← Chapters

အခန်း ၁၇၉

Vol. 18 Ch. 179

အခန်း ၁၇၉

Vol. 18 Ch. 179

အခန်း (၁၇၉) - နေရာဟောင်းများ (၂)

သူက အတွေးများထဲ နစ်ဝင်ကာ ငေးမောနေမိ၏။

အချိန်မည်မျှ ကုန်ဆုံးသွားသည် မသိရသော်လည်း တာဟွမ်က ဝါးတောထဲမှ ဂုဏ်ယူဝင့်ကြွားစွာ ထွက်လာပြီး ၎င်း၏အမြီးကို မရပ်မနား ယမ်းနေ၏။ ၎င်းက ကွေ့လိ၏ ဘေးသို့ ခုန်လာကာ ဟောင်လိုက်လေသည်။

ကွေ့လိက ပြုံးကာ လက်ကို ဆန့်ထုတ်ပြီး ၎င်း၏ခေါင်းကို ပွတ်သပ်ပေးလိုက်၏။

ခဏအကြာတွင် ခွေးရိုင်းတာအိုဆရာမှာ ဝါးတောထဲမှ ယိုင်ထိုးကာ ထွက်လာသည်။ သူ၏ အဝတ်အစားများမှာ ပို၍ စုတ်ပြဲသွားပြီး မျက်နှာပေါ်တွင်လည်း ကုတ်ရာအချို့ ပေါ်နေ၏။ ခြေထောက်ပေါ်ရှိ ဒဏ်ရာများကိုလည်း မသိမသာ မြင်နေရပေသည်။

ယခုအခါ သူသည် ကွေ့လိဘေးတွင် လဲလျောင်းနေသော တာဟွမ်ကို မြင်သောအခါ အနည်းငယ် ကြောက်လန့်သွားပြီး အနားသို့ မကပ်ရဲတော့ဘဲ အဝေးမှနေ၍ ဒေါသတကြီး ဆဲဆိုလိုက်၏။

“ဒီခွေးစုတ်... မင်းမှာ ကျောထောက်နောက်ခံ ရှိတယ်လို့ မထင်နဲ့။ တစ်နေ့နေ့ကျရင် မင်းကို ငါသတ်ပြီး ချက်စားပစ်မယ်။”

တာဟွမ်က ရုတ်တရက် ခေါင်းလှည့်ကာ ခွေးရိုင်းတာအိုဆရာဆီသို့ ပြေးသွားပြီး ဟောက်လိုက်ရာ ခွေးရိုင်းတာအိုဆရာမှာ လန့်ဖျပ်သွားပြီး နောက်သို့ ဆုတ်လိုက်၏။

သို့သော် တာဟွမ်က ၎င်းကို ခြောက်လှန့်ရုံသာ လုပ်ခြင်းဖြစ်ပြီး လိုက်မဖမ်းတော့ဘဲ ပြန်လှည့်လာလေသည်။ ခွေးရိုင်းတာအိုဆရာမှာ သက်ပြင်းချနိုင်သော်လည်း မည်သို့ပင်ဖြစ်စေ ထပ်မံ၍ မဆဲဆိုရဲတော့ပေ။

တောင်အောက်ခြေသို့ ခဏမျှ ငေးကြည့်နေစဉ် နံနက်ခင်း၏ ပထမဆုံး အလင်းတန်းက ကျရောက်လာပြီး စိမ်းစိုသော တောင်တန်းကို ရွှေရောင်အလင်းများဖြင့် ဖုံးလွှမ်းလိုက်သည်။

ကွေ့လိက မျက်လုံးများကို မှိတ်ကာ အသက်ပြင်းပြင်း ရှူလိုက်သည်။

ခဏအကြာတွင် သူက လှည့်ကြည့်ကာ ရှောင်ဟွေ့ကို ရင်ခွင်ထဲသို့ ထည့်လိုက်ရင်း ခွေးရိုင်းတာအိုဆရာကို ပြောလိုက်၏။

“သွားကြစို့။”

ခွေးရိုင်းတာအိုဆရာမှာ ဤစကားကို ကြားရန် စောင့်ဆိုင်းနေပုံရပြီး ညည်းတွားရင်း လိုက်လာလေသည်။

“ဒါက ဒုက္ခရှာတာပဲ။ မျောက်တစ်ကောင်အတွက်နဲ့ အသက်ကို ရင်းနေရတယ်...”

