← Chapters

အခန်း ၁၇၈

Vol. 18 Ch. 178

အခန်း ၁၇၈

Vol. 18 Ch. 178

အခန်း (၁၇၈) - နေရာဟောင်းများ (၁)

ချင်းယွင်တောင်၊ တာ့ကျူးတောင်ထိပ်အနောက်ဘက်။

တောင်တန်းများကြားဝယ် မြူနှင်းများမှာ နူးညံ့လှသော ပိုးသားအဖြူရောင် ပိုးသားတစ်စကဲ့သို့ ဝေ့ဝဲနေ၏။

အေးမြသော နံနက်ခင်းလေပြည်က နှင်းစက်များ သယ်ဆောင်လာပြီး စိမ်းစိုသော ဝါးတောအုပ်ကို ဖြတ်သန်းကာ တာ့ကျူးတောင်ထိပ်သို့ တိုက်ခတ်လာလေသည်။

တိတ်ဆိတ်ခြင်းခန်းမကို ဗဟိုပြုကာ တည်ဆောက်ထားသော အဆောက်အအုံများမှာ အရုဏ်ဦးအလင်းရောင်အောက်ဝယ် ငြိမ်သက်စွာ ရှိနေ၏။ အရာအားလုံးက အေးချမ်းလှပေသည်။

ရုတ်တရက် ခွေးဟောင်သံတစ်ခုနှင့်အတူ ‘ကွိကွိ’ ဟူသော မြည်သံများက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်လေသည်။ တောက်ပသော အမွေးအမှင်များ ရှိသည့် တာဟွမ်က အရှိန်အဟုန်ဖြင့် ပြေးလွှားလာပြီး ရှောင်ဟွေ့က ၎င်း၏ကျောပေါ်တွင် စီးနင်းလိုက်ပါလာလေသည်။

ရှောင်ဟွေ့က တာဟွမ်၏ လည်ပင်းအမွေးများကို တင်းတင်းဆုပ်ကိုင်ထားပြီး ကျန်လက်တစ်ဖက်ကို ဝေ့ယမ်းကာ အလွန်စိတ်လှုပ်ရှားနေသည့်ဟန် ရှိပေသည်။

လွန်ခဲ့သော ဆယ်နှစ်ခန့်က ကျန်းရှောင်ဖန်းသည် ဤနေရာမှ ထွက်ခွာကာ ထုံထျန်းတောင်ထိပ်သို့ သွားပြီးနောက် တစ်ခါမျှ ပြန်မလာခဲ့တော့ပေ။ အစပိုင်းတွင် ထိုတိရစ္ဆာန်နှစ်ကောင်မှာ စိတ်ဓာတ်ကျနေခဲ့လေသည်။

အထူးသဖြင့် အမြဲသွက်သွက်လက်လက်နေတတ်သော ရှောင်ဟွေ့မှာ အချိန်အတော်ကြာအောင် မှိုင်တွေနေခဲ့လေသည်။ တာဟွမ်သည်လည်း ခက်ခဲစွာ ဖြတ်သန်းခဲ့ရ၏။

၎င်းသည် တစ်နေ့လုံး ဟိုဟိုဒီဒီ လျှောက်သွားနေတတ်ပြီး ကျန်းရှောင်ဖန်း ချက်ပြုတ်ပေးသော အစားအစာများကို လွမ်းဆွတ်နေပုံရသည်။

ကျန်းရှောင်ဖန်းကိုယ်စား တုပိရှုက အစားအစာ လာကျွေးသည့်အခါတိုင်း တာဟွမ်နှင့် ရှောင်ဟွေ့၏ အော်ဟစ်သံများကို ကြုံတွေ့ရလေ့ရှိပြီး အစားစားပြီးချိန်တွင်လည်း မကျေမနပ်ဖြစ်ကာ အထင်အမြင်သေးသော အကြည့်များဖြင့် ကြည့်ခြင်းကို ခံရလေသည်။

သနားစရာကောင်းသော တုပိရှုမှာလည်း ဤအကြောင်းကြောင့် အချိန်အတော်ကြာ စိတ်ညစ်ခဲ့ရသည်။

စီးဆင်းနေသော ရေကဲ့သို့ အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့ရာ ထိုအခိုက်အတန့်၏ မှတ်ဉာဏ်များမှာလည်း တဖြည်းဖြည်း မှေးမှိန်လာခဲ့သည်။

မည်သည့်အချိန်မှစ၍ မသိရသော်လည်း ရှောင်ဟွေ့နှင့် တာဟွမ်တို့သည် တာ့ကျူးတောင်ထိပ်၌ ပျော်ရွှင်စွာ ပြန်လည်ကစားလာကြ၏။

