အခန်း ၁၇၆
Vol. 18 Ch. 176
အခန်း (၁၇၆) - ရှည်လျားသောခရီးလမ်း (၁)
ခွေးရိုင်းတာအိုဆရာမှာ ဆွံ့အသွားလေ၏။ သူ၏နဖူးတွင် ချွေးစများ ထွက်လာလေသည်။ ထိုသူ၏ပုံရိပ်မှာ အမှောင်ထုထဲသို့ တဖြည်းဖြည်း နစ်မြုပ်ပျောက်ကွယ်သွားသည်ကို မြင်သောအခါ သူသည် အလျင်အမြန် လိုက်သွားလေသည်။
“ဟွန်း... ငါက သေမှာကို မကြောက်ပါဘူး။ ဒါပေမဲ့ သွေးသန့်စင်ဂိုဏ်း ပြန်လည်ရှင်သန်ဖို့အတွက် သည်းခံနေရတာ။”
အမှောင်ထုထဲတွင် ခြေသံများမှာ တစ်ခုပြီးတစ်ခု ပဲ့တင်ထပ်နေ၏။ ၎င်းတို့မှာ လင်းနို့တစ်ထောင်ဂူဟောင်းအတွင်း လျှောက်လှမ်းနေကြခြင်း ဖြစ်ပေသည်။ ရုတ်တရက် နောက်ကလိုက်လာသူက တစ်ခုခုကို သတိရသွားသကဲ့သို့ ပြောလိုက်၏။
“ဟေး... ကျန်းရှောင်ဖန်း... မင်း ဘာလို့ ငါ့ကို ဒီလိုဆက်ဆံရတာလဲ။”
သူ၏အသံမှာ ရုတ်တရက် ပျောက်ကွယ်သွား၏။ အမှောင်ထုထဲတွင် သားရိုင်းတစ်ကောင်၏ ဟိန်းဟောက်သံကဲ့သို့ ပြင်းထန်သော သွေးညှီနံ့များက ချက်ချင်း ဖုံးလွှမ်းသွားလေသည်။ ခွေးရိုင်းတာအိုဆရာမှာ တစ်ကိုယ်လုံး တုန်ယင်သွား၏။
အချိန်အတော်ကြာမှ ထိုအနံ့မှာ တဖြည်းဖြည်း လွင့်ပါးသွားလေသည်။ ရှေ့ကလူမှာ အမှောင်ထဲတွင် အတော်ကြာ တိတ်ဆိတ်နေပြီးနောက်မှ အေးစက်စွာ ပြောလိုက်လေသည်။
“အဲဒီနာမည်ကို မေ့နေတာ ကြာခဲ့ပြီ”
ခွေးရိုင်းတာအိုဆရာမှာ သက်ပြင်းရှည်ကြီး ချလိုက်၏။ သို့သော် သူက ထပ်မံ၍ မမေးဘဲ မနေနိုင်ပြန်ချေ။
“ဒါဆို နောက်ကျရင် ငါ မင်းကို ဘယ်လိုခေါ်ရမလဲ”
မည်သည့်အဖြေခံမှ မကြားရပဲ ထိုသူမှာ ရှေ့သို့ ဆက်လျှောက်သွား၏။ ခွေးရိုင်းတာအိုဆရာမှာ ကျိန်ဆဲရင်း နောက်မှလိုက်ပါသွားလေသည်။
သူတို့ရှေ့တွင်မူ အဆုံးမရှိသော အမှောင်ထုသာ ရှိနေပေတော့သည်။
ချင်းယွင်တောင်။
သာမန်လူသားတို့၏ မျက်စိထဲတွင် နတ်ဘုံနတ်နန်းသဖွယ် ဖြစ်နေသော လျှို့ဝှက်ဆန်းကြယ်သည့် တောင်ကြီးမှာ ဆယ်နှစ်ကြာပြီးနောက်တွင်လည်း မြေပြင်ပေါ်မှ နတ်ဘုံအလား ရှိနေဆဲပင် ဖြစ်လေသည်။
လမ်းမှန်နှင့် မိစ္ဆာဂိုဏ်း တိုက်ပွဲကြောင့် ပျက်စီးသွားခဲ့သည်များကို ပြန်လည်ပြင်ဆင်ပြီး ဖြစ်သော်လည်း နှလုံးသားထဲမှ နက်ရှိုင်းသော ဒဏ်ရာများမှာမူ မပျောက်ကွယ်ကြသေးပေ။
လွန်ခဲ့သော ဆယ်နှစ်က တိုက်ပွဲကြီးတွင် ရှန်ကျန်းလျန်နှင့် ထျန်းယွင်တို့မှာ ကံမကောင်းစွာဖြင့် ကွယ်လွန်ခဲ့ကြလေသည်။
