အခန်း ၁၂၃၂
Vol. 83 Ch. 1232
အခန်း (၁၂၃၂) သရဲအစာရင်းမြစ်
"ရှေးဟောင်းခေတ်ဗိသုကာနဲ့ မတူဘူးတဲ့လား"
အတော်စိတ်ဝင်စားသွားဟန်ဖြင့် လုယန် ရယ်၍မေးသည်။
"မတူဘူးပဲမဟုတ်လား"
မူပိုင်ယိ၏ယုံကြည်ချက်များ နည်းနည်းယိမ်းယိုင်လာသည်။ လုယန်သည် ရှေးဟောင်းခေတ် ပါရမီရှင်အစစ်ဖြစ်သည်။ ရှေးဟောင်းဗိသုကာပုံစံများနှင့် အရင်းနှီးဆုံးဖြစ်သည်။
"လမ်းလျှောက်ရင်းပြောတာပေါ့"
လုယန် ပြုံး၍ မူပိုင်ယိကို ရှေ့မှဦးဆောင်လမ်းပြခိုင်းသည်။
"ဒီဘက်ကိုပါ"
မူပိုင်ယိ လက်တစ်ဘက်ယမ်းပြပြီး အားလုံးကိူ မြစ်ဘေးသို့ခေါ်သွားသည်။
မြစ်ထဲတွင် မြူများဆိုင်းနေသည်။ သစ်သားလှေတစ်စီးက ကမ်းစပ်တွင် သူတို့ကိုစောင့်ကြိုနေသည်။ ဒုဂိုဏ်းချုပ်ကျောက်ရိုးက လှေချည်ထားသည့်ကြိုးကိုဖြေ၍ မြစ်ကိုဖြတ်ရန်ပြင်သည်။
"ဒါက ဝမ်ချွမ်မြစ်ပါ။ ချင်ဟော်ရန်ချန်ခဲ့တဲ့ မှတ်စုတွေအတိုင်း တည်ဆောက်ထားတာ"
ဝမ်ချွမ်မြစ်က ဖုန်ဒူကိုပတ်လည်ဝိုင်းထားသည်။ ဖုန်ဒူသို့ဝင်လိုလျှင် ကူးတို့သမားက မြစ်ကိုဖြတ်၍ ခေါ်သွားပေးရသည်။
"ဒီမြစ်က ခရီးသည်တွေမှာ အန္တရာယ်ရှိတဲ့ပစ္စည်းတွေပါမပါ အာရုံခံနိုင်တယ်။ ခင်ဗျားတို့ကိုတော့ မစစ်ဆေးပါဘူး"
လုယန်တို့ကို မယုံကြည်သလိုဖြစ်မသွားစေရန် မူပိုင်ယိက ပြောသည်။
"သူ့ဆွဲဆောင်မှုနဲ့သူရှိတာပဲ"
မုန်ကျင်းကျိုးက ထိုအကြောင်းများ သိပြီးသည့်ဟန်ပန်ဖြင့် မှတ်ချက်ပေးသည်။
"ဂိုဏ်းသခင်လု၊ ဖုန်ဒူရဲ့ ဗိသုကာပုံစံက ဘယ်ကနေမြစ်ဖျားခံတာလဲ"
လုယန်က တိုက်ရိုက်မဖြေဘဲ တန်ပြန်မေးခွန်းထုတ်သည်။
"ဂိုဏ်းချုပ်မူ၊ ရှေးဟောင်းခေတ် ဘယ်အချိန်မှာ အဆုံးသတ်တယ်ထင်လဲ"
"ရှေးဟောင်းမသေမျိုးတွေ ကြယ်ကမ္ဘာကို တိုက်နယ်အဖြစ်ပြောင်းတဲ့အချိန်ပေါ့။ အဲဒီ့နောက်မှာ ရှေးဟောင်းခေတ် အဆုံးသတ်တယ်။ ကောင်းကင်အင်ပါယာသခင်တို့က အပျက်အစီးကြားကနေ မဟာချန်ကိုတည်ထောင်တယ်"
