အခန်း ၁၇၄
Vol. 18 Ch. 174
အခန်း (၁၇၄) - ဆယ်နှစ်တာ ကာလ (၂)
မိန်းကလေးမှာ လက်ဖက်ရည် သောက်နေရင်း သူ၏ စကားကြောင့် သီးသွားကာ အဖိုးအိုကို စိုက်ကြည့်နေသော်လည်း အဖိုးအိုမှာမူ အလွန်ကျေနပ်နေပုံရလေသည်။
ဤအဖိုးအိုနှင့် မိန်းကလေးမှာ လောကအနှံ့ လှည့်လည်သွားလာနေသော ဗေဒင်ဆရာ ကျိုးယီရှန်နှင့် သူ၏ မြေးမလေး ရှောင်ဟွမ်တို့ပင် ဖြစ်ကြ၏။
ချင်းယွင်တောင် တိုက်ပွဲကြီး ပြီးဆုံးခဲ့သည်မှာ ဆယ်နှစ်တိုင်ခဲ့ပြီ ဖြစ်သဖြင့် ရှောင်ဟွမ်မှာလည်း အရွယ်ရောက်ပြီး လှပသော မိန်းကလေးတစ်ဦး ဖြစ်လာခဲ့ပြီ ဖြစ်သည်။ သို့သော် သူမသည် ကျိုးယီရှန်နှင့်အတူ လောကအနှံ့ ဆက်လက်သွားလာနေဆဲပင်။
ယခုအခါ ကျိုးယီရှန်သည် စကားပြောချင်စိတ် ပြင်းပြလာသဖြင့် လူစိမ်းများ ဖြစ်သော်လည်း ထိုင်ခုံကို ဆွဲကာ ကုန်သည်များကြားတွင် ထိုင်လျက် ချင်းယွင်တောင် တိုက်ပွဲအကြောင်းကို ကြွားဝါပြောဆိုနေလေသည်။ ရှောင်ဟွမ်မှာ စိတ်ပျက်နေသော်လည်း တားမရတော့ချေ။
ကျိုးယီရှန်မှာ စကားပြောကောင်းသူ ဖြစ်သည့်အပြင် လောကအနှံ့ သွားလာနေသူ ဖြစ်သည်။
သူ၏ ပုံပြောစွမ်းရည်မှာ အသက်ဝင်လွန်းသဖြင့် စောစောက လူငယ်များထက် သာလွန်နေပြီး ဆိုင်ရှင်ဟိုပင်လျှင် စိတ်ဝင်စားကာ လာရောက် နားထောင်နေလေသည်။
လူအများမှာ ကျိုးယီရှန်၏ အသေးစိတ် ပြောပြချက်များကို နားထောင်ရင်း ရယ်မောနေကြ၏။
“ဟာ...”