ချန်စုန့်မှာမူ ဂိုဏ်းကို သစ္စာဖောက်သွားလေသည်။ ဂိုဏ်းချုပ် တာအိုရွှမ်မှလွဲ၍ အဓိကခေါင်းဆောင် ခြောက်ဦးအနက် ထက်ဝက်မှာ မရှိတော့ပေ။ ၎င်းမှာ ကြီးမားသော ဆုံးရှုံးမှုကြီးဟု ဆိုရပေမည်။
ခေါင်းဆောင်နေရာများကို သက်ဆိုင်ရာ အကြီးအကဲများဖြင့် အစားထိုးလိုက်ပြီ ဖြစ်လေသည်။
ဂိုဏ်းချုပ်၏ တောင်ထိပ်ပြီးလျှင် ဒုတိယအကြီးဆုံးဖြစ်သော လုံရှို့တောင်ထိပ်မှာမူ ချန်စုန့်ကြောင့် ချင်းယွင်ဂိုဏ်းအတွင်း မျက်နှာမဖော်နိုင်အောင် ဖြစ်နေရ၏။
ဂိုဏ်းခွဲအတွင်း ဆွေးနွေးပြီးနောက်တွင် သူတို့သည် မျိုးဆက်သစ်တပည့်ဖြစ်သူ ချီဟောင်ကို ခေါင်းဆောင်အဖြစ် တင်မြှောက်လိုက်ကြလေသည်။
ချင်းယွင်ဂိုဏ်း၏ တောင်ထိပ်ခွဲများကြားတွင် မျိုးဆက်သစ်လူငယ်များ နေရာရလာခြင်းမှာ ခေတ်ရေစီးကြောင်းတစ်ခုကဲ့သို့ ဖြစ်လာလေသည်။
ကျန်ရှုရှု၊ စုန့်တာ့ရန်၊ ဝမ်မင်နှင့် လုရွှယ်ချီတို့မှာ သူတို့၏ ဆရာသမားများကို ကူညီ၍ အလုပ်များ ပိုမိုလုပ်ကိုင်လာကြသည်။
သို့သော် ဂိုဏ်းချုပ်၏ တောင်ထိပ်တွင်မူ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း တာအိုရွှမ်မှာ လောကီရေးရာများနှင့် ကင်းကွာလာပြီး နေ့စဉ်ကိစ္စများကို သူ၏တပည့်ရင်းဖြစ်သူ ရှောင်ယီချိုင်အား လွှဲအပ်ထားလေသည်။
ထုံထျန်းတောင်ထိပ်နောက်ကွယ်ရှိ ဘိုးဘေးခန်းမ။
နွေးထွေးသော နေရောင်ခြည်မှာ ခန့်ညားထည်ဝါသော အဆောက်အအုံများပေါ်သို့ ကျရောက်နေပြီး ထူးခြားဆန်းကြယ်သည့် ပုံရိပ်ကို ဖော်ဆောင်နေ၏။
ခန်းမအတွင်း၌မူ မှောင်ရိပ်သန်းနေဆဲပင် ဖြစ်လေသည်။ အဆက်မပြတ် လောင်ကျွမ်းနေသော ဆီမီးခွက်များ၊ ဖယောင်းတိုင်များနှင့် အမွှေးတိုင်များမှ ထွက်ပေါ်နေသော အလင်းဖျော့ဖျော့တို့မှာ ချင်းယွင်ဂိုဏ်း၏ ဘိုးဘေးဝိညာဉ်ပေါင်းများစွာကို ဂုဏ်ပြုနေကြလေသည်။
လင်းကျင်းယွီမှာ ဘိုးဘေးခန်းမရှေ့ရှိ ကွင်းပြင်တွင် တစ်ဦးတည်း ထိုင်နေ၏။ သူသည် မျက်လုံးများကို မှိတ်ထားပြီး တင်ပျဥ်ခွေ ထိုင်နေလေသည်။
အစိမ်းရောင်အလင်းတန်းများ ဖြာထွက်နေသော ကျန့်လုံဓားမှာ သူ၏ခေါင်းပေါ်တွင် ဝဲပျံနေပြီး အစိမ်းရောင် အလင်းကွင်းများဖြင့် ဝန်းရံထားကာ နေရောင်အောက်တွင် ထူးဆန်းသော အလင်းတန်းများကို ထုတ်လွှတ်နေပေသည်။
