← Chapters

အခန်း ၁၂၃၁

Vol. 83 Ch. 1231

အခန်း ၁၂၃၁

Vol. 83 Ch. 1231

အခန်း (၁၂၃၁)ဖုန်ဒူ

လေဟာနယ်ပုံရိပ်အကြောင်း လုယန် မုန်ကျင်းကျိုးကို ပြောပြသည်။ အဖြစ်အပျက်ကို ချက်ချင်းနားလည်သွားသည်။

"လေဟာနယ်ပုံရိပ်တဲ့လား။ ဒါမျိုးကို ငါအခုမှကြားဖူးတာပဲ။ ညီလေးအရိုးရိုင်းက သရဲခြောက်တယ်လို့ထင်တာ မဆန်းတော့ပါဘူး"

လေဟာနယ်ပုံရိပ်များသည် မြင်နိုင်သော်လည်း ထိတွေ့၍မရ။ ပုံရိပ်ပေါ်လာချိန်က အရိုးရိုင်းကျင့်စဉ်အဆင့်ကျနေသဖြင့် သေချာခွဲခြားသုံးသပ်ဖို့မဖြစ်နိုင်။

သရဲခြောက်သည်ဖြစ်စေ လေဟာနယ်ပုံရိပ်ဖြစ်စေ အရေးမကြီးတော့။ အချိန်အတော်ကြာအောင် စောင့်ခဲ့ရပြီးနောက် ယခု အကြောင်းရင်းကို သိလာသည်။

"နတ်မယ်၊ ဒီလေဟာနယ်ကိုဝင်ဖို့ နည်းလမ်းရှိလား"

လုယန် ကိုယ်အဆင့်ကိုယ်နားလည်သည့် ကျင့်ကြံသူဖြစ်သည်။ လေဟာနယ်ပညာကို သူမကျွမ်းကျင်ကြောင်း သူ့ကိုယ်သူသိသည်။ ကျွမ်းကျင်သူထံ အကြံတောင်းရမည်။

"လွယ်လွယ်လေးပါ။ ဒီလေဟာနယ်က သိပ်မခိုင်ဘူး။ အက်ကြောင်းကို ဓားနဲ့တစ်ချက်ခုတ်လိုက်ရုံပဲ။ ဒါမှမဟုတ် မုန်ကောင်လေးကို လက်သီးတစ်ချက်ထိုးခိုင်းလိုက်။ ဝင်ပေါက်တစ်ခု ဖြစ်လာလိမ့်မယ်"

"တစ်ခြားနည်းလမ်းရှိသေးလား"

လုယန် မျက်ခုံးလှုပ်သွားသည်။ လေဟာနယ်ပုံရိပ်များကြောင့် ချွီယီနယ်ခံများ မကြောက်ရွံ့‌အောင် လေဟာနယ်ပိုင်ရှင်ကို အက်ကြောင်းပြုပြင်ဖို့ အသိပေးရုံသာဖြစ်သည်။

ဓားနှင့်ခုတ် သို့မဟုန် လက်သီးဖြင့်ထိုးလျှင် လေဟာနယ်သခင်ကို အက်ကြောင်းရှိကြောင်း အသိပေးရာမရောက်ဘဲ ရန်စရာရောက်မည်။

"ခန္ဓာကိုယ်ဖောက်ခွဲရင်လည်း အလုပ်ဖြစ်ပါတယ်။ ဝင်ပေါက်ကပိုတောင်ကြီးလာဦးမယ်"

"အပေါက်တွေမဖြစ်ဘဲ ဝင်လိုရတဲ့နည်းလမ်းရှိလား"

နတ်မယ် လက်နှစ်ဘက်ဖြန့်၍

"ဒါဆိုရင်တော့ ပင်လယ်တာအိုသခင်ကိုပဲ သော့ဖွင့်ခိုင်းလိုက်တော့"

လုယန် နည်းနည်းအခက်တွေ့သွားဟန်ဖြင့် ခေါင်းကုတ်သည်။ သူနှင့်လောင်မုန်နှစ်ယောက်လုံး ကူးဖြတ်ခြင်းအဆင့်များဖြစ်သည်။ အမြင့်ဆုံးအဆင့်နီးပါး စွမ်းအားရှိသည်။ အခက်ကြုံချိန်တွင် ဘိုးဘေးတစ်ယောက် အကူအညီယူရသည်ကို နည်းနည်းရှက်သလိုခံစားရသည်။

