← Chapters

အခန်း ၁၈၀

Vol. 18 Ch. 180

အခန်း ၁၈၀

Vol. 18 Ch. 180

အခန်း (၁၈၀) - နေရာဟောင်းများ (၃)

ယိုကျီ၏ ကိုယ်မှာ ရုတ်တရက် တုန်ခါသွားပြီး ခြေလှမ်းများကို ရပ်လိုက်၏။ သူမ၏ ကိုယ်မှာ တင်းမာသွားသော်လည်း နောက်မှ တဖြည်းဖြည်း ပြန်လည်ဖြေလျှော့ကာ ချင်းလုံကို လှည့်ကြည့်ရင်း တစ်လုံးချင်း ပြောလိုက်သည်။

“ရှင် ဘာကို ဆိုလိုတာလဲ။”

ချင်းလုံက သူမကို မကြည့်ဘဲ ကျောက်တံခါးကိုသာ ကြည့်ရင်း အေးစက်စွာ ပြောလိုက်၏။

“မင်း ပိယောင်အပေါ်မှာ အပြစ်မကင်းသလို ခံစားနေရတာကို ငါသိပါတယ်။ သူမကို ကောင်းကောင်း မကာကွယ်နိုင်ခဲ့ဘူးလို့ မင်း ခံစားနေရတာပဲ”

“ ဒါပေမဲ့ အဲလူအပေါ်မှာထားရဲ့ မင်းရဲ့ ဂရုစိုက်မှုတွေက စည်းကျော်နေပြီလို့ ငါထင်တယ်။”

ယိုကျီက ဘာမှပြန်မပြောသော်လည်း ဤစင်္ကြံလမ်းမှာ ကျောက်ခန်းထဲထက်ပင် ပို၍ အေးစက်သွား၏။ သူမထံမှ သတ်ဖြတ်လိုသော အငွေ့အသက်များ မသိမသာ ထွက်ပေါ်နေလေသည်။

“ရှင်က ကျွန်မကို အဲဒီကောင်လေးအပေါ်မှာ စိတ်ဝင်စားနေတယ်လို့ ပြောချင်တာလား။”

သူမက တစ်လုံးချင်း ပြောလိုက်၏။

ချင်းလုံမှာမူ ထိုသတ်ဖြတ်လိုသော အငွေ့အသက်များကို မခံစားရသကဲ့သို့ပင် သူ၏ မျက်နှာထားမှာလည်း မပြောင်းလဲဘဲ ဆက်ပြောလိုက်သည်။

“ညီမလေး... ငါ အဲဒီလို မပြောပါဘူး။ ငါက မင်းကို သတိပေးချင်ရုံတင်ပါ။ ပိယောင်ကြောင့် ဂိုဏ်းချုပ်နဲ့ အဲဒီလူကြားက ဆက်ဆံရေးက အမြဲတမ်း သိမ်မွေ့နေတာ”

“ငါ ဂိုဏ်းချုပ်ရဲ့နောက်ကို လိုက်လာတာ နှစ်အတော်ကြာပြီ၊ သူက ကွေ့လိကို သားအရင်းလို ဆက်ဆံပေမဲ့ ပိယောင် အခုလို ဖြစ်သွားတဲ့အပေါ် သူဝမ်းနည်းတဲ့အခါတိုင်း သူ့ရဲ့ရင်ထဲမှာ နာကျင်မှုတွေ ရှိနေတတ်တာ ငါသိတယ်။”

သူက ဤသို့ပြောပြီးနောက် ယိုကျီကို စိုက်ကြည့်ကာ ခပ်တိုးတိုး ပြောလိုက်၏။

“ညီမလေး... မင်း ကိုယ့်ကိုယ်ကိုယ် သတိထားပါ။”

ယိုကျီက အဝေးမှနေ၍ နှာခေါင်းရှုံ့လိုက်ပြီး ပြောလိုက်သည်။

“ရှင် ဘာတွေပြောနေတာလဲ ကျွန်မနားမလည်ဘူး။”

ထို့နောက် သူမက လှည့်ထွက်သွားလေသည်။

ချင်းလုံက ခါးသက်စွာ ရယ်မောလိုက်ပြီး ခေါင်းကို ခါယမ်းကာ သက်ပြင်းချလိုက်၏။

ကျောက်ခန်းအတွင်းဝယ်။

ကွေ့လိက ပိယောင်၏ ဘေးတွင် ထိုင်ကာ သူမ၏ လှပပြီး ဖြူဖျော့သော မျက်နှာကို ငေးကြည့်ရင်း ခပ်တိုးတိုး ပြောနေ၏။