လုယန် ခေါင်းခါသည်။
"အဲဒါမှားနေတယ်။ ကြယ်ကမ္ဘာတွေကို တိုက်နယ်အဖြစ်ပြောင်းတဲ့အချိန်နဲ့ မဟာချန်တည်တောင်တဲ့အချိန်ကြားမှာ နှစ်တစ်သိန်းကြာတယ်။ အဲဒီ့နှစ်တစ်သိန်းအတွင်း မီးနိုင်ငံလို့ခေတ်တဲ့ ခေတ်တစ်ခေတ်ပေါ်ခဲ့တယ်"
"ဘယ်လို"
မူပိုင်ယိ၊ ချီတာဖန်းနှင့် လျိုကျန်းတို့သုံးယောက်လုံး အံ့အားသင့်သွားသည်။ လှေလှော်နေသည့်ကျောက်ရိုးလည်း လှော်တက်ပြုတ်ကျမတတ်ဖြစ်သွားသည်။
ထိုနှစ်တစ်သိန်းကြာခဲ့သည့်နိုင်ငံ၏ သမိုင်းကြောင်းကို သူတို့လုံးဝမသိ။
"ရှေးဟောင်းခေတ်မှာ ကောင်းကင်ရုံးတော်နဲ့ ကိုးငရဲဘုံ အတူရပ်တည်ခဲ့တယ်။ ရုံးတော်က သက်ရှိတွေကို အုပ်ချုပ်တယ်။ ကိုးငရဲက သေဆုံးဝိညာဉ်တွေကို အုပ်ချုပ်တယ်။
သေခြင်းရှင်ခြင်းကို အုပ်ချုပ်တဲ့ ကိုးငရဲဘုံဆိုတာ မီးနိုင်ငံခေတ်မှာပေါ်ခဲ့တာ။ ခင်ဗျားတို့တည်ဆောက်တဲ့ ဒီဖုန်ဒူဟာ အဲဒီ့ကိုးငရဲနယ်မြေနဲ့ ပုံစံချင်းခပ်ဆင်ဆင်တူတယ်"
ယင်ထန်၊ အချိန်မသေမျိုး၊ ကိုးဆမသေမျိုး၊ ချင်ဟဲနှင့် အောင်းလင်းတို့သည် မီးနိုင်ငံခေတ်ကို ဖြတ်ကျော်ခဲ့ဖူးသည်။ သူတို့ပြောပြသည် ကိုးငရဲနယ်မြေပုံစံကို အကြမ်းဖျင်းသိထားသည်။ ဤလက်ရှိဖုန်ဒူနှင့် အတော်တူသည်။
ချင်ဟော်ရန်က ပထမဘဝ၏ မှတ်ဉာဏ်များကို အမှတ်မထင် ပြန်သတိရခဲ့ခြင်းလော။ မှတ်ဉာဏ်အပြည့်အဝနိုးထ၍ ဖုန်ဒူပုံကြမ်းကို ဆွဲခဲ့ခြင်းလောမသိ။
ပထမအချက်ကသာ ဖြစ်နိုင်ချေများသည်ဟု လုယန်ယူဆသည်။ ချင်ဟော်ရန် မှတ်ဉာဏ်အပြည့်ရထားလျှင် ကူးဖြတ်ခြင်းအဆင့်မတက်နိုင်စရာ အကြောင်းမရှိလောက်။
"ဪ အဲလိုလား"
ကောင်းကင်ရုံးတော်ကို ဖိတ်ခေါ်ခဲ့ခြင်းသည် တကယ်မှန်သွားသည်ဟု မူပိုင်ယိယူဆသည်။ ယခုလို ရှေးဟောင်းလျှို့ဝှက်ချက်မျိုးကို ထိုလူများသာ သိနိုင်လိမ့်မည်။