စိတ်လှုပ်ရှားစရာ အပိုင်းသို့ ရောက်သောအခါ လူငယ်အချို့က ပြိုင်တူ ရေရွတ်လိုက်ကြပြီး တစ်ဦးက မေးလိုက်၏။
“ဦးလေးကြီး... ဦးလေးက အဲဒီနေရာမှာ ကိုယ်တိုင်ရှိနေခဲ့တာလား။ ဘယ်လိုလုပ် ဒီလောက်အသေးစိတ် သိနေရတာလဲ။”
ကျိုးယီရှန်မှာ ခေတ္တမျှ မှင်တက်သွားပြီးနောက် သူ၏ အဝတ်အစားများကို အသာအယာ ခါလျက် သက်ပြင်းချကာ ပြောလိုက်၏။
“ဒီလို သတ်ဖြတ်တိုက်ခိုက်မှုတွေထဲမှာ ငါက မပါချင်တော့ပါဘူး။ ချင်းယွင်ဂိုဏ်းက မျိုးဆက်သစ်တွေကိုပဲ လွှတ်ထားပေးလိုက်တာပါ။”
အားလုံးမှာ အံ့အားသင့်ကာ ရိုသေလေးစားသွားကြ၏။ သို့သော် ထိုအချိန်တွင် ဘေးမှ ရှောင်ဟွမ်က သောက်နေသော လက်ဖက်ရည်များကို ထွေးထုတ်လိုက်ပြီး တဟွတ်ဟွတ် ချောင်းဆိုးလေတော့သည်။
ကျိုးယီရှန်က သူမကို တစ်ချက် ကြည့်လိုက်ပြီးနောက် ပြန်လည် ရယ်မောပြလိုက်၏။ ထိုအချိန်တွင် လူငယ်တစ်ဦးက မေးလိုက်ပြန်သည်။
“ဒါဆို ဦးလေး... နောက်ဆုံးမှာ ချင်းယွင်ဂိုဏ်းက ကျန်းမျိုးရိုးနဲ့ တပည့်က ဘာဖြစ်သွားလဲ။ သူက ဂိုဏ်းကနေ တကယ်ပဲ နှင်ထုတ်ခံလိုက်ရတာလား။”
ကျိုးယီရှန်က မျက်မှောင်ကြုတ်ကာ ခေတ္တတိတ်ဆိတ်သွားပြီးမှ ခေါင်းခါလျက် ပြောလိုက်၏။
“အဲဒါတော့ ငါလည်း သေချာ မသိဘူး။ အဲဒီတုန်းက အခြေအနေက အရမ်း ရှုပ်ထွေးနေတာ။ ကျန်းရှောင်ဖန်းက သတိလစ်သွားပြီး နတ်ဆိုးဂိုဏ်းသားတွေ ခေါ်သွားတာကိုပဲ သိရတယ်။ အဲဒီနောက်ပိုင်း သူ့အကြောင်း ဘာမှ မကြားရတော့ဘူး။”
လူအုပ်ကြီးမှာ သက်ပြင်းချလိုက်ကြ၏။ အမှန်စင်စစ် ကျန်းရှောင်ဖန်း၏ အကြောင်းမှာ ချင်းယွင်ဂိုဏ်းနှင့် ထျန်းယင်းကျောင်းတော်တို့၏ အရေးကြီးသော လျှို့ဝှက်ချက် ဖြစ်သဖြင့် ပြင်ပလူများကို ပြောပြလေ့ မရှိချေ။
သို့သော် ထိုနေ့က လူအများအပြား ရှိနေသဖြင့် အချိန်ကြာလာသည်နှင့်အမျှ ကောလာဟလများ ပျံ့နှံ့လာခြင်း ဖြစ်သည်။ သို့သော် ကျိုးယီရှန် ပြောပြနေပုံမှာမူ သူကိုယ်တိုင် ထုံထျန်းတောင်ထိပ်တွင် ရှိနေခဲ့သည့်အလားပင်။
ဆိုင်ရှင်ဟိုက သက်ပြင်းချလျက် ပြောလိုက်၏။
“အဲဒီ လူငယ်လေး အခု ဘယ်လိုနေမလဲ မသိဘူးနော်။”