“ငါ ပြန်လာပြီ ပိယောင်”

“ဒီတစ်ခေါက် ခရီးစဉ်မှာ မင်းရဲ့အဖေကို ကူညီပြီး နောက်ထပ် ဂိုဏ်းခွဲတစ်ခုကို ရှင်းလင်းပေးခဲ့တယ်။ အဲဒါက ငါတို့ အစောပိုင်းက တွေ့ခဲ့ဖူးတဲ့ သွေးသန့်စင်ဂိုဏ်းပဲ။ မင်း မှတ်မိသေးရဲ့လား”

“ဘာလို့လဲတော့ မသိဘူး၊ နောက်ဆုံးတစ်ယောက်ပဲ ကျန်တဲ့အချိန်မှာ ရုတ်တရက် မင်းကို သတိရသွားတယ်”

“ငါတို့ အဲဒီမှာ ဆုံခဲ့ကြတာကို သတိရပြီး ငါ လက်မလှုပ်နိုင်တော့ဘူး။ ပိယောင်... မင်း ငါ့ကို အပြစ်တင်မလား”

“လွန်ခဲ့တဲ့ ရက်အနည်းငယ်က ငါ တာကျူးတောင်ထိပ်ကို တိတ်တဆိတ် သွားခဲ့သေးတယ်”

“အဲဒီမှာ ရှောင်ဟွေ့ကိုလည်း ပြန်ခေါ်လာခဲ့တယ်။ မင်း ရှောင်ဟွေ့ကို မြင်လား။ ငါ ငယ်ငယ်ကတည်းက မွေးထားတဲ့ မျောက်ကလေးလေ...”

“ငါ ဝါးနက်တောကို သွားခဲ့တယ်၊ ငါ ဘာတွေ မြင်ခဲ့လဲဆိုတာ မင်း ခန့်မှန်းကြည့်”

“တကယ်တော့ မြေပြင်ပေါ်မှာ လဲကျနေတဲ့ အဲဒီဝါးပင်က အခုထိ ရှိနေတုန်းပဲ။ ပိယောင်... မင်း မှတ်မိသေးလား။ ငါတို့နှစ်ယောက် အတူတူ ထိုင်ခဲ့ကြတဲ့ အဲဒီဝါးပင်လေ...”

“တကယ်တော့ ဘာမှ မပြောင်းလဲသေးပါဘူး ပိယောင်”

“ပိယောင်...”

သူက ခပ်တိုးတိုး ခေါ်လိုက်ရာ ထိုအသံမှာ ငိုရှိုက်သံများဖြင့် ရောယှက်နေပြီး ကျောက်ခန်းအတွင်းဝယ် ပဲ့တင်ထပ်နေလေတော့သည်။

နားထင်တွင် ဆံဖြူတို့ ပေါက်ရောက်လာခဲ့လေပြီ... အချိန်ကာလဟူသည် ရေအလျဉ်ကဲ့သို့ပင် တရွေ့ရွေ့ စီးဆင်းသွားလေတော့၏။

သရဲဘုရင်သည် မှန်ကဲ့သို့ ကြည်လင်လှသော ရေပြင်ထက်မှ သူ၏အကြည့်ကို လွှဲဖယ်လိုက်ပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။

ထို့နောက် ခေါင်းကို လှည့်ကြည့်လိုက်ကာ ပြုံးလျက် ပြောလိုက်သည်။

“ငါ မှန်မကြည့်ဖြစ်တာ တော်တော်ကြာသွားပြီပဲ။ ဒီနေ့ ကြည့်လိုက်မှ ငါ့မှာ ဆံဖြူတွေ တော်တော်တိုးလာတာကို တွေ့လိုက်ရတယ်”

သူ၏နောက်တွင် ရပ်နေသော ကွေ့လိမှာမူ မည်သည့် ခံစားချက်မျှ မပြဘဲ အေးစက်စွာပင် ဆိုလိုက်၏။

“ဂိုဏ်းချုပ်က အပူများလွန်းနေတာပါ”

