ့သော ဆယ်နှစ်က ချင်းယွင်တောင်တွင် ဖြစ်ပွားခဲ့သော လမ်းမှန်နှင့် မိစ္ဆာဂိုဏ်းတို့အကြား တိုက်ပွဲကြီး အကြောင်းသာ ဖြစ်လေသည်။

ဤကုန်သည်များမှာ သာမန်လူများ ဖြစ်သဖြင့် တိုက်ပွဲကို ကိုယ်တိုင် မမြင်ခဲ့ရသော်လည်း ကောလာဟလများမှာ ပျံ့နှံ့နေပြီ ဖြစ်၏။

ထို့အပြင် ကျင့်ကြံသူများမှာ လူမြင်ကွင်းသို့ ထွက်လေ့မရှိသဖြင့် သာမန်လူများအတွက် အတင်းအဖျင်း ပြောရန် အကောင်းဆုံး ခေါင်းစဉ် ဖြစ်နေပေသည်။

၎င်းတို့ စကားပြောရင်း လူငယ်အချို့၏ အသံမှာ ကျယ်လောင်လာသဖြင့် ကျန်ရှိနေသော လူများမှာလည်း အာရုံစိုက် နားထောင်လာကြ၏။

“ဒါနဲ့ပဲ အဲဒီအချိန်မှာ ချင်းယွင်ဂိုဏ်းက အခြေအနေ အတော်လေး ဆိုးနေပြီ။ ကံကောင်းလို့ တာအိုရွှမ်က သူရဲ့စွမ်းအားကို သုံးပြီး လက်ညှိုးနဲ့ အသာလေး တို့လိုက်တာနဲ့ ကောင်းကင်ကနေ မိုးကြိုးတွေ တစ်ဝုန်းဝုန်း ကျလာတော့တာပဲ”

“အဲဒီ အသံကြီးက မိုင်ပေါင်းရာချီတဲ့အထိ ကြားရပြီး နတ်ဆိုးဂိုဏ်းတွေလည်း ထွက်ပြေးကုန်ကြရတာပေါ့။”

“လျှောက်ပြောနေတာပဲ”

ရုတ်တရက် အေးစက်သော ဟန့်တားသံတစ်သံ ထွက်ပေါ်လာ၏။ ၎င်းမှာ မိန်းကလေးနှင့်အတူ ထိုင်နေသော ထူးခြားသည့် အဖိုးအိုထံမှ ဖြစ်လေသည်။ အားလုံးက အံ့အားသင့်စွာ ကြည့်လိုက်သောအခါ အဖိုးအိုက ဆက်ပြောလေသည်။

“တာအိုရွှမ်က မင်းတို့ပြောသလောက်သာ စွမ်းရင် ချင်းယွင်တောင် တိုက်ပွဲမှာ ချင်းယွင်ဂိုဏ်းက လူတွေ အများကြီးသေမလား”

“တောင်ထိပ်သခင်ခုနစ်ယောက်ထဲက နှစ်ယောက်တောင် အသက်ဆုံးရှုံးခဲ့ရတာ။ စီနီယာတွေနဲ့ တပည့်တွေလည်း အများကြီး ဒဏ်ရာရကုန်တာပဲ”

“မင်းတို့က နတ်ဆိုးဂိုဏ်းက လူတွေကို ထမင်းအလကားစားတဲ့ လူတွေလို့ ထင်နေတာလား။”

အားလုံးမှာ စကားမဆိုနိုင်ဘဲ မှင်တက်သွားကြ၏။ ဘေးရှိ မိန်းကလေးက မျက်မှောင်ကြုတ်လျက် တိုးတိုးလေး ပြောလိုက်သည်။

“အဖိုး... သမီးက သူတို့ကို စကားအများကြီး မပြောဖို့ တားထားတာကို အဖိုးက ဘာလို့ ဒီလောက် စကားများနေရတာလဲ။”

အဖိုးအိုက ဟီးဟီးရယ်မောလျက် ခန့်ညားသော မျက်နှာထားဖြင့် ပြန်ပြောလိုက်၏။

“ရှောင်ဟွမ်... ငါ့ကို လာမခြောက်ပါနဲ့။ ငါ့ဘဝကို ငါကိုယ်တိုင် တွက်ချက်ထားပြီးသားပဲ။ ငါ့ဘဝ တစ်လျှောက်လုံး လှည့်လည်သွားလာနေရပေမဲ့ အသက်ကြီးလာရင် ကံကောင်းပြီး မိသားစုဝင်တွေ အနားမှာ ရှိနေတုန်း အေးအေးချမ်းချမ်း သေရမှာ။ ဟီးဟီး... ကိစ္စမရှိပါဘူး... ကိစ္စမရှိပါဘူး။”

All Chapters