တာဟွမ်က တစ်စုံတစ်ခုကို သိရှိသွားပုံရကာ မတ်တတ်ရပ်၍ ကွေ့လိကို ကြည့်လိုက်၏။

ကွေ့လိက တာဟွမ်၏ ခေါင်းကို ပွတ်သပ်ကာ ပြုံးပြပြီး သူ၏ ဘယ်ဘက်လက်ကို ဝေ့ယမ်းလိုက်ရာ အစိမ်းရောင် အလင်းတန်းများ တောက်ပနေသော ဝိညာဥ်ဝါးမြိုတုတ် ပေါ်ထွက်လာပြီး သူ၏ကိုယ်ကို သယ်ဆောင်ကာ ကောင်းကင်သို့ ပျံတက်သွားလေသည်။

ခွေးရိုင်းတာအိုဆရာမှာ ကြောင်ကြည့်နေပြီးနောက် ညည်းတွားလိုက်၏။

“ဟေ့ ကောင်လေး... ဒါက ဘယ်နေရာလဲဆိုတာ မင်း သိရဲ့လား။ ထွက်သွားရင်တောင် ဒီလောက် ကြွားစရာလိုလို့လား”

သူက သူ့ဘာသာ ညည်းတွားနေစဉ် တာဟွမ်က ကျယ်လောင်စွာ ဟောင်လိုက်ရာ ခွေးရိုင်းတာအိုဆရာမှာ လန့်သွားပြီး သူ၏ လက်နက်ကို အမြန်စီးနင်းကာ ကွေ့လိ၏ နောက်မှ လိုက်သွားလေသည်။

ဝါးတောနက်ရှေ့တွင် တာဟွမ်တစ်ကောင်တည်း ကျန်ရစ်ကာ မရပ်မနား ကျယ်လောင်စွာ ဟောင်နေလေသည်။

၎င်း၏ ဟောင်သံမှာ တောင်တစ်ခုလုံး ပဲ့တင်ထပ်နေ၏။ ဖြူဖွေးသော လက်တစ်ဖက်က ၎င်း၏လည်ပင်းကို ပွတ်သပ်ပေးလိုက်ပြီး နူးညံ့စွာ မေးလိုက်သည်။

“တာဟွမ်... ဘာဖြစ်တာလဲ။ ဒီနေ့ ဘာလို့ ဒီကို ပြေးလာပြီးတော့ ဒီလောက်တောင် ဟောင်နေရတာလဲ။”

တာဟွမ်မှာ အနည်းငယ် စိတ်လှုပ်ရှားကာ အမောတကော ဖြစ်နေပုံရ၏။ ၎င်းက လှည့်ကြည့်လိုက်ရာ အိမ်ထောင်ကျပြီးစ အမျိုးသမီးငယ်လေး ဖြစ်နေသော ထျန်းလင်းအာကို တွေ့လိုက်ရပြီး ကောင်းကင်သို့ ပြန်ကြည့်ကာ ထပ်မံဟောင်လိုက်ပြန်သည်။

“ဝုတ် ဝုတ်... ဝုတ်ဝုတ်... ဝုတ် ဝုတ် ဝုတ်...”