လုယန် အခြေအနေကို ရှင်းပြသည်။ မုန်ကျင်းကျိုးလည်း နည်းနည်းရှက်သည်။

တစ်ခြားနည်းလမ်းများ ထပ်စဉ်းစားနေစဉ် သူတို့ရင်ဘတ်မှ ပူနွေးလာသည်ကို ခံစားလိုက်ရသည်။ စစ်ဆေးကြည့်သည်။ မူပိုင်ယိက ကိုးငရဲတံဆိပ်ဖြင့် သတင်းပို့ခြင်းဖြစ်သည်။

"နှစ်တွေအကြာကြီး ကြိုးပမ်းအားထုတ်ပြီးနောက်မှာ ဒီနှစ် ခမ်းနားထည်ဝါလှတဲ့ဖုန်ဒူ ပြီးမြောက်သွားပါပြီ။ မိုးနှင့်မြေကို ဆက်စပ်ပေးတယ်။ မြေအောက်လောကနဲ့အတူ မျှဝေတယ်။

အရပ်ရှစ်မျက်နှာကို ဆွဲဆောင်တယ်။ ကျုပ်တို့ ဖုန်ဒူပြီးမြောက်တဲ့ အထိန်းအမှတ်ပွဲတော်ကို ဒီလ ၁၅ ရက်နေ့မှာ ကျင်းပဖို့ သတ်မှတ်ထားပါတယ်။ ကိုးငရဲဂိုဏ်းတစ်ခုလုံးရဲ့ကိုယ်စား ဂိုဏ်းသခင်လုကို လေးစားစွာဖိတ်ကြားပါတယ်။

အဝင်ဂိတ်ပေါက်နေရာ - မဟာရှား၊ အရိုင်းနယ်မြေ၊ ကျုန်းရှန်ပြည်နယ်မြို့၊ နောက်တစ်ခေါက်အသားကင်ဆိုင်"

နှစ်ယောက်လုံး ဘာစကားမှမပြောဘဲ ကိုးငရဲအမိန့်ကို သိမ်းလိုက်သည်။

လေဟာနယ်ပိုင်ရှင်ကို သူတို့သိလိုက်သည်။ ဖန်ဝူယာကို အကူအညီတောင်းစရာမလိုတော့။

"ကိုးငရဲဂိုဏ်းက ဖုန်ဒူတည်ဆောက်ဖို့ အမြဲတမ်းအိပ်မက်မက်ခဲ့တာမဟုတ်လား"

ကိုးငရဲဂိုဏ်းအတွက် ဖုန်ဒူ၏ အရေးပါမှုကို လီဟော်ရန်ဆီမှ သူကြားဖူးသည်။ သို့သော် တည်ဆောက်ဖို့ကအကုန်အကျများလွန်းသည်။ ချင်ဟော်ရန်အုပ်ချုပ်စဉ်ကာလတွင် ထိုလုပ်ငန်းကို လုံးဝမစခဲ့။

ယခု အသားကင်ဆိုင်နှင့် နေစွမ်းအင်လုပ်ငန်းက ပိုတိုးတက်လာသည်။ ထို့ကြောင့် ဖုန်ဒူတည်ဆောက်ဖို့ ရန်ပုံငွေရလာခြင်းဖြစ်သည်။

ပြန်တွေးကြည့်လျှင် လုယန်သည် ဖုန်ဒူတည်ထောင်သူထဲမှတစ်ယောက်ဟု သတ်မှတ်နိုင်သည်။

"ဒီလ ၁၅ ရက်နေ့လား။ ဒါဆို ခုရက်ပဲလိုတော့တာပဲ"

သရဲခြောက်သည့်ကိစ္စ၏ နောက်ခံအကြောင်းရင်းကို သိရပြီဖြစ်၍ ညတိုင်း ကင်းလှည့်စရာမလိုတော့။

အရိုးရိုင်းကို ဖုန်ဒူအကြောင်း သတင်းပေးသည်။ အရိုးရိုင်း အတော်အံ့အားသင့်သွားသည်။ မကောင်းဆိုးဝါးကပ်ဆိုက်မည်ဟု ထင်နေခဲ့ရမှ အကြောင်းရင်းက လေဟာနယ်ပုံရိပ်ဖြစ်နေသည်။

"အကိုတို့သွားမှာလား"

လုယန် ပြုံးလိုက်သည်။

"ဒါက ငါတို့နယ်မြေထဲမှာလုပ်မယ့် ပွဲတော်ပဲလေ။ ငါတို့သွားကြည့်ရမှာပေါ့"

