အခန်း ၁၂၃၃
Vol. 83 Ch. 1233
အခန်း (၁၂၃၃) ထူးဆန်းသည့်အပင်
ထိုစကားကြောင့် လုယန် မုန်ကျင်းကျိုးကို သိစိတ်အာရုံမှ လှမ်းပြောသည်။
"ဒါဆိုလောင်မုန်၊ မင်းလည်း သွေးနည်းနည်းထုတ်ပြီး သရဲတွေကို အလုပ်လုပ်ခိုင်းဖို့ ဆွဲဆောင်ရင် ရလောက်တယ်မဟုတ်လား"
ထိုမျှသာမက သွေးကိုစိတ်ဝင်စားမည့် သရဲများက သရဲဘုရင်များသာဖြစ်သည်။ အဆင့်နိမ့်သရဲများက မုန်ကျင်းကျိုး၏သွေးကိုသောက်လျှင် အသက်ပျောက်သွားဖို့သာရှိသည်။
မုန်ကျင်းကျိုး မျက်လုံးထောင့်ကပ်ကြည့်သည်။
"အဲဒီ့သရဲဘုရင်တွေက ပင်လယ်တာအိုသခင်ကို ယှဉ်နိုင်ပါ့မလား"
သူကူးဖြတ်ခြင်းအဆင့်တက်သည့်ကိစ္စကို အပျော်ဆုံးလူမှာ သူကိုယ်တိုင်ပြီးလျှင် ပင်လယ်တာအိုသခင်ဖန်ဝူယာသာဖြစ်လိမ့်မည်။
မူပိုင်ယိက ဖုန်ဒူမြို့တော်အတွင်းပိုင်းသို့ အားလုံးကိုခေါ်သွားသည်။ မြို့တော်ထဲတွင် သရဲများသာမဟုတ်။ ကိုးငရဲဂိုဏ်းဝင်ဖြစ်ဟန်တူသည့် လူအတော်များများတွေ့ရသည်။
သဘာဝကျပါသည်။ ဖုန်ဒူတည်ဆောက်ခြင်းသည် အရေးပါသည့်ကိစ္စဖြစ်သည်။ ဖုန်ဒူပွဲတော်သည် ကိုးငရဲဂိုဏ်းဝင်အားလုံး တက်ရောက်ရမည့် ပွဲတော်ဖြစ်သည်။
ယနေ့သည် ကိုးငရဲဂိုဏ်းအတွက် နေ့ထူးနေ့မြတ်ဖြစ်သည်။ အသားကင်ဆိုင်အားလုံး ရက်ရှည်ပိတ်ပြီး ပွဲတော်ရက်မတိုင်မီ ကြိုတင်ရောက်လာကြသည်။
လုယန်တို့အဖွဲ့က နောက်ဆုံးရောက်လာခြင်းဖြစ်သည်။
"ဒီအုတ်ခဲတွေကရော မဟာချန်မြို့ဟောင်းကရွှေ့လာတာပဲလား"
မုန်ကျင်းကျိုးက လမ်းခင်းအုတ်ခဲပေါ် ခြေနှစ်ချက်ဆောင့်ကြည့်၍ မေးသည်။ ထိုအုတ်ခဲများနှင့် မြို့တော်နံရံမှအုတ်ခဲများသည် သိပ်မတူဟု ခံစားရသည်။
"မဟုတ်ပါဘူး။ မဟာချန်မြို့ဟောင်းက အုတ်ခဲတွေကို မြို့တော်နံရံတွေအတွက်ပဲ သုံးခဲ့တာပါ။ လမ်းခင်းဖို့အတွက် အရည်အသွေးသိပ်မကောင်းဘူး"
"ဒါဆို ဒါတွေဘယ်ကရတာလဲ"
"ရှေးဟောင်းအုတ်တွေအများကြီးရမယ့်နေရာကို တွက်ချက်ပေးဖို့ ကောင်းကင်ဆန်းကြယ်ဂိုဏ်းကလူတွေကို အကူအညီတောင်းခဲ့တယ်။ သူတို့က နေရာအကြမ်းဖျင်းတွက်ပေးတယ်။
ကျုပ်တို့က မြေကိုတူးဆွပြီးရှာကြတယ်။ မဟာယုခေတ်နန်းမြို့တော်ဟောင်းကိုတွေ့တယ်။ အဲဒီကအုတ်ခဲတွေအားလုံး ဒီကိုသယ်လာတာပါ"
မုန်ကျင်းကျိုး "..."