“သူ အခု ဘယ်လိုနေလဲ ဟုတ်လား။”
ထောင့်တွင် ထိုင်နေသော လျှို့ဝှက်ဆန်းကြယ်သည့်လူက ထပ်မံစကားပြောလာပြန်သည်။
ကျိုးယီရှန်က ထိုမှောင်ရိပ်ထဲရှိ လူကို လှည့်ကြည့်ကာ မေးလိုက်၏။
“ဘာလဲ ညီလေး... မင်းက သိလို့လား။”
ထိုလူမှာ ခေတ္တ တိတ်ဆိတ်သွားပြီးမှ အေးအေးလူလူ ပြောလိုက်လေသည်။
“သိတာပေါ့... ဒါပေမဲ့ ခင်ဗျားတို့ သူ့ကို တစ်ခါမြင်ခဲ့ဖူးရင်တောင် အခုဆိုရင် မှတ်မိကြတော့မှာ မဟုတ်ဘူး။”
ရှောင်ဟွမ်က မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
“သူ ဘာဖြစ်သွားလို့လဲ။”
သို့သော် ထိုလူမှာ ထပ်မံစကားမဆိုတော့ပေ။
အပြင်ဘက်မှ မုန်တိုင်းမှာ ကောင်းကင်နှင့် မြေပြင်ကို ဖုံးလွှမ်းထားဆဲ ဖြစ်ပြီး ဝမ်းနည်းမှု အငွေ့အသက်များမှာ ပိုမိုထူထပ်လာလေသည်။
ကုန်းစွန်းတောင်ထိပ်၊ လင်းနို့ဂူ
လွန်ခဲ့သော နှစ်ပေါင်းရှစ်ရာက ဤနေရာမှာ နတ်ဆိုးဂိုဏ်း အကြီးအကဲ ဟေရှင်းအဖိုအိုက သွေးသန့်စင်ဂိုဏ်း၏ ရွှေရောင်လွှမ်းသော ခေတ်ကို စတင်ခဲ့သည့် နေရာဖြစ်သည်။
သူသည် နတ်ဆိုးဂိုဏ်း တစ်ခုလုံးကို အုပ်ချုပ်ကာ လောကကြီးကို ခြောက်လှန့်ခဲ့၏။ သို့သော် ယခုအခါ နောက်မျိုးဆက် တပည့်များမှာ အသုံးမကျသဖြင့် ဤနေရာမှာ ခြောက်ကပ် ပျက်စီးနေရချေပြီ။
လင်းနို့တစ်သောင်းဂူ၏ အနက်ရှိုင်းဆုံးတွင် ရှိသော စွန့်ပစ်ချောက်ကမ်းပါးမှာမူ ယခုအခါ ဘယ်က ရောက်လာမှန်း မသိသော ရန်သူအမြောက်အမြား၏ သိမ်းပိုက်ခြင်းကို ခံထားရလေသည်။
ကျောက်ဆောင်ကြီး တစ်ခု၏ ဘေးတွင် ရှေးဟောင်း စာလုံးများဖြင့် ‘စွန့်ပစ်ချောက်ကမ်းပါး’ ဟူသော စာလုံးကြီး သုံးလုံးကို ထွင်းထုထား၏။
သွေးသန့်စင်ဂိုဏ်း၏ နောက်ဆုံးမျိုးဆက် တပည့်များမှာ ဤနေရာတွင် စုဝေးနေကြပြီး ကျောဘက်တွင် ကျောက်ဆောင်ကြီး ရှိနေသည်။ နောက်ထပ် ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မည် ဆိုပါက ချောက်နက်ကြီးထဲသို့ ကျသွားပေလိမ့်မည်။
၎င်းတို့မှာ ခေါင်းဆောင်နျန်၊ လျိုကောင်း၊ ခွေးရိုင်းတာအိုဆရာ အပါအဝင် လူဆယ်ယောက်ပင် မပြည့်တော့ချေ။ ၎င်းတို့မှာ ဒဏ်ရာများ ရထားကြပြီး မျက်နှာများမှာလည်း ထိတ်လန့်နေကြသည်။