သူ၏မျက်နှာတွင် ကလေးဆန်သော ပုံရိပ်များ ပျောက်ကွယ်သွားပြီ ဖြစ်လေသည်။ ၎င်းအစား ဇွဲနပဲကြီးမှုနှင့် လောကဓံကို ကြံ့ကြံ့ခံနိုင်မှုတို့က အစားထိုးဝင်ရောက်နေပေသည်။
သူ၏နောက်ကွယ်၊ ဘိုးဘေးခန်းမ၏ မှောင်ရိပ်နက်ပိုင်းထဲတွင် မျက်လုံးတစ်စုံက သူ့ကို တိတ်တဆိတ် ကြည့်နေ၏။ အချိန်အတော်ကြာပြီးနောက် ပုံရိပ်တစ်ခု တဖြည်းဖြည်း လမ်းလျှောက်ထွက်လာလေသည်။
၎င်းမှာ မျက်နှာတွင် အရေးအကြောင်းများ ပြည့်နှက်နေသည့် လျှို့ဝှက်ဆန်းကြယ်သော အဘိုးအိုတစ်ဦး ဖြစ်ပေသည်။
သူသည် မှောင်ရိပ်ထဲမှ အေးအေးလူလူ လမ်းလျှောက်ထွက်လာကာ ဘိုးဘေးခန်းမ၏ လှေကားထစ်များပေါ်တွင် ထိုင်လိုက်ပြီး လင်းကျင်းယွီကို ကြည့်နေ၏။ အချိန်အတော်ကြာမှ သူက အေးစက်စွာ ပြောလိုက်လေသည်။
“တော်ပြီ”
ကျန့်လုံဓား၏ အစိမ်းရောင်အလင်းတန်းများမှာ ပျောက်ကွယ်သွား၏။ လင်းကျင်းယွီက အသက်ပြင်းပြင်းရှူကာ မျက်လုံးဖွင့်လိုက်လေသည်။ သူသည် မတ်တတ်ရပ်ကာ အဘိုးအိုကို လှည့်ကြည့်ရင်း ပြုံးလျက် ပြောလိုက်သည်။
“စီနီယာ”
အဘိုးအိုက သူ၏နုပျိုသော မျက်နှာကို ကြည့်ကာ ပါးစပ်နားတွင် အပြုံးအနည်းငယ် ပေါ်လာပြီး ပြောလိုက်လေသည်။
“မင်းရဲ့ ပါရမီက တကယ်ကို ကောင်းသလို အရမ်းလည်း ကြိုးစားတာပဲ။ မင်းရဲ့ တိုးတက်မှုက ငါမျှော်လင့်ထားတာထက် အများကြီး ပိုပါတယ်။”
လင်းကျင်းယွီ၏ မျက်နှာတွင် ကျေးဇူးတင်ရိပ်များ ယှက်သန်းသွား၏။ သူသည် လေးနက်စွာ ဦးညွှတ်လိုက်ပြီး ပြောလိုက်လေသည်။
“စီနီယာရဲ့ ကြီးမားလှတဲ့ ကျေးဇူးတရားတွေကို တပည့်တစ်သက်လုံး အမြဲသတိရနေမှာပါ။”
အဘိုးအိုက လက်ကို အသာအယာ ဝေ့ယမ်းလိုက်ပြီး ကျောခိုင်းလိုက်ကာ သက်ပြင်းချရင်း ပြောလိုက်၏။
“မျက်စိတစ်မှိတ်အတွင်းမှာ နောက်ထပ် ဆယ်နှစ်တောင် ကြာသွားခဲ့ပြီပဲ။ ငါ့မှာ မင်းကို သင်ပေးစရာ ဘာမှမကျန်တော့ဘူး။ မင်းလည်း ဒီဘိုးဘေးခန်းမမှာ ငါ့ကို အဖော်ပြုပေးခဲ့တာ ဆယ်နှစ်ရှိပြီဆိုတော့ ဒီနေ့ပဲ ပြန်တော့။”
လင်းကျင်းယွီ၏ ခန္ဓာကိုယ်မှာ တုန်ယင်သွားပြီး မှင်တက်သွားသော အမူအရာ သို့သော် ထိုအဘိုးအိုက ဂရုမစိုက်ဘဲ ဆက်ပြောလေသည်။
“လုံရှိုးတောင်ထိပ်မှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကို မင်းသိပြီးပြီလား။”
လင်းကျင်းယွီ သတိပြန်ဝင်လာပြီး ခေါင်းငြိမ့်ကာ ဖြေလိုက်၏။
“ဟုတ်ကဲ့၊ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ချီဟောင်စီနီယာ ရောက်လာပြီး ကျနော့်ကို နည်းနည်း ပြောပြသွားပါတယ်။”