ထျန်းလင်းအာက မျက်မှောင်ကြုတ်ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ထူးဆန်းနေသကဲ့သို့ ခံစားရသဖြင့် ထပ်မံမေးလိုက်သည်။

“ဘာဖြစ်လို့လဲ တာဟွမ်။ အော်... ဒါနဲ့ ရှောင်ဟွေ့ကော။ ဘာလို့ မင်းနဲ့အတူ မရှိတာလဲ။”

တာဟွမ်က သူမ၏စကားကို နားလည်သလား မသိသော်လည်း ကောင်းကင်ကို ကြည့်ကာ အသံကုန် ဟောင်နေဆဲ ဖြစ်လေသည်။

ထျန်းလင်းအာက ကောင်းကင်သို့ ကြည့်လိုက်သော်လည်း မိုးကောင်းကင်နှင့် တိမ်တိုက်ဖြူဖြူများကိုသာ တွေ့ရ၏။

တိမ်တိုက်များကြားမှ တိမ်စတစ်ခုမှာ ကောင်းကင်ထက်၌ အရှိန်အဟုန်ဖြင့် ပြေးလွှားနေသည်မှာ အလွန်ပင် ခန့်ညားလှပေသည်။

အကြောင်းအရင်းမရှိပဲ သူမ၏ နှလုံးသားထဲတွင် တစ်စုံတစ်ခု ပျောက်ဆုံးနေသကဲ့သို့ ခံစားလိုက်ရပြီး တစ်ခဏမျှ ငေးမောနေမိလေသည်။

ချင်းယွင်တောင်၏ တောင်ဘက် မိုင်ပေါင်းသောင်းချီဝေးသော နေရာတွင် အလွန်မြင့်မားသော တောင်တစ်တောင် ရှိပြီး ထိုတောင်၏အမည်မှာ ဝေမုတောင် ဖြစ်လေသည်။ ထိုနေရာမှာ မိစ္ဆာလမ်းစဉ် သရဲဘုရင်ဂိုဏ်း၏ ဌာနချုပ် တည်ရှိရာနေရာပင် ဖြစ်လေသည်။

ဤဆယ်နှစ်တာအတွင်း မိစ္ဆာလမ်းစဉ်၏ အင်အားမှာ တစ်နေ့ထက်တစ်နေ့ ကြီးထွားလာပြီး ကျွမ်းကျင်သူများစွာ ရှိလာသော်လည်း အချင်းချင်းတိုက်ခိုက်မှုများမှာလည်း ပို၍ ပြင်းထန်လာခဲ့သည်။

၎င်းမှာ လမ်းမှန်ဂိုဏ်းများနှင့် တိုက်ခိုက်ရသည်ထက်ပင် ပို၍ ပြင်းထန်နေလေသည်။

သရဲဘုရင်ဂိုဏ်းမှာ မူလက မိစ္ဆာလမ်းစဉ်၏ အင်အားကြီး ဂိုဏ်းလေးခုအနက် တစ်ခုဖြစ်ပြီး လွန်ခဲ့သော ဆယ်နှစ်အတွင်း သရဲဘုရင်သည် ဂိုဏ်းကို စည်ပင်ဝပြောအောင် အစွမ်းကုန်ကြိုးစားခဲ့ရာ တစ်နေ့ထက်တစ်နေ့ ပိုမိုအင်အားကြီးလာခဲ့ပြီး ဝမ်တုဂိုဏ်းကို ကျော်လွန်ကာ မိစ္ဆာလမ်းစဉ်၏ အကြီးဆုံးဂိုဏ်း ဖြစ်လာလုနီးပါးပင်။

ယခုအခါ သရဲဘုရင်ဂိုဏ်းတွင် ရှေးမျိုးဆက် ကျွမ်းကျင်သူများအပြင် လျှို့ဝှက်ဆန်းကြယ်သော သံတမန်လေးဦးနှင့် သရဲဘုရင်၏ ဘေးတွင် အမြဲရှိနေတတ်သော ကွေ့ရှန်ရှန်း ဆိုသူလည်း ရှိနေပေသည်။