အားလုံး လှေပေါ်မှဆင်းကြသည်။ ခမ်းနားထည်ဝါသည့် ရှေးဟောင်းဖုန်ဒူမြို့တော် ပေါ်လာသည်။ ရှေးဆန်သည့် သက်တမ်းရင့်အငွေ့အသက်များ လွှမ်းခြုံနေသည်။
ဗိသုကာလက်ရာများကြောင့်သာမဟုတ်။ တည်ဆောက်သည့်ပစ္စည်းများကြောင့်လည်းဖြစ်သည်။
လုယန် မြို့တော်နံရံကိုကိုင်ကြည့်၍ မေးသည်။
"ဒီအုတ်ခဲတွေက အခုမှလုပ်ထားတာမဟုတ်ဘူးမို့လား"
"သခင်လေးက အမြင်စူးရှတာပဲ။ ကျုပ်တို့ ဂူသင်္ချိုင်းတွေဖော်ထုတ်ရင်း မဟာချန်ခေတ်က ရှေးဟောင်းမြို့တော်ကို အမှတ်မထင်တွေ့ခဲ့တယ်။ အဲဒီကအုတ်ခဲ့တွေကို ဖုန်ဒူတည်ဆောက်ဖို့ သုံးခဲ့တာပါ"
"ဒါတွေအားလုံးလား"
"ဟုတ်ပါတယ်"
လုယန် ခဏအသံတိတ်သွားသည်။ ဖုန်ဒူအကျယ်အဝန်းက မဟာရှားနန်းမြို့တော်လောက်ရှိသည်။ ဖုန်ဒူအတွက်သုံးသည့် အုတ်ခဲအားလုံး ရှေးဟောင်းမြို့တော်တစ်ခုမှ ရခဲ့သည်။ သို့ဆိုလျှင် ထိုရှေးဟောင်းမြို့တော်သည် မဟာရှားနန်းမြို့တော်လောက် ကြီးမည်။
ကိုးငရဲဂိုဏ်းက မဟာချန်နိုင်ငံ၏ ရှေးဟောင်းနန်းမြို့တော်ကို တွေ့ခဲ့ခြင်းသာဖြစ်ရမည်။
မြို့တော်ဂိတ်တံခါးက လေးလံသည်။ တံခါးဖွင့်လိုက်သည်နှင့် သိပ်သည်းသည့် သရဲဝိညာဉ်များ မြင်ကွင်းတွင်ပေါ်လာသည်။ အသွင်ပုံသဏ္ဌာန်မျိုးစုံရှိသည်။ တစ်ချို့က နှစ်ထပ်အိမ်လောက်မြင့်သည်။ တစ်ချို့ကလည်း လက်တစ်ဝါးအရွယ်သာရှိသည်။ အရေအတွက်သိန်းချီသန်းချီရှိသည်။
ဖုန်ဒူမြို့တော်ဖွင့်ပွဲအတွင်း လမ်းများအားလုံး မီးပုံးများ အလံများ တန်ဆာဆင်ထားသည်။ ကြီးမားသည့် အနီရောင်စက္ကူတစ်ခု သရဲတိုင်းတွင် ကပ်ထားသည်။ မူပိုင်ယိ၏ ရည်ရွယ်ချက်က ကောင်းသော်လည်း ဖုန်ဒူ၏ မှိန်ပြပြပတ်ဝန်းကျင်၊ အစိမ်းရောင်သရဲမီးတောက်နှင့် ပုံသဏ္ဌာန်မျိုးစုံရှိသည့် သရဲများ အတူပေါင်းစပ်ထားသဖြင့် ပတ်ဝန်းကျင်က အတော်ခြောက်ခြားစရာဖြစ်နေသည်။
"ငတ်မွတ်သရဲ၊ ငါးမွှာသရဲ၊ ညှို့ငင်သရဲ၊ နားရွက်ရှည်သရဲ၊ မျက်လုံးသရဲ..."