၎င်းတို့ ရှေ့ရှိ မြေပြင်ပေါ်တွင် အလောင်းများစွာ ပြန့်ကျဲနေပြီး ဝတ်ရုံနက် ဝတ်ဆင်ထားသူ အမြောက်အမြားက ဝိုင်းရံထားကြ၏။ ထိုလူများ၏ ရင်ဘတ်တွင် လူ့ဦးခေါင်းခွံ ပုံစံများကို ချုပ်လုပ်ထားလေသည်။
ခေါင်းဆောင်နျန်သည် အသက်ကို ပြင်းပြင်းရှူကာ စိတ်ကို ထိန်းချုပ်လိုက်သော်လည်း သူ၏ အသံမှာ အက်ကွဲနေသည်ကို သတိထားမိလိုက်၏
“သရဲဘုရင်ဂိုဏ်းက မိတ်ဆွေတို့... ကျွန်တော်တို့ သွေးသန့်စင်ဂိုဏ်းက နတ်ဆိုးဂိုဏ်းကြီး လက်အောက်မှာ သေးငယ်တဲ့ အဖွဲ့အစည်းလေး တစ်ခုပါ”
“သရဲဘုရင်ဂိုဏ်းကို ဘယ်တုန်းကမှ မပြစ်မှားဖူးပါဘူး။ သရဲဘုရင် ခေါင်းဆောင်ကြီးက ဘာလို့ ကျုပ်တို့ကို ဒီလို ဆက်ဆံရတာလဲ။”
“ဟမ့်”
ဝတ်ရုံနက် ဝတ်ထားသူများ ကြားမှ နှာခေါင်းရှုံ့သံ ထွက်ပေါ်လာ၏။ သူ၏ ရင်ဘတ်တွင် ရွှေရောင်ဦးခေါင်းခွံ ပုံစံကို ချုပ်လုပ်ထားသဖြင့် အခြားလူများနှင့် ကွဲပြားနေလေသည်။ ထိုခေါင်းဆောင် ဖြစ်ပုံရသူက အေးစက်စွာ ပြောလိုက်၏။
“ခေါင်းဆောင်နျန်... အခု နတ်ဆိုးဂိုဏ်းရဲ့ အခြေအနေက ရှင်းနေတာပဲ။ ကျွန်တော်တို့ ဂိုဏ်းချုပ်ကြီးက ခင်ဗျားဆီကို စာတွေ အကြိမ်ကြိမ် ပို့ခဲ့ပေမဲ့ ခင်ဗျားကတော့ လေတိုက်ရာ ယိမ်းတဲ့ မြက်ပင်လိုပဲ”
“ဒီနေ့ ကျုပ်တို့နဲ့ ပေါင်းလိုက်၊ မနက်ဖြန်ကျတော့ သက်ရှည်ခန်းမကို သွားဖားလိုက်နဲ့။ ခင်ဗျားရဲ့ စိတ်ထဲမှာ ကျုပ်တို့ ဂိုဏ်းချုပ်ကြီးကို လုံးဝတန်ဖိုးမထားဘူး မဟုတ်လား။”
ခေါင်းဆောင်နျန်၏ မျက်နှာမှာ ဖြူလျော်သွား၏။ ယခုအခါ နတ်ဆိုးဂိုဏ်းအတွင်းရှိ အင်အားကြီး ဂိုဏ်းလေးခုမှာ အာဏာလုပွဲများ ပိုမိုပြင်းထန်လာလေသည်။
သေးငယ်သော အဖွဲ့အစည်းများမှာလည်း လျို့ဝှက်ဆန်းကြယ်သော လူတစ်ဦး၏ ချေမှုန်းခံနေရကြောင်း ကြားသိနေရသည်။
ယခုအခါ သရဲဘုရင်ဂိုဏ်းက အလုံးအရင်းနှင့် တိုက်ခိုက်လာသဖြင့် သူ နှစ်ပေါင်းများစွာ ကြိုးစားတည်ဆောက်ခဲ့သော သွေးသန့်စင်ဂိုဏ်းမှာ ပျက်စီးလုနီးပါး ဖြစ်နေချေပြီ။