သို့သော် အာရုံအစိုက်ခံရဆုံးသူမှာ သရဲဘုရင်က အလွန်ယုံကြည်ရသော လူငယ်မျိုးဆက်သစ် ကွေ့လိပင် ဖြစ်လေသည်။ သရဲဘုရင်က ၎င်းကို ဒုတိယခေါင်းဆောင်အဖြစ် ခန့်အပ်ထားရုံသာမက မိမိ၏သားအရင်းကဲ့သို့ပင် ဆက်ဆံလေသည်။

ယခုအခါ လောကတစ်ခုလုံးက ကွေ့လိသည် သရဲဘုရင်ဂိုဏ်း၏ နောက်ထပ်ခေါင်းဆောင် ဖြစ်လာလိမ့်မည်ကို သိရှိထားကြလေသည်။

မိစ္ဆာလမ်းစဉ်တွင် အချင်းချင်း တိုက်ခိုက်မှုများမှာ ပြင်းထန်ရုံသာမက နည်းလမ်းပေါင်းစုံကိုလည်း အသုံးပြုကြ၏။ လူများစွာက သရဲဘုရင်နှင့် ၎င်း၏ အချစ်ဆုံး မွေးစားသားအကြား သွေးခွဲရန် ကြိုးစားခဲ့ကြသော်လည်း အားလုံးမှာ ကျရှုံးခဲ့ကြရသည်။

အတိတ်ကို နားလည်သော လူအနည်းငယ်ကသာ ဤလူနှစ်ဦး၏ ခိုင်မာလှသော ဆက်ဆံရေးအပေါ် နှလုံးမသာမယာ ဖြစ်နေကြလေသည်။

ပိတ်ပါးအနက်ရောင်ဖြင့် မျက်နှာကို ဖုံးအုပ်ထားသော လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီး ယိုကျီသည် သရဲဘုရင်ဂိုဏ်း၏ အရေးကြီးဆုံး အခန်းထဲတွင် တိတ်ဆိတ်စွာ ထိုင်နေ၏။

ထိုအခန်းမှာ အလွန်မကြီးမားသော်လည်း အလွန်ပင် အေးစက်လှပေသည်။ အဘယ်ကြောင့်ဆိုသော် အခန်းအလယ်တွင် ကြည်လင်တောက်ပသော ရေခဲစင်တစ်ခု ရှိနေပြီး ထိုရေခဲစင်မှ အေးစက်သော အငွေ့အသက်များ ထွက်ပေါ်နေသောကြောင့်ပင် ဖြစ်လေသည်။

သူမ အနှစ်သက်ဆုံးသော အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် မိန်းမလှလေးတစ်ဦးမှာ ထိုရေခဲစင်ပေါ်တွင် ငြိမ်သက်စွာ လဲလျောင်းနေလေသည်။

အေးစက်သည့် အငွေ့အသက်များကြားဝယ် သူမ၏ မျက်နှာမှာ အနည်းငယ် ဖြူဖျော့နေသော်လည်း လှပနေဆဲပင်။

သူမ၏ လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်တွင် ယှက်တင်ထားပြီး သူမ၏ လက်ဝါးထဲတွင် ခန္ဓာကိုယ်နှင့် တစ်သားတည်း ဖြစ်နေပုံရသော ရွှေခေါင်းလောင်းလေးတစ်ခုမှာ ထူးဆန်းသော အလင်းတန်းများ တောက်ပနေ၏။

ထိုစဉ် အခန်း၏ ထူထပ်သော ကျောက်တံခါးမှာ ပွင့်လာပြီးနောက် ပြန်ပိတ်သွားသံကို ကြားလိုက်ရသည်။