ယခုအချိန်တွင် မြေခွေးတောင်၏ ရေကန်အနားရှိ ရေလယ်ကျောက်ဆောင်ပေါ်၌ ဆောက်လုပ်ထားသော ကျောက်ဆောင်ငယ်တစ်ခုတွင် သူတို့ ရှိနေကြခြင်း ဖြစ်သည်။

ထိုကျောက်ဆောင်သို့ ရှေးဟောင်း သစ်သားတံတားလေးတစ်ခုဖြင့်သာ ဆက်သွယ်ထား၏။ သရဲဘုရင်နှင့် ကွေ့လိတို့သည် အလယ်တွင် ရပ်နေကြခြင်း ဖြစ်သည်။

သရဲဘုရင်သည် လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး တည်ငြိမ်သော မျက်နှာထားဖြင့် ​မေးလိုက်လေသည်။

“မင်း မကြာသေးခင်က ကုန်းစွန်းတောင်ကို သွားခဲ့တာ ငါကြားတယ်။ သွေးသန့်စင်ဂိုဏ်းကို နှိမ်နင်းနိုင်ခဲ့ပေမဲ့ နောက်ဆုံးအထိ အညံ့မခံတဲ့ တစ်ယောက်တည်းသောသူ ခွေးရိုင်းတာအိုဆရာကိုကျတော့ မင်းက သိမ်းသွင်းလိုက်တယ်ဆို... အဲဒါ တကယ်ပဲလား”

ကွေ့လိသည် သရဲဘုရင်ကို ကြည့်လိုက်သော်လည်း သူ၏မျက်နှာမှာ အေးဆေးတည်ငြိမ်လွန်းလှသဖြင့် စိတ်ထဲတွင် ဘာတွေးနေသည်ကို ခန့်မှန်း၍မရနိုင်ချေ။ သူက ခေါင်းကို အသာအယာညိတ်ပြလိုက်ပြီး ဆိုလိုက်၏။

“မှန်ပါတယ်”

သရဲဘုရင်က ပြုံးလိုက်ပြီး ရေပြင်ကို ကြည့်လျက် အေးအေးလူလူပင် ပြောလိုက်သည်။

“အရင်တုန်းက မင်း လူတွေကို ဦးဆောင်ပြီး တိုက်ခိုက်တဲ့အခါတိုင်း အသက်လျက် တစ်ယောက်မှမချန်ခဲ့ဘူး။ ဒီတစ်ခါကျမှ ဘာလို့ ဒီလူကို ကရုဏာသက်နေရတာလဲ”

ကွေ့လိသည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြန်ဖြေလိုက်လေသည်။

“အခုအချိန်မှာ သွေးသန့်စင်ဂိုဏ်းက ကျဆင်းနေပြီဆိုပေမဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ရှစ်ရာတုန်းကတော့ သူတို့က ဂိုဏ်းခွဲငယ်တစ်ခုထက် ပိုခဲ့ပါတယ်။ တစ်ခေတ်တစ်ခါက အုပ်စိုးခဲ့ဖူးတဲ့ အဖွဲ့အစည်းတစ်ခုပါ”

သရဲဘုရင်သည် မည်သို့မျှ တုံ့ပြန်ခြင်းမရှိဘဲ ရပ်နေဆဲဖြစ်ရာ ဤရှင်းပြချက်ကို သူကျေနပ်ခြင်း ရှိ၊ မရှိကို မသိနိုင်ချေ။ ခဏအကြာတွင် သူက ရုတ်တရက် ပြောလိုက်လေသည်။

“ဒါနဲ့ ပြောရဦးမယ်... မင်းလက်ထဲက သွေးစုပ်ပုတီးဆိုတဲ့ မှော်ရတနာဟာ အရင်က ဟေရှင်းအဘိုးအိုရဲ့ အမွေအနှစ်ပဲ။ ကြည့်ရတာ သွေးသန့်စင်ဂိုဏ်းနဲ့ မင်းနဲ့ကြားမှာ မျိုးဆက်အရ ဆက်နွှယ်မှုတွေ ရှိနေပုံပဲ”

ကွေ့လိသည် မျက်တောင်ကို ဖြည်းဖြည်းချင်း ပင့်ကြည့်လိုက်ရာ သရဲဘုရင်ကလည်း ထိုအချိန်တွင် လှည့်ကြည့်လိုက်လေသည်။