သို့သော်လည်း ညနက်ပိုင်း အိပ်စက်ချိန်ရောက်တိုင်း သူတို့နှစ်ကောင်မှာ ကျန်းရှောင်ဖန်း၏ အခန်းသို့ အမြဲပြန်သွားတတ်ကြပြီး တစ်စုံတစ်ခုကို စောင့်မျှော်နေသကဲ့သို့ ရှိနေတတ်ကြလေသည်။

ထိုအခန်းမှာ နှစ်အတော်ကြာအောင် လူသူကင်းမဲ့၍ ဟာလာဟင်းလင်း ဖြစ်နေခဲ့လေသည်။

တာဟွမ်က ရုတ်တရက် အရှိန်သတ်လိုက်ရာ ရှောင်ဟွေ့မှာ ကျောပေါ်မှ လိမ့်ကျလုနီးပါး ဖြစ်သွားသော်လည်း လက်က ခိုင်မြဲနေသဖြင့် ကိုယ်ဟန်ချက်ကို ထိန်းနိုင်လိုက်၏။

တာဟွမ်က ကျယ်လောင်စွာ ဟောင်လိုက်ပြီး ဦးခေါင်းကို လှည့်ကာ လျှာကြီးထုတ်လျက် မိမိ၏အမြီးကို လိုက်ဖမ်းရန် ထိုနေရာမှာပင် ပတ်ချာလည် ပြေးနေလေသည်။

ရှောင်ဟွေ့က ၎င်း၏ကျောပေါ်တွင် ထိုင်လျက် ရယ်မောနေလေ၏။ တာဟွမ်၏ ဤပျင်းစရာကောင်းသော ကစားနည်းမှာ သူတို့အတွက်မူ အလွန်စိတ်ဝင်စားစရာ ကောင်းနေပုံရသည်။

အရုဏ်ဦး အလင်းရောင်ဖျော့ဖျော့က သူတို့ပေါ်သို့ ကျရောက်နေပြီး တောင်ကြားထဲ၌ တိရစ္ဆာန်နှစ်ကောင်၏ အသံများသာ ပဲ့တင်ထပ်နေ၏။ လူသားများမှာ နှစ်ခြိုက်စွာ အိပ်ပျော်နေဆဲဖြစ်ရာ ဤအချိန်မှာ သူတို့နှစ်ကောင်အတွက်သာ ဖြစ်နေသကဲ့သို့ပင်။

ဝေးကွာလှသော တောင်နောက်ဘက်မှ စိမ်းစိုသော ဝါးတောအုပ်ဆီမှ ဝါးရွက်များ လေတိုးသံမှာ သဲ့သဲ့လေး ပဲ့တင်ထပ်လာ၏။ ထိုဘက်မှ တိုက်ခတ်လာသော လေညင်းထဲတွင် ဝါးရွက်များ၏ ရနံ့က ပါဝင်နေပေသည်။

ရုတ်တရက်...

တာဟွမ်က အမြီးလိုက်ဖမ်းနေသည်ကို ရပ်လိုက်ပြီး ရှောင်ဟွေ့ကလည်း ခေါင်းကို မော့ကာ ဝါးတောအုပ်ဆီသို့ ပါးစပ်အဟောင်းသားဖြင့် ကြည့်လိုက်လေသည်။

တောင်စိမ်းစိမ်း၊ ဝါးစိမ်းစိမ်း၊ တိုက်ခတ်နေသော လေညင်းများမှာ ပင်လယ်လှိုင်းကဲ့သို့ ရှိနေ၏။

ရှဲ... ရှဲ... ရှဲ...

“ကွိကွိကွိ”

ရှောင်ဟွေ့က ရုတ်တရက် အော်ဟစ်လိုက်ပြီး တာဟွမ်၏ တုံ့ပြန်မှုမှာလည်း ထူးခြားနေ၏။ ၎င်းက ခပ်တိုးတိုး ဟောင်လိုက်သော်လည်း ခဏအကြာတွင် တစ်စုံတစ်ခုကို သိရှိသွားပုံရကာ ရှောင်ဟွေ့က တာဟွမ်ကို တင်းတင်းဖက်ထားလိုက်ရာ တာဟွမ်က တောင်နောက်ဘက်ရှိ ဝါးနက်တောဆီသို့ အမြန်ပြေးသွားလေသည်။