ခြေသံတစ်ခု ထွက်ပေါ်လာပြီး ယိုကျီ၏ ဘေးတွင် ရပ်လိုက်၏။

ယိုကျီက ခေါင်းကို ဖြည်းညင်းစွာ မော့ကြည့်လိုက်ရာ ဤအခန်းထဲသို့ ဝင်လာနိုင်သူမှာ သရဲဘုရင်ဂိုဏ်း တစ်ခုလုံးတွင် လေးဦးထက် မပိုကြောင်း သူမ သိရှိထားပေသည်။

ကွေ့လိ၏ ဖြူဖျော့သော မျက်နှာက သူမ၏ရှေ့တွင် ပေါ်လာ၏။ ယိုကျီ၏ နှလုံးသားမှာ အနည်းငယ်တုန်လှုပ်သွားပြီး ဤလူ ဤအခန်းထဲသို့ ဝင်လာတိုင်း သူ၏မျက်နှာမှာ ပို၍ ဖြူဖျော့လာသည်ကို သူမ သတိထားမိနေခဲ့သည်။

သို့သော် ကွေ့လိ၏ မျက်ဝန်းထဲတွင် ယိုကျီမှာ မရှိသကဲ့သို့ပင်။ ငြိမ်သက်စွာ လဲလျောင်းနေသော မိန်းမလှလေးမှာ ယခုအခါ သူ၏ နှလုံးသားနှင့် ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းထားလေပြီ။

ယိုကျီက ဖြည်းညင်းစွာ ထရပ်ကာ နောက်သို့ ဆုတ်လိုက်သော်လည်း သူမ၏ အကြည့်များမှာ သူ၏အပေါ်၌ ရှိနေဆဲ ဖြစ်သည်။ သူ၏ ပုံစံမှာ အရင်ကထက် ပို၍ အထီးကျန်နေလေသည်။။

အပြင်လောကတွင် သူ၏ ဘေးပတ်ဝန်းကျင်၌ အမြဲရှိနေတတ်သော သတ်ဖြတ်ခြင်းအရှိန်အဝါမှာ ဤနေရာ၌မူ လုံးဝ မရှိပေ။

ဤနေရာမှာ သူ အေးချမ်းမှု ရရှိနိုင်သော တစ်ခုတည်းသော နေရာ ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

သူမက ထိုသူကို နောက်ဆုံးတစ်ချက် ကြည့်လိုက်ပြီး အခန်းအပြင်သို့ ထွက်လာကာ ကျောက်တံခါးကို ဂရုတစိုက် ပိတ်လိုက်၏။

သို့သော် အဖြူရောင်ဝတ်ဆင်ထားသော ချင်းလုံက ဘေးနားတွင် ရပ်နေသည်ကို မြင်သောအခါ သူမ အနည်းငယ် လန့်သွားလေသည်။

“ဘာဖြစ်လို့လဲ။”

ခေတ္တမျှ တိတ်ဆိတ်ပြီးနောက် ယိုကျီက အေးစက်စွာ မေးလိုက်၏။

ချင်းလုံက ကျောက်တံခါးကို ကြည့်ကာ ပြောလိုက်သည်။

“သူ ပြန်ရောက်ပြီလား”

ယိုကျီက ခေါင်းကို အနည်းငယ် ငြိမ့်ပြကာ ပြောလိုက်၏။

“ဟုတ်တယ်... သူ အထဲမှာ ပိယောင်နဲ့ စကားပြောနေတယ်။”

ချင်းလုံက မျက်မှောင်ကြုတ်ကာ သက်ပြင်းချလိုက်သည်။ အမှန်စင်စစ် သူတို့အားလုံး သိရှိထားကြသည်မှာ ကွေ့လိက သူ့ဘာသာ တစ်ယောက်တည်း စကားပြောနေခြင်းသာ ဖြစ်ပြီး ပိယောင်က ကြားနိုင်သလား ဆိုသည်မှာ အခြားကိစ္စတစ်ခုပင်။

သို့သော် ဤကိစ္စမှာ အလွန်ပင် စိတ်နှလုံး ထိခိုက်စရာ ကောင်းလှသဖြင့် မည်သူမျှ ထုတ်မပြောလိုကြပေ။

ယိုကျီက ခေတ္တမျှ ငြိမ်နေပြီးနောက် ပြောလိုက်၏။

“ကျန်းရှောင်ဖန်းက ပြန်လာတိုင်း ဒီနေရာကို အရင်ဆုံး လာတာပဲ...”