သူတို့နှစ်ဦး၏ အကြည့်တို့သည် လေထုထဲတွင် ဆုံစည်းသွားကြ၏။ ကွေ့လိ၏ မျက်လုံးများက မှောင်မိုက်နေပြီး သရဲဘုရင်၏ မျက်လုံးများမှာမူ တည်ငြိမ်လျက် နက်ရှိုင်းနေလေသည်။

သရဲဘုရင်က ရုတ်တရက် ရယ်မောလိုက်လေသည်။

“မကြာသေးခင်က အနောက်ဘက် သေမင်းရွှံ့နွံမှာ ရှားပါးရတနာတစ်ခု ပေါ်ထွက်လာတယ်လို့ သတင်းထွက်နေတာ မင်းသိလား”

ကွေ့လိက ခေါင်းညိတ်ပြလိုက်သည်။

“သိပါတယ်... ကြားမိပါတယ်”

သရဲဘုရင်က အေးအေးလူလူပင် ဆက်ပြောလေသည်။

“လမ်းမှန်ဂိုဏ်းကလူတွေ အုပ်စုလိုက် သွားနေကြတာတင်မကဘူး... ဝမ်တုဂိုဏ်းနဲ့ ဟယ်ဟွမ်းဂိုဏ်းက လူတွေလည်း အဲဒီရတနာကို ရဖို့ ကြံစည်နေကြတယ်လို့ ကြားတယ်”

“ချန်ရှန်းခန်းမကတော့ သူတို့ရဲ့ ဌာနချုပ်က အဲဒီရွှံ့နွံနားမှာတင်ရှိနေတာဆိုတော့ ဘယ်လိုမှ လက်လွှတ်မှာ မဟုတ်ဘူး”

သူက ခဏမျှ ရပ်လိုက်ပြီး ကွေ့လိဘက်သို့ လှည့်ကာ မေးလိုက်၏။

“မင်း ဘယ်လိုထင်လဲ”

ကွေ့လိသည် ချက်ချင်း ပြန်မပြောဘဲ အချိန်အတော်ကြာ တိတ်ဆိတ်နေ၏။ သရဲဘုရင်ကလည်း သူ၏အဖြေကို စိတ်ရှည်လက်ရှည်ပင် စောင့်နေလေသည်။ ခဏအကြာတွင်မှ ကွေ့လိက အေးအေးဆေးဆေးပင် ဆိုလိုက်သည်။

“ကျွန်တော်တို့ သွေးသန့်စင်ဂိုဏ်းကို သိမ်းသွင်းလိုက်ပြီးကတည်းက ဂိုဏ်းကြီးလေးခုကလွဲရင် အလားအလာရှိတဲ့ နောက်ဆုံးဂိုဏ်းခွဲလေးလည်း ပြိုကွဲသွားပြီ”

သရဲဘုရင်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာပြီး ခေါင်းညိတ်လျက် ပြောလိုက်သည်။

“ဟုတ်တာပေါ့”

ကွေ့လိက ဆက်ပြောလေသည်။

“မိစ္ဆာဂိုဏ်းတွေကြားမှာ အမြဲတမ်း အားပြိုင်မှုတွေ ရှိနေခဲ့တာပါ။ ဂိုဏ်းကြီးလေးခုဟာ တစ်ခုကိုတစ်ခု ဝါးမြိုဖို့ပဲ အမြဲတမ်းကြိုးစားနေကြတယ်”

“အရင်တုန်းကတော့ လမ်းမှန်ဂိုဏ်းဆိုတဲ့ ပြင်ပရန်သူ ရှိနေလို့သာ အတူတူ ပူးပေါင်းခဲ့ကြတာ။ အခုတော့ အခြေအနေတွေက အရင်လို မဟုတ်တော့ဘူး”

“လောလောဆယ် ဂိုဏ်းတွင်းက အင်အားစုတွေက ပြန်လည် စုဖွဲ့နေကြပြီ။ နောက်တစ်ဆင့်ကတော့ ဂိုဏ်းကြီးလေးခုကြားက ပြင်းထန်တဲ့ တိုက်ပွဲပဲ။ ဘယ်သူက အရင် စလှုပ်ရှားမလဲဆိုတာပဲ မသိရသေးတာ”