ဝတ်ရုံနက်နှင့် လူက လှောင်ပြုံးပြုံးလျက် ဆက်ပြောလေသည်။
“ခေါင်းဆောင်နျန်... ကျုပ် ထပ်ပြောမယ်။ ကျုပ်တို့ ဂိုဏ်းချုပ်ကြီးက အစွမ်းထက်ပြီး အမြော်အမြင် ရှိတဲ့သူပဲ။ နတ်ဆိုးဂိုဏ်း တစ်ခုလုံးကို သူ စုစည်းမယ့်နေ့က သိပ်မဝေးတော့ဘူး”
“သူက ခင်ဗျားကို အထင်ကြီးလို့ သွေးသန့်စင်ဂိုဏ်းကို အခွင့်အရေး ပေးနေတာ။ ခင်ဗျားကတော့ အခွင့်အရေးကို မသိတတ်ဘူး ဖြစ်နေတယ်။”
နောက်ဆုံး စကားများမှာ ခြိမ်းခြောက်မှုများ ပါဝင်နေလေသည်။
ခေါင်းဆောင်နျန်မှာ ချွေးများ ပြန်လာ၏။ သွေးသန့်စင်ဂိုဏ်းမအနေဖြင့် သရဲဘုရင်ဂိုဏ်းကို ဘယ်လိုမှ မယှဉ်နိုင်သော်လည်း ဘိုးဘေးများ လက်ထက်ကတည်းက ဆင်းသက်လာသော အမွေအနှစ်ကို သူ၏ လက်ထက်မှာ ဖျက်ဆီးလိုက်ရမည် လော။
ဆုံးဖြတ်ချက် ချရန်မှာ မလွယ်ကူလှချေ။
ဝတ်ရုံနက်နှင့် လူက ခေါင်းဆောင်နျန်၏ တွေဝေနေမှုကို မြင်သောအခါ မျက်နှာမှာ အေးစက်သွားပြီး ပြောလိုက်၏။
“ခေါင်းဆောင်နျန်... ကျုပ် တစ်ခု ပြောပြမယ်။ အခု ခင်ဗျား ရင်ဆိုင်နေရတာက ကျုပ် ဖြစ်နေလို့ ကံကောင်းတယ်လို့ မှတ်ပါ။ ကုန်းစွန်းတောင်ကို တိုက်ခိုက်ဖို့ ဘယ်သူ ဦးဆောင်လာလဲ သိလား။”
ခေါင်းဆောင်နျန်၏ ခန္ဓာကိုယ်မှာ တုန်ရင်သွား၏။
“ခင်ဗျား ခန့်မှန်းမိတယ် မဟုတ်လား။ ဟုတ်တယ်... ကျွန်တော်တို့ သရဲဘုရင်ဂိုဏ်းရဲ့ ဒုတိယဂိုဏ်းချုပ် ‘ကွေ့လိ’ပဲ။ သူသာ ဒီကို ရောက်လာရင် ခင်ဗျားတို့ရဲ့ အဆုံးသတ်က...”
သူ့စကား မဆုံးခင်မှာပင် ဘေးမှ တစ်ဦးက အသာအယာ ချောင်းဆိုးလိုက်၏။ ဝတ်ရုံနက်နှင့် လူ၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားပြီး တစ်စုံတစ်ခုကို တွေးမိပုံရကာ ဖြူလျော်သွားလေသည်။ ထိုအမည်မှာ သူ့အတွက်ပင် အလွန် ကြောက်စရာ ကောင်းနေပုံရ၏။
ထိုအချိန်တွင် ရုတ်တရက် သွေးညှီနံ့များ ပျံ့လွင့်လာပြီး တစ်နေရာလုံးကို ဖုံးလွှမ်းသွားလေသည်။ သရဲဘုရင်ဂိုဏ်းသားများမှာ ချက်ချင်းပင် သတိအနေအထားဖြင့် ပြင်လိုက်ကြ၏။
ခေါင်းဆောင် ဖြစ်သူ၏ မျက်နှာမှာလည်း ဖြူလျော်နေပြီး သေချာကြည့်ပါက မျက်ခမ်းများ တဆတ်ဆတ် တုန်နေသည်ကို တွေ့ရလေသည်။