ကိုယ့်ကိုယ်ကို သရဲဝိညာဉ်အမျိုးအစားများ အတော်သိထားသည်ဟု လုယန်ယုံကြည်ထားသည်။ သို့သော်ယခု သူမသိသည့် သရဲမျိုးစိတ်များစွာ မြင်တွေ့နေရသည်။
မူပိုင်ယိက ဝင့်ကြွားသည့်လေသံဖြင့် မိတ်ဆက်ပေးသည်။
"မဟာရှားက သရဲတွေအားလုံး ဒီမှာစုထားတာပါ"
အစက ကိုးငရဲဂိုဏ်းတွင် သရဲထိုမျှများများမရှိခဲ့။ သို့သော် အသားကင်ဆိုင်များ တိုးပွားလာသည်။ ဆိုင်အလုပ်သမားများက အားလပ်ချိန်တွင် သရဲများထွက်ရှာကြသည်။
ဂိုဏ်းအတွက် သရဲများစုဆောင်းနိုင်လျှင် ဖမ်းမိသည့်သရဲ၏ ကျင့်စဉ်အဆင့်ပေါ်မူတည်၍ ဆုကြေးရကြသည်။
ဆင်းရဲမွဲတေနေသည့် အရင်က ကိုးငရဲအခြေအနေသာဆိုလျှင် ထိုသို့လုပ်နိုင်ခဲ့မည်မဟုတ်။
"သရဲတွေရဲ့ လိုအပ်ချက်ပေါ် အခြေခံပြီး သင်တန်းကျောင်းတွေ၊ တည်းခိုခန်းတွေ၊ လက်ဖက်ရည်ဆိုင်တွေ။ အဲဒါမျိုးတွေလည်း ကျုပ်တို့တည်ထောင်ထားပါတယ်။ ဒီမှာသူတို့ လွတ်လွတ်လပ်လပ်နေလို့ရတယ်"
လုယန် အတွေးတစ်ခုရလာသည်။
"ဒါဆို ဖုန်ဒူမြို့တော်ကို သရဲတွေနေဖို့ သီးသန့်တည်ဆောက်ထားတာပေါ့"
ကိုးငရဲဂိုဏ်း ဖုန်ဒူတည်ဆောက်လိုစိတ် ထိုမျှပြင်းပြခဲ့သည်မှာ အံ့ဩရာမရှိတော့။ ယုံကြည်ချက်တစ်ခုတည်းကြောင့်မဟုတ်။
"ဒါဆို ဒီသရဲတွေက ဘာစားလဲ"
ယင်ဓာတ်မရှိလျှင် မကြီးထွားနိုင်။ ယန်ဓာတ်မရှိလျှင် မရှင်သန်နိုင်။ သရဲများသည် အစွန်းရောက်ယင်ဓာတ်သက်ရှိများဖြစ်သည်။ သို့သော် အခြေခံကျသည့် လုပ်ငန်းဆောင်တာများအတွက် ယန်ချီအတော်များများလိုအပ်သည်။
ထို့ကြောင့်လည်း သရဲများက သက်ရှိတို့၏ ယန်ချီကို ခိုးယူကြခြင်းဖြစ်သည်။
ဖုန်ဒူမှ ထိုမျှများပြားသည့် သရဲများအတွက် ကိုးငရဲဂိုဏ်းက လူသားများကို ပုံမှန်ဖမ်းပြီး ယန်ချီကျွေးနိုင်မည်မဟုတ်။
"အဲဒါအတွက်တော့ ဂိုဏ်းချုပ်ချီကို ကျေးဇူးတင်ရမှာပါ"
ချီတာဖန်းက ဣန္ဒေရရပြုံး၍ လက်ခါပြသည်။
"ကျုပ်က နည်းနည်းပဲကူညီရတာပါ။ ဒီနည်းလမ်းကို စဉ်းစားမိတာက ခင်ဗျားပါ"
"ဒါကိုကြည့်ပါ သခင်လေး"
ဂိုဏ်းချုပ်မူ နောက်ဘက်မှ မီးအိမ်တစ်ခု ဆွဲထုတ်လိုက်သည်။
"နေစွမ်းအင်သုံး မီးအိမ်လား"
မုန်ကျင်းကျိုး တွေးမရဖြစ်သွားသည်။ နေစွမ်းအင်မီးအိမ်သည် သရဲများကို ထိန်းချုပ်ဖို့သာ သုံးကြသည်။
"ဒီမီးအိမ်က ပုံမှန်မီးအိမ်တွေနဲ့ မတူပါဘူး"