အဘိုးအိုက ခေါင်းငြိမ့်ကာ ပြောလိုက်၏။
“ဒီနေ့ ချင်းယွင်ဂိုဏ်းက ထူးချွန်တဲ့ မျိုးဆက်သစ်တပည့်တွေ ထုံထျန်းတောင်ထိပ်မှာ လူစုနေကြတယ်လို့ ကြားတယ်။ တစ်ခုခု ရှိနေလို့ ဖြစ်လိမ့်မယ်။ ခုနကပဲ ဂိုဏ်းချုပ်ဆီက သတင်းစကား ရောက်လာတယ်၊ မင်းလည်း သွားသင့်တယ်။”
လင်းကျင်းယွီ၏ နှုတ်ခမ်းများ လှုပ်ရှားသွားပြီး အဘိုးအိုကို ကြည့်ကာ မခွဲနိုင်မခွာရက် ဖြစ်နေပုံရ၏။
ထိုအဘိုးအိုက ပြုံးလိုက်ရာ သူ၏မျက်နှာတွင် ဝမ်းနည်းရိပ်အနည်းငယ် ပေါ်လာသော်လည်း ချက်ချင်း ပျောက်ကွယ်သွား၏။ သူက လက်ဝေ့ယမ်းကာ ပြောလိုက်လေသည်။
“မင်းက လူကြီးဖြစ်နေပြီပဲ၊ ဒီလိုတွေ လုပ်မနေပါနဲ့တော့။ သွားတော့။”
လင်းကျင်းယွီက အသက်ပြင်းပြင်းရှူကာ ပုဆစ်တုပ်လိုက်ပြီး ပြောလိုက်၏။
“စီနီယာ၊ ဒီဆယ်နှစ်အတွင်းမှာ စီနီယာ သင်ကြားပေးခဲ့တဲ့ ကျေးဇူးတွေက တောင်ကြီးတစ်လုံးလို ကြီးမားလှပါတယ်။ တပည့်ရဲ့ နှလုံးသားထဲမှာ အမြဲမှတ်ကျောက်တင်ထားမှာပါ”
“နောင်ကျရင် တပည့်သင်ယူခဲ့သမျှကို တရားမျှတမှုအတွက်နဲ့ မကောင်းဆိုးဝါးတွေကို နှိမ်နင်းဖို့ အသုံးချသွားပါ့မယ်။ ဒါမှလည်း ဂိုဏ်းကို ကျေးဇူးဆပ်ရာရောက်သလို ကျနော့်ရဲ့ ဘဝရည်မှန်းချက်ကိုလည်း အကောင်အထည်ဖော်နိုင်မှာပါ။”
အဘိုးအိုက ပြုံးလျက် ပြောလိုက်၏။
“ကောင်းပြီ၊ သွားတော့။”
လင်းကျင်းယွီက ထပ်မံဦးညွှတ်လိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်ကာ နောက်ဆုံးတွင် ရုတ်တရက် လှည့်ထွက်သွားလေသည်။ သူသည် ခြေလှမ်းကျဲကြီးများဖြင့် ဘိုးဘေးခန်းမမှ ထွက်ခွာသွားတော့သည်။
နေရောင်ခြည်မှာ သူ၏ကျောပြင်ပေါ်သို့ ကျရောက်နေပြီး အနည်းငယ် စူးရှနေသကဲ့သို့ ရှိပေသည်။
အဘိုးအိုက သူ၏ပုံရိပ်ကို ငေးကြည့်နေစဉ် မည်သည့်အချိန်က ရောက်နေသည်မသိသော ပုံရိပ်တစ်ခု သူ၏နောက်တွင် ပေါ်လာ၏။
“သူ ထွက်သွားပြီလား။”
ထိုပုံရိပ်က အေးစက်စွာ ပြောလိုက်လေသည်။
အဘိုးအို၏ နှုတ်ခမ်းများ တွန့်သွားပြီး သူသည် အေးအေးလူလူ ထရပ်ကာ ချင်းယွင်ဂိုဏ်း၏ အရှင်သခင်ဖြစ်သော ထိုပုံရိပ်ကို လှည့်ကြည့်လိုက်၏။
“ကျေးဇူးတင်ပါတယ်။”
တာအိုရွှမ်မှာ အနည်းငယ် အံ့အားသင့်သွားပုံရပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
“ဘာကိုလဲ။”