တောင်နောက်ဘက်ရှိ ရင်းနှီးနေသော လမ်းကလေးမှာ လူသူမလာသည်မှာ ကြာပြီဖြစ်၍ သစ်ပင်မြက်ပင်များ ဖုံးလွှမ်းကာ ပျောက်ကွယ်လုနီးပါး ဖြစ်နေသော်လည်း တာဟွမ်ကမူ မွေးရာပါအာရုံဖြင့် ဝါးတောထဲသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားတော့သည်။

စိမ်းစိုသော ဝါးတောထဲတွင် အေးချမ်းမှုနှင့်အတူ လျှို့ဝှက်ဆန်းကြယ်မှုများ ရှိနေပေသည်။ တာဟွမ်က ဝါးတောအပြင်ဘက်၌ ရပ်ကာ ခပ်တိုးတိုး ညည်းတွားလိုက်၏။

ရှောင်ဟွေ့က ၎င်း၏ကျောပေါ်မှ ခုန်ဆင်းကာ ဘေးနားတွင် ဆောင့်ကြောင့်ထိုင်လျက် ဝါးတောနက်ထဲသို့ ကြည့်ကာ တွေဝေနေသကဲ့သို့ ခေါင်းကို ကုတ်နေလေသည်။

ခဏအကြာတွင် ရှောင်ဟွေ့က ဆုံးဖြတ်ချက် ချလိုက်ပုံရပြီး တာဟွမ်ကိုခေါ်ကာ ဝါးတောထဲသို့ ဦးဆောင်ကာ ဝင်သွားလေသည်။

ရှောင်ဟွေ့သည် ဝါးပင်များပေါ်သို့ မတက်ဘဲ ရှေ့ခြေနှစ်ဖက်ကို အားပြုကာ မြေပြင်ပေါ်၌ တဖြည်းဖြည်း ခုန်ကာဝင်သွားခြင်း ဖြစ်လေသည်။ ၎င်း၏ ပုံစံမှာ သတိထားနေသော်လည်း မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေ၏။

တာဟွမ်ကလည်း ခပ်တိုးတိုး ညည်းကာ ၎င်း၏နောက်မှ လိုက်ပါသွားလေသည်။

မျောက်တစ်ကောင်နှင့် ခွေးတစ်ကောင်မှာ ငြိမ်သက်နေသော ဝါးတောထဲသို့ တဖြည်းဖြည်း ဝင်သွားကြရာ မကြာမီပင် ပျောက်ကွယ်သွားကြလေသည်။

နံနက်ခင်း အလင်းတန်းများမှာ ထူထပ်လှသော ဝါးရွက်များကြောင့် ပိတ်ဆို့နေသော်လည်း သစ်ရွက်ကြားမှတစ်ဆင့် လက်ချောင်းခန့်ရှိသော အလင်းတန်းများက မြေပြင်ပေါ်သို့ ကျရောက်နေသည်။

ရှောင်ဟွေ့နှင့် တာဟွမ်တို့သည် ဝါးတောထဲသို့ တဖြည်းဖြည်း လျှောက်သွားရင်း... မသိလိုက်ဘဲ ဝါးတောအတွင်းပိုင်းရှိ ရင်းနှီးနေသော မြေကွက်လပ်တစ်ခုသို့ ရောက်ရှိသွားကြ၏။

ထိုနေရာမှာ ကျန်းရှောင်ဖန်း ဤနေရာသို့ စတင်ရောက်ရှိစဉ်က ဝါးခုတ်ရန် ကြိုးစားခဲ့သော နေရာဖြစ်သည်ကို မှတ်မိနေကြပုံရသည်။

ရှောင်ဟွေ့က ခြေလှမ်းများကို ရပ်လိုက်ပြီး မြေကွက်လပ်တွင် ထိုင်ကာ ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်၏။

ဝါးတောထဲတွင် နေရာတိုင်း၌ တိတ်ဆိတ်နေလေသည်။

တစ်စုံတစ်ဦး၏ ရနံ့တစ်ခုက ဤနေရာ၌ လွှမ်းမိုးနေသကဲ့သို့ပင်။

နှလုံးခုန်သံများ တဖြည်းဖြည်း မြန်လာလေသည်။

‘ဖတ်’

ခြေသံတစ်ခုက ထိုတိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

ရှောင်ဟွေ့နှင့် တာဟွမ်တို့သည် တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြရာ ထူထပ်သော ဝါးပင်တစ်ပင်၏ နောက်ကွယ်မှ လူရိပ်တစ်ခု ဖြည်းညင်းစွာ ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။