ခင်ဗျားတို့ဖုန်ဒူက နေရာစုံကအစိတ်အပိုင်းတွေ အတူစုထားသလိုပါပဲလား...
"ဒါနဲ့၊ ခင်ဗျားတို့ဂိုဏ်းက လူဝင်စားသံသရာကို ယုံကြည်ကြတယ်။ ရှေးဟောင်းခေတ် ကိုးငရဲဘုံမှာလည်း လူဝင်စားနယ်မြေ တကယ်ရှိခဲ့တယ်။ ဖုန်ဒူကရော လူဝင်စားသံသရာကို လည်ပတ်နေပြီလား"
ဂိုဏ်းချုပ်ချီနှင့်လျိုကျန်းတို့လည်း နားစွင့်နေကြသည်။ သူတို့လည်း ကိုးငရဲဂိုဏ်း၏ လူဝင်စားအယူအဆကို အတော်စိတ်ဝင်စားသည်။ ကိုးငရဲဂိုဏ်းချုပ်ဟောင်း ချန်ဟော်ရန်သည် လူဝင်စားတစ်ယောက်ဖြစ်ကြောင်း သူတို့သိထားသည်။
အရင်က မယုံခဲ့။ သို့သော်ယခု ဂိုဏ်းသခင်လုက ချင်ဟော်ရန်ချန်ခဲ့သည့် ကိုးငရဲပုံကြမ်းများသည် ရှေးဟောင်းခေတ်ကိုးငရဲဘုံနှင့်တူကြောင်းပြောသည်။ ထို့ကြောင့် ဤကိစ္စကို သူတို့စိတ်ဝင်စားလာသည်။
မီးနိုင်ငံကိစ္စများသည် ဘယ်သူမှသိနိုင်မည်မထင်။ ချင်ဟော်ရန်က ဘယ်လိုသိခဲ့သနည်း...
မူပိုင်ယိ ခေါင်းခါသည်။
"ဂိုဏ်းသခင်လုနဲ့ နဂါးသားတော်က ကျုပ်တို့ကို အထင်ကြီးလွန်းနေပါပြီ။ လက်ရှိမှာ ဖုန်ဒူကို သရဲတွေနေဖို့ပဲ အသုံးပြုနေတာပါ။ အရင်ဂိုဏ်းချုပ်ချန်ခဲ့တဲ့ ပုံကြမ်းတွေအတိုင်း ဖုန်ဒူကို အတိအကျတည်ဆောက်ခဲ့တယ်။
ဘဝသုံးပါး ကျောက်တုံး၊ မြစ်ဝါလမ်းစတဲ့ တစ်ခြားနေရာတွေ တည်ဆောက်ထားတယ်။ ဒါတွေက လူဝင်စားသံသရာလည်ပတ်နိုင်စွမ်း မရှိသေးတဲ့ ပုံတူပွားတွေသက်သက်ပါပဲ။
ဒါပေမယ့် ကျုပ်တို့ယုံကြည်ချက် ခိုင်မာနေရင် တစ်နေ့နေ့မှာ ဖုန်ဒူဟာ လူဝင်စားနယ်မြေဖြစ်လာမယ်လို့ ယုံကြည်ထားပါတယ်"
သိပ်မျှော်လင့်မထားဖို့ လုယန် ပြောလိုက်ချင်သည်။ မီးနိုင်ငံ၏ ကိုးငရဲနယ်မြေပြင် လူဝင်စားသံသရာ လည်ပတ်နိုင်စွမ်းမရှိ။ နှစ်တစ်သိန်းအတွင်း လီဟော်ရန်တစ်ယောက်သာ လူဝင်စားဖြစ်ခဲ့သည်။
သို့သော် မပြောတော့ဖို့ ဆုံးဖြတ်လိုက်သည်။ ဖုန်ဒူတည်ဆောက်သည့်ကိစ္စသည် သူတို့အတွက် လွယ်သည်မဟုတ်။ စိတ်ဓာတ်ကျအောင် သူမလုပ်ချင်။
မြို့တော်သို့ စဝင်ချိန်တွင် သရဲအရေအတွက် များလွန်းသည်ဟု လုယန်တွေးခဲ့သည်။ သို့သော် မြို့လယ်သို့ရောက်လာချိန်တွင် သရဲတောင်ပင်လယ်ဆိုသည့်စကားအဓိပ္ပါယ်ကို ကောင်းကောင်းနားလည်သွားသည်။