နောက်ခုနစ်ရက်အကြာတွင် လုယန်နှင့်မုန်ကျင်းကျိုးတို့ ဂိုဏ်းသခင်လုနှင့် နဂါးသားတော်(လုန်ကျင်းကျိုး)အဖြစ် ရုပ်ပြောင်းပြီး ကျုန်းရှန်မြို့ အသားကင်ဆိုင်ခွဲသို့ ရောက်လာသည်။

မူပိုင်ယိက ဆိုင်တံခါးဝတွင် စိတ်အားထက်သန်စွာစောင့်နေသည်။

"ဂိုဏ်းသခင်လု၊ နဂါးသားတော်။ မတွေ့ရတာ အတော်ကြာပြီနော်"

ထိုနှစ်ယောက်သည် မူပိုင်ယိအတွက် ကယ်တင်ရှင်များဖြစ်သည်။ အသားကင်ဆိုင်လုပ်ငန်းကြောင့် သူ့အကြွေးများ ကြေသွားသလို ဖုန်ဒူတည်ဆောက်မှုလည်း ပြီးမြောက်ခဲ့သည်။

မူပိုင်ယိနှင့်အတူ ကိုးငရဲဂိုဏ်းထိပ်သီးများ အတူကြိုဆိုကြသည်။ ကောင်းကင်ရုံးတော်၏ အသိအမှတ်ပြုမှုကို လေးစားကြောင်းပြကြသည်။

"ဂိုဏ်းသခင်လုနဲ့ နဂါးသားတော်တို့ရဲ့ ကျော်ကြားတဲ့နာမည်ဂုဏ်သတ်ငးကို ကျုပ်ကြားဖူးခဲ့တာ ကြာပါပြီ။ အခုမှပဲ ကိုယ်တိုင်ဆုံဖူးတော့တယ်"

နေမင်းဂိုဏ်းမဟာအကြီးအကဲ လျိုကျန်းက ပြောသည်။

မြောက်ပိုင်းတိုက်နယ်တွင် လုယန်တို့နှစ်ယောက် သရုပ်မှန်အစစ်ဖြင့် လျိုကျန်းကို တွေ့ဖူးပြီးဖြစ်သည်။ သို့သော် ကောင်းကင်ရုံး‌တော်ဂိုဏ်းဝင်အနေဖြင့် တွေ့ခဲ့ခြင်းမဟုတ်။

မူပိုင်ယိက အမြန်မေးသည်။

"သခင်တို့ရဲ့ကာကွယ်သူတွေရော ဘယ်မှာလဲ။ သူတို့ကိုပါ ဖိတ်ခေါ်လိုက်လို့မရဘူးလား။ ဒါပေမယ့် အဆင်မပြေလည်း နေပါစေ"

ဂိုဏ်းသခင်လု၊ နဂါးသားတော်တို့နှင့်တွေ့ဆုံတိုင်း သူတို့ဘေးတွင် ကာကွယ်သူများ အမြဲပါသည်ကို သူမှတ်မိသည်။ ဘာကြောင့် ဒီနေ့ပါမလာသည်မသိ။

ထိုနှစ်ယောက်သည် ကိုးငရဲဂိုဏ်း၏နယ်မြေတွင် ကိုယ့်ကိုယ်ကို ထိုမျှယုံကြည်မှုရှိသလော...

လုယန်တို့နှစ်ယောက် ပြုံးရုံသာပြုံးသည်။ ကြောက်စရာစွမ်းအင်ရောင်တစ်ခုက အသားကင်ဆိုင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

"အခု ကျုပ်တို့က ကာကွယ်သူတွေ လိုသေးတယ်ထင်လို့လား"

မူပိုင်ယိ၊ ချီတာဖန်းနှင့် လျိုကျန်းတို့ အသက်ရှူကြပ်သလို ခံစားနေရသည်။ လုယန်တို့ကို မယုံနိုင်ဟန်ဖြင့် စိုက်ကြည့်နေသည်။

အားလုံးက ကူးဖြတ်ခြင်းအဆင့်များဖြစ်သည်။ သူတို့အသက်ရှူကြပ်အောင်လုပ်နိုင်သည့် စွမ်းအင်ဖိအားသည် တကယ်လေးစားလောက်သည်။

"ကူးဖြတ်ခြင်းထိပ်ဆုံးအဆင့်လား"

စတွေ့ကတည်းက လုယန်တို့၏ ကျင့်စဉ်အဆင့်ကို သူတို့ထိုးဖောက်မမြင်ခဲ့။ သို့သော် သိပ်မစဉ်းစားခဲ့။ စွမ်းအင်ရောင်ဖုံးကွယ်သည့် မှော်ပစ္စည်းတစ်ခုခုကြောင့်ဟု ယူဆခဲ့သည်။