မူပိုင်ယိ ခလုတ်တစ်ခုကို နှိပ်လိုက်သည်။ မီးရောင်မှိန်မှိန်လင်းလာသည်။ သူတို့ဦးခေါင်းထက်မှ သရဲမီးတောက်များလောက် မတောက်ပ။
"သရဲတွေက ယန်ချီကို စားကြတယ်။ ယန်ချီအကြွယ်ဝဆုံးရင်းမြစ်က နေပဲလေ။ ဒါပေမယ့် နေစွမ်းအင်က ပြင်းထန်လွန်းတယ်။ သရဲဘုရင်တွေပဲ နေရောင်အောက်မှာ လှုပ်ရှားနိုင်တယ်။
သာမန်သရဲတွေက နေရောင်နည်းနည်းထိတာနဲ့ သေသွားမှာ။ နေစွမ်းအင်ကို မစုပ်ယူနိုင်ဘူး။ ဒါကြောင့် နေစွမ်းအင်မီးအိမ်က နေရဲ့ယန်ချီကို သတ်မှတ်ချက်အတိအကျ စုပ်ယူနိုင်ဖို့လိုတယ်။
အရောင်မှိန်တဲ့ မီးအိမ်မျိုး ထုတ်လုပ်ပေးဖို့ ဂိုဏ်းချုပ်ချီကို ကျုပ်အကူအညီတောင်းတယ်။ နေစွမ်းအင်ကိုလျှော့ထားရင် သရဲတွေက ဒါကိုစုပ်ယူနိုင်မယ်။ ကျုပ်က စမ်းသပ်ကြည့်ရုံပါပဲ။ ဒါပေမယ့် တကယ်အလုပ်ဖြစ်သွားတယ်လေ"
မူပိုင်ယိက ရယ်၍ပြောသည်။
သရဲများအတွက် အစာရင်းမြစ်ကိစ္စ ပြေလည်သွားပြီဖြစ်၍ မဟာရှားသရဲဝိညာဉ်များက ကိုးငရဲဂိုဏ်းသို့ အလုံးအရင်းဖြင့်ဝင်လာပေလိမ့်မည်။
နေမင်းဂိုဏ်းက ကိုးငရဲဂိုဏ်းနှင့် တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်သည်။ နေစွမ်းအင်မီးအိမ်များပင် အခမဲ့ပေးသည်။ ထိုကိစ္စသည် မဟာနေမင်းအကြောင်း ယုံကြည်မှုဖြန့်ဝေသည့်သဘောဖြစ်သည်။
ယခု သရဲများပင် နေကိုမှီခိုအားထားရသည်။ နေမင်း၏ ကြီးမြတ်မှုကို သက်သေပြနေသည်။
"ဒါဆို အခုချိန်ကစပြီး ဒီသရဲတွေအားလုံး ဖုန်ဒူမှာပဲ နေရမယ့်သဘောပေါ့"
လုယန် မေးလိုက်သည်။
သရဲများသည် မဟာရှားက ထိန်းချုပ်နိုင်ဖို့ခက်ခဲသည်ဟု အားလုံးယူဆထားကြသည်။ သရဲဝိညာဉ်များအတွက် ကိုယ်ပိုင်အခွင့်အရေးရှိမရှိ ဆွေးနွေးငြင်းခုန်ခဲ့ကြသည်။ အပြီးသပ်ကောက်ချက်မချနိုင်ကြ။
သရဲအားလုံး ဖုန်ဒူတွင်ထားမည်ဆိုလျှင် တကယ်ကောင်းသည့် လမ်းစဉ်ဖြစ်သည်။
"အားလုံးတော့ ဖုန်ဒူမှာမနေပါဘူး။ အသားကင်ဆိုင်တွေ လည်ပတ်ဖို့နဲ့ နေမင်းဂိုဏ်းရဲ့ ထုတ်ကုန်အသစ်တွေ လေ့လာတဲ့နေရာမှာ တွဲဖက်အလုပ်လုပ်ဖို့ သရဲတွေလိုသေးတယ်"
"သက်ရှိလူတွေကို သုံးလို့မရဘူးလား"
မုန်ကျင်းကျိုးကမေးသည်။
မူပိုင်ယိက လက်ခါပြသည်။
"လူတွေသုံးရင် လဟာပေးရတယ်လေ။ အကုန်အကျများလွန်းတယ်။ သရဲတွေသုံးရင် ယန်ချီပဲပေးရတာ"
************************************