အဘိုးအိုက သူ့ကို ကျော်ဖြတ်ကာ ဘိုးဘေးခန်းမအတွင်းရှိ အဆောက်အအုံများဆီသို့ လျှောက်သွားရင်း ဆက်ပြောလေသည်။
“ဒီလူငယ်လေးကို ဆယ်နှစ်တိတိ ငါ့အနားမှာ ရှိနေခွင့်ပေးခဲ့လို့ ကျေးဇူးတင်တာပါ။”
တာအိုရွှမ်မှာ ခေတ္တတိတ်ဆိတ်သွားပြီးနောက် ဘိုးဘေးခန်းမအတွင်းသို့ တဖြည်းဖြည်း လျှောက်လှမ်းဝင်ရောက်သွား၏။
ခန်းမအလယ်ရှိ ချင်းယွင်ဘိုးဘေးများနှင့် အကြီးအကဲများ၏ ဝိညာဉ်ကဗ္ဗည်းပြားများကို ပူဇော်ထားသည့် စင်ရှေ့တွင် ဆီမီးများနှင့် ဖယောင်းတိုင်များ တဖျတ်ဖျတ် လှုပ်ရှားနေလေသည်။
ထိုအဘိုးအိုက စင်ရှေ့သို့ လျှောက်သွားကာ အမွှေးတိုင်တင်သည့် စားပွဲပေါ်မှ ဖယောင်းတိုင်သစ်တစ်တိုင်ကို ယူကာ အခြားဖယောင်းတိုင်မှ မီးကူးလိုက်ပြီး ကုန်ခါနီးဖြစ်နေသော ဖယောင်းတိုင်နေရာတွင် အစားထိုးလိုက်၏။
တာအိုရွှမ်က သူ၏အေးအေးလူလူနှင့် ကျွမ်းကျင်လှသော လှုပ်ရှားမှုများကို တိတ်တဆိတ် ကြည့်နေပြီးမှ ရုတ်တရက် ပြောလိုက်လေသည်။
“အဲဒီနှစ်က ငါ အမှန်တရားဖုံးကွယ်ပြီး မင်းကို ကယ်ခဲ့တုန်းက မင်းက ကျေးဇူးတင်စကား တစ်ခွန်းတောင် မပြောခဲ့ဘူး။ ဘာလို့ ဒီနေ့ကျမှ ဒီလူငယ်လေးအတွက် ငါ့ကို ကျေးဇူးတင်နေရတာလဲ။”
ထိုအဘိုးအိုက စကားမပြောဘဲ နောက်သို့ တစ်လှမ်းဆုတ်ကာ မှောင်ရိပ်ထဲသို့ ဝင်လိုက်၏။ သူ၏လက်ထဲတွင်မူ အစားထိုးလိုက်သော ဖယောင်းတိုင်တိုလေးကို ကိုင်ထားဆဲပင် ဖြစ်လေသည်။
သူက ခေါင်းမော့ကြည့်လိုက်ရာ ရှေ့တွင် ခန့်ညားထည်ဝါစွာ ရှိနေသော ချင်းယွင်ဘိုးဘေးများ၏ ဝိညာဉ်စာကဗ္ဗည်းများမှာ တောင်ကြီးတစ်လုံး၏ အရှိန်အဝါကဲ့သို့ ဖြစ်နေပြီး သေးငယ်လှသော မိမိကဲ့သို့ လူသားကို အလွယ်တကူ နင်းခြေဖျက်ဆီးပစ်နိုင်သကဲ့သို့ ထင်ရပေသည်။
သူသည် ဘာမျှမပြောဘဲ ထိုအတိုင်းသာ ဆက်လက်ငေးကြည့်နေလေသည်။
သူ၏နောက်ကွယ်ရှိ တာအိုရွှမ်မှာမူ ထိုအချိန်တွင် အဘိုးအို၏ မျက်နှာအမူအရာကို မမြင်နိုင်ပေ။
သို့သော် ဖယောင်းတိုင်တိုမှ ပူနွေးသော ဖယောင်းရည်များမှာ သူ၏ခြောက်သွေ့နေသော လက်ဖဝါးပေါ်သို့ တစ်စက်ချင်း ကျနေပြီးနောက် တဖြည်းဖြည်း ခဲသွားသည်ကိုမူ မြင်နေရ၏။
ထိုလက်ဖဝါးမှာလည်း အနည်းငယ် တုန်ယင်နေလေသည်။
လင်းကျင်းယွီမှာ ထုံထျန်းတောင်ထိပ်ရှိ ယွီချင်းခန်းမသို့ ရောက်ရှိသောအခါ လူအချို့ ရောက်နှင့်နေသည်ကို တွေ့လိုက်ရ၏။