သရဲဘုရင်က ပြုံးလျက် လက်ခုပ်တီးကာ ပြောလိုက်လေသည်။

“ကောင်းတယ်... ကောင်းတယ်။ တကယ့်ကို ကောင်းကောင်း ပြောနိုင်တာပဲ”

ကွေ့လိက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်လေသည်။

“ဒီတစ်ဆယ်နှစ်အတွင်းမှာ ဂိုဏ်းချုပ်က ကျွန်တော့်ကို ကောင်းကင်ကျမ်းရဲ့ ဒုတိယတွဲကို သင်ပေးခဲ့တာတင်မကဘူး... ဂိုဏ်းချုပ်ရဲ့ တစ်သက်တာ ဗဟုသုတတွေ၊ ဗျူဟာတွေနဲ့ ဆုံးဖြတ်ချက်ချပုံတွေကိုပါ တစ်ခုပြီးတစ်ခု သင်ကြားပေးခဲ့တာပဲ”

“ဒါကိုမှ ကျွန်တော်က ကြိုမတွေးနိုင်ဘူးဆိုရင် ဂိုဏ်းချုပ်ရဲ့ ကြိုးစားအားထုတ်မှုတွေနဲ့ မထိုက်တန်ရာ ရောက်မှာပေါ့”

သရဲဘုရင်သည် သူကိုယ်တိုင် ဖန်တီးထားသော အဖိုးတန်လက်ရာတစ်ခုကို ကြည့်နေသကဲ့သို့ ရှေ့က လူငယ်ကို ကြည့်ကာ ပြုံးလိုက်၏။ သူ၏ ပျော်ရွှင်မှုထဲတွင် ဂုဏ်ယူဝင့်ကြွားမှုများလည်း ကိန်းအောင်းနေဟန် တူလေသည်။

“အဲဒါတော့လည်း မဟုတ်သေးပါဘူး။ ငါသင်ပေးသမျှကို မင်းရဲ့ ကိုယ်ပိုင် ဉာဏ်စွမ်းနဲ့ နားလည်သဘောပေါက်နိုင်လို့သာ ဖြစ်တာပါ။ ဒီနှစ်တွေအတွင်း မင်းရဲ့ တိုးတက်မှုက ငါထင်ထားတာထက် အများကြီး ပိုပါတယ်”

“မင်းရဲ့ ပင်ကိုအရည်အချင်းနဲ့ဆိုရင် အနည်းဆုံး နှစ်ပေါင်း သုံးဆယ်လောက် ကျင့်ကြံရမယ်လို့ ငါထင်ခဲ့တာ။ မမျှော်လင့်ဘဲ ဆယ်နှစ်အတွင်းမှာ ဒီလောက်အထိ အောင်မြင်မှု ရလိမ့်မယ်လို့ မထင်ခဲ့ဘူး။ တကယ်ကို ရှားပါးတဲ့ ပါရမီရှင်ပဲ”

သရဲဘုရင်၏ ချီးမွမ်းမှုကို ရရှိသော်လည်း ကွေ့လိ၏ မျက်နှာတွင် မည်သည့် အပြုံးမျှ ပေါ်မလာချေ။ ဤအရာမှာ ဝမ်းသာစရာကိစ္စ မဟုတ်သကဲ့သို့ပင်။

သို့သော် သရဲဘုရင်က ဂရုမစိုက်ပေ။ ဒီနှစ်တွေအတွင်း ရှေ့ကလူသည် မူလက ကျန်းရှောင်ဖန်းဘဝမှ ယခု ကွေ့လိအဖြစ်သို့ လုံးဝ ပြောင်းလဲသွားခဲ့ချေပြီ။ ရုပ်ရည်ကလွဲ၍ ကျန်သည့် အရာအားလုံးသည် အတိတ်ကပုံစံနှင့် လုံးဝ မတူတော့ချေ။ သူက ခဏမျှ ရပ်ပြီးမှ မေးလိုက်၏။

“ဒါဖြင့် မင်း ဘယ်လိုထင်လဲ... ငါတို့ အထွတ်အမြတ်ဂိုဏ်းထဲက ဂိုဏ်းကြီးလေးခုကြား တိုက်ပွဲကတော့ ရှောင်လွှဲလို့မရတော့ဘူး။ ငါတို့ကပဲ အရင် စတိုက်သင့်သလား... ဒါမှမဟုတ် ငြိမ်ပြီး စောင့်ကြည့်ရမလား”