မည်ကဲ့သို့သော လူမျိုးမို့လို့ ဤမျှ ကြောက်နေရသနည်း။
ခြေသံများမှာ အဆုံးမရှိသော မှောင်မိုက်သည့် ချောက်နက်ကြီး၏ အနက်ရှိုင်းဆုံးမှ တဖြည်းဖြည်း ထွက်ပေါ်လာ၏။
ခြေလှမ်းတိုင်းတွင် သွေးစက်များ ကျန်ရစ်ခဲ့လေသည်။
ဝတ်ရုံနက်နှင့် လူများမှာ ရေလှိုင်းများ ပမာ ဘေးသို့ ခွဲပေးလိုက်ကြ၏။
အစိမ်းရောင် အလင်းဖျော့ဖျော့နှင့် အနီရောင်သမ်းနေသော အလင်းတန်းတစ်ခုမှာ အမှောင်ထဲတွင် တဖြည်းဖြည်း ရှေ့သို့ တိုးလာလေသည်။
သွေးသန့်စင်ဂိုဏ်းသားများမှာ မျက်နှာများ ဖြူလျော်ကုန်ကြ၏။
လွန်ခဲ့သော ဆယ်နှစ်က သရဲဘုရင်ဂိုဏ်းတွင် ‘ကွေ့လိ’ ဟူသော အမည်မှာ မရှိခဲ့ချေ။ သို့သော် ကောလာဟလများအရ ချင်းယွင်တောင် တိုက်ပွဲအပြီးတွင် သရဲဘုရင်သည် လမ်းမှန်ဂိုဏ်းမှ သစ္စာဖောက် တစ်ဦးကို သူ၏ ဂိုဏ်းထဲသို့ ခေါ်ယူကာ သားရင်းကဲ့သို့ စောင့်ရှောက်ခဲ့သည်။
ထို့အပြင် နတ်ဆိုးဂိုဏ်း၏ လျှို့ဝှက်ကျမ်းစာ ဖြစ်သော ‘ကောင်းကင်ကျမ်း’ ဒုတိယတွဲကိုလည်း သင်ကြားပေးခဲ့သည်ဟု ဆိုကြသည်။
ထို ကွေ့လိဆိုသူမှာ စွမ်းအားများ အဆမတန် တိုးတက်လာသည့်အပြင် စိတ်ဓာတ်မှာလည်း လုံးဝ ပြောင်းလဲသွားခဲ့၏။ သူ၏ သတ်ဖြတ်လိုစိတ်မှာ နတ်ဆိုးဂိုဏ်းသားများကိုပင် ထိတ်လန့်စေလေသည်။
မကြာသေးမီ နှစ်များအတွင်း နတ်ဆိုးဂိုဏ်း အတွင်းရှိ တိုက်ပွဲများတွင် မူလက ရိုးသားခဲ့သော ချင်းယွင်ဂိုဏ်းတပည့်မှာ သရဲဘုရင်ဂိုဏ်း၏ အတော်ဆုံး ကျင့်ကြံသူ ဖြစ်လာခဲ့သည်။
သူ၏ လက်ထဲရှိ ‘ဝိညာဉ်ဝါးမျိုတုတ်’ မှာ လူပေါင်းများစွာ၏ သွေးကို စုပ်ယူခဲ့ပြီး သူသည် သရဲဘုရင်ဂိုဏ်းတွင် အာဏာအရှိဆုံး လူတစ်ဦး ဖြစ်လာခဲ့လေသည်။
ဤလူကို လွန်ခဲ့သော ဆယ်နှစ်က သွေးသန့်စင်ဂိုဏ်းသားများအားလုံး မြင်ဖူးခဲ့ကြသည်။
ခွေးရိုင်းတာအိုဆရာသည် အမှောင်ထဲမှ ထွက်ပေါ်လာသော ထိုလူကို စိုက်ကြည့်နေမိသည်။ သူ၏ ကိုယ်မှ ထွက်ပေါ်နေသော သွေးညှီနံ့များမှာ အလွန် ပြင်းထန်လှသည်။
ထိုနေရာတွင် လူများစွာ ရှိနေသော်လည်း တစ်ယောက်မှ အသံမထွက်ဝံ့ကြချေ။