လွန်ခဲ့သည့်ရက်ပိုင်းက မြင်ခဲ့သည့် လေဟာနယ်ပုံရိပ်မှ လူတစ်ချို့ကို တွေ့ရသည်။ အားလုံး သရဲများဖြစ်သည်။
အရိုးရိုင်း ကောက်ချက်ချခဲ့သည်မှာ မှားသည်ဟုပြော၍မရ။ ချွီယီကောင်တီတွင် တကယ်သရဲခြောက်ခဲ့သည်။
"ဒါက ပူဇော်ပွဲစင်မြင့်ပါ"
လူနှင့်သရဲအတော်များများ စင်ဘေးတွင် ဝိုင်းနေသည်။ မူပိုင်ယိတို့လာသည်ကိုမြင်သည်နှင့် အလိုက်တသိ လမ်းဖယ်ပေးကြသည်။
စင်မြင့်က စက်ဝိုင်းပုံဖြစ်သည်။ အဆင့်လေးဆင့်ရှိသည်။ ကောင်းကင်၊ မြေ၊ လူသားနှင့် သရဲတို့ကို ကိုယ်စားပြုသည်။ ဆွတ်ဆွတ်ဖြူနေသည်။ ဖုန်ဒူတွင် အဖြူရောင်ဟူ၍ ထိုစင်မြင့်တစ်ခုသာရှိသည်။ အတော်သိသာထင်ရှားနေသည်။
"ထိုင်ကြပါ"
လုယန်၊ မုန်ကျင်းကျိုး၊ ချီတာဖန်း၊ လျိုကျန်းတို့က ကူးဖြတ်ခြင်းအဆင့်ဖြစ်၍ ရှေ့ဆုံးတန်းတွင်ထိုင်သည်။ ကိုးငရဲးဂိုဏ်းထိပ်သီးများက ဒုတိယခုံတန်းမှ စတင်နေရာယူသည်။
"ဂိုဏ်းချုပ်မူ၊ စင်မြင့်အလယ်မှာ ဘာလို့သစ်ပင်တစ်ပင်ရှိနေတာလဲ"
လုယန် နားမလည်သဖြင့် မေးသည်။
စင်မြင့်အလယ်တွင် စက်ဝိုင်းပုံအခေါင်းပေါက်တစ်ခုရှိသည်။ လူနှစ်ရပ်စာမြင့်သည့် သစ်ပင်တစ်ပင်ရှိသည်။ သစ်ကိုင်းများက ဘာမှန်းမသိသည့်အရာတစ်ခုကို ထိန်းချုပ်ထားသည်။ သစ်ရွက်များဖြင့် တင်းကြပ်စွာရစ်ပတ်ဖုံးအုပ်ထားသည်။
ဆေးစိုက်ခင်းတွင် ဝိညာဉ်သစ်ပင်များစွာ လုယန် မြင်ဖူးသည်။ ထိုသစ်ပင်နှင့်တူသည့် အပင်မျိုးမရှိ။
"လောင်မုန်၊ ဒီသစ်ပင်ကို မင်းသိလား"
"မသိဘူး"
"နတ်မယ်၊ ခင်ဗျား ဒီသစ်ပင်ကိုသိလား"
နတ်မယ် နည်းနည်းမျက်မှောင်ကျုံ့သွားသည်။
"ထူးဆန်းတယ်။ ဒါမျိုးတစ်ခါမှ မမြင်ဖူးဘူး"
မူပိုင်ယိက ရှင်းပြသည်။
"ကျုပ်တို့လည်း မသိပါဘူး။ စင်မြင့်စတည်ဆောက်တဲ့အချိန်က ဒီသစ်ပင်မရှိဘူး။ တစ်နေ့ကျတော့ လက်ထောက်တစ်ယောက်က သတင်းလာပို့တယ်။ စင်မြင့်က သစ်ပင်တစ်ပင်ကြောင့် ပျက်စီးသွားပြီတဲ့။
ကျုပ်လည်း အတော်အံ့ဩသွားတာပါ။ ပူဇော်စင်မြင့်ကို အပြစ်အနာအဆာမရှိတဲ့ ကျောက်စိမ်းနဲ့လုပ်ထားတာ။ အရမ်းခိုင်မာတယ်။ ကျောက်စိမ်းတွေပုံဖော်တုန်းကတောင် အတော်ခက်ခဲခဲ့တာ။ သစ်ပင်တစ်ပင်က ဒါကို ဘယ်လိုဖျက်ဆီးနိုင်မှာလဲ။