ဝါးတောထဲတွင် တစ်ခဏမျှ ပြန်လည်တိတ်ဆိတ်သွားသော်လည်း နောက်တစ်ခဏ၌ ဝမ်းသာအားရ အော်ဟစ်သံများ ထွက်ပေါ်လာလေသည်။

ရှောင်ဟွေ့က ခုန်တက်လိုက်ရာ ၎င်း၏ကိုယ်မှာ မီးခိုးရောင် အလင်းတန်းတစ်ခုကဲ့သို့ လေထဲသို့ ပျံတက်သွားပြီး ထိုသူ၏ ရင်ခွင်ထဲသို့ ခုန်ဝင်လိုက်လေသည်။

ရှောင်ဟွေ့က ထိုသူ၏ အဝတ်အစားများကို တင်းတင်းဆုပ်ကိုင်ကာ အားရပါးရ ရယ်မောနေ၏။ ၎င်း၏ ပျော်ရွှင်မှုများကို အဆုံးစွန် ထုတ်ဖော်ကာ မရပ်မနား ရယ်မောနေလေသည်။

ထိုသူက ၎င်းကို လက်နှစ်ဖက်ဖြင့် ပွေ့ပိုက်လိုက်၏။ တစ်ချိန်က ရက်စက်ကြမ်းကြုတ်ခဲ့သော အငွေ့အသက်များမှာ ယခုအခါ ပျောက်ကွယ်သွားပြီး မျက်နှာထက်တွင် အချိန်ကြာမြင့်စွာ ပျောက်ဆုံးနေခဲ့သော နူးညံ့မှုနှင့် အပြုံးများ ပြန်လည်ပေါ်ပေါက်လာလေသည်။

သူက ရှောင်ဟွေ့ကို ရင်ခွင်ထဲ၌ ပွေ့ထားရင်း အောက်သို့ ငုံ့ကြည့်လိုက်ရာ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာ၏။

သူက ကိုယ်ကို ကိုင်းလိုက်ပြီး ခြေထောက်ကို လာရောက်ပွတ်သီးပွတ်သပ် လုပ်နေသော တာဟွမ်၏ ခေါင်းကို နူးညံ့စွာ ပွတ်သပ်ပေးလိုက်ရင်း ပြောလိုက်သည်။

“တာဟွမ်... မင်း နေကောင်းရဲ့လား။”

တာဟွမ်က စကားမပြောနိုင်သော်လည်း ခပ်တိုးတိုး ညည်းပြကာ အမြီးကို မရပ်မနား ယမ်းနေ၏။ သူ၏ လက်ဝါးကို ၎င်း၏ဦးခေါင်းဖြင့် ပွတ်တိုက်နေလေသည်

‘မင်းတို့တွေပဲ ငါ့အပေါ် အရင်လို ဆက်ဆံကြတာ’

သူက ခပ်တိုးတိုး သက်ပြင်းချလိုက်ပြီး ဝါးတောထဲရှိ လွမ်းဆွတ်နေခဲ့သော ရနံ့များကို အားရပါးရ ရှူသွင်းလိုက်လေသည်။

ရှဲ... ရှဲ...

ရုတ်တရက် ခြေသံအချို့ ထပ်မံထွက်ပေါ်လာပြီး ခွေးရိုင်းတာအိုဆရာက ဝါးပင်များနောက်မှ ထွက်လာ၏။ သူ၏ အဝတ်အစားများမှာ ဆူးပင်များကြောင့် နေရာအနှံ့ စုတ်ပြဲနေလေသည်။

ခွေးရိုင်းတာအိုဆရာက မျက်နှာပျက်ပျက်ဖြင့် ယခု ကွေ့လိဖြစ်နေသော ကျန်းရှောင်ဖန်းကို ကြည့်ကာ ညည်းတွားလိုက်၏။

“ဟေ့ ကောင်လေး... မင်း ရူးနေတာလား။ သေချင်ရင်တောင် ဒီလိုမျိုး မလုပ်သင့်ဘူးလေ။ ဒါက ချင်းယွင်ဂိုဏ်းကွ။ တစ်ယောက်ယောက် မြင်သွားရင် ငါတို့မှာ အသက်ဆယ်ချောင်း ရှိရင်တောင် လောက်မှာမဟုတ်ဘူး”

ရုတ်တရက် ကွေ့လိအပေါ် အလွန်ပင် ယဉ်ပါးနေသော တာဟွမ်က ခေါင်းကို လှည့်ကာ လည်ပင်းအမွေးများ ထောင်လာပြီး သွားများကို ဖြဲကာ ခွေးရိုင်းတာအိုဆရာကို အလွန်မုန်းတီးကြောင်း ပြသလိုက်၏။ တစ်ခဏအတွင်း တာဟွမ်က ဟောင်လိုက်ပြီး ၎င်း၏အပေါ်သို့ ခုန်အုပ်လိုက်လေသည်။