ယခုတစ်ကြိမ်တွင်မူ ကွေ့လိသည် တွေဝေမနေဘဲ ချက်ချင်းပင် ပြန်ဖြေလိုက်သည်။

“အရင် ဦးအောင် တိုက်ရမယ်”

သရဲဘုရင်က သူ့ကို စိုက်ကြည့်လျက် မေးလိုက်ပြန်သည်။

“ကောင်းပြီ... ဒါဆို ဘယ်ဂိုဏ်းကို အရင် ကိုင်တွယ်သင့်တယ်လို့ မင်းထင်သလဲ”

“ချန်ရှန်းခန်းမကိုပါ”

သရဲဘုရင်က မျက်မှောင်ကြုတ်လိုက်သော်လည်း သူ၏ မျက်လုံးများထဲတွင် ချီးမွမ်းရိပ်များ ပေါ်နေ၏။

“ဘာကြောင့်လဲ”

“လောလောဆယ် သရဲဘုရင်ဂိုဏ်းနဲ့ ဝမ်တုဂိုဏ်းရဲ့ အင်အားက အကြီးမားဆုံးပဲ။ ဟယ်ဟွမ်းဂိုဏ်းနဲ့ ချန်ရှန်းခန်းမကတော့ ဒုတိယတန်းစားအဆင့်ပဲ ရှိတယ်”

“ဟယ်ဟွမ်းဂိုဏ်းက အမြဲတမ်း ငြိမ်ငြိမ်နေလေ့ရှိပေမဲ့ ချန်ရှန်းခန်းမရဲ့ အရှင် ယွီယန်ဇီကတော့ ကျင့်စဥ်အဆင့်မြင့်တယ်ဆိုပေမဲ့ ထောင်လွှားစော်ကားတတ်တယ်”

“ချင်းယွင်တောင်က လမ်းမှန်နဲ့ မိစ္ဆာ တိုက်ပွဲတုန်းက သူကိုယ်သူပဲ ခေါင်းဆောင်လို့ သတ်မှတ်ထားပြီး မိစ္ဆာလောကရဲ့ အရှင်သခင်လို့ ထင်နေတာ။ ဒီလို လူမိုက်မျိုးကိုမှ မရွေးရင် ဘယ်သူ့ကို သွားရွေးမလဲ”

သရဲဘုရင်က ပြုံးလိုက်ပြီး ဆို၏။

“ဟုတ်တယ်... ကောင်းကောင်း ပြောနိုင်တယ်။ မင်းသာ ဦးဆောင်ရမယ်ဆိုရင် ဘယ်လို လှုပ်ရှားမလဲ”

ကွေ့လိက ခဏမျှ စဉ်းစားပြီးမှ ပြန်ဖြေလိုက်လေသည်။

“အခုက အခွင့်ကောင်းပဲ။ သေမင်းရွှံ့နွံမှာ ရတနာ ပေါ်ထွက်လာတော့ ယွီယန်ဇီက အဲဒါကို သူ့အိတ်ထဲက ပစ္စည်းလို သတ်မှတ်ထားမှာပဲ။ သူစိမ်းတွေကိုလည်း လာနှိုက်ခွင့်ပေးမှာ မဟုတ်ဘူး”

“လမ်းမှန်ဂိုဏ်းဘက်ကလည်း အင်အားအလုံးအရင်းနဲ့ လာကြမှာဆိုတော့ ချန်ရှန်းခန်းမနဲ့ အရင် ထိပ်တိုက်တွေ့အောင် စောင့်ရမယ်။ နှစ်ဖက်လုံး အထိနာသွားတဲ့အချိန်ကျမှ ကျွန်တော်တို့က ဝမ်တုဂိုဏ်း၊ ဟယ်ဟွမ်းဂိုဏ်းတို့နဲ့ တိတ်တိတ်လေး လက်တွဲပြီး ဝင်တိုက်ရုံပဲ”

“ဒီလိုမျိုး ရေနစ်သူကို ဝါးကူထိုးမယ့် အခွင့်အရေးမျိုးကို သူတို့လည်း ငြင်းမှာ မဟုတ်ဘူး။ ဒီလိုဆိုရင် ဒီတိုက်ပွဲက ကျိန်းသေ အောင်မြင်မှာပဲ”

All Chapters