ကျုပ်ကိုယ်တိုင် စောင့်ကြည့်တဲ့အချိန်ကျမှ တကယ်ယုံသွားတယ်။ အမည်မသိသစ်ပင်တစ်ပင် ပေါ်လာတယ်။ စင်မြင့်က အက်ကွဲသွားတယ်။ ကျုပ်စုံစမ်းမေးမြန်းကြည့်ပေမယ့် ဒီသစ်ပင်ရဲ့ဇစ်မြစ်ကို သိတဲ့လူ တစ်ယောက်မှမရှိဘူး။
ဒီသစ်ပင်က အတော်ထူးဆန်းတော့ ကျုပ်လည်းဆွဲမနှုတ်ရဲဘူး။ တစ်ခြားတစ်နေရာပြောင်းပြီး စင်မြင့်ပြန်ဆောက်တယ်။ ဒါပေမယ့် ဒီသစ်ပင်က နေရာပြောင်းလာပြီး စင်မြင့်အသစ်ကို ထပ်ပြန်ဖျက်ဆီးတယ်။
တတိယအကြိမ် စင်မြင့်ပြန်ဆောက်တော့ ဒီသစ်ပင်ကို နေ့ရောညရော စောင့်ကြည့်ခဲ့တယ်။ သစ်ပင်က တဖြေးဖြေးမှုန်ဝါးလာတယ်။ ပြီးတော့ အဲဒီ့သစ်ပင်အရိပ်က အသစ်တည်ဆောက်ထားတဲ့ စင်မြင့်ထဲမှာ ပေါ်လာတယ်။
စင်မြင့်ဟောင်းက သစ်ပင်ရိပ် လုံးဝပျောက်သွားတဲ့အချိန် စင်မြင့်သစ်ထဲမှ သစ်ပင်အစစ်ပေါ်လာတယ်။ ပြီးတော့ စင်မြင့်ကကွဲထွက်သွားတယ်။
တစ်ခြားရွေးစရာမရှိတော့လို့ သစ်ပင်ကြီးထွားနိုင်အောင် စင်မြင့်အလယ်မှာ အခေါင်းဖောက်ခိုင်းလိုက်ရတယ်။ အဲလိုနဲ့ ဒီအမြင့်ထိ ရောက်လာတာပဲ"
လုယန် အတော်တွေရခက်သွားသည်။ ဘယ်လိုသစ်ပင်မှန်းမသိ။
"သစ်ကိုင်းတွေရစ်ပတ်ထားတာက သစ်သီးလား"
မူပိုင်ယိ ခေါင်းခါသည်။
"ကျုပ်မသိပါဘူး"
သစ်ပင်ပေါ်လာသော်လည်း ဖုန်ဒူပွဲတော်အတွက် အနှောက်အယှက်မဖြစ်။ ထိုသစ်ပင်ကို ဖုန်ဒူ၏အမှတ်သညာတစ်ခုဟုသာ ယုံကြည်ကြသည်။
ပွဲတော်အခမ်းအနားစသည်။ မူပိုင်ယိက အနက်ရောင်ပွဲတက်ဝတ်ရုံဖြင့် စင်မြင့်ပေါ်တက်သွားသည်။
ကိုးငရဲဂိုဏ်းဝင်အားလုံး ချက်ချင်းအသံတိတ်သွားပြီး မူပိုင်ယိကို လေးစားကြည်ညိုသည့်အကြည့်ဖြင့် ကြည့်ကြသည်။
မူပိုင်ယိမျက်နှာက တည်ငြိမ်သည်။ ကျောက်စိမ်းပန်းအိုးထဲထိုးထားသည့် မိုးမခသစ်ကိုင်းများကိုဆွဲထုတ်၍ စင်မြင့်၏ အရှေ့အနောက်တောင်မြောက် အရပ်လေးမျက်နှာတွင် ထားသည်။
မိုးမခသစ်ကိုင်းသည် ပြန်လည်မွေးဖွားခြင်းကို ကိုယ်စားပြုသည်။ အရပ်လေးမျက်နှာက လောကကို ကိုယ်စားပြုသည်။ ပြန်လည်မွေးဖွားခြင်းသံသရာ၏ အနှစ်သာရဖြစ်သည်။ ဖုန်ဒူသည် တစ်လောကလုံး၏ ဘဝသစ်စတင်ရာ လူဝင်စားနယ်မြေဖြစ်ကြောင်း သတ်မှတ်ခြင်းဖြစ်သည်။