ခွေးရိုင်းတာအိုဆရာမှာ လန့်ဖျပ်သွားပြီး လူတစ်ဝက်ခန့်ရှိသော ခွေးကြီးက မိမိအပေါ်သို့ ခုန်အုပ်လာသည်ကို မြင်သောအခါ နှလုံးတုန်သွားကာ မသိစိတ်ဖြင့် မိမိ၏ လက်နက်ကို ဆွဲထုတ်ရန် ပြင်လိုက်သည်။

ထိုစဉ် ကွေ့လိက အေးစက်စွာ ပြောလိုက်သည်။

“မင်း အဲဒီခွေးကို လက်နက်နဲ့ ထိခိုက်အောင် လုပ်ရဲရင် မင်းရဲ့ လက်ခြေတွေကို ငါဖြတ်ပစ်မယ်။ ပြီးရင် တောင်အောက်က ခန်းမရှေ့မှာ ပစ်ထားလိုက်မယ်။”

ခွေးရိုင်းတာအိုဆရာမှာ ဆွံ့အသွားပြီး ဒေါသတကြီး ပြောလိုက်သည်။

“မင်း... မင်း ဘာပြောတယ်...”

သူ စကားမဆုံးခင်မှာပင် တာဟွမ်က ၎င်း၏အပေါ်သို့ ခုန်အုပ်လိုက်ရာ ခွေးရိုင်းတာအိုဆရာမှာ ကြောင်တောင်တောင်ဖြင့် လဲကျသွားလေသည်။

ခွေးဟောင်သံများနှင့် လူ၏ ဆဲဆိုသံများမှာ မရပ်မနား ထွက်ပေါ်လာပြီး လူနှင့်ခွေးမှာ မြေပြင်ပေါ်၌ လုံးထွေးနေကြ၏။

သူတို့နှစ်ကောင်မှာ ဝေးကွာလှသော ဆူးပင်များနောက်သို့ လိမ့်သွားကြရာ လူရိပ်ပင် မမြင်ရတော့ဘဲ ဒေါသတကြီး အော်ဟစ်သံများကိုသာ ကြားနေရတော့သည်။

“အာ့... ဒီခွေးစုတ်... မင်း ကိုက်နေတုန်းပဲလား။ ဟေ့ ကောင်လေး... မင်း ဒီခွေးကို လွှတ်ခိုင်းဦးလေ။ မဟုတ်ဘူး... လွှတ်... အား... ခွေးစုတ်... ဒါက လူခြေထောက်ကွ၊ ကြက်ခြေထောက် မဟုတ်ဘူး။ မြန်မြန်လွှတ်... ထပ်မကိုက်နဲ့တော့... အား အား အား...”

ကွေ့လိက ခွေးရိုင်းတာအိုဆရာ၏ အော်ဟစ်သံများကို လျစ်လျူရှုကာ ရင်ခွင်ထဲရှိ ရှောင်ဟွေ့ကို ကြည့်ရင်း ပြုံးနေလေသည်။

ဆယ်နှစ်အတွင်း ရှောင်ဟွေ့မှာ အနည်းငယ် ပြန်လည်ကြီးထွားလာပုံရပြီး ရင်ခွင်ထဲ၌ ပွေ့ထားရသည်မှာလည်း ပို၍ လေးလံလာ၏။ မျက်လုံးကြားရှိ အမာရွတ်မှာလည်း ပို၍ ထင်ရှားလာလေသည်။

ရှောင်ဟွေ့ကလည်း အရင်ကအတိုင်းပင် သူ၏ ပုခုံးပေါ်သို့ တက်ကာ အကျင့်အတိုင်း သူ၏ ဆံပင်များကို လက်ဖြင့် ဆော့ကစားနေတော့သည်။

ကွေ့လိက ထိုနေရာတွင် တိတ်ဆိတ်စွာ ရပ်နေပြီးနောက် ဝါးတောအပြင်ဘက်သို့ ဖြည်းညင်းစွာ လျှောက်သွားကာ အဝေးသို့ ငေးကြည့်လိုက်သည်။ တောင်ရှေ့ဘက်ရှိ တိမ်တိုက်များ ဖုံးလွှမ်းနေသော ထိုနေရာမှာ တစ်ချိန်က သူ၏ အနွေးထွေးဆုံး အိမ်ဂေဟာ ဖြစ်ခဲ့ဖူးလေသည်။

All Chapters