ကူးဖြတ်ခြင်းအဆင့်ရောက်နေခြင်းဖြစ်မည်ဟူသည့်အချက်ကို လုံးဝမတွေးမိခဲ့။ အသက်ငယ်လွန်းနေသည်။ လုယန်နှင့်မုန်ကျင်းကျိုးသည် ပါရမီမည်မျှထူးသည်ဖြစ်စေ အလွန်ဆုံး ကူးဖြတ်ခြင်းအခြေခံအဆင့်သာရှိမည်ဟုတွေးသည်။

ဘာလက္ခဏာမျှမပြဘဲ ယခုတကယ် တကယ်ကူးဖြတ်ခြင်းထိပ်ဆုံးအဆင့်ရောက်နေသည်။

ကောင်းကင်ရုံးတော်ဂိုဏ်း၏ အမွေအနှစ်၏ အဆင့်အတန်းလော...

ကာကွယ်သူများမလိုဟုပြောသည်မှာ အံ့ဩစရာမရှိတော့။ ထိုကျင့်စဉ်စွမ်းအားမျိုးဖြင့် လောကထဲတွင် စိတ်အေးလက်အေး လှည့်လည်သွားလာနိုင်သည်။

လုယန်နှင့် ဂိုဏ်းသခင်လုကြားတွင် ဘယ်သူစွမ်းအားပိုကြီးသည်ကို လူအများက မကြာခဏတွက်ချက်ခန့်မှန်းလေ့ရှိကြသည်။ နှစ်များဖြတ်ကျော်သွားသည်။ ဂိုဏ်းသခင်လုသည် သိပ်လှုပ်ရှားလေ့မရှိ။

လုယန်က ကျင့်ကြံသူလောကတွင် ဒဏ္ဍာရီမျိုးစုံ ဖန်တီးနေသည်။ ထို့ကြောင့် လုယန်က ပိုစွမ်းအားကြီးသည်ဟု အလိုလိုမြင်လာကြသည်။

မူပိုင်ယိပင် ထိုသို့တွေးသည်။

ယနေ့မှ အမှန်တရားပေါ်လာသည်။ ဂိုဏ်းသခင်လု သိပ်မလှုပ်ရှားသည်မှာ အပြင်းအထန်စိတ်နှစ်ကျင့်ကြံနေသောကြောင့်ဖြစ်သည်။

လုယန်သည် ပါရမီရှင်များကြားတွင် နံပတ်တစ်ဟု အားလုံးထင်ကြသည်။ ယခု ဂိုဏ်းသခင်လု၏ ပါရမီက လုယန်ထက် များစွာသာလွန်နေသည်။

လျိုကျန်းစိတ်ထဲ သူ့ဘဝ၏နှစ်ပေါင်းများစွာ အချည်းအနှီးအချိန်ကုန်လွန်ခဲ့သလို ခံစားရသည်။

"အထဲဝင်ကြပါ"

မူပိုင်ယိ ဖုန်ဒူလေဟာနယ်သိ့ ဖိတ်ခေါ်သည်။။ သူ့အမူအရာက အရင်ထက်ပင် ပို၍စိတ်အားထက်သန်လာသည်။ လုယန်တို့နှစ်ယောက် စွမ်းအင်ရောင် ပြန်သိမ်းလိုက်သည်။

အသားကင်ဆိုင်ခြံဝင်းထဲတွင် လေဟာနယ်ဂိတ်တံခါးတစ်ခု လည်ပတ်နေသည်။

ဂိတ်တံခါးကို ဖြတ်ပြီးနောက် မြင်ကွင်းက လင်းနေရာမှ မှောင်သွားသည်။ ဖုန်ဒူလေဟာနယ်က အလင်းမှိန်မှိန်သာရှိသည်။ စိတ်ခြောက်ခြားစရာ ဖိအားမျိုးဖြစ်လာသည်။

ဖုန်ဒူလေဟာနယ်က ကျယ်ပြန့်သည်။ အဆောက်အဦးပုံစံမျိုးစုံဖြင့် မြို့တော်တစ်ခု တည်ဆောက်ထားသည်။ ကျုန်းရှန်ထက်ပင် ပို၍ကြီးမားသည်။ ခမ်းနားမှုက နန်းမြို့တော်နှင့်ပင် ယှဉ်နိုင်လောက်သည်။

ဖုန်ဒူတည်ဆောက်သည့်ကိစ္စသည် အလွန်အကုန်အကျများကြောင်း ညီလေးလီပြောခဲ့သည်မှာ အံ့ဩစရာမရှိတော့။ ထိုအဆောက်အဦးများကိုကြည့်ရုံဖြင့် တကယ်ကြီးမားသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း သိသာသည်။