ထို့နောက် ရိုးရာဓားနှင့် ကျောက်စိမ်းကွင်းကို တစ်ဘက်စီကိုင်၍ အတူရိုက်လိုက်သည်။ ကြည်လင်သည့်အသံတစ်ခု ပေါ်လာသည်။ ရှေးဟောင်းဘာသာစကားဖြင့် ကောင်းချီးမန္တာန်ကို ရွတ်ဆိုသည်။
လုယန် ထိုမန္တာန်ကို ခေတ်သုံးဘာသာစကားဖြင့် ဘာသာပြန်ကြည့်သည့်တိုင် လုံးဝနားမလည်။
မူပိုင်ယိရွတ်နေသည့်မန္တာန် တစ်ဝက်ကျိုးချိန်တွင် အောက်ဘက်မှလူများကလည်း လိုက်ရွတ်ကြသည်။ ရှေးဟောင်းပွဲတော်ဂီတသံတစ်ခုလည်း ပေါ်လာသည်။
"မင်္ဂလာရှိတဲ့နေ့၊ မင်္ဂလာရှိတဲ့အချိန်၊ ကိုးငရဲဘုံကို ပျော်ရွှင်စွာဂုဏ်ပြုကြ..."
ဖုန်ဒူတစ်ခုလုံး ခမ်းနားထည်ဝါမှုများ လွှမ်းခြုံနေသည်။ မိုးမြေနှင့် တစ်သားတည်းဖြစ်နေသယောင်ရှိသည်။ လေဟာနယ်တုန်ခါလာသည်။
ထိုပတ်ဝန်းကျင်ထဲ လုယန် တဖြေးဖြေး နစ်မျောသွားသည်။ ပွဲတော်အခမ်းအနားကို ခံစားနေသည်။
သစ်ပင်ထက်တွင် အုပ်ဆိုင်းရစ်ပတ်နေသည့် သစ်ရွက်များ ဘေးသို့ရွေ့သွားသည်။ အထဲတွင်ဖုံးကွယ်ထားသည့်အရာ ပေါ်လာသည်။
ပုံရိပ်ဆန်သည့် သစ်သီးတစ်လုံးဖြစ်သည်။ အလင်းပေါက်လုနီးပါး ကြည်လင်သည်။ ထူးခြားဆန်းကြယ်သည်။ ဤလောကတွင် မရှိသင့်သည့် ကောင်းကင်သစ်သီးတစ်လုံးနှင့်တူသည်။
လုယန် မျက်လုံးပြူးသွားသည်။ စင်မြင့်သည် ဖုန်ဒူမြို့တော်၏ အလယ်ဗဟိုတွင်ရှိသည်။ ယုံကြည်သူအားလုံး၏ စိတ်စွမ်းအင်များ စုစည်းသည့်နေရာဖြစ်သည်။
တစ်နည်းဆိုရလျှင် ယုံကြည်မှုစွမ်းအား အသိပ်သည်းဆုံးနေရာဖြစ်သည်။ စင်မြင့်ပေါ်တွင်သာ ကြီးပြင်းရှင်သန်သည့် သစ်ပင်သည် ယုံကြည်မှုစွမ်းအားနှင့် ခွဲမရအောင်ဆက်စပ်နေပေလိမ့်မည်။
ယခု ပွဲတော်စသည်နှင့် သစ်သီးက တဖြေးဖြေး သိသိသာသာ ကြီးထွားလာသည်။
ဒါဆို ဒီဟာက...
လုယန် ထိုသို့တွေးနေစဉ် အော်ဟစ်ရယ်မောသံတစ်ခု လေဟာနယ်ထက်တွင် ပဲ့တင်ထပ်၍ပေါ်လာသည်။ ပွဲတော်အစီအစဉ်ကို နှောက်ယှက်သည်။ ဖုန်ဒူမြို့တော်အထက်ကောင်းကင်မှ သရဲမီးတောက်များ တစ်ခုပြီးတစ်ခု ငြိမ်းသွားသည်။
"ကိုးငရဲဂိုဏ်း၊ မင်းတို့က အစွမ်းအစနည်းနည်းတော့ ရှိသားပဲ။ လူဝင်စားအရိယဖလသန္ဓေကို တကယ်ဖန်တီးနိုင်ကြတာပဲ"
********************************