ချင်းလုံ၏ မျက်နှာထားမှာ အနည်းငယ် ပြောင်းလဲသွားပြီး ကြားဖြတ်ပြောလိုက်သည်။

“ညီမလေး... အခု သူက ဂိုဏ်းချုပ် ပေးထားတဲ့ ကွေ့လိဆိုတဲ့ အမည်နဲ့ ရှိနေတာ။ သူ့ကို အဲဒီနာမည်နဲ့ မခေါ်ဖို့ ငါမင်းကို အကြိမ်ကြိမ် ပြောဖူးတယ်နော်။”

ယိုကျီ၏ မျက်နှာမှာ ပိတ်ပါးစအောက်တွင် မည်သို့ရှိနေမည်ကို မသိနိုင်သော်လည်း သူမ၏ လေသံမှာ ပြောင်းလဲခြင်း မရှိဘဲ ဆက်ပြောလိုက်၏။

“...ဒါပေမဲ့ ဂိုဏ်းချုပ်ကတော့ ဒီကို မလာတာ ကြာလှနေပြီ။”

ချင်းလုံက သူမကို ကြည့်ကာ သက်ပြင်းရှည်ကြီး ချလိုက်ပြီး ပြောလိုက်သည်။

“ဒီဆယ်နှစ်အတွင်း ဂိုဏ်းချုပ်ရဲ့ ခေါင်းမှာ ဆံပင်ဖြူတွေ ဘယ်လောက်တောင် တိုးလာလဲဆိုတာ မင်း မြင်သားပဲ။ သူက သူ့ရဲ့ တစ်ဦးတည်းသော သမီးကို မလွမ်းလို့ မဟုတ်ပါဘူး၊ သူက သူ့ရဲ့ နာကျင်မှုတွေကို ရင်ထဲမှာပဲ မြှုပ်နှံထားတာပါ။”

ယိုကျီက ခေတ္တမျှ ပြန်လည်တိတ်ဆိတ်သွားပြီး တစ်စုံတစ်ခုကို သတိရဟန်ဖြင့် မေးလိုက်၏။

“စုန်းမျိုးနွယ်စုကို ရှာဖွေတဲ့ကိစ္စ အခြေအနေဘယ်လိုရှိလဲ။”

ချင်းလုံက ခေါင်းခါပြကာ ပြောလိုက်သည်။

“စုန်းမျိုးနွယ်စုက လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်လောက်ကတည်းက ပျောက်ကွယ်သွားတာ။ အခုချိန်မှာ ဘယ်ကနေ စရှာရမှန်းတောင် ငါတို့ မသိသေးဘူး။”

ယိုကျီက ဖြည်းညင်းစွာ လှည့်ထွက်သွားလေသည်။

ပိယောင် အိပ်စက်နေသော ဤကျောက်ခန်းမှာ သရဲဘုရင်ဂိုဏ်း၏ အလွန်လျှို့ဝှက်သော နေရာတွင် ရှိရာ ပုံမှန်အားဖြင့် လူသူအရောက်အပေါက် နည်းပါးလှပေသည်။ ယခုအခါ စင်္ကြံလမ်းပေါ်တွင် သူတို့နှစ်ဦးသာ ရှိနေလေသည်။

ချင်းလုံက ယိုကျီ၏ ကျောပြင်ကို ကြည့်ကာ ရုတ်တရက် ပြောလိုက်သည်။

“မင်း ကွေ့လိနဲ့ အဝေးမှာ နေတာ ပိုကောင်းလိမ့်မယ်။”

All Chapters