ထို့ပြင် ဗိသုကာဒီဇိုင်းများက မဟာရှားနှင့်လုံးဝမတူ။ ရှေးဆန်းသည့် အငွေ့အသက်မျိုးပေးနေသည်။

ဖုန်ဒူမြေတွင် အလင်းရောင်ရင်းမြစ်သည် သရဲမီးများသာဖြစ်သည်။ အစိမ်းရောင်မီးတောက်နှစ်ခု သူတို့ဘေးတင် လွင့်မျောနေသည်။ သူတို့မျက်နှာ‌ပေါ် စိမ်းပြာရောင်အလင်းမျိုး ထင်ဟပ်နေသည်။ ဖုန်ဒူသဘာဝနှင့် တကယ်ကိုက်ညီသည်။

ချီတာဖန်းနှင့်လျိုကျန်းလည်း ဖုန်ဒူခမ်းနားမှုကို ပထမဆုံးမြင်တွေ့ဖူးခြင်းဖြစ်သည်။ ကိုးငရဲဂိုဏ်း၏ အားထုတ်မှုကို သူတို့တကယ်အံ့ဩမိသည်။

မူပိုင်ယိ ငွေအတင်းရှာခဲ့သည်မှာ မဆန်းတော့။ ရန်ပုံငွေအားလုံး ဤနေရာအတွက် ပုံအော၍သုံးခဲ့ခြင်းဖြစ်မည်။

"ဒီဗိသုကာလက်ရာက အတော်စိတ်ဝင်စားစရာကောင်းတာပဲ။ ဘယ်သူ ဒီဇိုင်းဆွဲခဲ့တာလဲ။ ခင်ဗျားဆွဲခဲ့တာလား ဂိုဏ်းချုပ်မူ"

လုယန် ပြုံး၍မေးသည်။

မူပိုင်ယိ ခေါင်းခါသည်။

"အရင်ဂိုဏ်းချုပ်ဟောင်း ချင်ဟော်ရန်ချန်ခဲ့တဲ့ ဒီဇိုင်းပုံကြမ်းတွေအပေါ် အခြေခံပြီးတည်ဆောက်ထားတာပါ"

"ပုံကြမ်း.."

"သူ့ပုံကြမ်းတွေက ဖုန်ဒူကို သရုပ်ဖော်ထားတာ။ အတော်ထူးခြားတဲ့ ဗိသုကာလက်ရာပါ။ သူ့ဒီဇိုင်းပုံကြမ်းတွေကို ကျုပ်တို့ လေ့လာခဲ့တယ်။ ရှေးဟောင်းခေတ်က ဗိသုကာနဲ့လည်းမတူဘူး။

မဟာချန်၊ မဟာယု၊ မဟာရှားရဲ့ ဗိသုကာလက်ရာတွေနဲ့လည်း မတူဘူး။ ချင်ဟော်ရန်ဟာ လူဝင်စားလို့ပြောကြတယ်။ သူဆွဲခဲ့တဲ့ ဖုန်ဒူပုံကြမ်းတွေဟာ စိတ်ကူးယဉ်သက်သက်မဟုတ်ဘူးလို့ ကျုပ်တို့ယုံကြည်တယ်။

လူဝင်စားနယ်မြေ(ဖုန်ဒူ)က သူ့မှတ်ဉာဏ်တွေ အပြည့်အဝပျောက်မသွားသေးဘဲ ဖုန်ဒူအသွင်ကို မှတ်မိနေသေးတာဖြစ်မယ်။

ကျုပ်ကိုယ်တိုင် တည်ဆောက်ခဲ့တာကတော့ ဒီလေဟာနယ်ပါပဲ"

မူပိုင်ယိက ဝင့်ကြွားသည့်လေသံဖြင့် ပြောသည်။

ဖုန်ဒူလေဟာနယ်တည်ဆောက်ဖို့ လေဟာနယ်ပညာများ အထူးအားစိုက်၍ သူလေ့လာခဲ့သည်။ အရင်က ထိုပညာနှင့်ပတ်သက်၍ အတွေ့အကြုံလုံးဝမရှိ။

သို့သော်ယခု လေဟာနယ်ပညာများနှင့်ပတ်သက်၍ ပင်ကိုယ်ပါရမီပါသည်ဟု သူ့ကိုယ်သူထင်မိသည်။ ထိုပညာကို သူအလွယ်တကူ သင်ယူနိုင်ခဲ့သည်။

***********************************

All Chapters